အခန်း ၁၀ - ကျွန်ုပ်တို့ လုပ်ဆောင်ရန် လိုအပ်သောအရာ
"အရှင်ရွှမ်တယ်... ဒီလိုမျိုး အရိုအသေပေးဖို့ မလိုပါဘူးဗျာ"
ချန်းရှီသည် ကပျာကယာ ထရပ်လိုက်ပြီး လျှိုပေ့ကို တွဲထူပေးလိုက်သည်။ အကြောင်းပြချက် မရှိဘဲ ယခုကဲ့သို့ အလေးအမြတ် ပြုခံရခြင်းကို သူ မလိုလားပေ။ ချန်းရှီ၏ တွဲထူမှုကြောင့် လျှိုပေ့လည်း မတ်တတ်ရပ်လိုက်သည်။ သို့သော် ယခင်ကနှင့်မတူဘဲ သူသည် ချန်းရှီကို မိမိလူအဖြစ် သိမ်းသွင်းရန် မကြိုးစားတော့ဘဲ အခြားအကြောင်းအရာတစ်ခုကိုသာ မေးမြန်းလိုက်သည်။
"အကယ်၍ ဆရာ့မှာ တခြားအစီအစဉ်တွေ ရှိသေးရင်လည်း ကျွန်ုပ်ကို လမ်းညွှန်ပြသပေးပါဦး"
"မလိုတော့ပါဘူး အရှင်ရွှမ်တယ်၊ ကျန်တာကတော့ အခြေအနေကို ကြည့်ပြီး လုပ်ဆောင်ရုံပါပဲ။ အခု ကျွန်တော်တို့ စာမျက်နှာလှလှလေးတစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီဆိုတော့ ရှေ့ဆက်ဖို့က ဗိုလ်ချုပ် ကွမ်းယွန်းချန်နဲ့ ကျန်းရီတယ်တို့အပေါ်မှာပဲ အများကြီး မူတည်ပါတော့တယ်"
ချန်းရှီက ခေါင်းခါပြလိုက်ရင်း လုပ်ဆောင်နိုင်သမျှ အားလုံးကို လုပ်ဆောင်ပြီးပြီဖြစ်၍ အခွင့်အရေးကိုသာ စောင့်ဆိုင်းရန် ကျန်တော့ကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။ ချန်းရှီအနေဖြင့် ဆွန်းကျန်းကို မကယ်တင်ချင်၍ မဟုတ်ပေ။ သို့သော် လက်ရှိ လျှိုပေ့၏ အင်အားအခြေခံက အလွန်တရာ အားနည်းလွန်းနေသဖြင့် လူကိုလည်း မကယ်နိုင်ဘဲ မိမိပါ ရေနစ်မည့်အရေးကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။
ချန်းရှီသည် ရှီးလျှောင်အထူးမြင်းစီးတပ်သည်မည်မျှအထိ အစွမ်းထက်သည်ကို အမှန်တကယ်ပင် မသိသေးပေ။ ထို့ကြောင့် သူသည် ဝတ္ထုထဲကအတိုင်း ခြင်္သေ့ရဲကြီး ဆွန်းကျန်းတစ်ယောက် ဟွာရှုံ ၏ လက်ချက်ဖြင့် စစ်ရှုံးမည့် အခြေအနေမျိုး ကြုံတွေ့ရမလားဆိုသည်ကိုသာ စောင့်ကြည့်အကဲဖြတ်နိုင်ခဲ့သည်။
ဆွန်းကျန်းသည် သူ၏ အစွမ်းထက်လှသော ဗိုလ်ချုပ်ကြီးလေးဦးကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ကွမ်းယု၏ အကဲဖြတ်ချက်အရမူ သူကိုယ်တိုင် အင်အားအပြည့် သုံးလျှင်ပင် ထိုဗိုလ်ချုပ်ကြီး တစ်ဦး သို့မဟုတ် နှစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်ရန် မသေချာဘဲ နှစ်ဖက်စလုံး အနာအဆာမရှိရန်ဆုတ်ခွါရမည့်အခြေအနေမျိုးသာ ရှိသည်။
ဤအချက်ကို ထောက်ကြည့်ခြင်းဖြင့် ဟွာရှုံ၏ အစွမ်းသည် အသေးအဖွဲမဟုတ်ကြောင်း သိနိုင်သည်။ ကွမ်းယုထက် နိမ့်ကျသည်ဆိုစေဦးတော့ များစွာ ကွာခြားလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူသည် ကွမ်းယုနှင့် ရင်ဆိုင်ရာတွင် အကွက်အနည်းငယ်အတွင်းမှာတင် အသက်ပျောက်သွားခဲ့ရသဖြင့် ထိုနေရာတွင် ကြီးမားသော အကြောင်းရင်းတစ်ခုခု ရှိနေရမည် ဖြစ်သည်။
အမှန်တော့ ချန်းရှီသည် ထိုကိစ္စကို အသေးစိတ် စူးစမ်းမနေတော့ဘဲ အချိန်တန်လျှင် သိရလိမ့်မည်ဟုသာ တွေးတောထားလိုက်သည်။ ကွမ်းယုတွင်လည်း သူ မထုတ်သုံးရသေးသည့် အထူးဗျူဟာ တစ်ခု သို့မဟုတ် နှစ်ခု ရှိနေနိုင်သည် မဟုတ်ပါလား။
ထိုနောက်ပိုင်းရက်များတွင် ချန်းရှီသည် လျှိုပေ့၊ ကွမ်းယု၊ ကျန်းဖေးတို့နှင့်အတူ စစ်သေနာပတိရုံးတွင် အရက်သောက်ရင်း လေကန်နေခဲ့ကြသည်။ စစ်ပွဲသခင် တစ်ဆယ့်ရှစ်ဦးကို ဧည့်ခံကျွေးမွေးသည့် စနစ်က အလွန်ကောင်းမွန်သည်ဟု ဆိုရမည်။ စစ်ပွဲ၏ ဖိအားများ မရှိဘဲ တူရိယာတီးမှုတ်သံများနှင့် ဝိုင်အရက်များဖြင့် ပြည့်နှက်နေသည်။ ဤမျှ သက်သောင့်သက်သာရှိလှသဖြင့် အောင်ပွဲရရန် သေချာနေသကဲ့သို့ပင်။ ဒုံကျွမ်သည် မည်မျှပင် သတ္တိကြောင်လိုက်ပါသလဲ...။
သူ ပြန်ခါနီးတွင် အရက်ရှိန် တက်နေသော ချန်းရှီက လျှိုပေ့ကို လှမ်းပြောလိုက်သည်။
"ဝူချန်နယ်စားကြီး ပြန်ရောက်လာတဲ့အခါ သူ့ကို ဆွဲထားဖို့ မမေ့ပါနဲ့ဦး၊ သူ့ကို စိတ်လိုက်မာန်ပါ မလုပ်မိပါစေနဲ့။ မဟုတ်ရင်တော့ တကယ့် ဒုက္ခကြီး ရောက်လိမ့်မယ်"
လျှိုပေ့သည် ထိုစကားကို အလေးအနက် မထားမိခဲ့ပေ။ အဓိကမှာ ထိုစကား၏ ဆိုလိုရင်းကို သူ နားမလည်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် သူတို့တစ်စုသည် နေ့စဉ်ရက်ဆက် စားသောက်ကြ၊ လေကန်ကြ၊ တစ်ဦးကိုတစ်ဦး ချီးမွမ်းခန်းဖွင့်ကြရင်း ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့ကြသည်။
ထိုအချိန်တွင် ကိုယ်ပေါ်၌ သွေးချင်းချင်းနီလျက် ဆွန်းကျန်းတစ်ယောက် တဲနန်းအတွင်းသို့ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်၌ပင် ယွမ်ရှောက်နှင့် အခြားသူများသည် အရက်ခွက်ကိုယ်စီဖြင့် ပျော်ပါးနေကြတုန်းပင် ရှိသေးသည်။
ဆွန်းကျန်းသည် မျက်လုံးများ နီမြန်းလျက် ယွမ်ရှု တစ်ဦးတည်းကိုသာ စိုက်ကြည့်ပြီး သူ၏ ရတနာဓားမြှောင်ကို ဆွဲထုတ်ကာ ဟိန်းဟောက်လိုက်သည်။
"သေပေတော့ ယွမ်ရှု... မင်းလို လူယုတ်မာ!"
ဆွန်းကျန်းကို အကွက်ဆင် လှည့်စားနိုင်ခဲ့၍ ကျေနပ်ပီတိဖြစ်နေသော ယွမ်ရှုသည် ဆွန်းကျန်းက ဓားနှင့် ခုတ်ရန် ပြေးဝင်လာသည်ကို မြင်သောအခါ လန့်ဖျတ်သွားခဲ့သည်။ သူသည် ယုန်တစ်ကောင်ကဲ့သို့ ဘေးသို့ ခုန်ရှောင်လိုက်ပြီး ယွမ်ရှောက်၏ ကျောပြင်နောက်သို့ ဝင်ပုန်းလိုက်လေသည်။
"သူ့ကို ဖမ်းထားကြစမ်း!"
ယွမ်ရှောက် စိတ်ပျက်သွားသည်။ ဆွန်းကျန်းသည် ယခုကဲ့သို့ အခြေအနေကို နားမလည်ဘဲ အရိုင်းအစိုင်းဆန်တတ်မှန်း သူ တစ်ခါမျှ သတိမထားမိခဲ့ပေ။ မြင့်မြတ်သော မှူးမတ်မျိုးနွယ်တို့၏ အမူအကျင့် လုံးဝ မရှိဟု သူ တွေးလိုက်မိသည်။
'ငါတို့အားလုံးက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေပဲ။ ဒီလို ကိစ္စသေးသေးလေးအတွက် ဓားဆွဲပြီး ကိုယ်တိုင် အမှုလုပ်နေတာက တကယ့်ကို အဓိပ္ပာယ်မရှိတာ။ မင်း မရှက်ရင်တောင် ငါတို့ သိက္ခာကျတယ်'
ဗိုလ်ချုပ်များနှင့် စစ်သည်တော် အုပ်စုကြီးတစ်ခု ရှေ့သို့ တိုးလာပြီး ဆွန်းကျန်းကို ဝိုင်းဝန်း ထိန်းချုပ်လိုက်ကြသည်။
"ဝူချန်နယ်စားကြီး... ဒါက ဘာသဘောလဲ" ယွမ်ရှောက်က နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
"ယွမ်ရှုကိုသာ မေးလိုက်!"
ဆွန်းကျန်းသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ယွမ်ရှုကို မကြေမချမ်း စိုက်ကြည့်ရင်း သွားကြိတ်ကာ ပြောလိုက်သည်။
"အဲ့ဒီ လူယုတ်မာ ယွမ်ရှုက ငါ့တပ်မတော်ရဲ့ ရိက္ခာတွေကို ဖြတ်တောက်ခဲ့တယ်။ ငါ့စစ်တပ်ဟာ ရက်အတော်ကြာ အစာငတ်ပြတ်ပြီး ဟွာရှုံရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရလို့ အကျအဆုံး အလွန်များပြားခဲ့ရတယ်။ ငါ့ရဲ့ ညီအစ်ကိုလိုဖြစ်တဲ့ စွန်းမောက်လည်း စစ်ပွဲမှာ သေဆုံးသွားခဲ့ပြီ။ ယွမ်ရှု... မင်း အသက်ကိုဘဲ အခုလျော်ပေးရမယ်!"
"ဆွန်းကျန်း... ဒေါသကို လျှော့ပါဦး၊ စိတ်အေးအေးထားပါဦးဗျာ။ ညှိနှိုင်းပြီး စကားပြောကြတာပေါ့"
ချောင်းချောင်း နှင့် လျှိုပေ့တို့သည် နောက်ဆုံးတွင် အခြေအနေကို သဘောပေါက်သွားကြသည်။ လျှိုပေ့သည် လွန်ခဲ့သည့်ရက်က ချန်းရှီ အရက်မူး၍ ပြောခဲ့သော စကားများကို ပြန်လည် သတိရကာ အံ့ဩတုန်လှုပ်သွားခဲ့ရသည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာမည်ကို ကြိုတင်သိမြင်နေခြင်းမှာ... တကယ့် ပါရမီရှင်ပင် ဖြစ်ပေတော့သည်။
ဆွန်းကျန်းသည် စကားပြောရင်း ပိုမို ဒေါသထွက်လာခဲ့သည်။ သူ၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်နေပြီး ယွမ်ရှုကို စိုက်ကြည့်ကာ သူ့ကို ဖမ်းဆီးထားသူများ၏ လက်ထဲမှ ရုန်းထွက်ရန် ပြင်းထန်စွာ ကြိုးစားနေသည်။ သူသည် ယွမ်ရှုထံသို့ ပြေးဝင်ပြီး မြေပြင်ပေါ်တွင် မညှာမတာ ရိုက်နှက်ချင်နေပုံရသည်။
ယွမ်ရှောက်သည် အခြေအနေများ ပိုမိုဆိုးရွားလာသည်ကို မြင်သောအခါ ဆွန်းကျန်းကို ပိုမိုမြဲမြံစွာ ဖမ်းဆီးထားရန် ဘေးကလူများကို တိတ်တဆိတ် အချက်ပြလိုက်သည်။
"ကုန်းလု!"
ယွမ်ရှောက်က မျက်နှာပျက်ပျက်ဖြင့် လှမ်းခေါ်လိုက်သည်။ သူသည် ဤပြဿနာကို ဖြေရှင်းရန် စိတ်မပါသော်လည်း မဟာမိတ်ခေါင်းဆောင် ဖြစ်သည့်အတွက် လူတိုင်း၏ ဆက်ဆံရေးကို စေ့စပ်ညှိနှိုင်းပေးရန် တာဝန်ရှိနေသည်။ သူက မလိုလားအပ်ဘဲ ယွမ်ရှုကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဒါတွေက ဘာဖြစ်တာလဲ"
"ကျွန်ုပ်... ကျွန်ုပ်က ဘယ်လိုလုပ် သိမှာလဲ" ယွမ်ရှုက သူ့တွင် တာဝန်မရှိကြောင်း အပြတ်အသတ် ငြင်းဆိုလိုက်သည်။
ချက်ချင်းပင် ဆွန်းကျန်း ပေါက်ကွဲသွားတော့သည်။
"မင်းက ရိက္ခာလမ်းကြောင်းကို ကြီးကြပ်တဲ့သူပဲ၊ ငါ့စစ်တပ် ရိက္ခာပြတ်တောက်နေတာကို မင်းက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ ဘာပဲဖြစ်ဖြစ် မင်း တာဝန်ရှောင်ဖို့တော့ မကြံနဲ့!"
ယွမ်ရှုသည် မိမိဖန်တီးလိုက်သော ပြဿနာက တော်တော်လေး ကြီးမားသွားကြောင်း သဘောပေါက်လိုက်သည်။ သူသည် ဆွန်းကျန်း၏ လက်အောက်ခံ စစ်သည်များကိုသာ အင်အားချည့်နဲ့အောင် လုပ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သော်လည်း ကျူမောက် သေဆုံးသွားလိမ့်မည်ဟု... တောက်! ထိုသတင်းကြောင့် ယွမ်ရှုကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့ရသည်။ ကျူမောက်သည် ဆွန်းကျန်း၏ ထိပ်သီးဗိုလ်ချုပ်လေးဦးအနက် တစ်ဦးဖြစ်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံကျော်ကြားကာ ဆွန်းကျန်းအတွက်မူ ညီအစ်ကိုအရင်းကဲ့သို့ ဖြစ်သည်။ ယခုမူ သူ သေဆုံးသွားခဲ့ပြီ။
'တောက်... ရှီးလျန်အထူးမြင်းစီးတပ်က အဲ့ဒီလောက်တောင် ကြမ်းတာလား။ ဟွာရှုံ... မင်းကော ဒီလောက်တောင် ရက်စက်ဖို့ လိုလို့လား။ ငါက ဆွန်းကျန်းနဲ့ လုံးဝ မျက်နှာပျက်ဖို့အထိ ပြင်ဆင်မထားရသေးဘူး။ သွားပြီ!'
သူ့ဘာသာ စိတ်ထဲတွင် ကျိန်ဆဲနေမိသော်လည်း တစ်ခုခုတော့ ပြန်လည်ရှင်းပြရမည် ဖြစ်သည်။ ယွမ်ရှုသည် မျက်လုံးများ ကစားလိုက်ပြီးနောက် ညံ့ဖျင်းလှသော အကြံတစ်ခုကို ထုတ်လိုက်သည်။
"ဟင်း... လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်ုပ် နေမကောင်းဖြစ်နေလို့ ရိက္ခာပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို လက်အောက်ငယ်သားတွေဆီ လွှဲအပ်ထားခဲ့တာပါ။ ဒါဟာ အဲ့ဒီလူက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ ဖြစ်ရမယ်။ ဝူချန်နယ်စားကြီး... ဒီကိစ္စအတွက် ကျွန်ုပ်ကို အပြစ်မတင်ပါနဲ့။ ရဲမတ်တို့... အဲ့ဒီ ရိက္ခာထိန်းအရာရှိရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်ကြစမ်း!"
ထိုစကား ဆုံးသည်နှင့်တစ်ပြိုင်နက် ကျိလင် ဦးဆောင်သော စစ်သည်တစ်စုသည် အထဲသို့ ပြေးဝင်လာပြီး ယွမ်ရှု၏ နောက်ကွယ်မှ ရိက္ခာထိန်းအရာရှိကို မည်သည့်ရှင်းပြခွင့်မျှ မပေးဘဲ ဆွဲထုတ်သွားကြတော့သည်။ ခဏအကြာတွင် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး ထိုလူမှာ ကွပ်မျက်ခြင်း ခံလိုက်ရလေသည်။
ဆွန်းကျန်းသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး သွေးစွန်းနေသော လက်ညှိုးဖြင့် ယွမ်ရှုကို မယုံကြည်နိုင်စရာ အကြည့်ဖြင့် ထိုးပြရင်း ပြောလိုက်သည်။
"မင်း... မင်း... မင်း..."
"ဝမ်ထိုက်... အခြေအနေ အရပ်ရပ်ကို ငဲ့ညှာပေးပါဦး" ချောင်းချောင်းက သက်ပြင်းချရင်း ဖျောင်းဖျလိုက်သည်။
ဘေးကလူများသည်လည်း အခြေအနေမှန်ကို ယေဘုယျအားဖြင့် နားလည်သွားကြသည်။ ချောင်းချောင်း စကားပြောပြီးနောက် လူတိုင်းက ဆွန်းကျန်းကို ဝိုင်းကြည့်ကြရာ နောက်ဆုံးတွင် ဆွန်းကျန်းသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်တော့သည်။
"အင်အား ငါးသိန်းကျော်ရှိတဲ့ တပ်မတော်ကြီးက စိတ်ဝမ်းကွဲပြားနေကြတာပဲ။ ဟင်း... မဟာမိတ်ခေါင်းဆောင်၊ ကျွန်ုပ် ခွင့်ပြုပါဦး!"
ထိုသို့ပြောပြီးနောက် ဆွန်းကျန်းသည် နောက်သို့ လှည့်ကြည့်ခြင်း မရှိဘဲ လှည့်ထွက်သွားခဲ့သည်။
ချောင်းချောင်းသည် ယွမ်ရှုကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာထက်တွင် လှောင်ပြုံးများ ဆက်တိုက် ဖြစ်ပေါ်နေသည်ကို သတိပြုမိပြီး 'ဒီကောင်က ကောက်ကျစ်စဉ်းလဲတဲ့နေရာမှာတောင် သုံးစားမရတဲ့ကောင်ပဲ!' ဟု စိတ်ထဲက တွေးကာ သူလည်းပဲ လှည့်ထွက်သွားခဲ့လေသည်။
ဤသို့ဖြင့် စားပွဲသောက်ပွဲကြီးသည် သဘောထားကွဲလွဲမှုများဖြင့် ပြီးဆုံးသွားခဲ့ရသည်။ ကျန်ရှိနေသူများသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်ရှုရင်း ခွင့်ပန်ကာ ထွက်ခွာသွားကြတော့သည်။
"အရှင်ရွှမ်တယ်... ကြည့်ရတာ သိပ်ပြီး သဘောမကျတဲ့ ပုံပဲနော်"
တဲနန်းအတွင်းသို့ ဝင်ရောက်လာသော လျှိုပေ့၏ ညှိုးငယ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ချန်းရှီက သတိပြုမိပြီး အမြန်ထရပ်ကာ ပြောလိုက်သည်။
"ထိုင်ပါ၊ ထိုင်ပါ... ကျွန်ုပ်တို့ကြားထဲမှာ ဒီလိုမျိုး ယဉ်ကျေးမှုတွေ လုပ်နေဖို့ မလိုပါဘူး" လျှိုပေ့က လက်ဝေ့ယမ်းပြရင်း သက်ပြင်းချလိုက်ပြီး စစ်သေနာပတိရုံးတွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်သည်။
"အော်... ဒါဆို ယွမ်ရှုက အဲ့ဒီလို လုပ်လိုက်တာပေါ့။ ဆွန်းကျန်းလည်း ရှုံးနိမ့်သွားပြီ။ မျှော်လင့်ထားတဲ့အတိုင်း တကယ့်ပွဲကောင်းက အခုမှ စတော့မှာပါ။ ရှေ့ပြေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကတော့ ပြီးသွားပြီဆိုတော့ ဒုံကျွမ်ကို ရင်ဆိုင်ဖို့ ငါတို့အလှည့် ရောက်ပြီ။ မကြာခင် ဟွာရှုံတစ်ယောက် စိန်ခေါ်ဖို့ ရောက်လာလိမ့်မယ်" ချန်းရှီက အောင်နိုင်သူတစ်ယောက်၏ လေယူလေသိမ်းဖြင့် ပြောလိုက်သည်။
"ဗိုလ်ချုပ်ကွမ်း... နောက်ထပ်ကတော့ ဆရာ့အပေါ်မှာပဲ မူတည်ပါတော့တယ်။ အကယ်၍ ဟွာရှုံက လာရောက်စိန်ခေါ်ရင် သူ့ကို သေချာ စောင့်ကြည့်ပါ၊ ပြီးမှ အကွက်ရွှေ့ပါ။ သူ့ကို အရှင်ဖမ်းမိရင် အကောင်းဆုံးပဲ၊ ဒါပေမဲ့ စိတ်မချရဘူးဆိုရင်တော့ သူ့ကို အပြတ်ရှင်းပစ်လိုက်ပါ"
"ကျွန်ုပ် အမိန့်ကို မပျက်ကွက်စေရပါဘူး" ကွမ်းယုက သူ၏မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုက်သည်။
"အရှင်ရွှမ်တယ်... အရှင်လုပ်ရမယ့် အခန်းကတော့ ချောင်းမုံတယ် လိုမျိုး စစ်ပွဲသခင်တွေကြားက ပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းပေးပြီး ဖျောင်းဖျပေးရမယ့်သူ လုပ်ရမှာပါ။ လိုအပ်ရင် ကုန်းစောင်းနဲ့ တောင်းချန်းတို့ကိုပါ ဆွဲခေါ်လို့ရတယ်။ မဟာမိတ်အဖွဲ့ကြီး စည်းလုံးဖို့က အရေးကြီးဆုံးပဲ။ ဒုံကျွမ်ကို အနိုင်ယူနိုင်မှသာ ဟန်မင်းဆက်ကို ပြန်လည်ထူထောင်နိုင်မယ့် မျှော်လင့်ချက် ရှိလိမ့်မယ်" ချန်းရှီက လည်ပတ်သော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်လေသည်။