အခန်း (၁) - ၁ ဥက္ကာခဲများကြောင့် ပြောင်းလဲသွားခဲ့သော သမိုင်းကြောင်း
"သခင်လေး... သခင်လေး..."
ချန်းရှီ ၏ နားအနားတွင် တကျိကျိနှင့် ခေါ်နေသော အသံတစ်ခုကို ကြားလိုက်ရသော်လည်း ထိုအသံမှာ အုပ်အုပ်ပိန်းပိန်းနှင့် သဲသဲကွဲကွဲ မရှိလှပေ။ ခေါင်းတစ်ခုလုံး ခဲဆွဲထားသလို လေးလံနေသဖြင့်
ချန်းရှီမှာ မျက်လုံးကို အနိုင်နိုင် ဖွင့်ရုန်းရင်း—
'အရက်တွေ ဒီလောက် အများကြီး မသောက်ခဲ့သင့်ဘူး' ဟု တွေးနေမိသည်။
သုံးရက်တာ ဖြတ်သန်းပြီးနောက်တွင်မူ ချန်းရှီတစ်ယောက် မိမိရောက်ရှိနေသည့် လက်ရှိအခြေအနေကို နောက်ဆုံးတွင် စတင်နားလည်လာခဲ့သည်။ ဤနေရာသည်ကား သမိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် လူသိများလှသည့် သုံးပြည်ထောင်ခေတ်ကြီးဖြစ်သည်။ အဝါရောင်သူပုန်ထကြွမှုကြီးငြိမ်ဝပ်ပိပြားသွားခဲ့သည်မှာ မကြာသေးဘဲ သူရဲကောင်းများ မှိုလိုမှိုရ ဆူကြုံနိမ့်ပါး ပေါ်ထွန်းလာမည့် အချိန်အခါလည်း ဖြစ်သည်။ ထို့ပြင် ဤခေတ်သည် ချန်းရှီတစ်ယောက် ပျင်းရိသည့်အခါတိုင်း စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ဖူးသော ခေတ်တစ်ခေတ်လည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ... မြင်းဖြူရှင်၊ လှံငွေရှင် ကျောက်ဇီလုံဖြစ်စေ၊ ပညာဉာဏ်၏ ပြဒါးတိုင် ဖြစ်သော ကျူးခုံမင်းဖြစ်စေ နောက်နောင်မျိုးဆက်များ၏ သူတို့အပေါ် ရူးသွပ်ကိုးကွယ်မှုမှာ အတိုင်းအဆမရှိ ပြင်းထန်ခဲ့သည် မဟုတ်ပါလော။ တရုတ်လူဦးရေက အလွန်အမင်း များပြားလှသဖြင့် ဤသို့ဖြစ်သည်မှာလည်း မဆန်းပေ။
ယခု သူ၏ သရုပ်မှန်မှာ ယင်းချွမ်း ချန်မျိုးနွယ်စု၏ ခက်မတစ်ခုမှ ခွဲထွက်လာသော အနွယ်ဝင်ငယ်လေးတစ်ခု ဖြစ်ပြီး ထိုတော်စပ်မှုသည်ပင် အလွန်တရာဝေးကွာလှသည်။ထို့ကြောင့် လူရာမသွင်းလောက်သည့် အခြေအနေမျိုးဖြစ်ရာ သူ ပျောက်ကွယ်သွားလျှင်ပင် အိမ်တွင် အစေခံမိန်းကလေးတစ်ဦးနှင့် အိမ်စေအိုကြီးတစ်ဦးသာ ပူဆွေးကျန်ရစ်မည့်သဘော ရှိသည်။ 'တစ်ယောက်စားလျှင် တစ်အိမ်လုံး ဝ' ဆိုသည့် ဂန္ထဝင်မြောက် အခြေအနေမျိုးပင်။
အိမ်စေအိုကြီးက ဓားတစ်လက်ကို ရေမစိမ့်နိုင်အောင် ကျွမ်းကျင်ပိုင်နိုင်စွာ ကစားပြနေသည်ကို ကြည့်ရင်း ချန်းရှီတစ်ယောက် မည်သို့သော မျက်နှာပေးမျိုး လုပ်ရမည်ကို အမှန်တကယ် မသိတော့ပေ။သူတွေးမိသည်ကား သည်ခေတ်က လူများအားလုံးသည် ဤမျှအထိ ထူးချွန်ပြောင်မြောက်နေကြသည်လား။ ရှေးခေတ်လူတို့၏ အရည်အချင်းသည် ခေတ်သစ်လူသားများကို အပြတ်အသတ် သာလွန်သည်ဟူသော သမိုင်းမှတ်တမ်းများက အမှန်တကယ်ပဲ မှန်ကန်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ချန်းရှီကတော့ သံသယဝင်နေမိဆဲ ဖြစ်သည်။
"သခင်လေးချန်... ဒီရက်ပိုင်း နေလို့ထိုင်လို့ ဘယ်လိုရှိလဲဗျာ"
သမားတော်ဝတ်စုံ ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အိုတစ်ဦးက ခေါင်းပြူထွက်လာပြီး ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။
"ကျွန်တော် တော်တော်လေး သက်သာသွားပါပြီဗျာ"
ချန်းရှီက ကပျာကယာ ဦးညွှတ်ဂါရဝပြုရင်း ပြန်လည်ဖြေကြားခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် သူသိထားသမျှအရ ဤခေတ်ကာလတွင် ရိုးရိုးခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းသည်ပင် အသက်အန္တရာယ် ရှိနိုင်ပြီး သူ ယခင်က ဖြစ်ပွားခဲ့သော ရောဂါဝေဒနာ အပြင်းအထန်ကို ယခုလို သက်သာအောင် ကုသပေးနိုင်ခဲ့သည်မှာ ထိုသက်ကြီးရွယ်အို၏ လက်စွမ်းက သာမန်မဟုတ်ကြောင်း သက်သေပြနေသည်။
"သခင်လေးချန်ရဲ့ မျက်နှာသွေးက အများကြီး ကောင်းလာပြီပဲ။ ဒါပေမဲ့ ကိုယ်တွင်းအသက်ရှူဓာတ်ကိုတော့ ဆက်ပြီး လေ့ကျင့်နေသင့်တယ်"ဟုအဘိုးအိုက ပြုံးလျက် ပြောဆိုပြီးနောက်—
"ဒီလိုဆိုရင်တော့ ငါလည်း ဆက်မနေတော့ဘူး" ဟု ဆိုသည်။
"ဆရာကြီးချန်..."
ထိုသူ လှည့်အထွက်တွင် ချန်းရှီက လှမ်း၍ ခေါ်လိုက်သည်။
ထိုအချိန်အိမ်စေချန်သည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် မြင်းတစ်ကောင်ကို ချက်ချင်း ဆွဲခေါ်လာခဲ့သည်။
"အဘိုး... အဘိုး အလျင်စလို သွားချင်နေတာကို ကြည့်ရတာ အရေးကြီးကိစ္စ ရှိလို့ ထင်တယ်။ သွားရလာရ လွယ်ကူအောင် ဒီမြင်းကို စီးတော်ယာဉ်အဖြစ် လက်ခံပေးပါ၊ ငြင်းမပယ်ပါနဲ့"ဟုဆိုကာချန်းရှီက မြင်းဇက်ကြိုးကို အဘိုးအို၏ လက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။
ဤမျှကာလပတ်လုံး သူသည် ထိုသူ၏ အမည်နာမကို မသိခဲ့ရသလို၊ ထိုသူကလည်း မိမိနာမည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ အဘိုးအိုသည် ချန်းရှီကို ကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထိုလက်ဆောင်ကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြခဲ့သည်။ သူ၏ ထံတွင် အမှန်တကယ်ပင် အရေးကြီးကိစ္စ ရှိနေပြီး မြင်းတစ်ကောင် ရှိနေခြင်းက ဒုက္ခများစွာကို သက်သာစေမည် မဟုတ်ပါလော။
'ဟူး... မည်သို့ပင်ဖြစ်စေ သူက ငါ့အသက်ကို ကယ်ခဲ့တာပဲ။ ငါ တတ်နိုင်သမျှ မြန်မြန် ကျေးဇူးဆပ်ရမယ်။ သမားတော်တစ်ဦးရဲ့ ကရုဏာစိတ်က သူတို့အပိုင်း ဖြစ်ပေမဲ့ ကျေးဇူးဆပ်ဖို့ကတော့ ငါ့တာဝန်ပဲ။ မကြာခင် စစ်မီးလျှံတွေ တောက်လောင်ပြီး ကမ္ဘာပျက်တော့မှာ။ အဘိုးအို တစ်ခုခုဖြစ်သွားရင် နောက်မှ ကျေးဇူးဆပ်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး'ဟုတစ်ယောက်ထဲပြောဆိုကာ
အဘိုးအို ထွက်ခွာသွားပြီးနောက် ချန်းရှီသည် တံခါးပိတ်ကာ စာဖတ်ရန်အတွက် မိမိအခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ သူ့အတွက်မူ ယခုခေတ်၏ စာပေကျမ်းဂန်များကို ပြန်လည်လေ့လာခြင်းထက် အရေးကြီးသောအရာ မရှိတော့ပေ။ သူသည် မူလ ချန်းရှီ၏ မှတ်ဉာဏ်အချို့ကိုလက်ခံရရှိသော်လည်းလုံးဝဥဿုံ ပြည့်စုံခြင်း မရှိသည်မှာ ထင်ရှားသည်။
"သခင်လေး... အဲဒီမြင်းက သခင်ကြီး သက်ရှိထင်ရှားရှိစဉ်က ပင်းကျိုးကနေ သခင်လေးအတွက် အထူးတလည် ယူဆောင်လာပေးခဲ့တဲ့ လက်ဆောင်ပါ။ အခုလို အလွယ်တကူ ပေးပစ်လိုက်တာ... သိပ်တော့ မသင့်တော်ဘူး ထင်တယ်"ဟုချန်းရှီ တံခါးပိတ်ပြီးနောက်တွင်အိမ်စေချန်က နောက်ဆုံး၌ ဖွင့်ဟပြောဆိုလာခဲ့သည်။
"ကိစ္စမရှိပါဘူး၊ ငါ အဲဒီမြင်းကို သုံးစရာ အကြောင်းမရှိဘူး။ ဩော်... ပြီးတော့ စာကြည့်ခန်းထဲက စာအုပ်တွေအားလုံးကို ငါ့အခန်းထဲ ရွှေ့ပေးပါ။ ငါ ပြန်လှန်ဖတ်ရှုဖို့ လိုအပ်တယ်"ဟုချန်းရှီက ခေါင်းခါရင်း ပြန်လည်ဖြေကြားခဲ့သည်။
ထိုမြင်း၏ တန်ဖိုးကို သူ သိရှိသော်လည်း အသက်ကယ်ကျေးဇူးနှင့် နှိုင်းယှဉ်လျှင်မူ ထိုက်တန်သည်ဟု ခံစားရသည်။ အနည်းဆုံးတော့ သူ၏ အသိစိတ်သည် ဖြူစင်သန့်ရှင်းသွားခဲ့ပြီ ဖြစ်သည်။
ချန်းရှီ၏ မိသားစုသည် ဆင်းရဲနွမ်းပါးခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ကြွယ်ဝချမ်းသာသော အိမ်ထောင်စု ဖြစ်ခဲ့သည်။ သို့သော်လည်း သူ၏ဖခင် ချန်လော်ကွယ်လွန်သွားပြီးနောက် ချန်းရှီသည် ပြင်းထန်စွာ ဖျားနာခဲ့သည်။ ဆေးဝါးနှင့် ကုသစရိတ်များကြောင့် မိသားစုစည်းစိမ် အတော်များများ ပြုန်းတီးသွားခဲ့ရပြီး မျိုးနွယ်စုတွင်း အားပြိုင်မှုများနှင့်ပါ ပေါင်းစပ်လိုက်သောအခါ တစ်ချိန်က ချမ်းသာကြွယ်ဝခဲ့သော မိသားစုသည် ယခုအခါ ဆုတ်ယုတ်ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရသည်။ သို့သော် အိမ်စေချန်အတွက်မူ ချန်းရှီ ရောဂါဝေဒနာမှ ပြန်လည်သက်သာလာသရွေ့ ချန်မျိုးနွယ်စု ပြန်လည်ဦးမော့လာရန် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သည်။
ချန်းရှီ အိပ်ရာထဲလဲနေစဉ် အစေခံများနှင့် ကချေသည် အများစုမှာ ထွက်ခွာသွားကြပြီ ဖြစ်ရာ ယခုအခါ တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော အိမ်တော်ကြီးတွင် အိမ်စေချန်နှင့် ကချေသည်ရော အစေခံပါ လုပ်ကိုင်ပေးနေသည့် ချန်လန် နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။ ချန်းရှီသည် ဤကိစ္စရပ်များအပေါ် သဘောထားကြီးစွာ ခံယူထားသည်။ 'သူတို့ သွားချင်ရင် သွားပါစေ၊ သစ္စာအရှိဆုံး အနွယ်တော် နှစ်ယောက် ကျန်ရစ်နေတာတင်ပဲ ကံကောင်းလှပြီ' ဟု သူ တွေးမိသည်။
နေကောင်းလာကတည်းက ချန်းရှီသည် သုံးလတိတိ ချန်အိမ်တော်၏ တံခါးဝမှ အပြင်သို့ ခြေတစ်လှမ်းမျှ မလှမ်းခဲ့ပေ။ ထိုအတောအတွင်း သူသည် စာပေကျမ်းဂန်များ၊ ဂီတအတတ်၊ စစ်တုရင်၊ စာအရေးအသားနှင့် ပန်းချီပညာရပ်များကဲ့သို့သော ယခင်က သင်ယူခဲ့ဖူးသမျှ အရာအားလုံးကို အကြွင်းမဲ့ တတ်မြောက်အောင် လေ့လာခဲ့သည်။ အရေးကြီးဆုံးအရာများမှာမူ စိတ်ဝိဉာဉ်စွမ်းအားနှင့် စစ်ဗျူဟာအစီအရင်များဖြစ်သည်။
ဤဘာသာရပ်အားလုံးကို ပြန်လည်သုံးသပ်ပြီးနောက်တွင်မှ အရှေ့ဟန်ခေတ်နှောင်းပိုင်းသည် သူ၏ မှတ်ဉာဏ်ထဲရှိ ခေတ်နှင့် လုံးဝ ကွဲပြားခြားနားနေကြောင်း ချန်းရှီ သဘောပေါက်သွားခဲ့သည်။ သမိုင်းကြောင်းက တူညီနိုင်သော်လည်း ကမ္ဘာကြီးကမူ အလုံးစုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ချူ-ဟန်ခေတ်သမိုင်းကို အသေအချာ ဖတ်ရှုနေစဉ် ချန်းရှီသည် စာပိုဒ်တစ်ခုကို သတိပြုမိသွားခဲ့သည်—
ဂိုက်ရှာဝန်းရံပိတ်ဆို့မှုတွင် ရှန်းယု သည် တစ်ကိုယ်တော် ထွက်ပေါ်လာပြီး လူတစ်ယောက်တည်း၏ အင်အားဖြင့် လျှိုပန်း ၏ ထိပ်တန်းစစ်သည် သုံးသောင်းကို ချေမှုန်းမောင်းထုတ်ခဲ့ပြီးနောက် မောပန်းနွမ်းနယ်ကာ ကွယ်လွန်သွားခဲ့သည်။ လွတ်မြောက်နိုင်ပါလျက်နှင့် ရှန်းယုသည် ဝူအရှေ့ပိုင်း စစ်တပ်၏ မျှော်လင့်ချက်ကို မပျက်စီးစေရန် တိုက်ပွဲတွင်သာ သေဆုံးဖို့ ရွေးချယ်ခဲ့သည်။ မည်သည့်အခါမျှ ရှုံးနိမ့်ခြင်းမရှိသော ထိုအရှင်သခင် သေဆုံးသွားသည့်တိုင်အောင် မည်သူမျှ ဝူအရှေ့ပိုင်းအနားသို့ မချဉ်းကပ်ဝံ့ခဲ့ကြပေ။
ချန်းရှီသည် သမိုင်းမှတ်တမ်းအားလုံးကို သေချာစွာ စိစစ်သုံးသပ်ပြီးနောက် နောက်ဆုံးတွင် အချက်တစ်ခုကို အတည်ပြုနိုင်ခဲ့သည်— သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်းလေးရာ၊ ချူ-ဟန် အားပြိုင်မှုခေတ်ကတည်းက လမ်းခွဲထွက်သွားခဲ့ခြင်း ဖြစ်သည်။ မူလအစ ပြောင်းလဲမှုသည် မြေအောက်သို့ ကျရောက်လာသော ဥက္ကာခဲတစ်ခုကြောင့် ဖြစ်ပြီး မှတ်တမ်းများတွင်မူ ၎င်းကို 'နတ်ဘုရားကျောက်တုံး'ဟု ရည်ညွှန်းထားသည်။ ထိုကျောက်တုံးသည် အလယ်ပိုင်းလွင်ပြင်မြေပေါ်သို့ ကျရောက်ကာ လူသားတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ခဲ့သည်။
နှစ်ပေါင်းခုနစ်ရာ ရှည်လျားသော နွေဦး၊ဆောင်းဦးခေတ်နှင့် စစ်ပြိုင်ခေတ် များတွင် မိမိကိုယ်ကို သန်မာအောင် 'ချီ'ဓာတ်ကို လေ့ကျင့်ပျိုးထောင်နိုင်သူ အလွန်နည်းပါးခဲ့ပြီး စကြဝဠာနှင့် ပဲ့တင်ထပ်နိုင်ရန် စိတ်ဝိဉာဉ်စွမ်းအားကို သန့်စင်နိုင်သူဟူ၍ ပို၍ပင် ရှားပါးခဲ့သည်။ သို့သော် ထိုကျောက်တုံးသည် အလယ်ပိုင်းလွင်ပြင်တစ်ခွင်တွင် ထူးခြားဆန်းပြားမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး လူတိုင်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အခြေခံကျကျ ပြောင်းလဲပစ်ခဲ့သည်။ ယခုအခါ မည်သူမဆို 'ချီ' ဓာတ်ကို လေ့ကျင့်နိုင်ပြီဖြစ်ပြီး စိတ်ဝိဉာဉ်စွမ်းအား သန့်စင်ရန် ခဲယဉ်းမှုသည်လည်း များစွာ လျော့ကျသွားခဲ့သည်။
ဤအချက်ကြောင့် ချူ-ဟန်ခေတ်၏ စစ်သူကြီးများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုအစွမ်းထက်လာခဲ့ကြပြီး ရှန်းယုမှာ ထိပ်ဆုံးက ဖြစ်ခဲ့သည်။ မူလသမိုင်းတွင် "တောင်တွေကို ဖြိုဖျက်နိုင်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်တယ်" ဟူသော သူ၏ စွမ်းပကားဆိုင်ရာ စကားရပ်မှာ အပိုအလွန် ပြောဆိုခြင်းသာ ဖြစ်လိမ့်မည်။ သို့သော် ဤကမ္ဘာတွင်မူ ၎င်းသည် ငြင်းပယ်၍မရသော အမှန်တရား ဖြစ်နေခဲ့သည်။ သူ၏ စွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ရှန်းယုသည် တောင်ကုန်းငယ်တစ်ခုကို မြေလှန်ဆွဲနုတ်၍ ပစ်ပေါက်နိုင်သလို၊ လေထုကို အရည်အဖြစ်သို့ ပြောင်းလဲပစ်နိုင်ပြီး ခဲနေသော လေထုသည် ဒုံးကျည်ငယ်ကဲ့သို့ မြေပြင်ကို ပေါက်ကွဲစေနိုင်စွမ်း ရှိခဲ့သည်။ အကျဉ်းချုပ်ရလျှင် သူသည် လူသားတစ်ယောက် မဟုတ်တော့ပေ။
ဟန်မင်းဆက် နောက်ပိုင်း နှစ်ပေါင်းလေးရာအတွင်းတွင် မတူညီသော သိုင်းပညာရှင်ဂိုဏ်းများ ပေါ်ထွန်းလာခဲ့သည်။ တစ်ချိန်က သဘာဝပါရမီအပေါ်၌သာ အားကိုးခဲ့ရသော စစ်သူကြီးများသည် ကျင့်ကြံခြင်းလမ်းစဉ်ကို တဖြည်းဖြည်း စနစ်တကျ ဖော်ဆောင်လာခဲ့ကြရာ "ဓားတစ်ချက်တည်းဖြင့် လူတစ်ထောင်ကို သတ်ဖြတ်နိုင်ခြင်း" ဆိုသည်မှာ ဒဏ္ဍာရီမဟုတ်ဘဲ လက်တွေ့အမှန်တရား ဖြစ်လာခဲ့သည်။ ထို့အတူပင် စိတ်ဝိဉာဉ်စွမ်းအား သန့်စင်ခြင်းနှင့် ပတ်သက်၍ အတွေးအခေါ်မျိုးစုံ ဖွံ့ဖြိုးလာပြီး လျှို့ဝှက်နည်းဗျူဟာများနှင့် တာအိုအတတ်ပညာများ ပေါ်ထွက်လာခဲ့ရာ ၎င်းက ထိပ်တန်းစစ်သူကြီးများကို တန်ပြန်တိုက်ခိုက်နိုင်သည့် နည်းလမ်းများကိုလည်း ပေါ်ပေါက်စေခဲ့သည်။
စစ်ဗျူဟာအစီအရင်များ ပေါ်ပေါက်လာခြင်းကြောင့် ထိပ်တန်းစစ်သူကြီးများ၏ သတ်ဖြတ်နိုင်စွမ်းကို သိသိသာသာ လျော့ပါးသွားစေခဲ့သည်။ သို့သော် စနစ်တကျမရှိဘဲ ဖရိုဖရဲဖြစ်နေသော စစ်သည်များအတွက်မူ သေခြင်းတရားတစ်ခုသာ ရလဒ်အဖြစ် ရှိနေပေလိမ့်မည်။ နှစ်ပေါင်းလေးရာကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် 'ချီ' ဓာတ်နှင့် စိတ်ဝိဉာဉ်စွမ်းအားတို့သည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီဟု ဆိုနိုင်သည်။ လူအများစုမှာ ထူးခြားထက်မြက်သည့် အရည်အသွေးမျိုး မရှိကြသော်လည်း အနည်းဆုံးတော့ ဤစွမ်းအားများကို ရယူသုံးစွဲနိုင်သည့် အရည်အချင်း ရှိကြသည်။ ဆိုလိုသည်မှာ ဤဟန်မင်းဆက်နှောင်းပိုင်းတွင် ပေါင်ရာဂဏန်းလေးသော ကျောက်တုံးကြီးများကို မီတာအတော်ဝေးဝေးသို့ ပစ်ပေါက်နိုင်သည့် တောင်သူလယ်သမားများ ရှိနေနိုင်ခြင်းပင်...
စစ်သူကြီးများ၏ အစွမ်းနှင့် ပတ်သက်၍မူ ရှန်းယုသည် တောင်များကို နှုတ်ယူပစ်ပေါက်ခဲ့သည်ဟူသော အတိအကျ မှတ်တမ်းများ ရှိခဲ့သည်။ ထိုအချိုးအစားအတိုင်း ခန့်မှန်းရလျှင်မူ လျှူပု သည် သူ၏ အင်အားအပြည့်ဖြင့် တောင်တစ်လုံးကို အမှုန့်ခြေပစ်နိုင်လောက်သည်ဟု ချန်းရှီးတွေးမိသည်။ ဒါဟာသမိုင်းဝင် သုံးပြည်ထောင်ခေတ် မဟုတ်တော့ဘူး။ ဒဏ္ဍာရီလာ သုံးပြည်ထောင်ခေတ်ကြီးနဲ့ ပိုတူနေပြီ' ဟု ချန်းရှီတစ်ယောက် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေမိတော့သည်။