အခန်း (၂၄) ပြိုင်ဘက်ကို မည်သို့ကိုင်တွယ်ရမည်နည်း
“မင်းတို့အားလုံး ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ”
ဟွာရှုံက အလွန်အမင်း မောက်မာစော်ကားသော လေသံဖြင့် ပြောလိုက်သည်။
“ငါ အခု အကောင်းကြီးရှိသေးတယ်”
“ဇီချွမ်က မင်းကို အရှင်ဖမ်းခဲ့ဖို့ ငါ့ကို အမိန့်ပေးထားလို့ မင်း တကယ် ကံကောင်းသွားတာ။ နောက်မှ မင်းရဲ့ သစ္စာရှိမှုက ငါ့ကို စိတ်လှုပ်ရှားစေခဲ့လို့သာပေါ့၊ မဟုတ်ရင် မင်း သေနေတာ ကြာလှပြီ”
ကွမ်းယုက ဟွာရှုံကို တစ်ချက် ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“တော်ကြပါတော့၊ မင်းတို့နှစ်ယောက်လုံး ခဏလောက် စိတ်အေးအေးထားကြပါဦး။ ငါတို့ လွီပုကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စဉ်းစားသင့်တယ်၊ အကယ်၍ ငါတို့သာ သူ့ကို မအနိုင်နိုင်ရင် မဟာမိတ်တပ်ကြီးအတွက် မျှော်လင့်ချက် မရှိတော့ဘူး။ လွီပုတစ်ယောက်တည်းနဲ့တင် မဟာမိတ်တပ်ကြီးရဲ့ စိတ်ဓာတ်ကို အစအနမကျန်အောင် ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်”
ချန်းရှီက ကြားထဲမှ အလျင်အမြန် ဝင်တားလိုက်ရသည်။
အကယ်၍ ကွမ်းယုနှင့် ဟွာရှုံတို့သာ ထပ်မံ တိုက်ခိုက်ကြေးဆိုလျှင် ပြီးနိုင်တော့မည်မဟုတ်ပေ။ အထူးသဖြင့် ဟွာရှုံသည် နောက်ဆုံးထွက်သက်အထိ အရှုံးမပေးဘဲ သိက္ခာထိန်းရန် အသေအလဲ ဆုံးဖြတ်ထားသူ ဖြစ်သည်။ ၎င်းတို့ တိုက်ခိုက်ကြမည့် အတွေးကို တွေးမိရုံမျှဖြင့် စိတ်ပျက်စရာ ကောင်းလှသည်။
လွီပုအကြောင်းကို ပြောလိုက်သောအခါ အားလုံး နှုတ်ဆိတ်သွားကြသည်။ ထိုအရာက ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေပြီး ထိုလူမှာ ရိုးရိုးလူသားတစ်ယောက် မဟုတ်ချင်ယွင်း ဖြစ်နေသည်။
“လူလဲပြီး တိုက်စစ်ဆင်တဲ့ ဗျူဟာ သုံးရင်ကော”
ချန်းရှီက အကြံပြုလိုက်သည်။
“မကောင်းတဲ့ အကြံပဲ”
ဟွာရှုံက ပထမဆုံး ကန့်ကွက်သူ ဖြစ်လာသည်။
“မင်းမှာ စကားပြောခွင့် မရှိဘူး။ ဒုတိယအစ်ကို… ဒီအကြံပြုချက်အပေါ် ဘယ်လိုထင်လဲ”
ချန်းရှီက ဟွာရှုံကို မျက်စောင်းထိုးလိုက်ပြီးမှ ဒုတိယအစ်ကိုဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အဆင်မပြေနိုင်ဘူး။ လွီပုကို လူတစ်ယောက် နှစ်ယောက်တည်းနဲ့ လူပန်းအောင် လုပ်လို့မရဘူး”
ကွမ်းယုသည် လူအသမား မဟုတ်သဖြင့် မည်သည့်အချိန်တွင် မာန်မာနထားရမည်၊ မည်သည့်အချိန်တွင် သတိထားရမည်ကို သဘာဝကျကျ သိရှိသည်။ လွီပုကဲ့သို့ အားကောင်းမောင်းသန် ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရလျှင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားရမည်၊ မဟုတ်လျှင် သေရုံသာရှိသည်။
“အုပ်စုလိုက် ဝိုင်းချမလား”
ချန်းရှီက ဆက်လက် စမ်းသပ်မေးမြန်းပြန်သည်။
“ငါ ငြင်းတယ်”
ကျန်းဖေးက ချန်းရှီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို မနက်ဖြန် ကျန်းဖေးကပဲ အရင်ဆုံး ဦးဆောင်ပြီး တိုက်၊ ဒါနဲ့ပဲ ဆုံးဖြတ်လိုက်ကြရအောင်”
ချန်းရှီက ကျန်းဖေးကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းဖေးသည် ချက်ချင်းပင် လေလျော့သွားသော်လည်း ဇွတ်တရွတ်ဖြင့် အော်ဟစ်လိုက်သေးသည်။
“ငါပဲ အရင်ဦးဆောင်ရမယ်ဆိုလည်း အရင်ဦးဆောင်ရတာပေါ့။ ဒုတိယအစ်ကို… ငါ့ကို အနောက်ကနေ ကူညီဖို့ သတိရဦးနော်”
ချန်းရှီ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ ကျန်းဖေးသည် ကြမ်းတမ်းခက်ထန်သော ရုပ်သွင်ရှိသော်လည်း တကယ့်တကယ်တွင်မူ လှည့်ကွက် အတော်များများ ရှိနေသည် မဟုတ်ပါလော။
“ဒုတိယအစ်ကိုက မင်းကို မကူညီရဘူးလို့ ငါ တစ်ခါမှ မပြောခဲ့ပါဘူး။ မနက်ဖြန်ကျရင် ငါတို့အားလုံး မင်းကို အတူတူ ဝန်းရံကူညီပေးကြမှာပါ။ ဟွာရှုံ… မင်းကော လိုက်မှာလား၊ မလိုက်ဘူးလား”
လူလေးယောက်လုံးက ဟွာရှုံကို စိုက်ကြည့်လိုက်ကြသည်။ စွမ်းအားရှင် အဆင့်မြင့် ပညာရှင် သုံးယောက်နှင့် ကောက်ကျစ်စဉ်းလဲမှု အပြည့်ရှိသူ တစ်ယောက်တို့ ဖြစ်ရာ ဟွာရှုံသည် ချက်ချင်းပင် ချွေးစေးများ ပြန်လာခဲ့သည်။ အထူးသဖြင့် ကျန်းဖေးက သူ့ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခြင်း ဖြစ်သည်။
‘ငါတို့ကို အတူတူသွားမယ်လို့ မင်းက ပြောပြီးပြီပဲ။ အကယ်၍ ငါသာ မလိုက်ရင် အဲဒီမုတ်ဆိတ်ရှည်ကြီးက ငါ့ကို နောင်ခါ ဘယ်လို မြင်တော့မှာလဲ။ ငါ မင်းကို တကယ် မုန်းတယ်’
ဟွာရှုံက မကျေမနပ်ဖြင့် ချန်းရှီကို ပြန်လည် စိုက်ကြည့်လိုက်သည်။
“ငါ လိုက်မယ်”
ဟွာရှုံက စိတ်ကို တင်းလိုက်ပြီးမှ
“ဒါပေမဲ့ ငါ့ကို လဲလှယ်ဖို့ အဝတ်အစားတစ်စုံနဲ့ လှံတို အနည်းငယ် ပြင်ပေးပါ။ ငါ လွီပုနဲ့ တိုက်ရိုက် ရင်မဆိုင်ဘူးလို့ သဘောတူထားတယ်နော်။ အကယ်၍ ငါ့ရဲ့ အထောက်အထားသာ ပေါ်သွားရင် အိမ်က မယားငယ်တွေနဲ့ သီချင်းဆိုတဲ့ မိန်းကလေးတွေအားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်”
“ဒါမှ ငါတို့ရဲ့ ညီအစ်ကို စိတ်ဓာတ်ပဲဟ။ လာ… အတူတူ သောက်ကြမယ်”
ကျန်းဖေးက ပြောပြောဆိုဆိုဖြင့် အရက်အိုးကို ယူကာ သူတို့၏ ခွက်များထဲသို့ ဖြည့်ပေးလိုက်သည်။ အငမ်းမရ သောက်ချလိုက်ပြီးနောက် အရက်များ စိုရွှဲနေသော သူ၏ မုတ်ဆိတ်မွှေးများကို သုတ်ရင်း ပြောလိုက်သည်။
“မနက်ဖြန်ကျရင် အဖိုးကြီး ကျန်းက လွီပုကို ဘယ်လို နှိမ်နင်းပြမလဲဆိုတာ မင်းတို့ စောင့်ကြည့်လိုက်ကြ”
ချန်းရှီကမူ ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။ ယခင်က သူ သိရှိထားသော အချက်အလက်များအရ ယခုကမ္ဘာရှိ ကွမ်းယု၊ ကျန်းဖေးတို့နှင့် လွီပုတို့အကြား ကွာဟချက်မှာ သူ မှတ်မိထားသည်ထက် ပိုမို ကြီးမားနေသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ကွမ်းယုနှင့် ကျန်းဖေး နှစ်ယောက်ပေါင်းလျှင် လွီပုထက် အနည်းငယ် သာလွန်သော်လည်း၊ ယခုကမ္ဘာတွင်မူ ၎င်းတို့နှစ်ဦး ပူးပေါင်းလျှင်ပင် လွီပုကို အနိုင်ယူရန် မလုံလောက်ပေ။ စွမ်းအား တိုးတက်မှု အတိုင်းအတာ တူညီနေခြင်းက သန်မာသူကို ပိုမို သန်မာလာစေရုံသာ ရှိသည်။
ချန်းရှီသည် အရက်ခွက်ကို ကိုင်ကာ တွေးတောနေမိရင်း ဤကဲ့သို့သော လူနေမှုဘဝမျိုးကို သူ ကျင့်သားရနေပြီဟု ခံစားမိလာသည်။ ကွန်ပျူတာ၊ အင်တာနက်၊ပေါ့ပ်စတားများနှင့် ရုပ်ရှင်သရုပ်ဆောင်များ မရှိသော်လည်း ဤဘဝက သူ့အတွက် တစ်နည်းတစ်ဖုံ ပိုမို စိတ်အပန်းပြေစေသည်ဟု ခံစားရသည်။
‘လျှိုပေ့က တကယ်တော့ ရွေးချယ်စရာ အသင့်အတင့် ကောင်းမွန်တဲ့သူ ဖြစ်ပေမဲ့ ချောင်းချောင်းကတော့ တကယ့်ကို အလားအလာ အရှိဆုံးသူပဲ။ နှမြောစရာ ကောင်းလိုက်တာ၊ သူတို့က အတူတူ သဟဇာတ မဖြစ်နိုင်ကြဘူး။ ထားလိုက်ပါတော့၊ ငါနဲ့အတူ မူးအောင် သောက်ခဲ့ပြီး ငါ့ကို အိမ်အထိ ပြန်ထမ်းပို့ဖို့ သတိရပေးတဲ့ ဒီလူတွေကို ငါက တကယ်ပဲ အန္တရာယ်ပြုဖို့ ရက်စက်နိုင်ပါ့မလား’
ချန်းရှီက မတတ်သာသလို တွေးလိုက်ရင်း သူ၏ စိတ်ဝဉာဉ်စွမ်းအားကို အသုံးပြု၍ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ မိမိကိုယ်မိမိ မသိလိုက်ဘဲ လျှိုပေ့အုပ်စု၏ ရှုထောင့်မှ စတင် တွေးတောမိနေပြီဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။
‘ဘာပဲဖြစ်ဖြစ်၊ ဖြစ်ချင်သလို ဖြစ်ပါစေတော့။ ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ ငါ လျှိုပေ့နဲ့အတူ ရှိနေရင်လည်း ရှိနေပေါ့။ လျှိုပေ့က အခုအချိန်မှာ နာမည်ကောင်းရှိပြီး အလားအလာလည်း ရှိနေတာပဲ။ ငါတို့သာ နောက်ထပ် လွီပုကို အနိုင်ယူနိုင်ရင် သူက ဒုံကျွမ်ရဲ့ အာရုံစိုက်မှုကို သေချာပေါက် ရရှိမှာပဲ။ အဲဒီကျရင် စစ်ကစားဖို့ အခွင့်အရေးတွေ အများကြီး ရှိလာလိမ့်မယ်။ ဟားဟား… ငါက စစ်ဗျူဟာပိုင်းဆိုင်ရာ ဉာဏ်ပညာမှာ မထူးချွန်ပေမဲ့ ငါ့ရဲ့ အမျှော်အမြင်ကတော့ ရှိနေသေးတာပဲ’
ချန်းရှီက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး သူ၏ အတွေးစကို ဆက်လိုက်သည်။ လျှိုပေ့သည် အကောင်းဆုံး ရွေးချယ်မှု မဟုတ်နိုင်သော်လည်း၊ ယခုအခါ လျှိုပေ့အုပ်စုနှင့် ပတ်သက်မိသွားပြီဖြစ်သော ချန်းရှီအဖို့ ဤအရာက သူ့အတွက် အသင့်တော်ဆုံး ဖြစ်ကြောင်းကိုလည်း နားလည်ထားသည်။
‘အကယ်ပြီး ငါ့မှာ ဟွမ်ကျုံး၊ ကန်းနင် ၊ ထိုက်ရှီချီ၊ ဝေရန် ၊ချန်းဒေါင်လိုမျိုး တကယ့် ခက်ထန်ကြမ်းတမ်းတဲ့ စစ်သူကြီးကောင်းတွေကို စည်းရုံးဖို့ အခွင့်အရေး ရခဲ့ရင်…။ ဒီလူတွေ ဘယ်မှာ ရှိနေမလဲဆိုတာ ငါ စဉ်းစားကြည့်ဦးမှ။ ဒါက စိတ်ကူးယဉ် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းဖို့ အချိန်တန်ပြီပဲ’
သူ တွေးတောနေစဉ် ချန်းရှီ၏ အတွေးများသည် ဝေးသည်ထက် ဝေးရာသို့ လွင့်မျောသွားခဲ့သည်။ လျှိုပေ့သည် စိုးရိမ်ပူပန်မှုမရှိဘဲ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နေချိန်တွင်မူ လွီပုသည်ဟူလောင်တံခါးသို့ ဝင့်ကြွားစွာ ရောက်ရှိနေပြီဖြစ်ကာ လီရူးက တံခါးအတွင်းရှိ စံအိမ်တွင် စောင့်ဆိုင်းနေခဲ့သည်။
“အဓိပတိကြီးနဲ့ စစ်သေနာပတိကို ဂါရဝပြုပါတယ်”
လွီပုနှင့် အခြားသူများသည် အထူးနေရာတွင် ထိုင်နေသော ဒုံကျွမ်ကို ဦးစွာ ဂါရဝပြုကြပြီးနောက် လီရူးကို ဂါရဝပြုလိုက်ကြသည်။
“ဘယ်လိုဖြစ်သွားလဲ”
လီရူးက တည်ငြိမ်စွာ မေးလိုက်သည်။
“ဒီညပြီးရင် အနည်းဆုံး စစ်သည် ငါးသောင်းလောက်ကတော့ တပ်ပြေးကုန်ကြပြီ၊ သေကျေပျက်စီးမှုကတော့ အများကြီး မရှိနိုင်ဘူး”
လွီပုက အရှေ့သို့ လှမ်းထွက်လာသော ကျန်းလျောင် ကို စကားပြောရန် အချက်ပြလိုက်သည်။ လွီပုသည်ဤကဲ့သို့အသေးစိတ်ကျသော အလုပ်များတွင် ကျွမ်းကျင်မှု မရှိပေ။
“အရက်သေစာ အပြည့်အစုံနဲ့ အောင်ပွဲခံပွဲအတွက်ပြင်ဆင်လိုက်ပါ။ဖုန်းရှန်း..တစ်ယောက်ယောက်ကိုကောအနိုင်ရခဲ့သေးလား”
ဒုံကျွမ်က လက်ဝှေ့ယမ်းလိုက်ရာ ကြိုတင် ပြင်ဆင်ထားသော အရက်သောက်ပွဲကို အလျင်အမြန် ခင်းကျင်းလိုက်ကြသည်။ လွီပု ထွက်ခွာသွားပြီးနောက် လီရူးက ဤဧည့်ခံပွဲကို ပြင်ဆင်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ လွီပုသည် စည်းရုံးသိမ်းသွင်းရန် ထိုက်တန်သူဖြစ်ကြောင်း ဒုံကျွမ် ဇဝေဇဝါ ဖြစ်နေလျှင်ပင် လီရူးကမူ သူ၏ ဆုံးဖြတ်ချက်ကို ပျောက်ဆုံးမခံခဲ့ပေ။
လွီပုသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း လိမ်မပြောခဲ့ပေ။
“မရခဲ့ဘူး။ ငါ ယွမ်ရှောက်နဲ့ ချောင်းမုံတယ်တို့ကို ဆုံခဲ့ပေမဲ့ ယွမ်ရှောက်ကို လူနှစ်ယောက်က ပြင်းပြင်းထန်ထန် ကာကွယ်ပေးထားကြတယ်။ ငါကလည်း တိုက်ခိုက်ချင်စိတ် ပြင်းပြနေတာကြောင့် သူ့ကို သတ်ဖို့ အာရုံမစိုက်မိဘဲ လွတ်မြောက်သွားစေခဲ့တယ်။ ချောင်းမုံတယ်ကတော့ စစ်သူကြီး ဟွာကို သတ်ခဲ့တဲ့ ရန်သူ့စစ်သူကြီး ရှုံးနိမ့်သွားပြီးတဲ့နောက်မှ ရောက်လာခဲ့တာ”
“အို… ဖုန်းရှန်းကို တောင့်ခံနိုင်တဲ့သူ တကယ်ပဲ ရှိနေတာလား”
ဒုံကျွမ်က စိတ်ဝင်တစား ဖြစ်သွားသည်။
လီရူးက သူ၏ လက်အင်္ကျီထဲမှ ပိုးသားဖြူလိပ်တစ်ခုကို ထုတ်ယူကာ ဒုံကျွမ်ထံသို့ ကမ်းပေးလိုက်သည်။ ထိုအထဲတွင် လွန်ခဲ့သော ရက်အနည်းငယ်က လျှိုပေ့နှင့် အခြားသူများ၏ သတင်းပို့ချက်များ အားလုံး ပါဝင်နေသည်။
“နှမြောစရာကောင်းလိုက်တာ။ တကယ်တော့ အဲဒီသုံးယောက်ကိုး။ ငါတို့ တစ်ခါ ဆုံခဲ့ဖူးသေးတယ်၊ သူတို့က ငါ့ကို တစ်ကြိမ်တောင် ‘ကယ်’ ခဲ့ဖူးသေးတာပဲ။ ဝမ်ယူ… သူ့ကို ငါတို့ဘက်ပါအောင် စည်းရုံးဖို့ ဖြစ်နိုင်မလား”
ဒုံကျွမ်က သူ၏ အတွေးကို သေချာမသိဘဲ တွေးတောနေမိသည်။
လော့ယန်သို့ ရောက်ရှိလာပြီး လွီပုကို ရရှိခဲ့ကတည်းက ဒုံကျွမ်သည် တစ်ကမ္ဘာလုံးရှိ သူရဲကောင်းများနှင့် ဆက်သွယ်လိုသော သူ၏ ရည်မှန်းချက်များကို စွန့်လွှတ်ခဲ့သော်လည်း၊ ယခုအခါ စိတ်ဝင်စားမှုများ ပြန်လည် နိုးထလာခဲ့ကာ ယခင်က ရှီးလျှောင်ကို စိုးမိုးခဲ့သည့် သူ၏ စွမ်းပကား အရိပ်အယောင်များ ပြန်လည် ပြသလာခဲ့သည်။
လီရူးက အံ့အားသင့်သွားပြီးနောက် နှလုံးသားထဲမှ တိတ်တဆိတ် ဝမ်းမြောက်သွားခဲ့သည်။ သူ အကြောက်ဆုံးအရာမှာ ဒုံကျွမ်သည် သူ၏ ရည်မှန်းချက်များကို ဆုံးရှုံးသွားမည်ကို ဖြစ်သော်လည်း၊ သူက ပြင်းထန်သော သတိပေးချက် မထုတ်ပြန်ရသေးခင်မှာပင် ဒုံကျွမ်သည် အစီရင်ခံစာများကို မြင်ပြီးနောက် ယခင်ကဲ့သို့ တက်ကြွမှုများ ပြန်လည် ရရှိလာခဲ့သည်။
‘ကောင်းတယ်၊ ကောင်းတယ်။ ခဏတာ မှားယွင်းသွားတာပဲ၊ ရည်မှန်းချက် ရှိနေတာ တကယ်ကို ကောင်းတယ်’
လီရူးသည် ချက်ချင်းပင် ယုံကြည်မှုများ ပြည့်နှက်သွားခဲ့သည်။ အထက်လူကြီးတွင် ရည်မှန်းချက် ရှိနေသရွေ့ သူသည် တိုင်းပြည်ရှိ သူရဲကောင်းအားလုံးကို သူ၏ လက်အောက်သို့ ခေါ်ဆောင်လာနိုင်မည် ဖြစ်သည်။
“ဒီကိစ္စက မလွယ်ကူဘူး။ အကယ်၍ ငါတို့က သူ့ကို ငါတို့ဘက်ကို လုံးဝ သစ္စာခံလာစေချင်ရင်တော့ မလွယ်ကူလှဘူး၊ ဒါပေမဲ့ သူတို့ကို စည်းလုံးမှု ပျက်ပြားအောင် လုပ်ဖို့ကတော့ လက်ဝါးလှန်သလောက် လွယ်ကူပါတယ်။ စစ်ပွဲသခင် ၁၈ ယောက်ဆိုတာ အဆုံးသတ်မှာတော့ မတူညီတဲ့ အင်အားစု ၁၈ ခုပဲ မဟုတ်လား။ ဒါပေမဲ့ အခုအချိန်ကတော့ အချိန်ကောင်း မဟုတ်သေးဘူး။ ပထမဦးဆုံးအနေနဲ့ သူတို့ကို ငါတို့ရဲ့ အင်အားကို သိအောင် လုပ်ပြရမယ်၊ အဲဒီအခါကျရင် အချို့လူတွေက သဘာဝကျကျပဲ ငါတို့ဘက်ကို ကူးပြောင်းလာကြလိမ့်မယ်”
လီရူး၏ မျက်လုံးထဲတွင် စွဲမြဲထက်မြက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လော့ယန်တွင် ရှိနေစဉ်က ဆုတ်ယုတ်ကျဆင်းခဲ့သော အငွေ့အသက်များကို ခါထုတ်ပစ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် တက်ကြွ လန်းဆန်းသွားခဲ့လေသည်။