အခန်း ၁၃ - ကွမ်းယု၏ ဓားသုံးချက်
“တတိယညီလေး... ဒုတိယနောင်ကြီး ဘာတွေကြံစည်နေလဲ မင်းသိလား။ ဘာလို့ ဒီလောက်တောင် မြင်းကို ဖြည်းဖြည်းချင်း စီးနေရတာလဲ”
ချန်းရှီသည် ကျန်းရီတယ်၏ ခါးကို တို့စိတို့စိလုပ်ရင်း မေးလိုက်သည်။
“ဒုတိယညီကိုက ဒီတစ်ခါတော့ တကယ် အတည်အလင်း စိတ်ပါနေတာဗျ။ စောင့်ရုံသာစောင့်ကြည့်နေလိုက်၊ ဟွာရှုံကတော့ ရှုံးဖို့သာ ပြင်ထားတော့။ ဒုတိယညီကိုရဲ့ ခြေလှမ်းတိုင်းက စွမ်းအားရှိန်ဝါကို စုစည်းနေတာ၊ ဟွာရှုံနဲ့ လှမ်းခြေတစ်ရာအကွာကို ရောက်တဲ့အချိန်ကျရင် စွမ်းအားတွေက အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီလောကမှာ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာမဟုတ်တော့ဘူး”
ကျန်းရီတယ်က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ သူသည်လည်း မိမိ၏ဒုတိယနောင်ကြီး ဤမျှအထိ သတိကြီးစွာ ထားသည်ကို ခဲယဉ်းစွာ မြင်ဖူးခြင်းဖြစ်၏။
ကျန်းရီတယ် ခန့်မှန်းခဲ့သည့်အတိုင်း ကွမ်းယုသည် စွမ်းအားရှိန်ဝါကို အရှိန်မြှင့်တင် စုစည်းနေခြင်းဖြစ်သည်တကား။ အမှန်စင်စစ် ဟွာရှုံသည်လည်း ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ အကယ်၍ အနီးကပ်တိုက်ပွဲတွင် ရုန်းမထွက်နိုင်အောင် ပိတ်မိသွားပါက၊ ကိုယ်တွင်းအသက်ရှုဓာတ်ကို ပြင်ပသို့ ထုတ်လွှတ်နိုင်စွမ်းရှိသည့် ထိပ်တန်းပညာရှင်တစ်ဦးကို ကွမ်းယုကိုယ်တိုင်ပင်လျှင် လျင်မြန်စွာ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သန့်သန့်ပြန့်ပြန့်နှင့် အပြတ်အသတ် အနိုင်ရရှိရန်အတွက်မူ ဟွာရှုံကို ဓားကွက်သုံးကွက်မှ ငါးကွက်အတွင်း အသက်ချွေရန် လိုအပ်လှပေသည်။
ဟွာရှုံသည် တုန်တုန်ချိချိနှင့် လာနေသော ကွမ်းယုကို ကြည့်ကာ နှာခေါင်းရှုံ့၍ လှောင်ပြုံးပြုံးလိုက်၏။ ၎င်း၏ထံမှ မည်သည့်အန္တရာယ်ပြုနိုင်စွမ်းကိုမျှ မခံစားရချေ။ မဟာမိတ်တပ်မတော်ကြီးတွင် တကယ်ပဲ လူသူကင်းမဲ့သွားပြီဟု ထင်မှတ်ရပေသည်။
ခြေလှမ်းတစ်ရာအကွာလောက်သို့ရောက်ရှိလာခဲ့ပြီဖြစ်၏။
ကွမ်းယုသည် ဟွာရှုံကို စိုက်ကြည့်လိုက်သည်။ ထိုသူသည် အမှန်ပင် ကိုယ်တွင်းအသက်ရှုဓာတ်ကို ပြင်ပသို့ ထုတ်လွှတ်နိုင်သည့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ပေသည်။ သို့သော် နှမြောစရာကောင်းသည်မှာ ၎င်း၏ ချီ (Qi) စွမ်းအားများသည် စုစည်းနေသော်လည်း ခိုင်မာတောင့်တင်းမှု မရှိလှဘဲ မိမိနှင့် ယှဉ်နိုင်ရန် ဝေးစွတကား။
“ဟွာရှုံ... မင်းကို ကွပ်မျက်မယ့်သူက ကွမ်းယု၊ ကွမ်းယွန့်ချန် ဆိုတာ မှတ်ထားလိုက်စမ်း”
ကွမ်းယုက ဟိန်းဟောက်လိုက်သည်နှင့် တစ်ပြိုင်နက် နဂါးစိမ်းစစ်ဓားသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းညံသွားပြီး၊ လေခွင်းသံတိမ်တိုက်များနှင့်အတူ ဟွာရှုံထံသို့ ဖြတ်သန်းခုတ်ပိုင်းသွားတော့သည်။
“ဘုန်း...”
ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဟွာရှုံသည် ကွမ်းယု မိမိထံသို့ ပျံသန်းဝင်ရောက်လာသည့် အခိုက်အတန့်၌ပင် အန္တရာယ်ကြီးလှသည်ကို ရိပ်မိလိုက်ပေသည်။ မိမိ အန္တရာယ်အရှိဆုံးဟု ခံစားရသည့် နေရာသို့ စစ်ဓားကို အတင်းအဓမ္မ လွှဲယမ်းကာ ခုခံလိုက်သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါကြောင့် ၎င်းနှင့် ၎င်း၏မြင်းပါ မီတာများစွာ လွင့်ထွက်သွားရရှာသည်။
လက်ဝါးများ ထုံကျင်သွားပြီး ရင်ဘတ်ထဲတွင် အောင့်တက်သွားသော်လည်း ဟွာရှုံသည် အသက်ရှုမပြင်နိုင်ခင်မှာပင် လွှမ်းမိုးကြီးစိုးလှသော စိမ်းပြာရောင်အလင်းတန်းကြီးက ၎င်း၏ ဦးတည်ရာသို့ တစ်ဖန် ပြန်လည်ကျရောက်လာပြန်သည်။ မည်သည့် လှည့်ကွက်မျှ မပါဝင်ချေ။ ကွမ်းယုအတွက်မူ ပြိုင်ဘက်ကို အနိုင်ယူရန် အရိုးရှင်းဆုံးနှင့် အကြမ်းတမ်းဆုံး နည်းလမ်းကပင် လုံလောက်လှပေသည်။ လှည့်ကွက်များ သုံးနေရန် မလိုအပ်ပါချေ။ အဆုံးစွန်၌မူ ဓားချက်အနည်းငယ်အတွင်းသာ ပြီးပြတ်သွားမည် မဟုတ်ပါလား။
“ငါ့အတွက် ပေါက်ကွဲစမ်း...”
ဟွာရှုံသည် မိမိ၏ ခွန်အားရှိသမျှကို စုစည်းထုတ်ဖော်လိုက်ရာ၊ တစ်ကိုယ်လုံး မီးတောက်များကဲ့သို့ တောက်လောင်လာပြီး ဧရာမ မီးလျှံဓားအလင်းတန်းကြီးသည် ကွမ်းယု၏ စိမ်းပြာရောင်ဓားအလင်းတန်းဆီသို့ တိုးဝင်သွားတော့သည်။
သို့သော် နှမြောစရာကောင်းလှသည်မှာ ကွမ်းယု၏ ဧရာမဓားချက်ကြီးကို မည်သို့မျှ တားဆီးနိုင်ခြင်းမရှိဘဲ၊ ပင်လယ်ကမ်းစပ်ရှိ ကျောက်ဆောင်ကြီးကို လာရိုက်သည့် လှိုင်းလုံးကြီးကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားရရှာသည်။
“ချလွင်...”
ကျယ်လောင်လွန်းလှသော သံချည်နှံသံကြီးသည် မီတာရာပေါင်းများစွာအထိ ပျံ့လွင့်သွားပြီး လူတိုင်း၏ နားစည်များကို တဒိန်းဒိန်း မြည်ဟည်းသွားစေသောကြောင့် လူတိုင်း မိမိကိုယ်ကို ကာကွယ်ရေးစွမ်းအားများကို အလျင်အမြန်ပင် အသက်သွင်းလိုက်ကြရသည်။
ဟွာရှုံ၏ လက်ကောက်ဝတ်များ ကွဲအက်သွားပြီး မုတ်ဆိတ်စွန်းများမှ သွေးများ စီးကျလာခဲ့သည်။ ၎င်းနှင့်အတူ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော သံမဏိစစ်ဓားကြီးတွင်လည်း ကွဲအက်ရာများ ထင်ကျန်သွားခဲ့ပြီဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ် ကုစားမှုနှုန်းသည် ပျက်စီးသွားသည့် ဒဏ်ရာများကို အမှီမလိုက်နိုင်တော့ချေ။
ဤအခိုက်အတန့်တွင် ဟွာရှုံသည် မိမိ၏ပြိုင်ဘက်ကလွီပု၏ အဆင့်အတန်းမျိုး ဖြစ်နိုင်ကြောင်း ရိပ်မိလိုက်ပြီး၊ ထိုစွမ်းအားစုကြီးက လူကို စိတ်ပျက်အားလျော့မှုထဲသို့ နစ်မြုပ်သွားစေနိုင်စွမ်း ရှိပေသည်။
“ငါက ဟွာရှုံကွ...”
ဟွာရှုံသည် မိမိ၏ ခွန်အားရှိသမျှကို ညှစ်ထုတ်ရင်း အော်ဟစ်လိုက်သည်။ စိရွှေကုန်းဆင်းရှေ့ရှိ နယ်မြေတစ်ခုလုံး မီးလျှံများဖြင့် လင်းထိန်သွားခဲ့သည်။ တစ်ချိန်က ပုံသဏ္ဌာန်မရှိဘဲ ဖရိုဖရဲဖြစ်နေသော မီးလျှံဓားချက်သည် ဤအခိုက်အတန့်တွင် ခိုင်မာတောင့်တင်းလာခဲ့ပြီဖြစ်၏။
သို့သော် ဤအရာအားလုံးသည် အချည်းနှီးသာ ဖြစ်ပေသည်။ ကွမ်းယု လွှဲယမ်းလိုက်သော ဧရာမ စိမ်းပြာရောင် ဓားအလင်းတန်းကြီးသည် ဟွာရှုံ၏ အသက်လုခုခံမှုကို ရေပူဖောင်းကဲ့သို့ အလွယ်တကူပင် ရိုက်ခွဲပစ်လိုက်ပြီး၊ ဟွာရှုံထံသို့ ညှာတာမှုကင်းမဲ့စွာ ခုတ်ပိုင်းလာခဲ့သည်။
ဓားအလင်းတန်းကြီး နီးကပ်လာသည်နှင့်အမျှ ဟွာရှုံ၏ မျက်ဝန်းထဲတွင် စိတ်ပျက်အားလျော့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ၎င်းသည် လွီပုကို စိန်ခေါ်ရန် အခွင့်အရေးပင် မရသေးချေ။ ဤအခိုက်အတန့်တွင် မိမိနှင့် လွီပုအကြားရှိ ကွာဟချက်သည် နက်ရှိုင်းလှသော ချောက်ကမ္ဘာကြီးကဲ့သို့ ကျယ်ပြောလှသည်ကို သိရှိသွားခဲ့ရရှာသည်။
ဧရာမဓားအလင်းတန်းကြီးက ဟွာရှုံကို ထိမှန်တော့မည့် ဆဲဆဲတွင် ကွမ်းယုသည် ချန်းရှီ၏ စကားများကို ရုတ်တရက် သတိရသွားခဲ့သည်။ သူသည် ခုတ်ပိုင်းမည့် ဓားကွက်ကို ရိုက်ပုတ်မည့် အကွက်သို့ ပြောင်းလဲလိုက်ရာ၊ ဟွာရှုံသည် တင်းနစ်ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားတော့သည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသည့်အခါ စစ်မြေပြင်တွင် ကွမ်းယုတစ်ဦးတည်းသာ ကျန်ရှိတော့ပြီး၊ မီတာရာပေါင်းများစွာ အကွာတွင်မူ သေသည်ရှင်သည်မသိရသော ဟွာရှုံ လဲလျောင်းနေခဲ့သည်။
ကွမ်းယုသည် ယခင်အတိုင်း တုန်တုန်ချိချိ အရှိန်အဟုန်ဖြင့်ပင် ရှေ့သို့ ဆက်သွားကာ ဟွာရှုံကို ကောက်မလိုက်ပြီး၊ မြင်းခေါင်းကို လှည့်၍ ဖြည်းဖြည်းချင်း ပြန်စီးလာခဲ့သည်။
“ကံကောင်းထောက်မစွာပဲ... အရှက်မရစေဘဲ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ်”
ကွမ်းယုသည် ဟွာရှုံကို တုပ်နှောင်ရန်အတွက် ပစ်ချပေးလိုက်သည်။ မျက်လုံးများကို ခပ်မှိတ်မှိတ်လုပ်ရင်း ယွမ်ရှောက် (Yuan Shao)ကိုလက်ဝှေ့ယမ်း အလေးပြုလိုက်ပြီးနောက်၊ ချောင်းမုံတယ် (Cao mengde) ပြင်ဆင်ပေးထားသော
ဝိုင်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။ ဝိုင်သည် ပူလောင်လှသော်လည်း ကံကောင်းထောက်မစွာဖြင့် ကွမ်းသခင်၏ နီမြန်းသော မျက်နှာအသားအရေပေါ်တွင်မူ မည်သည့်လက္ခဏာမျှ ထင်ဟပ်မနေခဲ့ချေ။
လူတိုင်းက စိတ်ထဲတွင် “ရက်စက်လွန်းလှတယ်” ဟု တိတ်တဆိတ် အော်ဟစ်နေကြသည်။
ယခင်က ‘မဟာရာဇဝင်မှတ်တမ်းများ’ ကို ဖတ်ရှုစဉ်အခါက ကုန်းရုံ ကဲ့သို့သော ပညာရှိများပင်လျှင် ရှောင်းယုအရှင်သခင်၏ စွမ်းအားကို ချဲ့ကားရေးသားထားခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။ ယနေ့ ကွမ်းယုကို ကိုယ်တိုင်မြင်တွေ့ပြီးနောက်တွင်မူ ၎င်းတို့သည် သမိုင်းမှတ်တမ်းများကို ပြန်လည်သုံးသပ်မိကြပြီး၊ ၎င်းမှတ်တမ်းများသည် ချဲ့ကားထားခြင်း မဟုတ်ဘဲ အမှန်တရားကို ကွက်ကွက်ကွင်းကွင်း ရေးသားထားခြင်းဖြစ်နိုင်ကြောင်း သံသယဝင်လာကြတော့သည်။
“မဟာမိတ်ခေါင်းဆောင်... အခုအချိန်က ရန်သူတွေ သတိမမူမိခင်မှာ စိရွှေကုန်းဆင်းကို သိမ်းပိုက်ဖို့ အခွင့်ကောင်းပဲဗျ”
ချောင်းချောင်း က ပထမဆုံး သတိပြန်ဝင်လာသူဖြစ်၏။ အခုအချိန်က ကွမ်းယု၏ စစ်ရေးစွမ်းအားကို အံ့ဩမှင်သက်နေရမည့် အချိန်မဟုတ်ပါချေ။
ချောင်းချောင်း၏ သတိပေးမှုကြောင့် လူတိုင်း ချက်ချင်းပင် အသိတရား ဝင်လာကြသည်။ ဟွာရှုံ၏ ကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ကြပြီး တပ်မတော်အသီးသီးကို လှုပ်ရှားစေကာ၊ စောင့်ကြပ်သူကင်းမဲ့နေသော စိရွှေကုန်းဆင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြတော့သည်။
စိရွှေကုန်းဆင်းအတွင်း ထိုင်နေရင်း ယွမ်ရှောက်သည် စိတ်အားတက်ကြွနေခဲ့သည်။ ခဏတာအတွင်းမှာပင် ၎င်းတို့သည် ကုန်းဆင်းကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်၏။ ၎င်းသည် မိမိ၏ တော်မှန်လှသော ကွပ်ကဲမှုကြောင့်ပင် ဖြစ်သည်ဟု မှတ်ထင်နေတော့သည်။
လူအုပ်ကြားတွင် ထိုင်နေသော လျှိုပေ့ သည် ဤတစ်ကြိမ်တွင် အဓိကဇာတ်လိုက် ဖြစ်လာခဲ့သည်။ လူတိုင်းက ကွမ်းယု၏ အနှိုင်းမဲ့ရဲရင့်မှုကို အလွန်အမင်း ချီးကျူးဂုဏ်ပြုကြပြီး၊ ၎င်းကို ခေတ်တစ်ခေတ်၏ ကျားဗိုလ်ချုပ်အဖြစ် တင်စားကြလေသည်။ သေချာသည်မှာ ၎င်းတို့၏ မျက်ဝန်းများတွင် မနာလိုဝန်တိုမှုများ ရှိနေကြပြီး၊ ကွမ်းယုကို မိမိတို့ဘက်သို့ ဆွဲဆောင်ရန် အခွင့်အရေးကို စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် လျှိုပေ့သည် ချန်းရှီ၏ စဉ်ဆက်မပြတ် လွှမ်းမိုးမှုကြောင့် စစ်ပွဲသခင်အသီးသီးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေခဲ့သည်။ လူအူကြောင်ကြောင်တစ်ယောက်ပင်လျှင် ကုန်းစောင်းနှင့် ကုန်းစွန်းဆန်တို့၏ စစ်မှန်သော ဂုဏ်ပြုစကားများကို မြင်တွေ့နိုင်ပြီး၊ ကျန်ရှိသောသူများမှာမူ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များ ရှိနေကြကာ အထူးသဖြင့် ယွမ်ရှု ၏ မျက်ဝန်းများတွင်မူ ပြင်းထန်လှသော လောဘမီးများ တောက်လောင်နေခဲ့သည်။
စားသောက်ခြင်း၊ သောက်စားခြင်း၊ ကြွားဝါခြင်းနှင့် အပြန်အလှန် မြှောက်ပင့်ခြင်းများ ပြုလုပ်ပြီးနောက် လျှိုပေ့သည် ကွမ်းယု၊ ကျန်းရီတယ်၊ ချန်းရှီတို့နှင့်အတူ မိမိတို့၏ ကိုယ်ပိုင်စခန်းသို့ ပြန်လာခဲ့ကြသည်။
ထိုအချိန်မှစ၍ လျှိုပေ့ကို မည်သူမျှ မလေးမစား မလုပ်ဝံ့ကြတော့ချေ။ အကြောင်းမူကား ဟန်မင်းဆက်တွင် ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိနေဆဲဖြစ်ပြီး— အနည်းဆုံးတော့ ဤကဲ့သို့သော သူရဲကောင်းများသည် ဟန်မင်းဆက်၏ လက်အောက်တွင် ရှိနေစဲဖြစ်ကြောင်း ထင်ရှားနေသောကြောင့် ဖြစ်ပေသည်။
ပင်မတဲကြီးအတွင်းသို့ ပြန်ရောက်သောအခါ အတန်ငယ် မူးယဉ်းနေသော ချန်းရှီသည် အမူးပြေဟင်းချို အနည်းငယ်ကို သောက်လိုက်ပြီး၊ မာန်ဝင့်ဆဲဖြစ်ကာ တစ်ဝက်နိုးတစ်ဝက်ပျော် ဖြစ်နေသော ကွမ်းယုကို ကြည့်၍ မေးလိုက်သည်။
“ကွမ်းသခင်... ဟွာရှုံကို ဘယ်လိုလုပ်မလဲ။ သူက ထိပ်တန်းပညာရှင်တစ်ယောက်ဗျ။ အကယ်၍ သူ သတိပြန်ရလာပြီး သူ့ကို စောင့်ကြည့်ဖို့ ခင်ဗျားလို အရည်အချင်းရှိတဲ့သူမရှိရင် သူ ထွက်ပြေးသွားနိုင်တယ်၊ အဲဒီကျရင် ကျွန်တော်တို့ ဘာမှတတ်နိုင်မှာမဟုတ်တော့ဘူး”
ကွမ်းသခင်၏ ခန္ဓာကိုယ်မှ ရေငွေ့များ ထွက်ပေါ်လာပြီး ၎င်းကို ပြန်လည်လန်းဆန်းသွားစေသည်။
“ဟွာရှုံ သတိရလာမလား မရလာဘူးလားဆိုတာ ဂရုစိုက်နေစရာမလိုပါဘူး။ အကယ်၍ သူ သတိရလာရင်တောင် သူ့ရဲ့ ကိုယ်တွင်းအသက်ရှုဓာတ်က လက်ရှိမှာ သူ့ရဲ့ဒန်ရှန်ထဲမှာ အပိတ်ခံထားရတာ။ ပြင်ပအကူအညီမပါဘဲ သူ ဘယ်လိုမှ အရင်ခွန်အားကို ပြန်ရနိုင်မှာမဟုတ်ဘူး”
“ဪ... အဲဒီလိုလား။ ဘာဘဲဖြစ်ဖြစ်သူ့ကို သေချာစောင့်ကြည့်ဖို့တော့လိုတယ်။ အကယ်၍ ကျွန်တော်တို့ သူ့ကို ကျွန်တော်တို့ဘက်ပါအောင် ဖျောင်းဖျနိုင်ရင်တော့အကောင်းဆုံးဖြစ်မှာပဲ”
ချန်းရှီသည် မိမိ၏ စိတ်ဝဉာဉ်စွမ်းအားကို စုစည်းကာ စိတ်ကို နှိုးဆွလိုက်ပြီး၊ နောင်လာမည့် အစီအစဉ်များကို စတင်တွေးတောတော့သည်။ ဤရက်ပိုင်းအတွင်း ကွမ်းယုနှင့် ကျန်းရီတယ်တို့၏ ဘေးတွင် နေရခြင်းသည် တော်တော်လေး ကောင်းမွန်သည်ဟု သူ ခံစားရပေသည်။
“တကယ်တော့ ဟွာရှုံက ကြောက်ဖို့ကောင်းပါတယ်။ ခွန်အားသက်သက်နဲ့တင် သူက တော်တော်လေး သန်မာတာ၊ နှမြောစရာပဲ...”
ကွမ်းယုက မျက်လုံးကို တစ်ဝက်ခန့် ဖွင့်လိုက်ပြီး နှမြောတသဖြစ်မိသည့် အရိပ်အယောင်ကို ပြသလိုက်သည်။
“ဟင်...”
ချန်းရှီက ကွမ်းယုကို နားမလည်နိုင်သော မျက်နှာပေးဖြင့် ကြည့်လိုက်မိသည်။ ကွမ်းယုတွင် မိမိကိုယ်ကို ချီးမွမ်းတတ်သည့် အလေ့အထရှိသည်ကို သူ မရိပ်မိခဲ့ချေ။
“ဇီချွမ်... ဒုတိယနောင်ကြီး ပြောတာ မှန်တယ်ဗျ။ ဟွာရှုံက တကယ်ကို သန်မာတာ။ အကယ်၍ ဒါက ပုံမှန်တိုက်ပွဲဆိုရင် ဒုတိယနောင်ကြီးအနေနဲ့ အခွင့်အရေးရဖို့ အကွက်ပေါင်း ခုနစ်ဆယ် ရှစ်ဆယ်လောက် ဆော့ရလိမ့်မယ်၊ ဒါပေမဲ့ အဲဒီလူဟွာရှုံက ပေါ့ဆလွန်းသွားတယ်”
ကျန်းရီတယ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
“အမှန်ပဲ... ဟွာရှုံက ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပါ။ ဒါပေမဲ့ သူက ငါ့ရဲ့ခွန်အားကို အထင်သေးသွားခဲ့တယ်။ ငါက အခုဆိုရင် ငါ့ရဲ့အရှိန်ဝါနဲ့ စွမ်းအားကို ပြီးပြည့်စုံအောင် ဖုံးကွယ်ထားနိုင်ပြီ။ အဲဒီဓားချက်သုံးချက်မှာ— ပထမဓားချက်က ပုံမှန်ထက် နှစ်ဆယ်ရာခိုင်နှုန်း ပိုပြင်းတယ်၊ ဒုတိယဓားချက်က ပထမဓားချက်ထက် သုံးဆယ်ရာခိုင်နှုန်း ပိုပြင်းပြီး၊ တတိယဓားချက်က အဲဒီအပေါ်မှာ နောက်ထပ် သုံးဆယ်ရာခိုင်နှုန်း ပိုပြင်းတာ။ ဟွာရှုံက ပထမဓားချက်ကို ခုခံဖို့ ရွေးချယ်လိုက်တဲ့အချိန်ကတည်းက သူ့မှာ လှည့်ရှောင်ဖို့ အခွင့်အရေးမရှိတော့ဘဲ သေဘေးကို ဦးတည်သွားခဲ့တာပဲ”
ကွမ်းယု၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤအရာသည် သူ၏ အဆုံးစွန်သော တိုက်ကွက်ဖြစ်ပြီး၊ ရန်သူများကို သုတ်သင်သည့်နေရာတွင်မူ အနှိုင်းမဲ့လှပေသည်တကား။