အခန်း ၁၂ - နင့်ကိုသတ်ပြီး ငါအဆင့်တက်မယ်
အမှန်တော့ ဤအခန်း၏ မူလအမည်မှာ “နင့်ကိုသတ်ပြီး အဆင့်တက်ချင်တဲ့ စိတ်ဆန္ဒတစ်ခု ရှိနေတယ်၊ ဒါပေမဲ့ တစ်ဖက်လူကလည်း အဲဒီလိုပဲ ခံစားနေရတာကိုတော့ နင်မသိဘူး...” ဟူ၍ ဖြစ်ပါသည်၊၊ ရှီးလျှောင်စစ်တပ်၏ အစွမ်းအထပ်ဆုံးစစ်သည်တော်ဘွဲ့ကို ဟွာရှုံတစ်ယောက် လက်လွှတ်ခဲ့ရဖူးသော်လည်း၊ သူ၏မာနကမူ ပြိုင်ဘက်မှာ လွီပုပင်ဖြစ်ပါစေဦးတော့ ဓားမြှောက်၍ စိန်ခေါ်ရန် တွန်းအားပေးနေဆဲ ဖြစ်သည်၊၊
“နှမြောစရာကောင်းလိုက်တာ၊ ရှီးလျှောင်ရဲ့ အစွမ်းထပ်ဆုံး စစ်သည်တော်ဘွဲ့နောက်မှာ သာယာမိပြီး ရုန်းမထွက်နိုင်ခဲ့ဘူး၊ လွီပုရဲ့ စစ်ရေးစွမ်းရည်ကို ကိုယ်တိုင်မြင်လိုက်ရတဲ့ အချိန်မှာတော့ အရာအားလုံး နောက်ကျသွားပြီ၊ အဆင့်တက်ဖို့ အကောင်းဆုံးအချိန်တွေ ကုန်လွန်သွားခဲ့ပြီပဲ၊ အခုတော့ ငါ့အသက်နဲ့ လောင်းကြေးထပ်ရတော့မှာပေါ့၊၊”
ဟွာရှုံ၏ မျက်လုံးများ ချက်ချင်းပင် အာရုံစူးစိုက်သွားပြီး ထိုအတားအဆီးကို အာရုံခံမိလိုက်သည်၊၊ နောက်ထပ် တစ်လှမ်းတည်း၊ တစ်လှမ်းတည်းတင် လိုတော့သည်၊၊ ထိုသို့ဆိုလျှင် သူသည် နောက်ထပ်တစ်ကြိမ် စိန်ခေါ်ခွင့် ရရှိတော့မည် ဖြစ်သည်၊၊ ပြိုင်ဘက်၏ အရှိန်အဝါက မည်မျှပင် ပြင်းထန်နေပါစေ ဟွာရှုံကမူ ရူးသွပ်စွာ ရယ်မောလိုက်ရင်း -
“နောက်တစ်ယောက် အသေခံဖို့ လာပြန်ပြီပေါ့၊၊”
“သူပုန်ကောင်... နင့်ခေါင်းကို အပ်စမ်း၊၊”
ဖန်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊၊ မိမိထက်ပင် ပိုမိုပြင်းထန်လုနီးပါး ဖြစ်နေသော ဟွာရှုံ၏ အရှိန်အဝါက ဖန်ဖုန်းကို တုန်လှုပ်အောင် မလုပ်နိုင်ပေ၊၊ အသက်နှင့် သေခြင်းတရားကြား နယ်စပ်မျဉ်းကို နင်းဖြတ်နိုင်မှသာ ဖောက်ထွက်နိုင်မည် ဖြစ်သည်၊၊ အဆင့်တက်ရန် အကောင်းဆုံးအချိန်ကို လွဲချော်ခဲ့ပြီးဖြစ်ရာ သေခြင်းရှင်ခြင်း ရင်ဆိုင်ရမည့် စစ်မြေပြင်တွင်သာ ရှေ့ဆက်တိုးတက်မှုကို ရှာဖွေရတော့မည် ဖြစ်သည်၊၊
“သေစမ်း၊၊”
ဟွာရှုံက ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ ရဲရဲနီသော အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဖန်ဖုန်း၏ ပုဆိန်ကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်၊၊
“ဘုန်း၊၊”
မြင်းနှစ်ကောင် အပြန်အလှန် ဖြတ်ကျော်သွားသည့် နေရာတွင် မြေပြင်၌ ကျင်းကြီးတစ်ခု ဖြစ်သွားရလောက်အောင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်၊၊ ဟွာရှုံသည် မိမိ၏လက်ဖဝါးများ ပူလောင်လာသည်ကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများကို ဖြာထွက်စေလျက် ဖန်ဖုန်းထံသို့ စိုက်ကြည့်နေမိသည်၊၊ ပြိုင်ဘက်ကို သတ်ဖြတ်နိုင်လျှင် သူ ဧကန်မုချ အဆင့်တက်လိမ့်မည်ဟု ခံစားနေရသည်၊၊
အလားတူပင် ဖန်ဖုန်းသည်လည်း ထိခိုက်မှု သိပ်မရှိလှပေ၊၊ သို့သော် ဤတစ်ချက် ရိုက်ခတ်ပြီးနောက် မြင်းကို လှည့်လိုက်သည့်အခါ သူသည်လည်း ပြိုင်ဘက်ကို သတ်၍ အဆင့်တက်ချင်သော စိတ်ဆန္ဒကို ခံစားလိုက်ရသည်၊၊ ၎င်းတို့နှစ်ဦးစလုံး၏ နှလုံးသားထဲတွင် စိတ်အားထက်သန်မှုများ တောက်လောင်နေကြသည်၊၊ နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ခြင်း၏ အဓိပ္ပာယ်ကို နှစ်ဦးစလုံး အခြေအနေ ကောင်းကောင်းသိကြသည်၊၊ ၎င်းတို့ အပြန်အလှန် ကြည့်လိုက်ကြသည့် အကြည့်များက မုဆိုးတစ်ဦးက သားကောင်ကို ကြည့်နေသည့်အလား ပြောင်းလဲသွားတော့သည်၊၊ သို့သော် မည်သူက သားကောင် ဖြစ်ပြီး မည်သူက မုဆိုးဖြစ်သည်ကိုမူ ကောင်းကင်ဘုံတစ်ခုတည်းသာ သိပေလိမ့်မည်၊၊
“ဘုန်း၊၊”
နောက်ထပ် ပေါက်ကွဲသံတစ်ခုနှင့်အတူ လေခွဲသံကြီး ထွက်ပေါ်လာပြန်သည်၊၊ ထိုစက္ကန့်ပိုင်းအတွင်း ၎င်းတို့သည် အကြိမ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ပြီး ဖြစ်ရာ ဟွာရှုံ၏ ဘယ်ဘက်ပုခုံးမှ ညာဘက်ခါးအထိ ဖန်ဖုန်း၏ပုဆိန်လေလှိုင်း ဖြတ်သန်းသွားသဖြင့် သွေးချင်းချင်းနီသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားသည်၊၊ ဤတိုတောင်းလှသော စက္ကန့်ပိုင်းအတွင်း ဖန်ဖုန်းသည်သူ၏ တိုးတက်မှုကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်၊၊ အကယ်၍ ပြိုင်ဘက်ကို သတ်ပစ်နိုင်လျှင် သူ အဆင့်တက်မည်မှာ သေချာသည်ဟု မိမိကိုယ်ကိုယ် အာမခံနိုင်သည်၊၊
“တစ်ချက်တည်းနဲ့ အရှုံးအနိုင် ဆုံးဖြတ်ကြတာပေါ့၊၊”
ဖန်ဖုန်းက အေးစက်စွာ ပြောလိုက်သည်၊၊ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူနှင့် အမြဲတမ်း စိတ်ချင်းဆက်နွှယ်နေကျဖြစ်သော စစ်မြင်းထူးကြီးမှာ ယခုအကြိမ်တွင် အနည်းငယ် ထုံထိုင်းနေသလို ခံစားရသော်လည်း သူ အလေးမထားမိဘဲ ကျော်ဖြတ်လိုက်သည်၊၊ တစ်ချက်တည်း၊ တစ်ချက်တည်းဖြင့် ဟွာရှုံကို အဆုံးစီရင်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့သော နယ်ပယ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်၊၊
ဟွာရှုံကမူ ပြန်မပြောဘဲ ဓားကြီးကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်၊၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရဲရဲနီသော အလင်းတန်းများ တောက်လောင်နေပြီး ဆူပွက်လုနီးပါးပင် ဖြစ်နေသည်၊၊
“သတ်၊၊”
ပြင်းထန်သော စစ်ကြုံးဝါးသံနှင့်အတူ ဟွာရှုံသည် အသေခံရန် အသင့်ပြင်ကာ ပန်းဖုန်းထံသို့ ပြေးဝင်သွားသည်၊၊ ပန်းဖုန်းကလည်း အေးစက်သော အပြုံးဖြင့် ဟွာရှုံ၏ ခေါင်းကို ဖြတ်ရန် အသင့်ပြင်ထားသည်၊၊ ၎င်းတို့ ထိပ်တိုက်တွေ့ဆုံသည့် စက္ကန့်ပိုင်းအတွင်းမှာပင် ဖန်ဖုန်းနှင့် အမြဲတမ်း လိုက်ဖက်ညီလှသော မြင်းပြာကြီးမှာ ခြေလှမ်းမှားပြီး ဒူးညွတ်ကျသွားရတော့သည်၊၊ ထိုအခွင့်အရေးကို အရယူကာ ဟွာရှုံက သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ ဖန်ဖုန်း၏ ခေါင်းမှာအရင်းမှပြတ်ထွက်၍မြေပြင်သို့ဘောလုံးလိုလိမ့်သွားခဲ့လည်။ မြင်းကို လှည့်လိုက်ပြီးနောက် ဟွာရှုံသည် ဖန်ဖုန်း၏ ခန္ဓာကိုယ်ကို အေးစက်စွာ ကြည့်လိုက်သည်၊၊ သူ၏ ပတ်ပတ်လည်ရှိ ချီဓာတ်များမှာ ဆူပွက်လာပြီး တောက်လောင်လာတော့သည်၊၊ ပြိုင်ဘက်ကို သတ်ဖြတ်ခြင်းက အဆင့်တက်စေသည်မှာ အမှန်ပင် ဖြစ်သည်၊၊ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဖြတ်ကာ ဖြစ်ပေါ်နေသော ဒဏ်ရာကြီးမှာ လျင်မြန်စွာပင် သွေးခြေဥကာ အနာဖေးတက်သွားပြီး အောက်ခြေမှ အသားသစ်များ ပြန်လည် ထွက်ပေါ်လာသည်၊၊
တဖြည်းဖြည်းနှင့် ထိုခံစားချက်က ငြိမ်သက်သွားတော့သည်၊၊ မူလက ကြောက်မက်ဖွယ်ကောင်းသော ဟွာရှုံသည် ယခုအခါ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်၊၊ သို့သော် သူ၏ အကြည့်နှင့် ဆုံမိသူတိုင်းမှာ ထိပ်သီး ဝါရင့်ကျားတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်၊၊
“ဒါ မြင့်မားတဲ့ အဆင့်တစ်ခုရဲ့ စွမ်းအားပေါ့လေ၊၊”
ဟွာရှုံ၏ ဓားကြီးပေါ်တွင် ဓားအလင်းတန်းတစ်ခု ထင်ရှားစွာ ထွက်ပေါ်လာသည်၊၊ ၎င်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေခွဲသံနှင့်အတူ ကြီးမားလှသော မီးတောက်ဓားလှိုင်းကြီးတစ်ခုမှာ မဟာမိတ်တပ်ဖွဲ့၏ ဗဟိုတဲမဟာဆီသို့ ပျံသန်းသွားတော့သည် -
“အံ့ဩစရာမရှိတော့ပါဘူး၊ စစ်သည်တော် သောင်းနဲ့ချီရှိနေပါစေဦးတော့ သူတို့ သွားလာလှုပ်ရှားတာတွေက စကားတစ်ခွန်းတည်းနဲ့တင် ဆုံးဖြတ်လို့ရတယ်လို့ လွီပုတစ်ခါက ပြောခဲ့တာ... သူ နောက်ပြောင်ခဲ့တာ မဟုတ်ဘူးပဲ၊၊”
“ဒုန်း၊၊”
ကျယ်လောင်သော အသံကြီးနှင့်အတူ စစ်စခန်း၏ တံခါးကြီးမှာ လွင့်ထွက်သွားတော့သည်၊၊
“မဟာမိတ်တပ်ဖွဲ့တွေ နားထောင်စမ်း၊ ငါက အမတ်ချုပ်ကြီး ဒုံကျွမ်ရဲ့ လက်အောက်က ရှေ့ပြေးတပ်မှူး ဟွာရှုံပဲ၊၊ အသက်ချမ်းသာ ရချင်ရင် အမြန်ဆုံး လက်နက်ချကြ၊ မဟုတ်လို့ ငါ စခန်းထဲကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ရင် ဘယ်သူ့ကိုမှ အသက်ချန်ထားမှာ မဟုတ်ဘူး၊၊”
ဟွာရှုံက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် မဟာမိတ်တပ်ဖွဲ့ရှိရာဘက်သို့ ဟိန်းဟောက်လိုက်ရာ ဤတစ်ကြိမ်တွင် သူ၏အသံမှာ မိုင်ပေါင်းများစွာ အကွာအဝေးအထိ ပျံ့လွင့်သွားတော့သည်၊၊
“သတင်းပို့ပါတယ်၊၊”
သတင်းပို့စစ်သည် ဝင်လာသည့်အခါ ဗဟိုတဲမဟာအတွင်းရှိ လူတိုင်းသည် တိုက်ပွဲ၏ အဖြေကို သိရှိသွားကြပြီ ဖြစ်သည်၊၊ အဘယ်ကြောင့်ဆိုသော် ဟွာရှုံ၏ ပြင်းထန်လှသော အသံကြောင့် သူ အောင်ပွဲခံလိုက်ပြီဆိုသည်ကို လူတိုင်း သိလိုက်ကြသောကြောင့် ဖြစ်သည်၊၊
“ဗိုလ်ချုပ် ဖန်ဖုန်းဟာ ဟွာရှုံနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး အနည်းငယ်အကြာမှာပဲ ကျဆုံးသွားပါတယ်၊ အဲဒီနောက် ဟွာရှုံက မီတာရာကျော် အကွာအဝေးကနေ တစ်ချက်တည်း ရိုက်ခတ်ပြီး ကျွန်တော်တို့ စခန်းတံခါးကို ဖျက်ဆီးပစ်လိုက်ပါတယ်၊၊” ဟု သတင်းပို့စစ်သည်က ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာဖြင့် ပြောလိုက်သည်၊၊
“ဘာ၊၊”
ဤတစ်ကြိမ်တွင် ကွမ်းယု၊ ကျန်းရီတယ်၊ ရှမားညီအစ်ကိုများနှင့် ယွမ်ရှောက်တို့ အားလုံး ထရပ်လိုက်ကြသည်၊၊ မီတာရာကျော် အကွာအဝေးမှ စခန်းတံခါးကို ဖျက်ဆီးနိုင်ရန် မည်မျှအထိ ပြင်းထန်သော စွမ်းအားမျိုး လိုအပ်သည်ကို သူတို့ ကောင်းစွာ သိကြသည် - ၎င်းမှာ လွှမ်းမိုးခြင်းချီအဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသော စစ်သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားပင် ဖြစ်သည်၊၊
သို့သော် ဤအခြေအနေကြောင့်ပင် ယွမ်ရှောက်သည် မိမိကိုယ်ကိုယ် အလွန်မိုက်မဲသည်ဟု ခံစားလိုက်ရသည်၊၊ အကယ်၍ ဟွာရှုံက ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေမှန်း သာသိခဲ့လျှင် သူသည် ဗိုလ်ချုပ် ဖန်ဖုန်း၏ မြင်းကို ဆေးခတ်ခဲ့မည် မဟုတ်ပေ၊၊ ဖြစ်နိုင်သည်မှာ ဖန်ဖုန်းသည် နောက်ထပ် အကွက်အနည်းငယ်အထိ တောင့်ခံနိုင်ပြီး ဟွာရှုံကို တစ်စုံတစ်ရာ ထိခိုက်အောင် လုပ်နိုင်ခဲ့ပေလိမ့်မည်၊၊ ယခုမူ ဖန်ဖုန်း သေဆုံးသွားခဲ့ပြီဖြစ်ရာ ထိုကဲ့သို့သော ထိပ်သီးပညာရှင်ကို မည်သူက ရင်ဆိုင်နိုင်တော့မည်နည်း၊၊
ယွမ်ရှောက် မသိသည်မှာ အကယ်၍ သူသာ ဗိုလ်ချုပ် ဖန်ဖုန်း၏ မြင်းကို ဆေးမခတ်ခဲ့ပါက၊ ပဖန်ဖုန်း၏ ကိုယ်တွင်းအသက်ရှုဓာတ် အပြင်ဘက်သို့ ထွက်ပေါ်လာမည့် စွမ်းအားကို ရင်ဆိုင်ရမည် ဖြစ်သည်၊၊
တိုးတိုးတိတ်တိတ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လူတိုင်းသည် ဟွာရှုံ၏ စွမ်းရည်အဆင့်ကို ရိပ်မိသွားကြသည်၊၊ သူသည် ဤခေတ်ကာလတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသော စစ်သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး၊ စိတ်ဆိုးဒေါသထွက်လာပါက လူပေါင်းထောင်ချီကို တစ်ကိုယ်တော် ချေမှုန်းနိုင်စွမ်း ရှိသူ ဖြစ်သည်၊၊
“ဘယ်သူက ဟွာရှုံကို ထွက်ပြီး ရင်ဆိုင်ရဲလဲ၊၊” ယွမ်ရှောက်က ကျယ်လောင်စွာ မေးလိုက်သော်လည်း လူတိုင်းက ငြိမ်သက်စွာဖြင့် ခေါင်းငုံ့ထားကြသည် - ကိုယ်တွင်းအသက်ရှုဓာတ် အပြင်ဘက်သို့ ထွက်ပေါ်နေသော ထိပ်သီးပညာရှင်တစ်ဦးကို မည်သူမျှ သွားရောက်မရင်ဆိုင်ရဲကြပေ၊၊ ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းသာ ဖြစ်ပေလိမ့်မည်၊၊
“ငါ့ရဲ့ ထိပ်သီးဗိုလ်ချုပ်တွေဖြစ်တဲ့ ယန်လျန်နဲ့ ဝမ်ချိုသာ ဒီမှာရှိရင် ဟွာရှုံကို ဘာကြောက်စရာ လိုမလဲ၊၊” ယွမ်ရှောက်က ဟိန်းဟောက်လိုက်သည်၊၊
သို့သော် ဤစကားများမှာ ဟန်ပြသက်သက်သာ ဖြစ်သည်၊၊ ယခုအချိန်တွင် ယန်လျန်နှင့် ဝမ်ချိုတို့သည် မူလက ဖန်ဖုန်းနှင့် ဟွာရှုံတို့ ရှိခဲ့သည့် အဆင့်တွင်သာ ရှိသေးသည်၊၊ လက်ရှိ ဟွာရှုံနှင့် ယှဉ်ပြိုင်ခြင်းမှာ သေမင်း၏ ခံတွင်းထဲသို့ တည့်တည့်တိုးဝင်သကဲ့သို့ ဖြစ်ပြီး၊ ဇာတ်ပို့သက်သက်အဖြစ် သေဆုံးသွားရမည့် ကံကြမ္မာမျိုးသာ ဖြစ်သည်၊၊
“အစ်ကိုကြီး၊၊” ရှမားညီအစ်ကိုများက တိုးတိုးလေး ခေါ်လိုက်သော်လည်း ချောင်းချောင်းက တားမြစ်လိုက်သည်၊၊ ဤအချိန်သည် စိတ်လိုက်မာန်ပါ လုပ်ရမည့် အချိန်မဟုတ်ပေ၊၊ ဟွာရှုံ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် အမှားတစ်ခုခု ဖြစ်သွားပါက ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလှသည်၊၊
“ဒုတိယအစ်ကို... အောက်မေ့ပါဦး၊၊”
ချန်းရှီသည် ကွမ်းယုကို ဆွဲထားပြီး တိုက်ပွဲဝင်ရန် စေတနာ့ဝန်ထမ်းအဖြစ် လျှောက်ထားခြင်းကို တားဆီးရန် ပြင်လိုက်သော်လည်း ကွမ်းယုက ထရပ်လိုက်ပြီ ဖြစ်သည်၊၊
“ကျွန်တော် သွားပါရစေ၊၊” ကွမ်းယုက မာနတွေထောင်လွှားစွာ ဖြင့် ပြောလိုက်သည်၊၊
ယွမ်ရှောက်က လျှိုပေ့ကို ကြည့်လိုက်ရာ လျှိုပေ့က ခေါင်းငြိမ့်ပြသဖြင့် သူသည် လျှိုပေ့နှင့် ရန်ငြိုးမဖွဲ့လိုတော့ပေ၊၊ အကယ်၍ ကွမ်းယုကို အသေခံလွှတ်လိုက်ပြီး ထိုအပြစ်က သူ့အပေါ်သို့ ကျရောက်လာပါက ကောင်းကျိုးရှိမည် မဟုတ်ပေ၊၊ သို့သော်လည်း လျှိုပေ့ကိုယ်တိုင်က သဘောတူသဖြင့် ယွမ်ရှောက်သည် အခြားလူတစ်ယောက်က အသေခံပေးမည့်အရေးကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်၊၊
ချောင်းမုံတယ်သည် ကွမ်းယု၏ မုတ်ဆိတ်ရှည်ကြီးကို မနာလိုစိတ်ဖြင့် ကြည့်နေမိပြီး ကွမ်းယု မည်မျှအထိ တိုက်ခိုက်နိုင်သည်ကိုမူ မသိပေ၊၊ သို့သော်လည်း ကွမ်းယု၏ မုတ်ဆိတ်ရှည်ကြီးကြောင့်ပင် ချောင်းချောင်းက ရှေ့သို့ တိုးလာပြီး အရက်တစ်ခွက်ဖြင့် တည်ခင်းဧည့်ခံရန် ပြင်လိုက်သည် - ၎င်းမှာ နောက်ဆုံးနှုတ်ဆက်သည့် အရက်ခွက်လည်း ဖြစ်သွားနိုင်သည်၊၊
“မထွက်ခွာခင် ဒီအရက်တစ်ခွက်ကို အရင် သောက်သုံးပါဦး၊၊” ချောင်းချောင်းက ပြုံးလျက် ပြောလိုက်သည်၊၊
“အရက်ကို ငှဲ့ထားလိုက်ပါ၊ ကျွန်တော် အခုချက်ချင်း ပြန်လာခဲ့မယ်၊၊” ကွမ်းယုက မာနတွေထောင်လွှားစွာ ပြောလိုက်သည်၊၊
ကောင်းပြီလေ၊ ကွမ်းယုနှင့် အချိန်အတော်ကြာ အတူရှိခဲ့ပြီးနောက် ချန်းရှီ နားလည်လိုက်သည်မှာ ကွမ်းယုသည် စကားလုံး လှလှပပ ပြောတတ်သူ မဟုတ်ဘဲ လူအများကို စိတ်ဆိုးအောင် မကြာခဏ လုပ်တတ်သည်ဟူ၍ ဖြစ်သည်၊၊ သို့သော် ဤအသံနေအထားနှင့် ဤအမူအရာမှာ အခြားလူများ၏ မျက်စိထဲတွင်မူ အလွန်ပင် မောက်မာလွန်းလှသည်၊၊ အကယ်၍ ကွမ်းယုသာ ဟွာရှုံကို အနိုင်ယူနိုင်ခဲ့လျှင် ထိုမာနက အရာထင်ပေလိမ့်မည်၊၊ သို့သော် အကယ်၍ သူသာ ဟွာရှုံ၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ပါက ယခုသူ၏ ကြွေးကြော်သံများအားလုံးမှာ ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်၊၊
“မဟာမိတ်ခေါင်းဆောင်၊ တိုက်ပွဲကို လိုက်ကြည့်ချင်ပါသလား၊ ကျွန်တော့်ရဲ့ ဒုတိယညီအစ်ကိုက ဟွာရှုံကို ဧကန်မုချ အနိုင်ယူပြပါလိမ့်မယ်၊၊” လျှိုပေ့က ပြောပြီးနောက် ဦးညွှတ်ကာ တဲမဟာအပြင်ဘက်သို့ ထွက်ခွာသွားတော့သည်၊၊
ယခုအခါ စစ်ပွဲသခင်အငယ်စားတစ်ဦးအဖြစ် အနည်းငယ် လေးစားမှု ခံနေရပြီ ဖြစ်သဖြင့် အခြားလူများကလည်း သဘာဝအတိုင်း နောက်က လိုက်လာကြသည်၊၊ ထိုအထဲတွင် ချောင်းချောင်းက အရက်ခွက်ကို အထူးတလည် ကိုင်ဆောင်လာခဲ့သည်၊၊ ကွမ်းယုကမူ ရှီးလျှောင်မြင်းကြီးတစ်ကောင်ပေါ်တွင် ထိုင်လျက် စခန်းတံခါးဆီသို့ အေးအေးလူလူ လျှောက်လှမ်းသွားတော့သည်၊၊ သူသည် တဲအပြင်သို့ ထွက်သည်နှင့် မြင်းကို အရှိန်ပြင်းပြင်းနှင်လေ့ရှိသော အခြားလူများနှင့်မူ လုံးဝ တူမနေခဲ့ပေ၊၊