အခန်း (၂၆) ရှေ့ဆက်ရမည့် လမ်းခရီး
... “မှန်တယ်၊ ဘိုးဘွားတွေဆီက လက်ဆင့်ကမ်းလာတဲ့ ဂုဏ်ဒြပ်ကလွဲရင် မကြာခင်ကအထိ ငါ့မှာ ဘာမှမရှိခဲ့ဘူး၊ အခုတော့ ငါ့မှာ အထူးမြင်းစီးတပ် ငါးထောင် ရှိနေပြီ၊ စစ်ပွဲသခင်တွေကြားမှာလည်း နာမည်ရလာပြီ၊ ဟန်မင်းဆက်ကို ပြန်လည်ထူထောင်ဖို့ အခြေခံအုတ်မြစ်လည်း ရနေပြီ” ဟု လျှိုပေ့က အစပိုင်းတွင် အားမလိုအားမရဖြစ်နေသော အမူအရာဖြင့် ပြောရာမှ တဖြည်းဖြည်း တက်ကြွရွှင်လန်းလာပြီး မျက်လုံးများ အရောင်တောက်လျက် ချန်းရှီကို ကြည့်ကာ ဆိုသည်။
“အရှင် ရရှိထားတာတွေက တကယ်ပဲ များပြားလှပါတယ်၊ ဒါပေမဲ့ ဒါက မလုံလောက်သေးပါဘူး၊ လုံးဝကို မလုံလောက်သေးတာပါ၊ အဝေးကြီး လိုပါသေးတယ်၊ လေးစားရတဲ့ မျိုးဆက်လေးဆက်၊ မင်းကြီးသုံးပါးအမတ်ထွက်ရာ ယွမ်မျိုးနွယ်စုနဲ့ မနှိုင်းယှဉ်နဲ့ဦး၊ ဒေသခံ သူဌေးကြီးအချို့နဲ့ နှိုင်းယှဉ်ရင်တောင်မှ အရှင်က ဂုဏ်သတင်းကလွဲရင် ကျန်တာအားလုံး အများကြီး နောက်ကျကျန်နေပါသေးတယ်” ဟု ချန်းရှီက မျက်နှာတွင် လှောင်ပြုံးတစ်ခု ဆင်မြန်းလျက် ပြတ်ပြတ်သားသားပင် ဆိုသည်။ လျှိုပေ့သည် နုနယ်လွန်းပါသေးသည်၊ လျှိုပေ့သည် အမှန်တကယ်ပင် နုနယ်လွန်းနေပါသေးသည်။
“ဆရာ... ကျေးဇူးပြုပြီး ကျွန်ုပ်ကို လမ်းညွှန်ပေးပါဦး” ဟု လျှိုပေ့က ကိုယ်ကိုမတ်ကာ တည်တည်တံ့တံ့ဖြင့် ဆိုသည်။ လျှိုပေ့သည် စစ်ပွဲသခင်များ အဆင့်အတန်းထဲတွင် ပါဝင်လာသည့် အချိန်မှစ၍ ချန်းရှီကို ဤမျှ လေးနက်တည်ကြည်စွာ ပထမဆုံးအကြိမ် စကားပြောခြင်း ဖြစ်သည်။
“သည်လောက်အထိ ရိုသေပြနေဖို့ မလိုပါဘူး” ဟု ချန်းရှီက လက်ခါပြလျက် ဆိုသည်။
“ဂုဏ်သတင်းက အရေးကြီးတယ်လို့ ထင်ရပြီး အရာရာကို ဆွဲဆောင်နိုင်ပုံရပါတယ်၊ ဒါပေမဲ့ ဂုဏ်သတင်းဆိုတာ အပေါ်ယံသက်သက်ပါ၊ အင်အားကသာ အရေးကြီးဆုံးဖြစ်ပါတယ်”
“ချင်ပြည်နယ်က ရှောင်ကုန်းမင်းခေတ်တုန်းက ချင်ပြည်နယ်ဟာ အားနည်းလွန်းတာကြောင့် စစ်ပွဲသခင်တွေရဲ့ မဟာမိတ်စားပွဲဝိုင်းတွေမှာတောင် အဖိတ်မခံခဲ့ရဘူး၊ တစ်ပြည်လုံးက ပါရမီရှင်တွေလည်း အနောက်ချင်ပြည်နယ်ထဲကို မဝင်ရောက်ခဲ့ကြဘူး၊ အဲဒီနောက်မှာ ရှန်းရန်က ချင်ပြည်နယ်ကို ရောက်လာပြီး ဟဲရှီးမှာ ဝေစစ်သည်တွေကို အနိုင်တိုက်ခိုက်ပြီး အနောက်ချင်ပြည်နယ်ရဲ့ အင်အားတောင့်တင်းတဲ့ စစ်တပ်အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခဲ့တယ်၊ အဲဒီအချိန်ကစပြီး လူတွေက ချင်ပြည်နယ်ကို ရက်စက်ကြမ်းကြုတ်တယ်လို့ ခေါ်ခဲ့ကြတယ်၊ အဲဒီနောက်မှာတော့ ပါရမီရှင်များစွာက ရှန်းယန်မြို့ဆီကို အုန်းအုန်းကျွက်ကျွက် ရောက်လာကြတော့တာပဲ၊ ကွမ်းတုန်းက စစ်ပွဲသခင်တွေဟာ ချင်ပြည်နယ်ကို ကျားတစ်ကောင်လို ကြောက်ရွံ့ခဲ့ကြတယ်” ချန်းရှီ၏ မျက်နှာတွင် စိတ်အားထက်သန်မှု အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။
“အာဏာလုနေကြတဲ့ စစ်ပွဲသခင်တွေဟာ ဂုဏ်သတင်းထက် လက်တွေ့အကျိုးအမြတ်ကိုပဲ ရှာဖွေကြတာပါ၊ နွေဦး၊ ဆောင်းဦးခေတ်နဲ့ စစ်ပြိုင်ခေတ် သုံးရာစုနှစ်တစ်လျှောက်လုံးမှာ ဖြောင့်မတ်မှန်ကန်မှုဆိုတာ မရှိခဲ့ဘူး၊ အကျိုးစီးပွားပဲ ရှိခဲ့တယ်” ချန်းရှီက ထပ်ခါတလဲလဲ လှောင်ရယ်လိုက်သည်။ ပရမ်းပတာဖြစ်နေသော ကမောက်ကမခေတ်ကြီးတွင် တိုက်ခိုက်လုယူရမည့် အရာများကို သူ၏ရှေ့၌ ရှင်းရှင်းလင်းလင်း ရေးသားထားပြီးသား ဖြစ်သည်။
လျှိုပေ့သည် တိတ်ဆိတ်သွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။ ပြန်ဖွင့်လိုက်သောအခါတွင်မူ တွေဝေစောင်းပါးရိပ် ခြေဖျားမျှပင် မကျန်တော့ဘဲ “ဇီချွမ်... အမှန်အတိုင်းပြောရရင် တစ်စုံတစ်ယောက်က သည်အရာအားလုံးကို သည်လောက်အထိ ရှင်းရှင်းလင်းလင်းနဲ့ ထင်ထင်ရှားရှား မြင်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး” ဟု ဆိုသည်။
“ဒါက ဘာမှမဟုတ်ပါဘူး၊ သည်အရာတွေ အားလုံးက ရိုးရှင်းပါတယ်၊ အုပ်စိုးသူတစ်ယောက်အနေနဲ့ ဧကရာဇ်ရဲ့ စစ်ဗျူဟာတွေအကြောင်း အကုန်သိနေဖို့ မလိုပါဘူး၊ ဒါပေမဲ့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုကတော့ မိမိကိုယ်ကိုယ် အင်အားကြီးမားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့ပါပဲ၊ မိမိရဲ့အင်အားက အတိုင်းအတာတစ်ခုအထိ ကြီးမားလာပြီဆိုရင် အုပ်စိုးသူရဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုချင်းစီတိုင်းနဲ့ စည်းမျဉ်းအားလုံးက ပြောင်းလဲသွားမှာဖြစ်ပါတယ်” ချန်းရှီက ဆွဲဆောင်မှုရှိသော အမူအရာဖြင့် ဆိုသည်။
“အောက်လက်ငယ်သားတွေကို ထိန်းချုပ်ဖို့ ဧကရာဇ်ရဲ့ စစ်ဗျူဟာအပေါ်မှာပဲ မှီခိုနေတဲ့ အုပ်စိုးသူတစ်ယောက်ဟာ အရည်အချင်းမပြည့်မီဘူးလို့ပဲ သတ်မှတ်ရပါမယ်၊ တကယ့်အုပ်စိုးသူစစ်စစ်ကတော့ သည်လို ကလေးကစားစရာတွေကို အထင်သေးပါတယ်”
“ဇီ... ဇီချွမ်” လျှိုပေ့က ထိတ်လန့်သွားသည့်အလား မျက်တောင်မခတ်တမ်း တောင့်တောင့်ကြီး စိုက်ကြည့်လျက် ချန်းရှီကို ကြည့်သည်။ ဧကရာဇ်ရဲ့ စစ်ဗျူဟာကို သည်လိုအရာမျိုးအဖြစ် ထုတ်ဖော်ပြောရုံတင်မကဘဲ မျက်လုံးထဲတွင် အထင်သေးရိပ်များပါ ပြည့်နှက်နေသည်။
“အရှင်ရွှမ်တယ်... ဘာကို ကြောက်နေတာလဲ” ချန်းရှီက တည်ငြိမ်စွာ မေးလိုက်သည်။
“နတ်ဘုရားကျောက်တုံးပေါ်မှာ ‘ကောင်းကင်ဘုံက အပ်နှင်းထားတဲ့ ထာဝရကံကြမ္မာ’ လို့ ရေးထားတဲ့အတိုင်းသာ ဆိုရင် ဒုံကျွမ်ရဲ့ ပရမ်းပတာ လုပ်ရပ်တွေ ဘယ်လိုဖြစ်လာပါ့မလဲ၊ အစပိုင်းမှာ သူတို့ဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူတွေနဲ့ ဝေးကွာသွားလို့ နောက်ဆုံးမှာ ပြည်သူတွေရဲ့ လက်ထဲမှာပဲ ပျက်စီးသွားရတာလို့ပဲ ပြောရပါမယ်၊ ပြည်သူက ရေနဲ့တူပြီး အုပ်စိုးသူက လှေနဲ့တူပါတယ်၊ ရေက လှေကို ပေါလောပေါ်စေနိုင်သလို မှောက်လည်းမှောက်နိုင်ပါတယ်၊ သည်သံသရာက ရှေးခေတ်ကတည်းက ဘယ်တော့မှ မပြောင်းလဲခဲ့ပါဘူး”
ချန်းရှီ၏ စကားလုံးများသည် လျှိုပေ့၏ စိတ်ထဲတွင် နံနက်ခင်းခေါင်းလောင်းသံနှင့် ညနေခင်းစည်တော်တီးသံကဲ့သို့ ဟိန်းကနဲ မြည်ဟည်းသွားသည်။ ယခင်က သူနားမလည်ခဲ့သော ပြဿနာများစွာသည် ရှင်းလင်းသွားခဲ့သည်။ ကပ်ဘေးသင့်သည့် နှစ်များအတွင်း ပြည်သူများက မိမိတို့၏ သားသမီးများကို အစာနှင့် လဲလှယ်စားသောက်နေကြသည်ကိုလည်းကောင်း၊ လော့ယန်မြို့ရှိ မင်းစိုးရာဇာ မျိုးနွယ်စုများ၏ မူးယစ်အပန်းဖြေ ပျော်ပါးနေကြသည်ကိုလည်းကောင်း၊ စစ်သည်များက ထမင်းတစ်နပ် အဝစားရရုံဖြင့် စစ်မြေပြင်တွင် သွေးမြေကျ ခံနေကြသည်ကိုလည်းကောင်း၊ စစ်သူကြီးများ၏ ဝိုင်နှင့် တေးဂီတများ ပြည့်နှက်နေသော တဲနန်းများကိုလည်းကောင်း သူမြင်တွေ့ခဲ့ရသည်။ သည်အရာအားလုံးက သူ၏ရှေ့မှောက်တွင် ထင်ထင်ရှားရှား ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
“ဇီချွမ်... သည်အကြောင်းတွေကို နောက်ခါ ဘယ်တော့မှ ထပ်မပြောပါနဲ့တော့” လျှိုပေ့သည် စိတ်ကို ပြန်လည်စုစည်းပြီးနောက် ချန်းရှီကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ လေးနက်စွာ ဆိုသည်။
“ကျွန်တော် ဘာပြောလို့လဲ” ချန်းရှီက ဝိုင်အချို့ သောက်ပြီးနောက် လေချဉ်တစ်ချက်တက်ကာ “အရှင်ရွှမ်တယ်... အရှင်မေးစရာရှိရင် အခုက မေးရမယ့်အချိန်ပဲ” ဟု ပြောလိုက်သည်။
“ငါတို့ မောက်တိုင်စီရင်စုကို ဘယ်လိုသိမ်းပိုက်မလဲ၊ ငါတို့ ဘယ်လို ပိုပြီး အင်အားကြီးမားအောင် လုပ်မလဲ၊ ပြီးတော့ ဘယ်လို...” လျှိုပေ့က အံကြိတ်လျက် “သည်ပရမ်းပတာ ဖြစ်နေတဲ့ ကမ္ဘာကြီးကို ဘယ်လို ငြိမ်းချမ်းအောင် လုပ်မလဲ” ဟု ဆိုသည်။
ချန်းရှီက အနည်းငယ် ပြုံးလိုက်ပြီး “ပရမ်းပတာ ဖြစ်နေတဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင်လုပ်ဖို့ဆိုတာ လက်ရှိအချိန်မှာ လုပ်နိုင်တဲ့အရာ မဟုတ်သေးပါဘူး၊ အဲဒါမတိုင်ခင် ငါတို့လုပ်ရမှာက ပိုပြီး အင်အားကြီးမားလာဖို့၊ လုံလောက်တဲ့ အင်အားရှိလာဖို့ပဲ ဖြစ်ပါတယ်၊ မောက်တိုင်စီရင်စုက နေရာကောင်းတစ်ခုပဲ၊ ချင်းကျိုးကလည်း နေရာကောင်းတစ်ခုပဲ၊ အဲဒီမှာ ဓားပြ သုံးသန်းရှိတယ်၊ အဲဒီအထဲက ဆယ်ပုံပုံရင် သုံးပုံ၊ လေးပုံက သန်မာတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်၊ သည်လူတွေကို ခေါ်ယူပြီး အနည်းငယ် လေ့ကျင့်ပေးလိုက်ရင် အနောက်ချင်ပြည်နယ်ရဲ့ အင်အားမျိုးကို မမီရင်တောင်မှ အနည်းဆုံးတော့ တန်ချီလိုမျိုး ကမ္ဘာကြီးရဲ့ စစ်မီးလျှံတွေကို ထိုင်ကြည့်နေလို့ ရပါတယ်” ဟု ပြောသည်။
“တကယ်လို့ သည်လိုသာဆိုရင် အဲဒါက တကယ့်ကို နေရာကောင်းတစ်ခုပဲ၊ ဒါပေမဲ့ အဲဒီနေရာကို ငြိမ်းချမ်းအောင်လုပ်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်” လျှိုပေ့က သက်ပြင်းချလျက် ဆိုသည်။
“ဆန့်ကျင်ဘက်အနေနဲ့ အဲဒီနေရာကို ငြိမ်းချမ်းအောင်လုပ်ဖို့က သိပ်မခက်ခဲပါဘူး၊ အရှင်ရွှမ်တယ်အနေနဲ့ တောင်းချန်းကို ရိက္ခာတွေ ချေးပေးဖို့ စည်းရုံးနိုင်ရင် ရပါပြီ၊ မောက်တိုင်စီရင်စုကို သိမ်းပိုက်ပြီးရင် ချင်းကျိုးတစ်ခုလုံးကို ဝါးမြိုပစ်ဖို့တောင် သိပ်မခက်ခဲတော့ပါဘူး၊ အဲဒီလူတွေကို အသက်ရှင်သန်ဖို့ လမ်းစတစ်ခု ပေးလိုက်ရင် သူတို့က ဓားပြလုပ်မှာ မဟုတ်တော့ပါဘူး၊ အရေးကြီးဆုံးအချက်ကတော့ ပင်းကျိုးနဲ့ အဝါရောင်သူပုန်ထကြွမှုကြောင့် ဓားပြစစ်တပ်တွေ ရစရာမရှိအောင် ဖျက်ဆီးထားတဲ့ ချင်းကျိုးကလွဲရင် အခြားနေရာတွေက ဒေသခံသူဌေးကြီးတွေနဲ့ မင်းစိုးရာဇာ မျိုးနွယ်စုတွေဟာ အရှင်ရွှမ်တယ်အနေနဲ့ အလွယ်တကူ ရင်ဆိုင်နိုင်တဲ့အရာမျိုး မဟုတ်ပါဘူး” ဟု ချန်းရှီက မျက်မှောင်ကြုတ်လျက် ဆိုသည်။ သူသည် ချင်းကျိုးကို ကိုင်တွယ်ဖြေရှင်းမည့် ယေဘုယျ လမ်းညွှန်ချက်ကို အလွန်ရှင်းလင်းစွာ သိရှိထားသည်၊ မဟာဟန်မင်းဆက်၏ ပြည်နယ် တစ်ဆယ့်သုံးခုလုံးကို ကိုင်တွယ်ဖြေရှင်းမည့် ယေဘုယျ လမ်းညွှန်ချက်ကိုပင် သူ ရှင်းလင်းစွာ သိနေသည်ဟု ပြောနိုင်သည်။
“ဇီချွမ်က သည်လောက်အထိ ယုံကြည်မှုရှိနေမှတော့ ငါလည်း စမ်းသပ်ကြည့်ဖို့ အသင့်ပါပဲ” လျှိုပေ့သည် ချန်းရှီ၏ စကားကို ကြားပြီးနောက် များစွာ တွေးတောမနေတော့ဘဲ ဆုံးဖြတ်ချက် ချလိုက်သည်။ အသက်သုံးဆယ်ကျော် အတွေ့အကြုံများက သည်ခေတ်ကြီးတွင် မင်းစိုးရာဇာ မျိုးနွယ်စုများနှင့် ဒေသခံသူဌေးကြီးများ၏ အင်အားသည် အလွန်တရာ ကြီးမားလွန်းလှပြီး ဧကရာဇ်၏ အာဏာကိုပင် လွှမ်းမိုးနိုင်စွမ်းရှိကြောင်း လျှိုပေ့ကို ရှင်းရှင်းလင်းလင်း သိစေခဲ့သည်၊ ယင်းသည် မိမိကဲ့သို့ အခြေကျရုံသာ ရှိသေးသည့် အရှင်သခင်အငယ်စားလေးတစ်ဦး အလွယ်တကူ ထိတွေ့နိုင်သော အရာမဟုတ်ပေ။ သူတို့ကို သွားရောက်ပတ်သက်မိခြင်းသည် ပြဿနာကို ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်၊ မတော်တဆ မင်းစိုးရာဇာ မျိုးနွယ်စုများနှင့် ဒေသခံသူဌေးကြီးများ၏ ရန်ငြိုးကို ဆွဲဆောင်မိပါက နောင်အနာဂတ် လမ်းခရီးသည် အဆပေါင်းများစွာ ပိုမိုခက်ခဲသွားလိမ့်မည်။
“ကောင်းပါပြီ၊ ဒါဆိုရင် စမ်းသပ်ကြည့်ကြတာပေါ့၊ ကျွန်တော်တို့ အမြဲတမ်း စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်၊ မစမ်းသပ်ကြည့်ဘဲနဲ့ ဘယ်အရာက မအောင်မြင်နိုင်ဘူးလဲဆိုတာ ဘယ်သူသိမှာလဲ၊ ရှန်းယုဟာ ကျန်းဟန်ကို အနိုင်တိုက်ခိုက်ခင်တုန်းက သူ အဲဒီတိုက်ပွဲမှာ နိုင်လိမ့်မယ်လို့ ဘယ်သူသိခဲ့လို့လဲ၊ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားကြည့်ရမှာပဲ”
“မင်းစိုးရာဇာ မျိုးနွယ်စုတွေ၊ ဒေသခံသူဌေးကြီးတွေ၊ ဟူး...” လျှိုပေ့က တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား သက်ပြင်းချလိုက်သည်။
“အဲဒီလူတွေကလည်း အခြေခံအုတ်မြစ်ပါပဲ၊ သူတို့ထဲမှာ လူယုတ်မာအချို့ ရှိနေတာ မှန်ပေမဲ့ မဟာဟန်မင်းဆက်ရဲ့ ပါရမီရှင် ကိုးဆယ်ရာခိုင်နှုန်းဟာ သည်လူတန်းစားကနေ ဆင်းသက်လာတာကိုတော့ ငြင်းလို့မရပါဘူး၊ လုံးဝဥဿုံ သာလွန်တဲ့ အားသာချက်မရှိဘဲနဲ့တော့ လောလောဆယ် သည်လူတန်းစားကို ရင်ဆိုင်ဖို့ မစဉ်းစားပါနဲ့ဦး” ဟု ချန်းရှီက ခေါင်းခါလျက် ဆိုသည်။
အမှန်အတိုင်းပြောရပါက သူသည် မင်းစိုးရာဇာ မျိုးနွယ်စုများနှင့် ဒေသခံသူဌေးကြီးများအပေါ် အမုန်းတရား သိပ်မရှိလှပေ၊ အကြောင်းမူကား သည်ခေတ်ကြီးတွင် မြေယာသိမ်းပိုက်မှုများမှလွဲ၍ သည်လူတန်းစားသည် တစ်နိုင်ငံလုံးအတွက် အကျိုးရှိသောကြောင့် ဖြစ်သည်။ အခြေခံလူတန်းစားများကို စီမံခန့်ခွဲရာတွင် မြေယာပေါ်၌ အမြစ်တွယ်နေသော ဒေသခံသူဌေးကြီးများကို မှီခိုနေရသည်၊ ၎င်းတို့ထဲတွင် လူယုတ်မာအချို့ ရှိနေသည်မှာ ငြင်းမရသော်လည်း အားလုံးကို ခွဲခြားမှုမရှိဘဲ လိုက်လံတိုက်ခိုက်ခြင်းသည် ပိုမိုကြီးမားသော အမှားတစ်ခု ဖြစ်လာမည်မှာ ထင်ရှားသည်။ တကယ်၍ ချန်းရှီက သည်မင်းစိုးရာဇာ မျိုးနွယ်စုများနှင့် ဒေသခံသူဌေးကြီးများကို အမြစ်ပြတ်ချေမှုန်းပြီး စနစ်သစ်တစ်ခုကို အစကနေ ပြန်လည်တည်ဆောက်ရမည်ဆိုပါက တွေးလိုက်ရုံနှင့်ပင် သူ ခေါင်းခဲလှသည်။ ထို့ကြောင့် မင်းစိုးရာဇာ မျိုးနွယ်စုများနှင့် ဒေသခံသူဌေးကြီးများနှင့် ပတ်သက်၍ ချန်းရှီ တွေးမိသည်မှာ ၎င်းတို့ကို ကန့်သတ်ရန်နှင့် အချို့ကို စည်းရုံးပြီး အချို့ကို တိုက်ခိုက်ရန်သာ ဖြစ်သည်။
တကယ်၍ မင်းစိုးရာဇာ မျိုးနွယ်စုများနှင့် ဒေသခံသူဌေးကြီးများကို ဖျက်ဆီးပစ်ရမည့် အခြေအနေသို့ အမှန်တကယ် ရောက်လာပါက ချန်းရှီအနေဖြင့် မိမိ၏ မိသားစုကို အရင်ဆုံး ဖျက်ဆီးပစ်ခြင်းက ပိုကောင်းလိမ့်မည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် တန်းတူညီမျှ ဆက်ဆံမည်ဆိုလျှင် ချန်မျိုးနွယ်စုထဲတွင်လည်း သူ သဘောမတူသော အရာများ ရှိနေသောကြောင့် ဖြစ်သည်။ သူကိုယ်တိုင် စံပြအဖြစ် မလုပ်ဆောင်နိုင်သဖြင့် ချန်းရှီသည် မင်းစိုးရာဇာ မျိုးနွယ်စုများနှင့် တိုက်ခိုက်မည့် အကြံကို လက်လျှော့လိုက်သည်။
သို့သော်လည်း လျှိုပေ့ အားနည်းနေသေးသည့် အချိန်တွင် မင်းစိုးရာဇာ မျိုးနွယ်စုများနှင့် ဒေသခံသူဌေးကြီးများက လျှိုပေ့၏ အသက်သွေးကြောကို ဆုပ်ကိုင်ထားပြီး နောက်ဆုံးတွင် လျှိုပေ့ကို ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် အကျပ်ကိုင်ခြင်းမှ ကာကွယ်ရန်အတွက် ချန်းရှီသည် အစပိုင်းတွင် ချင်းကျိုးကို အတိအကျ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ ဒေသခံသူဌေးကြီးများနှင့် မင်းစိုးရာဇာ မျိုးနွယ်စုများသည် အခြေခံအားဖြင့် ရှင်းလင်းခြင်း ခံထားရပြီး ဖြစ်သောကြောင့်ပင်။
ထို့ကြောင့်လည်း လျှိုပေ့က မေးခွန်းများ မေးမြန်းသည့်အခါ ချန်းရှီသည် တွေးတောနေရန်ပင် မလိုခဲ့ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ကုန်းရုံနှင့် တောင်းချန်းတို့က သူ့ကို ထောက်ခံချက် မပေးခဲ့လျှင်တောင်မှ မင်းကြီးကို ထောက်ပံ့ပြီးနောက် ချန်းရှီသည် လျှိုပေ့ကို ချင်းကျိုး၏ မြို့စားမင်း ရာထူးအတွက် မိမိကိုယ်ကိုယ် အမည်စာရင်း တင်သွင်းခိုင်းလိမ့်မည် ဖြစ်သောကြောင့်ပင်။ သဘာဝကျကျပင် သူသည် သည်ပြဿနာအားလုံးကို လွန်ခဲ့သော အချိန်ကတည်းက ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။