အခန်း (၁၆) - ကုန်းစွန်းဆန်နှင့်လျှိုယွီ
ချန်းရှီသည် နှုတ်ခမ်းထောင့်ကို တစ်ချက်တွန့်ရုံသာ တွန့်ပြလိုက်ပြီး ဘာမှ ပြန်မပြောမိပေ။ သည်အာဘော်မှာ ယုံကြည်မှု ရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ဘဲ ခေတ်ရေစီးကြောင်းကြီး၏ လားရာကို သူ ကောင်းကောင်း နားလည်ထားသောကြောင့် အလွန်တရာ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း အသေးစိတ် အချက်အလက်များနှင့် လူအချို့၏ စွမ်းဆောင်ရည်ပိုင်းကို ရောက်လာသည့်အခါတွင်မူ သူလည်း တကယ်ပဲ ဘာမှ မတတ်နိုင်တော့ပေ။ ချန်းရှီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လျှိုပေ့သည်လည်း သည်အကြောင်းအရာကို ဆက်မပြောတော့ပါချေ။ လျှိုပေ့အတွက်မူ သူသည် ငယ်စဉ်ကတည်းက မက်ခဲ့ရသည့် အိပ်မက် ပန်းတိုင်ဆီသို့ စတင် ခြေလှမ်းလှမ်းနေပြီဖြစ်ပြီး ချန်းရှီ၏ စီစဉ်ညွှန်ကြားမှုများကလည်း သူ့ကို ယုံကြည်မှု အပြည့်အဝ တိုးပွားစေခဲ့သည်။
“သတင်းပို့ပါတယ်ခင်ဗျာ”
သတင်းပို့စစ်သည်တစ်ဦးသည် လျှိုပေ့ထံသို့ အပြေးအလွှား ရောက်လာသည်။
“ဘာကိစ္စလဲ”
လျှိုပေ့က မော့ကြည့်ရင်း မေးလိုက်သည်။
“စစ်သူကြီး ကုန်းစွန်းက မြင်းဖြူတပ်သား သုံးရာကျော်နဲ့ မြင်း အကောင် သုံးရာကို ထပ်မံ ခွဲတမ်းချပေးလိုက်ပါတယ်၊ အရှင်မင်းကြီး ကိုယ်တိုင် လွှဲပြောင်းလက်ခံပေးဖို့ တောင်းဆိုထားပါတယ်ခင်ဗျာ”
ဟု သတင်းပို့စစ်သည်က အသံကျယ်ကျယ်ဖြင့် ပြောဆိုသည်။
“သူကတော့ တကယ့် သူဌေးကြီးပဲ...”
ချန်းရှီက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ မနေ့က စွတ်ရွှေတံခါး တိုက်ပွဲတွင် လျှိုပေ့၏ စစ်သည်အချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့သည်။ မိမိကိုယ်ပိုင် တပ်ဖွဲ့ကို ပြန်လည် ဖြည့်တင်းပြီးဖြစ်သော ကုန်းစွန်းဆန်သည် လျှိုပေ့ထံသို့လည်း စစ်သည်နှင့် မြင်းအချို့ကို ခွဲဝေပေးခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်အခါက မြင်းစီးတပ် အင်အားအာဏာတွင် ဒုံကျွမ်ပြီးလျှင် ဒုတိယလိုက်သည့် သူဌေးကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ ကုန်းစွန်းဆန်သည် ရှန်းပေ့နှင့် ဝူဟွမ်းတို့နှင့် အမြဲတစေ တိုက်ခိုက်ခဲ့သော စစ်ပွဲများမှတစ်ဆင့် ကောင်းမွန်သော မျိုးကောင်းမြင်း အမြောက်အမြားကို ပိုင်ဆိုင်ထားခဲ့သည်။
“ကုန်းစွန်းဆန်...”
လျှိုပေ့က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် လောလောဆယ်တွင် ကုန်းစွန်းဆန်ကို ပြန်လည် ပေးဆပ်ရန် နည်းလမ်းမရှိသေးသဖြင့် ‘နောင်တစ်ချိန်တွင် ငါ စည်းစိမ်ချမ်းသာနှင့် ဂုဏ်ဒြပ်တို့ ပြည့်စုံလာပါက ငါတို့အချင်းချင်း ဘယ်တော့မှ မမေ့ကြေး’ ဟူသော စကားကိုသာ စိတ်ထဲတွင် မှတ်ကျောက်တင်ထားနိုင်တော့သည်။
“သူတို့က ငါတို့ တပ်စခန်းအထိတောင် ပို့ပေးပြီးပြီဆိုမှတော့ ဘာမှ ပြောနေစရာ မလိုတော့ပါဘူး၊ လက်ခံလိုက်ရုံပါပဲ၊ စောစော ဒါမှမဟုတ် နောက်ကျရင် ငါတို့လည်း ထွန်းတောက်လာမှာပဲ၊ အဲဒီအချိန်ကျရင် အခုအချိန်က သံယောဇဉ်ကို မမေ့ရင်ပဲ ရပါပြီ”
ချန်းရှီက ပြုံးလျက် ပြောလိုက်သည်။ သူသည် ကုန်းစွန်းဆန်၏ လုပ်ရပ်ကို အလေးအမြတ်ပြုမိသည် - သူသည် သည်လို စစ်မှန်သော အမျိုးသားရေးဝါဒီတစ်ဦးကို သဘောကျပြီး ယခုကဲ့သို့ ဆက်တိုက် ပြသလာသော ချစ်ကြည်ရင်းနှီးမှုများက ချန်းရှီကို အလွန် အထင်ကြီး လေးစားသွားစေသည်။ ထိုအချိန်က လျှိုပေ့သည် သာမန် လူမသိသူမရှိသော အညတရတစ်ဦးမျှသာ ဖြစ်သည်ကို သိထားရမည် ဖြစ်သည်။ အခြားသူများ မသိနိုင်သော်လည်း ကုန်းစွန်းဆန်ကမူ မည်သို့လျှင် မသိဘဲ နေမည်နည်း။ သို့သော်လည်း သူသည် လျှိုပေ့၏ အဆင့်အတန်းကြောင့် ဘယ်သောအခါမှ နှိမ့်ချ မဆက်ဆံခဲ့ပေ။ သူတို့၏ အဆင့်အတန်းများသည် အတန်းဖော်သူငယ်ချင်း ဘဝမှသည် နယ်စားမင်းနှင့် သာမန် အရပ်သားဘဝအထိ ကွာခြားသွားခဲ့လျှင်ပင် ကုန်းစွန်းဆန်သည် လျှိုပေ့အပေါ် ရိုသေမှု မပျက်ခဲ့ဘဲ အတိတ်က ခင်မင်ရင်းနှီးမှုကိုသာ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
“စစ်သူကြီး ကုန်းစွန်းရဲ့ လက်အောက်က အတွင်းရေးမှူးချုပ်က စစ်သူကြီး လျှိုကို ဂါရဝပြုပါတယ်”
လျှိုပေ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး မရှိသော အရာရှိငယ်တစ်ဦးက ရိုသေစွာ ဦးညွှတ် အလေးပြုလာသည်။
“အားနာစရာတွေ လုပ်မနေပါနဲ့၊ စစ်သူကြီး ကုန်းစွန်း နေကောင်းကျန်းမာရဲ့လား”
လျှိုပေ့က ထိုလူကို လှမ်း၍ တွဲထူပေးလိုက်ရင်း ထိုအတွင်းရေးမှူးချုပ်သည် လွှဲပြောင်းပေးအပ်သည့် ကိစ္စတွင် ပါဝင်သူဖြစ်ပြီး တော်ရုံတန်ရုံ မြင်းစီးတပ် စစ်သူကြီးတစ်ဦးလည်း ဖြစ်နိုင်ကြောင်း သူ၏ အမူအရာကို ကြည့်၍ ရိပ်မိလိုက်သည်။
“မြောက်ပိုင်း အရိုင်းအစိုင်းတွေက တစ်ကျော့ပြန် ကျူးကျော်ဖို့ ကြံစည်နေကြပြန်ပြီ၊ မနှစ်က ဆီးနှင်းတွေ အပြင်းအထန် ကျဆင်းခဲ့လို့ လူအများအပြား သေဆုံးခဲ့ရတယ်၊ နွေဦး ရောက်လာတာနဲ့ အဲဒီ အရိုင်းအစိုင်းတွေ တောင်ပိုင်းကို ဆင်းလာကြဖို့ ရှိတယ်၊ စစ်သူကြီး ကုန်းစွန်းကတော့ ပြန်ပြီး ကူညီရမလားဆိုတာ ဇဝေဇဝါ ဖြစ်နေတယ်၊ သူက ပင်းကျိုးအတွက် အတော်လေး စိုးရိမ်နေတာပါ”
ဟု အတွင်းရေးမှူးချုပ်က ရှင်းလင်းစွာ ပြန်လည် ဖြေကြားလိုက်ပြီး ၎င်းက ကုန်းစွန်းဆန်ထံမှ သတင်းစကားကို ပါးလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
လျှိုပေ့ ဘာလုပ်ရမလဲဟု စဉ်းစားနေစဉ်မှာပင် ချန်းရှီက ကြားဖြတ်၍ စကားဆိုလာသည်။
“ကယ်လို့ စစ်သူကြီး ကုန်းစွန်းသာ စိုးရိမ်နေတယ်ဆိုရင် ပင်းကျိုးကို အရင်ဆုံး ပြန်သွားလို့ ရပါတယ်၊ လော့ယန်မှာ ရှိတဲ့ ဒုံကျွမ်ကို ရှင်းလင်းဖို့ ကိစ္စကိုတော့ အရှင်ရွှမ်တယ်ကိုပဲ လွှဲထားလိုက်ပါ”
ကုန်းစွန်းဆန်သည် မဟာမိတ်တပ်မတော်ကြီး၏ တစ်ခုလုံး အခြေအနေကို နားမလည်သော်လည်း ပင်းကျိုးရှိ ပြည်သူလူထုကိုမူ အလွန် ဂရုစိုက်သူ ဖြစ်သည်။ မြောက်ပိုင်း အရိုင်းအစိုင်းများ ကျူးကျော်တော့မည်ဟူသော သတင်းကို ကြားရသောအခါ သူသည် ပင်းကျိုးသို့ ပြန်သွားပြီး ထို ယုတ်ညံ့သူများကို ချေမှုန်းပစ်ရန် ချက်ချင်း စိတ်ကူးမိသွားသည်။ မဟာဟန်မင်းဆက်ရှိ အများစုနှင့်မတူဘဲ ကုန်းစွန်းဆန်၏ အဘိဓာန်တွင် ‘အလျှော့ပေး စေ့စပ်ခြင်း’ ဟူသော စကားလုံးလုံးဝ မရှိပါချေ။ မြင်းဖြူစေတနာ့ဝန်ထမ်း တပ်ဖွဲ့နှင့်အတူ ရှိခဲ့သော မြင်းဖြူစစ်သူကြီး၏ ကျော်စောမှုများသည် ဟူလူမျိုးတို့၏ သွေးချင်းချင်းနီသော သွေးကွက်များပေါ်တွင် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။
သည်အချက်ကြောင့်လည်း ကုန်းစွန်းဆန်သည် ပင်းကျိုး နယ်စားမင်း လျှိုယွီနှင့် လက်သီးချင်းပွတ်လုနီးပါး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ လျှိုယွီသည် စစ်မှန်သော ဟန်တော်ဝင်မျိုးနွယ်စု ဖြစ်ပြီး မဟာဟန်မင်းဆက်တွင် လျှိုမျိုးနွယ်စု၏ သိက္ခာကို ထိန်းသိမ်းရန်မှာ အလွန် အရေးကြီးလှသည်။ သို့သော်လည်း အဆုံးသတ်တွင် ကုန်းစွန်းဆန်သည် အေဒီ (၁၉၃) ခုနှစ်၌ လျှိုယွီကို တိုက်ရိုက် သတ်ဖြတ်ပစ်ခဲ့သည်။ လျှိုယွီသည် နယ်မြေတစ်ခုကို အုပ်ချုပ်နိုင်စွမ်းရှိသော ပြည်နယ် နယ်စားမင်းတစ်ဦးအနေဖြင့် အရှေ့ဟန်ခေတ်နှောင်းပိုင်း၏ အရည်အချင်းရှိသော အရာရှိအနည်းငယ်ထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ သူသည် ပင်းကျိုး၏ မြေရိုင်းဒေသကို ကျိကျိုးနှင့် ယှဉ်ပြိုင်နိုင်လောက်သည်အထိ ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ခဲ့သည်။
သို့သော်လည်း သူ့တွင် ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသည် - ၎င်းမှာ ဟူလူမျိုးများအပေါ် အလျှော့ပေး စေ့စပ်သော ပေါ်လစီ ဖြစ်သည်။ ပင်းကျိုးကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခဲ့သော်လည်း သူ၏ စေ့စပ်ညှိနှိုင်းလိုသော သဘောထားကြောင့် အမြဲတစေ စီးနင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပြည်သူလူထုမှာ မိသားစုများနှင့် ကွဲကွာကာ ဒုက္ခပင်လယ်ဝေခဲ့ရသည်။ ကုန်းစွန်းဆန်ကမူ အကောင်းဆုံး ဟူလူမျိုးဆိုသည်မှာ သေသွားသော ဟူလူမျိုးသာ ဖြစ်သည်ဟု ယုံကြည်ထားပြီး လျှိုယွီကမူ ဟူလူမျိုးများကို မိမိလူမျိုးများအဖြစ် ပြောင်းလဲပစ်ရန် ယုံကြည်ထားသည်။ ဓမ္မတာအတိုင်းပင် ၎င်းတို့၏ နိုင်ငံရေး အမြင်ချင်း ဆန့်ကျင်ဘက်ဖြစ်ပြီး မနှစ်မြို့ဖွယ် လမ်းခွဲမှုကြီးဆီသို့ ဦးတည်သွားခဲ့သည်။ နောက်ဆုံးတွင် မာစစ်သူကြီးအဖြစ် ရှိနေသော ကုန်းစွန်းဆန်သည် လျှိုယွီကို အနိုင်ယူခဲ့သည်။ နောက်ပိုင်းတွင် ယွမ်ရှောက်သည် ကုန်းစွန်းဆန်ကို တိုက်ခိုက်သည့် စစ်ပွဲများ၌ ဟူလူမျိုးများထံမှ ကြီးမားသော အကူအညီများကို ရရှိခဲ့ရခြင်း အကြောင်းရင်းမှာ ၎င်းတို့က လျှိုယွီအတွက် ကလဲ့စားချေပေးမည်ဟူသော ဆိုင်းဘုတ်ကို ထောင်ထားခဲ့သောကြောင့် ဖြစ်သည်။
သည်အမြင်အရ ကြည့်လျှင် လျှိုယွီသည် ဟူလူမျိုးများအကြားတွင် ဂုဏ်သတင်းအချို့ ရရှိထားခဲ့သည်မှာ ထင်ရှားလှသည်။ အကယ်၍ လျှိုယွီသာ ကုန်းစွန်းဆန်၏ ခြေထောက်ကို အမြဲ ဆွဲမထားဘဲ အကြောင်းမဲ့ ကြားဖြတ် နှောင့်ယှက်ခြင်း မရှိခဲ့ပါက ဟူလူမျိုးများသည် ကုန်းစွန်းဆန်ကြောင့် မဟာတံတိုင်းကြီး၏ အပြင်ဘက်သို့ ဟိုးကတည်းက မောင်းထုတ်ခံထားရလောက်ပြီဟု ဆိုနိုင်သည်။ သူသည် ချန်ပိုင်တောင်တန်းကို ဖြတ်ကျော်ပြီး ပင်းကျိုးရှိ ဟူလူမျိုးများကိုပင် ရှင်းလင်းပစ်နိုင်ခဲ့လောက်သည်။
ချန်းရှီ၏ လက်ရှိ အကြံအစည်မှာ ဒုံကျွမ်ကို စည်းရုံးပြီး လျှိုယွီကို လော့ယန်သို့ ပြန်ခေါ်ခိုင်းရန် သို့မဟုတ် ကုန်းစွန်းဆန် ထွက်ခွာသွားသည်ကို မြင်သောအခါ သူ့ကို လျှိုယွီထက် အနည်းဆုံး ပိုမြင့်သော ရာထူးကြီးတစ်ခု ပေးအပ်ရန် ဖြစ်သည်။ ဤနည်းဖြင့် ၎င်းတို့သည် လျှိုယွီ၏ ပိတ်ဆို့နှောင့်ယှက်မှုများကို ဆန့်ကျင်ရန်အတွက် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသာစီးကို ရရှိနိုင်မည် ဖြစ်သည်။ ပင်းကျိုးသို့ ပြန်ရောက်သည်နှင့် လွတ်လပ်သွားသော ကုန်းစွန်းဆန်သည် မြောက်ပိုင်း နယ်စပ်မှ အရိုင်းအစိုင်းများကို လွယ်ကူစွာ မောင်းထုတ်နိုင်လိမ့်မည် ဖြစ်သည်။
ကျူးကျော်သူ ဟူလူမျိုးများကို ကိုင်တွယ်ရန်အတွက် နေရပ်သို့ ပြန်သွားခြင်းကြောင့် စစ်ဗျူဟာသခင် တစ်ဆယ့်ရှစ်ပါး မဟာမိတ်အဖွဲ့မှ နုတ်ထွက်ကာ ပိုမိုကြီးမားသော အမျိုးသားရေးတာဝန်ကို ထိခိုက်စေသည်ဟူသော ကိစ္စနှင့် ပတ်သက်၍မူ - ဟာ... မည်သူက နုတ်ထွက်မည်ဟု ပြောသနည်း။ စစ်သူကြီး ကုန်းစွန်းသည် မိမိ၏ ဇာတိမြေကို ကာကွယ်ရန်နှင့် နယ်စပ်ကို စောင့်ရှောက်ရန် ပြန်သွားခြင်းသာ ဖြစ်သည်။ ဘုရင်မင်းမြတ်ကို ထောက်ခံအားပေးရန် မဟာမိတ်တပ်မတော်အတွင်း ကျန်ရစ်ခဲ့သော စစ်သည်များကိုမူ အရှင်ရွှမ်တယ်၏ ကွပ်ကဲမှုအောက်တွင် ထားရှိခဲ့သည်။ မည်သူကများ သူ နုတ်ထွက်သွားသည်ဟု ပြောနိုင်ပါသနည်း။ စစ်သူကြီး ကုန်းစွန်းသည် နယ်စပ်ကို ကာကွယ် စောင့်ရှောက်ရမည့် သူ၏ တာဝန်ကို ထမ်းဆောင်ရန် ပင်းကျိုးသို့ မလွှဲမရှောင်သာ ပြန်သွားရခြင်းသာ ဖြစ်သည်။
ချန်းရှီသည် အတွင်းရေးမှူးချုပ်အား ရှည်ရှည်ဝေးဝေး ရှင်းပြနေခဲ့ရာ ထိုအတွင်းရေးမှူးချုပ်သည်လည်း နားထောင်ရင်း မျက်လုံးများ တောက်ပလာတော့သည်။ အလယ်ပိုင်းလွင်ပြင်တွင် နေထိုင်သူများသည် နယ်စပ်ဒေသ ပြည်သူများ၏ ဆင်းရဲဒုက္ခကို ခံစားနားလည်နိုင်ရန် ခဲယဉ်းလှသဖြင့် ကုန်းစွန်းဆန်သည် မြောက်ပိုင်းတွင် ယခုကဲ့သို့ ဂုဏ်သတင်း ကျော်စောနေခြင်း ဖြစ်သည်။ သည်အချက်ကပင် လွီပုသည် လူအများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသော စရိုက်ရှိသော်လည်း ကျန်းလျောင်နှင့် ကောရွှန်း အပါအဝင် ပင်းကျိုးတပ်ဖွဲ့ဝင်များ၏ သစ္စာစောင့်သိမှုကို မဆုံးရှုံးခဲ့ရသည့် အကြောင်းရင်းကို ရှင်းပြနေသည်။ ထို့ပြင် ပင်းကျိုးမှ ထွက်ခွာလာပြီးနောက် အခွင့်အရေးများစွာ ရှိခဲ့သော်လည်း လွီပုသည် မြောက်ပိုင်းမြေသို့ ဘယ်သောအခါမှ ခြေမချတော့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
“ဇီချွမ်... သည်လို လုပ်တာ တကယ်ပဲ အဆင်ပြေပါ့မလား”
အတွင်းရေးမှူးချုပ် ထွက်ခွာသွားပြီးနောက် လျှိုပေ့က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ဘာမှ မဖြစ်နိုင်ပါဘူး”
ချန်းရှီက ပြုံးလျက် ပြန်ဖြေလိုက်သည်။
“အမှန်အတိုင်း ပြောရရင် စစ်သူကြီး ကုန်းစွန်းက အခု တကယ် ပြန်ချင်နေတာ ဖြစ်လိမ့်မယ်၊ ပင်းကျိုးမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အရှင်ရွှမ်တယ်အနေနဲ့ ဟူလူမျိုးတွေအပေါ် စစ်သူကြီး ကုန်းစွန်းရဲ့ သဘောထားကိုရော၊ စစ်သူကြီး ကုန်းစွန်းအပေါ် လျှိုယွီရဲ့ သဘောထားကိုရော နားလည်ထားမှာပါ”
ချန်းရှီအနေဖြင့် ကုန်းစွန်းဆန်၏ တွေးခေါ်ပုံအတိုင်း လိုက်တွေးကြည့်မည်ဆိုလျှင် လျှိုယွီက သူ့ကို ခြေထောက်ဆွဲ နှောင့်ယှက်ခြင်းမှ တားဆီးပေးနိုင်မည့်သူ ရှိပါက သူသည် ထိုကဲ့သို့သော အပြစ်အနာအဆာ အသေးအဖွဲလေးကို ဂရုစိုက်နေမည် မဟုတ်ကြောင်း ရဲရဲကြီး အာမခံနိုင်သည်။ သည်လို လူမျိုးများအတွက်မူ အထက်မှ ပေးအပ်သော ဆုလာဘ်များထက် သာမန် ပြည်သူလူထု၏ သုခချမ်းသာကသာ ပို၍ အရေးကြီးလှသည်။
တကယ့် သမိုင်းကြောင်းတွင်လည်း အထက်မှ အမိန့်အရ တိုက်ခိုက်ခြင်းကို ပြတ်ပြတ်သားသား တားမြစ်ထားသော်လည်း လျောင်ရှီနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာကြသော အိုးမဲ့အိမ်မဲ့ ပြည်သူများကို မြင်တွေ့ရသည့်အခါ ကုန်းစွန်းဆန်သည် နောက်ဆုံးတွင် မအောင့်နိုင်ဘဲ အရေးယူ ဆောင်ရွက်ခဲ့သည်။ သူသည် ခွင့်ပြုချက်မရှိဘဲ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ပါက သေဒဏ်ပေးမည်ဟူသော အမိန့်ကို ဖီဆန်ကာ သူ၏ တပ်ဖွဲ့များကို ဦးဆောင်၍ စစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ကျူးကျော်လာသော ဟူလူမျိုးများကို မောင်းထုတ်ပြီးနောက် သူ ပြန်လာပြီး သည်းခံနိုင်စွမ်း မရှိတော့သော လျှိုယွီကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ သူ့ကို မည်သူမှ ခြေထောက်ဆွဲ မနှောင့်ယှက်နိုင်တော့ဘဲ ဟူလူမျိုးများ၏ အကြီးအကျယ် စီးနင်းတိုက်ခိုက်မှု သတင်းများကိုလည်း နောက်ထပ် မကြားရတော့ပါချေ။
သို့သော်လည်း ပို၍ ဒုက္ခများသော အပိုင်းက နောက်မှ ရောက်လာသည်။ ကုန်းစွန်းဆန်၏ ပင်းကျိုးအုပ်ချုပ်ရေးမှာ လျှိုယွီထက် အစစအရာရာ နိမ့်ကျလွန်းလှပြီး သူ၏ စောစောပိုင်း စစ်ပွဲအောင်နိုင်မှုများသည် ထိုနယ်မြေကို စီမံခန့်ခွဲရာတွင်မူ ရှက်စရာကောင်းလောက်အောင်ပင် အရာမထင် အသုံးမဝင် ဖြစ်ခဲ့ရလေသည်။