အခန်း ၃ - မထွက်ခွာမီ
"လူတွေက တကယ်ပဲ အဲဒါတွေကို လိုက်စုဆောင်းကြတာပဲလား..." ချန်းရှီသည် အံ့အားသင့်သွားသော ချန်လန်ကို ကြည့်ရင်း ပခုံးတွန့်ပြလိုက်သည်။ သူသည် မည်သည့်ဂိုဏ်းဂဏအပေါ်တွင်မှ အစွဲအလမ်းမရှိသလို မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်နေသည့် စိတ်ဝဉာဉ်စွမ်းအား ထုတ်ယူပုံနည်းလမ်းကို ချန်လန်အား သင်ကြားပေးရန်အတွက်လည်း ဘာပြဿနာမျှမရှိဟု မြင်ထားသည်။ သူ့စကားအတိုင်းပြောရလျှင် အားနေသည်နှင့်အမျှ အချိန်ကုန်လွန်စေရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ မိမိတတ်မြောက်ထားသည်များကို သူတစ်ပါးအား ပြန်လည်သင်ကြားပေးခြင်းသည် တစ်ခေါက်ပြန်နွှေးပြီးသားဖြစ်ကာ အသိအမြင်သစ်များကိုလည်း ရရှိစေသည် မဟုတ်ပါလော။
"ကျေးဇူးတင်ပါတယ် သခင်လေး" ချန်လန်၏မျက်ဝန်းထဲတွင် မျှော်လင့်တကြီးဖြစ်နေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ နောက်ပိုင်းလများတွင် ချန်လန်သည် ချန်းရှီထံ၌ ပညာသင်ယူခဲ့သည်။ စိတ်ဝဉာဉ်စွမ်းအား ထုတ်ယူခြင်းအပြင် စာဖတ်ခြင်းနှင့် စာလုံးများကိုသာ အဓိကထား သင်ယူကြသည်။ တစ်ယောက်က သင်ပေးချင်စိတ်ရှိပြီး နောက်တစ်ယောက်ကလည်း သင်ယူချင်စိတ် ပြင်းပြနေသည့်အပြင် သင်ခန်းစာများကလည်း ရှင်းလင်းလွယ်ကူလှသဖြင့် ချန်လန်သည် အခြေခံဆင့်ကို အလျင်အမြန်ပင် တတ်မြောက်သွားပြီး ယခုအခါ စာအုပ်များကို ကိုယ်တိုင်အကြမ်းဖျင်း ဖတ်ရှုနိုင်နေပြီ ဖြစ်သည်။
နံရံပေါ်ရှိ ဝရမ်းပြေးပုံစံတူပန်းချီကားကို စိုက်ကြည့်ရင်း ချန်းရှီ သက်ပြင်းချလိုက်သည်။ အချိန်ကျလာချေပြီ။
"ရှုထောင့်တစ်ခုကနေ ကြည့်ရင် ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် အနည်းဆုံးတော့ အခု ငါ့မှာ ကိုယ်ပိုင်အရင်းအနှီး ရှိနေပြီ။" ဝရမ်းထုတ်ခံထားရသည့် ပန်းချီကားပေါ်မှချောင်းချောင်း ကို လှမ်းကြည့်ရင်း ချန်းရှီ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေသည်။
"သွားကြစို့ အိမ်တော်ထိန်းကြီးချန်... ကျွန်တော်တို့ ဖန့်မိသားစုဆီ သွားကြမယ်။" ချန်းရှီက သူ့နောက်ကွယ်ရှိ အိမ်တော်ထိန်းချန်ကို လှည့်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အိမ်တော်ထိန်းချန်၏ မျက်နှာအမူအရာ ညှိုးမှိန်သွားသော်လည်း ခေါင်းငြိမ့်ပြရှာသည်။ ယခုအခါ ချန်းရှီ ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်၍ တစ်ချိန်က ဆုတ်ယုတ်ပျက်စီးလုနီးပါးဖြစ်ခဲ့သော ချန်မိသားစုသည် မျှော်လင့်ချက်ရောင်ခြည် ပြန်လည်မြင်တွေ့လာရပြီ ဖြစ်သည်။ ဖန့်မိသားစုနှင့် စုစပ်ထားသည့် အိမ်ထောင်ရေးအကြောင်းကို ဆွေးနွေးရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီ။
ချန်းရှီသည်လည်း ထိုစေ့စပ်ကြောင်းလမ်းမှုအကြောင်းကို သိရှိထားသည်။ ၎င်းမှာ သူ အလွန်ငယ်စဉ်ကတည်းက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ ချန်းရှီ၏ ဖခင်ကွယ်လွန်စဉ်က ချန်မိသားစု၏ မျိုးဆက်မပြတ်စေရန်အတွက် ဖန့်မိသားစုသည် ဖန့်မိသားစု၏ ဒုတိယသမီးပျိုနှင့် ချန်းရှီတို့ကို အမြန်ဆုံး လက်ထပ်ထိမ်းမြားပေးရန် လူလွှတ်၍ပင် အဆိုပြုခဲ့ဖူးသည်။ သို့သော်လည်း ချန်းရှီက ဖခင်အတွက်ဝမ်းနည်းပူဆွေးနေသည့်ကာကာလဖြစ်သောကြောင့်အကြောင်းပြကာထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။ နောက်ပိုင်းတွင် ချန်းရှီ နာမကျန်းဖြစ်ပြီး ပြန်လည်သက်သာမလာတော့သည့်အချိန်တွင် ဖန့်မိသားစုထံမှ လာရောက်လည်ပတ်မှုများ တဖြည်းဖြည်း ကျဲပါးသွားခဲ့သည်။ ယခုဆိုလျှင် သူတို့မလာရောက်ကြသည်မှာ တော်တော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။
ချန်းရှီကျန်းမာရေးကောင်းမွန်စဉ်က ဖန့်မိသားစုက စေ့စပ်မှုကို တန်ဖိုးထားလိုစိတ်ရှိခဲ့ခြင်းမှာ သဘာဝကျသည်ကို နားလည်သည်။ သို့သော် မိမိ၏အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့လျှင်မူ ဖန့်မိသားစုအနေဖြင့် မိမိတို့သမီးဖြစ်သူကို မီးပုံထဲသို့ အတင်းတွန်းမပို့လိုကြသည်မှာ ဓမ္မတာပင်။ ဖန့်မိသားစု၏ ရှုထောင့်မှကြည့်လျှင်လည်း သူတို့သည် ချန်းရှီအတွက် တတ်နိုင်သမျှ အကုန်လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ ချန်မိသားစု အခြေအနေဆုတ်ယုတ်သွားချိန်တွင်ပင် စေ့စပ်မှုကို ဖျက်သိမ်းခြင်းမပြုခဲ့ဘဲ ချန်မိသားစု ပထမဆုံး အခက်အခဲနှင့် ရင်ဆိုင်ရချိန်တွင် ကတိအတိုင်း ဆောင်ရွက်ရန်ပင် စီစဉ်ခဲ့ကြသည်။ ချန်းရှီ နာမကျန်းဖြစ်ပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခြင်းမှာလည်း သမီးဖြစ်သူ၏ အနာဂတ်ကို မထိခိုက်စေလိုခြင်းကြောင့် ဖြစ်နိုင်သည်။
သို့သော် အိမ်တော်ထိန်းချန်အတွက်မူ ဤလုပ်ရပ်က ခွင့်လွှတ်နိုင်စရာ မရှိချေ။ အိမ်ထောင်ရေးကို စီစဉ်ပြီးကတည်းက တရားဝင် စေ့စပ်ကြောင်းလမ်းမှု လုပ်ငန်းစဉ်များ မပြီးမြောက်သေးသော်လည်း မိသားစုအကြီးအကဲ နှစ်ဦးစလုံးက သဘောတူညီခဲ့ကြပြီး ဖြစ်သည်။ ချန်းရှီ အသက် တစ်ဆယ့်ခြောက်နှစ် ပြည့်သည့်အခါ ဖန့်မိသားစု၏ ဒုတိယသမီးပျို 'ဖန့်ကျန်း' နှင့် လက်ထပ်ရန် ရည်ရွယ်ခဲ့ကြသည်။ ယခုအခါ အကြီးအကဲ ကွယ်လွန်သွားပြီး သခင်လေးမှာ အသက် တစ်ဆယ့်ခုနစ်နှစ်ပင် ရှိနေပြီဖြစ်သော်လည်း ဖန့်မိသားစုက အိမ်ထောင်ရေးကို နောက်ဆုတ်ရန် သာပြင်နေပြင်နေကြသည်။ ဤသည်က ဘာကို ဆိုလိုသနည်း။
"သခင်လေးချန်!" ဖန့်မိသားစု၏ အစေခံများသည် ချန်းရှီကို တစ်ကျော့ပြန် မြင်တွေ့လိုက်ရသောအခါ အစပိုင်းတွင် ထိတ်လန့်သွားကြပြီးနောက် အလျင်အမြန်ပင် ဦးညွှတ်ဂါရဝပြုကာ သူ ရောက်ရှိလာကြောင်း သတင်းပို့ရန် အပြေးအလွှား သွားကြချေသည်။
"ကျွန်တော် ဖန့်ဦးလေးကို တွေ့ဖို့ လာတာပါ။" ချန်းရှီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ ဖန့်မိသားစုအနေဖြင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် ဖြစ်နိုင်ခြေနည်းသည်ဟု သူ တွက်ဆထားသည်။ သူ ပြင်းထန်စွာ နာမကျန်းဖြစ်နေစဉ်အတွင်း အိမ်ထောင်ရေးအကြောင်း မဟရုံမျှဖြင့် ဘာမျှကိစ္စမရှိပေ။ ချန်းရှီဖခင် ကွယ်လွန်ပြီးနောက် အိမ်ထောင်ရေးကိစ္စကို ဦးလှည့်အဆိုပြုခဲ့ခြင်းကပင် ဖန့်မိသားစု၏ ရိုးသားဖြောင့်မတ်မှုကို ပြသရန် လုံလောက်လှပြီ ဖြစ်သည်။
"သခင်လေးချန်... အထဲကို ကြွပါခင်ဗျာ။ သခင်ကြီးက အဆောင်မကြီးထဲမှာ စောင့်နေပါတယ်" ဟု ဖန့်မိသားစု၏ အိမ်တော်ထိန်းက ချက်ချင်းဆိုသလို ထွက်ကြိုရင်း ပြောသည်။
"အင်း..." ချန်းရှီ ခေါင်းငြိမ့်ပြလိုက်သည်။ ယခုအခါ ထိုအကြောင်းအရာကို မည်သို့ စတင်စကားပျိုးရမည်နည်းဟူ၍ သူ စိတ်ရှုပ်ထွေးနေမိသည်။ အကယ်၍ သူတို့ဘက်က လက်မထပ်လိုပါက ပို၍ပင် လွယ်ကူဦးမည် ဖြစ်သော်လည်း လက်ရှိအခြေအနေများအရ ဖန့်မိသားစုတွင် စေ့စပ်မှုကို ဖျက်သိမ်းရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း ထင်ရှားနေသည်။
"ရှီအာ... ဒီကိုလာ၊ ထိုင်ဦး။ မင်းဦးလေးက မင်းရဲ့ကျန်းမာရေးအတွက် အမြဲတမ်း စိတ်ပူနေခဲ့တာ။ မင်းသာ တစ်ခုခုဖြစ်သွားရင် ငါ့မှာ ချန်မိသားစုကို ဘယ်လိုမျက်နှာပြ ရှင်းပြရမှန်းတောင် သိမှာမဟုတ်ဘူး။" ဖန့်ကျန်း၏ ဖခင်သည် အဓိကနေရာတွင် ထိုင်နေပြီး မျက်နှာထက်၌ ဝမ်းမြောက်ရိပ်များ ထင်ဟပ်နေသည်။
ယခင်က ချန်းရှီ ဖခင်အတွက် ဝမ်းနည်းပူဆွေးနေရသည့် ကာလအတွင်း ဖန့်လျန်သည် ချန်းရှီကို ပြုစုစောင့်ရှောက်ရန် မိမိသမီးအရင်းကို စေလွှတ်ရန် စီစဉ်ခဲ့ဖူးသည်။ ချန်မိသားစု၏ မျိုးဆက်သာ ပြတ်တောက်သွားမည်ဆိုလျှင် ဝမ်းနည်းပူဆွေးမှု ထုံးတမ်းစဉ်လာများကို လိုက်နာနေခြင်း ရှိ၊ မရှိက အဓိပ္ပာယ်မရှိတော့ဟူသော အကြောင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ချန်းရှီက ဖန့်လျန်၏ အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။ ထို့နောက်တွင် သူသည် အလွန်အမင်း စိတ်ထိခိုက်ကာ ပြင်းထန်စွာ နာမကျန်းဖြစ်သွားခဲ့သည်။ ဖန့်လျန်မှာ လုံးဝကို အကျပ်ရိုက်သွားခဲ့ရပြီး မိမိသမီး၏ ပျော်ရွှင်မှုနှင့် ညီအစ်ကိုချင်း သစ္စာတရားကြားတွင် ရွေးချယ်ခဲ့ရသည်။ ဤနှစ်ခုကြားတွင် ညှပ်ပူးညှပ်ပိတ်ဖြစ်နေသော ဖန့်လျန်သည် လုံးဝ စိတ်ရှုပ်ထွေးသွားခဲ့ပြီး အဆုံး၌ အခြေအနေကိုသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ရသည်။ သူ၏ သမီးဖြစ်သူ အိမ်ထောင်ရေးကိုမူ ချန်းရှီ၏ တောင်းဆိုချက်အရ သုံးနှစ်ခန့် ရွှေ့ဆိုင်းထားခဲ့သည်။ သုံးနှစ်အကြာတွင် ချန်းရှီ၏ ကျန်းမာရေးက အားနည်းနေဆဲဖြစ်ပါက ဖန့်လျန်တွင် ကောင်းမွန်သော ဖြေရှင်းချက် ရှိလိမ့်မည်မဟုတ်ပေ။ ထိုအချိန်ကျမှ ချန်းရှီဘက်က စကားစလာလျှင် ဖန့်လျန်အနေဖြင့် ရင်ကွဲမတတ် ခံစားရသော်လည်း သမီးဖြစ်သူကို ပေးစားရန်မှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော အနှစ်ဝက်ခန့်က ချန်းရှီ၏ ရောဂါဝေဒနာ သက်သာလာကြောင်း သတင်းကို ဖန့်လျန် ရရှိခဲ့ရာ ၎င်းမှာ သူ့အတွက် ခွန်အားသစ်တစ်ရပ် ဖြစ်စေခဲ့သည်။ နောက်ဆုံးတွင် သူသည် ကြားညှပ်၍ ခံစားနေရခြင်းမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခင်က ကိစ္စရပ်များကို အချိန်ဆွဲထားခဲ့မိသဖြင့် ဖန့်လျန်မှာ ထိုအကြောင်းကို ပြန်လည်စကားစရန် အနည်းငယ် ရှက်ရွံ့နေမိသည်။ ချန်းရှီ ကိုယ်တိုင်လာရောက်၍ ထိုကိစ္စကို ဆွေးနွေးလာမည့်အချိန်ကို စောင့်ဆိုင်းကာ အချိန်တန်လျှင် မိမိ၏ မလျော်ကန်သော အပြုအမူအတွက် အလျော်အစားအနေဖြင့် ကတိပေးထားသည့် တင်တောင်းပဏ္ဏာထက် နှစ်ဆပို၍ ပေးအပ်မည်ဟု စိတ်ထဲမှ ကြံစည်ထားသည်။
"သွား... အဲဒီကောင်မလေး ဖန့်ကျန်းကို သွားခေါ်ချေ။" ဖန့်လျန်က အိမ်တော်ထိန်းကို လက်ဟန်ပြလိုက်သည်။
"ဦးလေး... ညီမလေး ကျန်းအာကို သွားခေါ်ဖို့ မလိုပါဘူး။ ကျွန်တော်က နှုတ်ဆက်ဖို့ လာတာပါ။ ကျွန်တော် လောကကြီးကို လှည့်လည်သွားလာဖို့ အစီအစဉ်ရှိပါတယ်။ ပြီးခဲ့တဲ့ ပြင်းထန်တဲ့ ဖျားနာမှုကြောင့် ကျွန်တော် အများကြီး နားလည်သဘောပေါက်သွားခဲ့ရတယ်။ လူတစ်ယောက်ဟာ သူ နှစ်ရှည်လများ နေထိုင်ခဲ့တဲ့နေရာကလွဲလို့ ကျန်တဲ့နေရာတွေကို တစ်ခါမှ မရောက်ဖူးဘူးဆိုရင် တကယ်ပဲ ဝမ်းနည်းစရာ ကောင်းလှပါတယ်။ ကျွန်တော် အပြင်ထွက်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာချင်ပါတယ်" ဟု ချန်းရှီက ရိုသေလေးစားစွာ ပြောကြားလိုက်သည်။
ဖန့်လျန် အံ့အားသင့်သွားပြီး ဘာမျှမပြောဘဲခေတ္တတုံ့ဆိုင်းသွားကာ... "ရှီအာ... မင်းဦးလေးက အရင်က တကယ်ပဲ မလျော်ကန်တာတွေ လုပ်ခဲ့မိတာ မှန်ပါတယ်။ ဒါပေမဲ့ မင်း ဒါကို ပိုပြီး သေချာစဉ်းစားသင့်သေးတယ်။ လောကကြီးက ငြိမ်းချမ်းနေတာ မဟုတ်ဘူး။ ပြီးတော့ မင်းအဖေ ကွယ်လွန်ချိန်တုန်းက မင်းကို ငါ့လက်ထဲ အပ်နှံသွားခဲ့တာ။ မင်းသာ တစ်ခုခု အန္တရာယ်ဖြစ်သွားရင် မင်းအဖေကို ငါ ဘယ်လိုမျက်နှာပြရမလဲ မသိဘူး ဖြစ်လိမ့်မယ်။"
"ဦးလေး စိတ်ချပါ... ရှီက ပါရမီမထူးလှပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စရာ နည်းလမ်းတချို့တော့ ရှိပါတယ်" ဟု ချန်းရှီက စိတ်ဓာတ် အနည်းငယ် တက်ကြွစွာဖြင့် ပြောလိုက်သည်။
"ဟူး... မင်းကို ငါ တားလို့ရမှာ မဟုတ်တော့ဘူး ထင်ပါရဲ့" ဖန့်လျန်က သက်ပြင်းချရင်း ချန်းရှီကို ကျေနပ်အားရသည့် အရိပ်အယောင်များဖြင့် ကြည့်လိုက်သည်။ "ဒါပေမဲ့ မင်း သွားလို့ရတယ်၊ ဒါပေမဲ့ အရင်ဆုံး အိမ်ထောင်ရေး ကတိကဝတ်ကို အတည်ပြုရမယ်။ အဲဒီကောင်မလေး ဖန့်ကျန်းလည်း အသက်ငယ်ငယ်တော့ မဟုတ်တော့ဘူး။"
"..." ချန်းရှီ နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်ပြီး စိတ်ထဲမှ တွေးမိသည်မှာ -
'သူမကို ကျွန်တော့်လက်ထဲ အပ်မလို့လား... ဒါပေမဲ့ ကျွန်တော်ကတော့ သူမကို လက်ဖျားနဲ့တောင် မတို့ရဲပါဘူး တကယ်။ သူမက ကျွန်တော့်ထက် နှစ်နှစ်တောင် ငယ်သေးတယ်လေ ဘုရားရေ... အသက် တစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်ကို အသားယူဖို့ မျှော်လင့်နေတာလား **...'
အမှန်စင်စစ် ချန်းရှီသည်လည်း ဟန်ခေတ်တွင် အသက် တစ်ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးကို အပျိုကြီးအဖြစ် သတ်မှတ်ထားကြပြီး သူမ ပေးဆောင်ရမည့် အခွန်အခမှာလည်း နှစ်ဆ တိုးသွားလိမ့်မည် ဖြစ်ကြောင်း သိရှိထားသည်။ သဘာဝကျကျပင် အကယ်၍ သူမ အိမ်ထောင်ပြုလိုက်လျှင် အခွန်အခများ နှစ်ဆ ပေးဆောင်ရန် မလိုတော့ချေ...
"ဦးလေး... ကျွန်တော် အခုပဲ အိမ်ထောင်ရေး ကတိသစ္စာစာလွှာ ရေးထိုးခဲ့ပြီး ခရီးက ပြန်လာတဲ့အခါမှ မင်္ဂလာပွဲကို အပြီးသတ် ကျင်းပလို့ ရမလားခင်ဗျာ" ဟု ချန်းရှီက မတတ်သာသည့်အဆုံး ပြောလိုက်သည်။
သူ့နောက်သို့ တကောက်ကောက်လိုက်ကာ 'အစ်ကို' ဟု ခေါ်ဝေါ်လေ့ရှိသည့် ထိုမိန်းကလေးနှင့် ပတ်သက်၍မူ ဤတာဝန်ဝတ္တရားမှ မိမိ ရှောင်လွှဲ၍မရမှန်း ချန်းရှီ သိရှိသည်။ အကယ်၍ သူသာ စေ့စပ်မှုကို ဖျက်သိမ်းရန် ဝံ့ရဲပါက ဖန့်မိသားစုသည် ချန်းရှီနှင့် မပြေလည်နိုင်သော ရန်ငြိုးဖွဲ့သူများ သေချာပေါက် ဖြစ်လာပါပေလိမ့်မည်။ ထို့အပြင် ချန်းရှီအတွက်မူ အိမ်ထောင်ပြုခြင်းက သိပ်ပြီး ထိခိုက်မှုကြီးကြီးမားမား ရှိပုံမပေါ်ချေ။
ထိုခေတ်အခါက အိမ်ထောင်ရေး ကတိသစ္စာစာလွှာ ဆိုသည်မှာ မွေးသက္ကရာဇ် ဇာတာခွင်ချင်း လဲလှယ်ခြင်းမျှသာ ဖြစ်သည်။ အကယ်၍ ၎င်းကို ပေးအပ်ပြီးပါက ကိစ္စရပ်မှာ အနှစ်သာရအားဖြင့် ပြီးမြောက်သွားပြီ ဖြစ်သည်။ ထိုနှစ်ဦးမှာ ဇာတာချင်း ကိုက်ညီသည်ဟု သတ်မှတ်ခံထားရပြီး ယခုအခါတွင် ချန်းရှီ ကိုယ်တိုင် ရေးမှတ်ရန်သာ လိုအပ်တော့ရာ ၎င်းမှာ တရားဝင် ကတိကဝတ်ပြုခြင်းနှင့် အတူတူပင် ဖြစ်သည်။
အစီအစဉ် အားလုံးကို အပြီးသတ် ဆောင်ရွက်ပြီးနောက် ချန်းရှီသည် ရထားလုံးပေါ်သို့ တက်ကာ အနောက်ဘက်သို့ ဦးတည်၍ ခရီးစတင်ခဲ့ချေပြီ။ ထိုနေရာတွင် စွမ်းရည်ထက်မြက်လှသော ချောင်းချောင်း (စစ်သူကြီး ချောက်ချောက်) သည် လက်ရှိတွင် စစ်သည်အင်အား စုဆောင်းနေစဲဖြစ်သည်။ ချန်းရှီအနေဖြင့် ဤအခွင့်အရေးကို အသုံးချလိုကြောင်း ထင်ရှားလှပေသည်၊ အကြောင်းမူကား ဤခေတ်ကာလတွင် စစ်တပ်အတွင်း၌ ရှိနေခြင်းက ပိုမိုဘေးကင်းလုံခြုံသည် မဟုတ်ပါလော။ ဤသမိုင်းကွက်လပ်ထဲတွင် လျှူပေ့နှင့် ဆုံတွေ့နိုင်မလား ဆိုသည်ကိုမူလည်း သူ မသေချာနိုင်သေးချေ။