အခန်း ၁ -အဖြူရောင်မျက်လုံး
မြောက်ပိုင်းနယ်မြေ၏ နှင်းခဲရွာကလေးဆီသို့ စူးရှအေးစက်သော လေကြမ်းများ ဝှေ့ဝှက်တိုက်ခိုက်နေပြီး၊ အေးခဲနေသည့် မြေကြီး၏ အနံ့အသက်နှင့်အတူ သာမန်လူတို့၏ မျှော်လင့်ချက်မဲ့ ဝမ်းနည်းမှုများပါ သယ်ဆောင်လာခဲ့သည်။ ထိုည၏ ကြယ်ကင်းမဲ့နေသော မိုးကောင်းကင်အောက်တွင် သာမန်ကလေးငယ်တစ်ဦး မွေးဖွားလာခဲ့၏။
ရွာ၏ အစွန်ဆုံးတွင် ရှိသော သစ်သားတဲအိုလေးတစ်ခုထဲ၌၊ ဖြောင့်စင်းသော ဆံပင်နက်နက်နှင့် နူးညံ့သော အပြုံးပိုင်ရှင် အမျိုးသမီးတစ်ဦးသည် သူမ၏ ကမ္ဘာပေါ်မှ တစ်ခုတည်းသော ပျော်ရွှင်မှုကို ငေးကြည့်နေခဲ့သည်။
"ချောမောလိုက်တဲ့ ကလေးလေးပဲ၊ ကောင်းလိုက်တာ။ သူနဲ့လိုက်ဖက်မယ့် နာမည်ကတော့... ကီရီယန်ပဲဖြစ်ရမယ်။ သူ့အဖေ လိုလားခဲ့သလိုပေါ့"
အမျိုးသမီးက နူးညံ့စွာ ပြုံး၍ ရေရွတ်လိုက်သော်လည်း ပါးပြင်ပေါ်သို့ မျက်ရည်စများ တပေါက်ပေါက် ကျဆင်းလာခဲ့၏။ ဘာအကူအညီမှ မပါဘဲ ကလေးကို ခက်ခဲစွာ မွေးဖွားခဲ့ရခြင်းဖြစ်သည်။ အခန်းထဲတွင် သူမတစ်ယောက်တည်း ရှိနေပြီး၊ ရင်ခွင်ထဲမှ ရင်သွေးလေးကို ကြည့်ရှုရင်းအသက်ရှူသံကို ပုံမှန်ဖြစ်အောင် ကြိုးစားထိန်းချုပ်နေရ၏။
ခဏအကြာတွင် ကလေးငယ်က မျက်လုံးပွင့်လာခဲ့ရာ၊ ထိုမြင်ကွင်းက သူမအား ထိတ်လန့်သွားစေခဲ့သည်။ သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များမှာ ပို၍ပင် အထိန်းအကွပ်မဲ့ စီးကျလာခဲ့၏။ ရင်ခွင်ထဲမှကလေးငယ်သည် မာတာမိခင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ ကလေးတို့ သဘာဝငိုယိုခြင်းလည်း မရှိပေ။ သို့သော် ထိုအရာက သူမအတွက် အဓိက မဟုတ်ခဲ့ပါ။
"မေမေ့ရဲ့... ရင်သွေးလေး... ကီရီယန်။ သားရဲ့ မျက်လုံးတွေက... သား မျက်စိမမြင်တာများလား။မဟုတ်ဘူး၊ မဟုတ်ရဘူး။ ဘာလို့လဲ။ ဘုရားသခင်ရယ်..."
ရင်ထဲမှ လှိုက်တက်လာသော နာကျင်မှု၊ နောင်တနှင့် ဝမ်းနည်းမှုတို့က သူမအား ဝါးမြိုသွားခဲ့၏။ကလေးငယ် မျက်လုံးပွင့်လာချိန်တွင် မျက်ဝန်းတစ်ခုလုံးမှာ နှင်းပွင့်ကဲ့သို့ ဖြူစွတ်နေခဲ့သည်။မျက်ဝန်းနက်ဟူ၍ မရှိ၊ သက်ဝင်လှုပ်ရှားမှုလည်း မရှိပေ။
ထိုအရာက သူမအား မိခင်ကောင်းတစ်ယောက် မဟုတ်သကဲ့သို့ ခံစားရစေသည်။ ဒီလို အေးစက်ကြမ်းတမ်းသည့် ဒေသတွင် နေထိုင်ရသည်မှာ မည်မျှခက်ခဲကြောင်း သူမ သိ၏။ ဒုက္ခိတကလေးများကို စောစီးစွာ စွန့်ပစ်လေ့ရှိကြသည်၊ အကြောင်းမှာ သန်မာသူများသာ အသက်ရှင်ကျန်ရစ်ပြီးအနာဂတ်တွင် ရွာအတွက် အသုံးဝင်မည်ဖြစ်သောကြောင့်တည်း။
သူမ နောင်တရမိ၏။ ကျန်းကျန်းမာမာဖြင့် မွေးဖွားမလာခဲ့ရသော သားငယ်အတွက်၊ ရှေ့ဆက်ရင်ဆိုင်ရမည့် ဒုက္ခသုက္ခများနှင့် ကြုံတွေ့ရမည့် အခက်အခဲများအတွက် သနားဂရုဏာ သက်မိ၏။မိခင်၏ မျက်ရည်စများမှာ ကလေးငယ်၏ မျက်နှာပေါ်သို့ မရပ်တမ်း ကျဆင်းနေခဲ့သည်။
"မေမေ့ကို ခွင့်လွှတ်ပါ... ကီရီယန်"
သူမသည် အသက်ကို ဝအောင် ရှူလိုက်ပြီး မျက်ရည်များကို သုတ်ကာ နောက်ဆုံးအကြိမ် ရေရွတ်လိုက်၏။
"တို့ မေမေနဲ့ သား နှစ်ယောက်တည်း ရှိတာပဲ။ ဘာပဲဖြစ်ဖြစ် မေမေ သားကို ဘာအန္တရာယ်မှ အဖြစ်မခံဘူး။ သားကို အရာရာကနေ ကာကွယ်ပေးမယ်။ မေမေ့ရဲ့ ရင်သွေးလေး"
နူးညံ့သော အပြုံးနှင့်အတူ ကလေးငယ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရာ၊ ခဏအကြာတွင်ကလေးငယ်သည် မျက်လုံးများကို ပြန်မှိတ်၍ အိပ်ပျော်သွားခဲ့လေသည်။
...
သုံးလဆိုသော အချိန်မှာ မြန်ဆန်စွာ ကုန်လွန်သွားခဲ့သော်လည်း နှင်းခဲရွာ၏ အခြေအနေမှာ မပြောင်းလဲဘဲ မူလအတိုင်းပင် ရှိနေဆဲဖြစ်သည်။ ကီရီယန်၏ မိခင် လီယိုရာသည် သားငယ်ကို အိမ်ထဲတွင်သာ လုံခြုံစွာ ဝှက်ထားခဲ့၏။ ကီရီယန်၏ အဖေမှာ ရွာတွင် အရေးပါသော လူတစ်ယောက် ဖြစ်ခဲ့ဖူးသောကြောင့် ခင်ပွန်းဆုံးပါးသွားပြီးနောက်တွင်ပင် လီယိုရာ၌ စိစစ်သုံးစွဲရန် အစားအစာ လုံလောက်စွာ ကျန်ရှိနေသေးသည်။ ထို့အပြင် ရွာလူကြီးကလည်း တစ်ခါတစ်ရံ လာရောက်၍ အစားအစာအချို့ထောက်ပံ့ပေးလေ့ရှိ၏။
သူမသည် သားငယ်ကို တတ်နိုင်သမျှ ဝှက်ထားခဲ့ပြီး ကီရီယန် အိပ်ပျော်နေချိန်တွင်မှ ရွာလူကြီးကိုအိမ်ထဲသို့ ဝင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ရွာလူကြီးမှာ ကီရီယန်၏ မျက်လုံးများကို မမြင်ဖူးပေ။အကယ်၍ ရွာလူကြီးသာ သားဖြစ်သူမှာ မျက်မမြင်မှန်း သိသွားပါက အနာဂတ်တွင် ရွာအတွက်အကျိုးမရှိနိုင်သောကြောင့် အထောက်အပံ့များကို လုံးဝ ပေးတော့မည် မဟုတ်ပေ။ ထို့သို့ဖြင့် အချိန်များ ပိုမို ကုန်လွန်လာခဲ့၏။
...
ဒီနေ့သည် ကီရီယန်၏ မွေးနေ့ဖြစ်သည်—
လီယိုရာသည် သူမ၏ ပါးပြင်ပေါ်သို့ အေးစက်သော လက်ချောင်းလေးဖြင့် လာရောက် ထိတွေ့မှုကြောင့် ရုတ်တရက် နိုးလာခဲ့၏။
"မေမေ... နိုးပြီလား၊ သား ဗိုက်ဆာပြီ"
လီယိုရာ၏ ကုတင်ပေါ်တွင် လှဲလျောင်းနေသော ကလေးငယ်ထံမှ လွန်စွာ ချစ်စရာကောင်းသော အသံလေး ထွက်ပေါ်လာခဲ့သည်။ သူမသည် အမြန်ထလာပြီး ကလေးငယ်ကို ရင်ခွင်ထဲ ဆွဲဖက်ကာ ခေါင်းလေးကို နမ်းရှိုက်လိုက်၏။
"မင်္ဂလာနံနက်ခင်းပါ သားလေးရယ်"
သူမက တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။ လွန်ခဲ့သည့် လများအတွင်း ကလေးငယ်အပေါ်ထားရှိခဲ့သော လီယိုရာ၏ စိုးရိမ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကီရီယန်သည် ငိုယိုခြင်း၊ ဂျီကျခြင်း လုံးဝမရှိခဲ့ပေ။ ရွာထဲရှိ အခြားကလေးများ နို့ဆာ၍၊ ဂရုစိုက်ခံချင်၍ အော်ဟစ်ငိုယိုနေချိန်တွင် သားဖြစ်သူမှာမူ မျက်ဆံမရှိသော မျက်လုံးဝိုင်းကြီးများဖြင့် အရာရာကို ငြိမ်သက်စွာ စိုက်ကြည့်နေလေ့ရှိ၏။
လီယိုရာသည် အချိန်အတန်ကြာမှ ထိုအချက်ကို သတိပြုမိခဲ့သည်။ အမှန်တော့ သားဖြစ်သူမှာ သူမသွားသမျှနေရာသို့ ခေါင်းလေးလှည့်၍ လိုက်ကြည့်နေတတ်ပြီး၊ သူမအား မြင်နေရသည့်အလား ပြုမူတတ်သည်။ အသံကြားရာသို့ လိုက်ကြည့်နေခြင်း ဖြစ်နိုင်သည်ဟု စဉ်းစားမိသဖြင့် အသံမထွက်ဘဲစမ်းသပ်ကြည့်ခဲ့၏။ သို့သော် ကီရီယန်က သူမနောက်သို့ မမှားတမ်း လိုက်ကြည့်နေဆဲပင်။
"ကီရီယန်... မေမေ့ရဲ့ ရင်သွေးလေး... သား... သား မြင်နေရတာ မဟုတ်လား"
မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံလျက် သူမက တီးတိုးရေရွတ်လိုက်သည်။ ကီရီယန်က မိခင်ဖြစ်သူ၏ စကားကို နားမလည်သေးသော်လည်း၊ ဟုတ်ပါတယ် ဟု ဖြေကြားလိုက်သည့်အလား ပြုံးပြလိုက်၏။
မိခင်၏ သံသယမှာ မှန်ကန်နေခဲ့သည်။ ကီရီယန်သည် မွေးကတည်းက မျက်မမြင်မဟုတ်ဘဲ၊ ပုံမှန်အတိုင်း မြင်တွေ့နိုင်စွမ်း ရှိခဲ့ပေသည်။ သို့သော် ထိုနေရာရှိ မည်သူမျှ နားမလည်နိုင်သော ထူးဆန်းသည့် အရာတစ်ခု ရှိနေခဲ့၏။ ကီရီယန် ကြည့်လိုက်သည့် နေရာတိုင်းတွင် လေထုအတွင်း လွင့်ပျံနေသော အမှုန်အမွှားများက နေရာအနှံ့ ပတ်ချာလည် လှုပ်ရှားနေကြသည်။ ထိုအရာမှာ ဝေးလံခေါင်ဖျားသော ရွာကလေးမှ မည်သည့် သာမန်လူမျှ မသိရှိနိုင်သော အရာဖြစ်၏။
သို့သော် ကီရီယန်မှာမူ ထိုအမှုန်အမွှားများကို စနစ်တကျ ကြည့်ရှုနိုင်ပြီး၊ အခွင့်အရေးရတိုင်း လက်သေးသေးလေးများဖြင့် ဖမ်းဆုပ်ကာ မျက်လုံးထဲသို့ ထည့်သွင်းရန် ကြိုးစားတတ်သည်။ လီယိုရာကထိုသို့ ပြုမူနေသည်ကို မြင်သောအခါ နားမလည်နိုင်ခဲ့သော်လည်း၊ သားဖြစ်သူမှာ အခြားသူများနှင့် မတူခြားနားကြောင်း သိရှိခဲ့၏။ မှန်ပေသည်၊ သားလေးမှာ ထူးခြားသူဖြစ်သည်ဟု သူမ ခံစားရသည်။
သူမ၏ ခံစားချက်မှာ မမှားခဲ့ပေ။
ကီရီယန်သည် မြန်ဆန်စွာ လေးဘက်သွားတတ်ခဲ့ပြီး မကြာမီပင် လမ်းလျှောက်တတ်ခဲ့၏။ အသက်တစ်နှစ်ပင် မပြည့်သေးမီ ကလေးငယ်သည် စကားပြောတတ်နေပြီ ဖြစ်သည်။ လီယိုရာသည် ကလေးမွေးဖွားသည့်နေ့မှစ၍ ပုံမှန် စကားပြောပေးခဲ့ရာ၊ ကီရီယန်သည် မိခင်ကို အကဲခတ်ရင်း စကားများကိုတုပပြောဆိုနိုင်လာခဲ့၏။ ထို့နောက် မိခင်က စကားလုံးများ၏ အဓိပ္ပာယ်ကို တဖြည်းဖြည်း သင်ကြားပေးခဲ့သည်။
"မေမေ... သား အသက်ရှူလို့ မရတော့ဘူး"
ကလေးငယ် ကီရီယန်က လီယိုရာ၏ ရင်ခွင်ထဲတွင် ခေါင်းမြှုပ်လျက် အော်ဟစ်လိုက်၏။
"အို... တောင်းပန်းပါတယ် သားရယ်၊ မေမေ ဒီလိုပဲ အမြဲ ဖက်မိတတ်တယ်၊ ဟိဟိ။ မေမေ့ရဲ့ ကလေးလေး ကောင်းကောင်းအိပ်ပျော်ရဲ့လား—"
ရုတ်တရက် လီယိုရာက ကီရီယန်ကို လွှတ်ပေးလိုက်ချိန်တွင်၊ သားဖြစ်သူ၏ မျက်လုံးများကို မြင်လိုက်ရသည်။
"ကီရီယန် သားရဲ့ မျက်လုံးတွေ၊ သားရဲ့ မျက်လုံးတွေ ဘယ်လိုဖြစ်တာလဲ။ ပြောင်းလဲသွားပြီ"
သူမက ကီရီယန်၏ မျက်လုံးများကို စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။ ထိုစဉ် ကီရီယန်လည်းအံ့အားသင့်သွားခဲ့သည်။ အကြောင်းမှာ မွေးကတည်းက မြင်တွေ့နေရသည့် လေထုရှိ အမှုန်အမွှားများအပြင်၊ မိခင်၏ ပတ်ဝန်းကျင်တွင် ထူးဆန်းသော ခံစားချက်အချို့ကို ပါ ခံစားလိုက်ရသောကြောင့်ဖြစ်သည်။ ဒါက... စိုးရိမ်ပူပန်မှု လား...
...
ကီရီယန် အသက်တစ်နှစ်ပြည့်သောအခါ၊ ဖြူစွတ်နေသော မျက်ဝန်းထဲတွင် မှေးမှိန်သော စက်ဝိုင်းကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ မျက်ဝန်းနက်၏ ပုံကြမ်းတစ်ခုအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။ထို့အပြင် ကီရီယန်သည် သူ အာရုံစိုက်လိုက်သော လူများ၏ စိတ်ခံစားချက်များကိုပါခံစားသိရှိနိုင်လာခဲ့၏။ ဒေါသ၊ ကြောက်ရွံ့မှု၊ ရွံရှာမှု— ထိုအရာများမှာ သူ အများဆုံး ခံစားရသောစိတ်ခံစားချက်များဖြစ်ကြသည်။
ဘာကြောင့်လဲ?
အသက်တစ်နှစ်ပြည့်ပြီးနောက်၊ လီယိုရာက သားဖြစ်သူကို အခြားသူများအား ပြသရန် အချိန်တန်ပြီဟု ထင်မှတ်ခဲ့သည်။ သားဖြစ်သူမှာ ရွာတွင် တစ်ခါမျှ မရှိဖူးသော ပါရမီရှင်ဖြစ်ပြီး၊ မွေးရာပါမျက်လုံးမြင်ရသည့်အပြင် ယခုအခါ မျက်ဝန်းနက်များပင် ပေါ်ထွက်လာနေပြီ မဟုတ်ပါလော။
သို့သော် လီယိုရာ၏ တွေးခေါ်မှု မှားယွင်းသွားခဲ့သည်။
လူများက ကီရီယန်၏ ဉာဏ်ရည်ထက်မြက်မှုကို ချီးကျူးရမည့်အစား၊ တိုးတိုးတိတ်တိတ် ပြောဆိုကြပြီး ကြောက်ရွံ့သောအသံဖြင့် ဆဲဆိုကြ၏။ အထူးသဖြင့် အခြားကလေးများမှာ ကီရီယန်ကိုမြင်သည်နှင့် ငိုယိုကာ မိဘများထံ ပြေးလွှားပြီး မျက်လုံးမရှိသော မိစ္ဆာကောင်ဟု ပြောဆိုကြသောကြောင့် ဖြစ်သည်။
ထို့အပြင် ကီရီယန်ကို အခြားသူများနှင့် မိတ်ဆက်ပေးပြီး မကြာမီပင်၊ ရွာထဲရှိ ကလေးငယ်များအကြောင်းရင်းမရှိဘဲ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ကြ၏။
ထို့နောက်—
ရွာအတွင်း သတင်းစကားတစ်ပုဒ် ပျံ့နှံ့သွားခဲ့သည်။
"ဒါ အဲ့ဒီကောင် ကြောင့်ပဲ။ အဲ့ဒီ မိစ္ဆာကောင် ပေါ်လာတည်းက ကလေးငါးယောက် ပျောက်သွားတာ"
"ဟုတ်တယ်၊ သူ့ကြောင့်ပဲ။ အဲ့ဒါ ကျိန်စာသင့်နေတဲ့ကောင်၊ ရွာထဲကနေ နှင်ထုတ်ရမယ်"
တစ်ချိန်က သူမအား လေးစားခဲ့ကြသော လူများထံမှ ထိုစကားများကို လီယိုရာ ကြားသိခဲ့ရ၏။ သူမစွန့်ပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုအချိန်မှစ၍ မည်သူမျှ အစားအစာ၊ အလုပ်အကိုင် မည်သည့်အကူအညီမျှ မပေးကြတော့ပေ။
မိခင်ဖြစ်သူ ခံစားနေရသည်ကို မြင်သောအခါ ကီရီယန်သည် မျက်လုံးများကို အဝတ်စည်းတစ်ခုဖြင့်စည်နှောင်လိုက်တော့၏။ အဝတ်စည်းထားသော်လည်း သူသည် ပုံမှန်အတိုင်း မြင်တွေ့နိုင်စွမ်း ရှိနေဆဲဖြစ်သည်။
'ငါ ဒါတွေကို ဖုံးကွယ်ထားရင်... မေမေ နာကျင်ရတာ နည်းသွားမလား'
သို့သော် ဝမ်းနည်းစရာကောင်းစွာပင် ဘာမျှ ပြောင်းလဲမသွားခဲ့ပေ။
...
ကီရီယန်သည် မည်သည့်အရာကိုမျှ မေ့လျော့မသွားခဲ့ပေ။ သူ ပထမဆုံး မျက်လုံးဖွင့်လိုက်ချိန်တွင်မိခင်၏ မူလမျက်နှာကို မှတ်မိနေခဲ့သည်။ မိခင်၏ နူးညံ့လှသော အပြုံးမှာ သူ့စိတ်ထဲတွင် အကောင်းဆုံး အမှတ်တရ ဖြစ်ခဲ့၏။ သူ့ကို မြင်တိုင်း ကျိန်စာသင့်နေသူဟု ခေါ်ဆိုကြသော ရွာထဲရှိ ကလေးများ၏ နာမည်များကိုလည်း သူ မှတ်မိနေခဲ့သည်။ မျက်လုံးများကို အဝတ်စည်းထားခြင်းက အခြားသူများ၏ ကြောက်ရွံ့မှုကို ပျောက်ကွယ်မသွားစေခဲ့ပေ။ သို့သော် မည်သူမျှ သူ့အနားသို့ မကပ်ချင်ကြပေ။
ကီရီယန်ကမူ ထိုအရာကို ဂရုမစိုက်ပါ။ မိခင်၏ အနားတွင် နေထိုင်ရခြင်း တစ်ခုတည်းကသာ သူ့ကိုပျော်ရွှင်စေခဲ့၏။
တစ်နေ့တွင် ရွာထဲ၌ တစ်ယောက်တည်း လှည့်လည်ကြည့်ရှုရင်း၊ ကီရီယန်သည် ရွာ၏ မုဆိုးတစ်ယောက်ကို တွေ့ရှိခဲ့သည်။ နှင်းများ ကျဆင်းနေချိန်တွင် သံချေးတက်နေသော ဓားတစ်ချောင်းဖြင့်လေ့ကျင့်နေသည်ကို ကီရီယန်က အကဲခတ်ကြည့်ရှုနေခဲ့၏။ သူ့မျက်လုံးများက ထိုသူ၏လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ကြည့်နေခဲ့သည်။
အကြောင်းရင်းမရှိဘဲ ထိုအရာကို သူ စိတ်ဝင်စားသွားခဲ့ပြီး၊ အိမ်သို့ ပြန်ရောက်သောအခါ သစ်ကိုင်းတစ်ခုဖြင့် မိခင်ဖြစ်သူအား ထိုလှုပ်ရှားမှုများကို အတိအကျ ပြသခဲ့၏။ သူသည် အပြည့်အဝ တုပနိုင်ခဲ့ပေသည်။
"ကီရီယန်... သား ဒါတွေကို ဘယ်က သင်လာတာလဲ"
မိခင်ဖြစ်သူက လွန်စွာ အံ့အားသင့်စွာ မေးမြန်းလိုက်၏။ ခင်ပွန်းဖြစ်သူ၏ လေ့ကျင့်ခန်းများကို သူမမှတ်မိနေပြီး၊ သားဖြစ်သူ၏ ပြုမူပုံမှာ ထိုအရာနှင့် လုံးဝ တူညီနေခဲ့ရာ မည်သို့မျှ မဖြစ်နိုင်ကြောင်းတွေးတောနေခဲ့သည်။
"ထူးထူးဆန်းဆန်း ကနေတာ မြင်လို့ မေမေ။ ပျော်စရာမကောင်းဘူးလား၊ သား သဘောကျတယ်၊ဒါပေမဲ့ ဒါက ဘာအကလဲဟင်"
ကီရီယန်က ရိုးသားသော အပြုံးဖြင့် မေးမြန်းလိုက်ရာ မိခင်ဖြစ်သူက သားဖြစ်သူ၏ ဟာသကြောင့်ရယ်မောလိုက်ရ၏။ သို့သော် ရင်ထဲတွင်မူ ဝမ်းမြောက်မှုများ ပြည့်လျှံသွားခဲ့သည်။
'သားလေးက တကယ်ပဲ ပါရမီရှင်တစ်ယောက်ဆိုရင် မေမေ နည်းနည်း စိုးရိမ်ရတာ ပေါ့။ သားကသန်မာတဲ့သူတစ်ယောက် ဖြစ်လာမှာပါ၊ ဟုတ်တယ်၊ ဖြစ်ရမယ်'
လီယိုရာက ကီရီယန်၏ ခေါင်းလေးကို ပွတ်သပ်ရင်း ထိုလူကြီး ပြုလုပ်နေသော အရာ၏အဓိပ္ပာယ်ကိုရှင်းပြပေးခဲ့၏။
...
ယခုအခါ ကီရီယန်သည် အသက်သုံးနှစ် ပြည့်ခဲ့ပြီဖြစ်ပြီး၊ မျက်လုံးပေါ်တွင် အဝတ်စည်းထားဆဲဖြစ်သည်။ မျက်လုံးများကို ဖုံးအုပ်ထားခြင်းကို သူ ယဉ်ပါးနေပြီဖြစ်၏။ အခြားသူများ၏ ပြောဆိုချက်များကို ကြားသိရပါက မိခင်ဖြစ်သူ ဝမ်းနည်းမည်ကို သူ မလိုလားပေ။
တစ်နေ့တွင် အစားအစာ လိုက်လံရှာဖွေပြီးနောက် အိမ်သို့ ပြန်ရောက်လာသောအခါ လီယိုရာသည် ကုတင်စောင်းတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ မိခင်မှာ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်ကို မြင်သောအခါ ကီရီယန်သည် အမြန် ပြေးသွားခဲ့၏။ မိခင်အား မထူရန် ကြိုးစားခဲ့သော်လည်း သေးငယ်သော ခန္ဓာကိုယ်ကြောင့် ခက်ခဲနေခဲ့သည်။ သို့သော် နည်းလမ်းတစ်ခုခုဖြင့် မိခင်အား ကုတင်ပေါ်တွင် အနားယူနိုင်အောင် ကူညီပေးနိုင်ခဲ့၏။
ထိုနေ့မှစ၍ အရာရာ ပိုမို ဆိုးရွားလာခဲ့သည်။
ချောင်းခြောက်ဆိုးခြင်းက လီယိုရာအား နေ့စဉ် ရောဂါဝါးမြိုစေခဲ့၏။ သူမ၏ ခန္ဓာကိုယ်မှာ လုံးဝ မသန်မစွမ်း ဖြစ်သွားခဲ့ပြီး တစ်နေ့လျှင် တစ်နာရီထက်ပို၍ လမ်းမလျှောက်နိုင်တော့ပေ။ ထို့နောက်အချိန်များက တဖြည်းဖြည်း တိုတောင်းလာခဲ့၏။
ရွာထဲတွင် ဆေးဆရာ မရှိပေ။ တစ်ဦးတည်းသော ဆေးဆရာမှာ လွန်ခဲ့သော နှစ်များကတည်းကသေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကီရီယန်က အကူအညီ တောင်းခံခဲ့သော်လည်း လီယိုရာအား လာရောက်ကြည့်ရှုပေးသော ရွာလူကြီးမှလွဲ၍ မည်သူမျှ ကူညီရန် မကြိုးစားခဲ့ကြပေ။ သို့သော် ရွာလူကြီးလည်းလီယိုရာ၏ ရောဂါကို မဖော်ထုတ်နိုင်ခဲ့ပေ။
ထိုအချိန်မှစ၍ ကီရီယန်သည် ကုတင်ပေါ်မှ မထနိုင်တော့သော မိခင်ဖြစ်သူ အသက်ဆက်နိုင်ရန်အစားအစာများကို ခိုးယူလာခဲ့ရ၏။
"မေမေ့ကို ခွင့်လွှတ်ပါ သားလေးရယ်... မေမေ သားကို မကာကွယ်ပေးနိုင်တော့ဘူး"
ညစဉ် ရင်ခွင်ထဲ ဖက်ထားရင်း မိခင်က ငိုယိုလေ့ရှိသည်။ ကလေးငယ် အိပ်ပျော်နေသည်ဟုထင်မှတ်၍ဖြစ်နိုင်သည်။ ထိုအချိန်များတွင် ကီရီယန်သည် လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားလေ့ရှိ၏။
...
ကီရီယန်၏ လေးနှစ်မြောက် မွေးနေ့သည် မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။ လီယိုရာ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့၏။ ယခုအခါ သူမသည် ကုတင်ပေါ်တွင်ပင် မထိုင်နိုင်တော့ပေ။
ကီရီယန်သည် ကုတင်ရှေ့ရှိ သစ်သားကုလားထိုင်အိုပေါ်တွင် ထိုင်နေခဲ့၏။ လီယိုရာသည် မည်သူ့ရှေ့တွင်မျှ ချွတ်မပြဖူးသော အဝတ်စည်းထားသည့် သားဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်သည်။ လီယိုရာ၏ အသံမှာ ယနေ့တွင် လွန်စွာ တိုးညှင်းနေခဲ့၏။ ကီရီယန်လည်း ထိုအရာကို ခံစားလိုက်ရသည်။
မိခင်ဖြစ်သူကို ကြည့်လိုက်ရာ ထိုအချိန်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ သို့သော်သူမ၏ မျက်နှာတွင်မူ သားဖြစ်သူအား ကြည့်ရင်း နူးညံ့သော အပြုံးတစ်ခု ပေါ်ပေါက်နေခဲ့၏။
"ကီရီယန်... အဝတ်စည်းကို ချွတ်လိုက်ပါ"
လီယိုရာက လွန်စွာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ ကီရီယန်သည် ချက်ချင်းပင် ချွတ်လိုက်၏။ ထိုအချိန်တွင် လီယိုရာသည် သားဖြစ်သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ ကလေးငယ် မွေးဖွားစက ပထမဆုံး မျက်လုံးဖွင့်ကြည့်စဉ်ကအတိုင်း နူးညံ့သော အပြုံးမျိုး ပေါ်ပေါက်လာခဲ့၏။
ယခုအခါ ကီရီယန်၏ မျက်လုံးများမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မျက်ဝန်းနက်တစ်ခု နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့၏။ ထိုအရာမှာ လုံးဝ မီးခိုးရောင် ဖြစ်သော်လည်း၊ မျက်ဝန်း ပတ်လည်တွင်ရောင်စဉ်တန်းများ မရှိသေးဘဲ၊ ရောင်စဉ်တန်း ပေါ်လာမည့် အရိပ်အယောင်မျှပင် မရှိသေးပေ။
"မေမေ ထင်တဲ့အတိုင်းပါပဲ... သားလေးရယ်။ သား မေမေ့ကြောင့် ဒါတွေကို ဖုံးကွယ်ထားတာ မေမေသိတာပေါ့"
လီယိုရာ၏ အသံမှာ တိုးညှင်းသော သက်ပြင်းတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး၊ မျက်ဝန်းများထံမှအလင်းရောင်များ ပျောက်ကွယ်သွားခဲ့၏။
"ဒါပေမဲ့... ကျေးဇူးပြုပြီး နောက်ထပ် မဖုံးကွယ်ထားပါနဲ့တော့။ သားရဲ့ မျက်လုံးတွေက... မေမေမြင်ဖူးသမျှ အလှပဆုံး အရာတွေပါပဲ"
ထို့နောက်— သူမ ထွက်ခွာသွားခဲ့လေပြီ။
သူမ၏ နောက်ဆုံးစကားများမှာ လွန်စွာ တိုးညှင်းလွန်းသဖြင့် ကီရီယန် မကြားနိုင်ခဲ့ပေ။ သို့သော်နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ခြင်းဖြင့် သူ အပြည့်အဝ နားလည်ခဲ့၏။ မထွက်ခွာမီ နောက်ဆုံးအချိန်တွင် လီယိုရာ၏ မျက်နှာတွင် နာကျင်မှု၊ ဝမ်းနည်းမှုများ မရှိဘဲ ချစ်လှစွာသော သားဖြစ်သူကို ကြည့်ရင်း ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှု အရိပ်အယောင်များသာ ရှိနေခဲ့သည်ကို ကီရီယန် မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင် မျက်ရည်များ စီးကျလာခဲ့၏... မည်မျှကြာအောင် ကျဆင်းနေမည်ကို မည်သူမျှ မသိနိုင်ပေ။
အခန်းထဲတွင် တိတ်ဆိတ်နေပြီး သက်ဝင်လှုပ်ရှားမှု မရှိတော့ဘဲ၊ သစ်သားကြမ်းပြင်ပေါ်သို့ တစက်စက် ကျဆင်းနေသော မျက်ရည်စများ၏ အသံတစ်ခုတည်းသာ ထွက်ပေါ်နေခဲ့၏။ ကျဆင်းစရာမျက်ရည်များ ကင်းစင်သွားပြီးနောက် ကီရီယန်သည် မိခင်၏ လက်ကို နောက်ဆုံးအကြိမ် ဆုပ်ကိုင်လိုက်သည်။
လက်ဝါးထဲတွင် တင်းကြပ်စွာ ကိုင်ထားသော အရာတစ်ခုကို ခံစားလိုက်ရသဖြင့် ယူပြီး အမြန် ဖြန့်ကြည့်လိုက်ရာ ဝါကြုတ်နေသည့် စာရွက်ဟောင်းတစ်ရွက် ဖြစ်နေခဲ့၏။
"ဒါက... စာတစ်စောင် လား..."