အခန်း (၄၇) - ဟာကွက်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းနှင့် နိုးထသူများအသင်းဂိုဏ်း!
သူ့ရဲ့ အမြင်အာရုံအစွန်အဖျားမှာ ဘေးဘက်ကနေ လွင့်ပျံလာတဲ့ ပူဖောင်းလေးတွေကို မရေမတွက်နိုင်အောင် မြင်နေရသည်။ ဒရေးကန် (Drayken) သည် တစ်ချက်လှည့်ကြည့်လိုက်ပြီး စင်သီယာ (Synthia) ကို ခေါင်းငြိမ့်ပြလိုက်ရင်း— 'ဟင်း... ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ' ဟု စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။ ထို့နောက် ထိုပူဖောင်းလေးတွေကို စိတ်ဖြင့် ထိန်းချုပ်ကြည့်လိုက်၏။
အရောင်အမျိုးမျိုး ရှိသည့်အနက် ပန်းရောင်က အများဆုံးဖြစ်နေပြီး ၎င်းမှာ... အချစ် ဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်သည်။ ဘာပဲဖြစ်ဖြစ် ထိုပူဖောင်းလေးများကို သူ စုပ်ယူလိုက်သော်လည်း... ဘာခံစားချက်မှ မရှိချေ။ 'စိတ်ခံစားချက်က မလုံလောက်လို့လား' ဒရေးကန် ခဏလောက် စဉ်းစားလိုက်သည်။
သူ့ရဲ့ 'အရှိန်အဝါ စိုက်ပျိုးခြင်း' (Aura Farming) မှော်စာလုံး အလုပ်လုပ်ပုံက ရိုးရှင်းပါသည်။ လူတွေက သူ့အပေါ် စိတ်ခံစားချက် ထားရှိလေလေ၊ သူက ပိုပြီး အစွမ်းထက်လာလေလေ ဖြစ်သည်။ အစပိုင်းတွင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း စုစည်းမိသွားသော စိတ်ခံစားချက်များ၏ အားအင်မှာ တစ်ခါတစ်ရံ ကြောက်မက်ဖွယ် ကောင်းလှသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ရဲ့ အရှိန်အဝါက ပိုမိုတောင့်တင်းလာမည်ဖြစ်သည်။ သို့သော် ဤမှော်ပညာ၏ အကြောက်စရာအကောင်းဆုံး အချက်မှာ မှော်စွမ်းအင် (Mana) အနည်းငယ်သာ ကုန်ဆုံးခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဤမှော်ပညာကို အဆုံးမဲ့ အသုံးပြုထားနိုင်ပြီး လူအများ၏ စိတ်ခံစားချက်များကို အသုံးချကာ မိမိကိုယ်ကိုယ် အမြဲတမ်း သန်မာအောင် လုပ်ထားနိုင်ခြင်း ဖြစ်၏။ အလိုအလျောက် အလုပ်လုပ်နေသည့် စွမ်းရည်တစ်ခုကဲ့သို့ပင်!
'ဒါကတော့ တကယ်ကို ယှဉ်စရာမရှိအောင် အစွမ်းထက်လွန်းနေပြီ' ဒရေးကန်က စိတ်ထဲကနေ တွက်ချက်ရင်း တွေးလိုက်မိသည်။ ဤမှော်ပညာကြောင့် ကုန်ဆုံးသွားသော မှော်စွမ်းအင်မှာ တစ်နာရီလျှင် တစ်ရာခိုင်နှုန်းခန့်သာ ရှိပြီး၊ ထိုအချိန်အတွင်းမှာပင် သူ၏ 'ထူးခြားသော ဘွဲ့ထူး' ကြောင့် မှော်စွမ်းအင်များက ပြန်လည် ပြည့်ဝနေမည် ဖြစ်သည်။
"အင်း... ထူးခြားတဲ့ ဘွဲ့ထူးတွေအကြောင်း ပြောရရင်တော့" သူက ညည်းညည်းညူညူဖြင့် ရှေ့က အပြာရောင် စွမ်းဆောင်ရည်ပြ ဘောင်ကွက်ကို ကြည့်လိုက်သည်။
[သင်သည် သင်၏ ကိုယ်ပိုင်ကြိုးစားမှုဖြင့် မူလအတားအဆီးများကို ကျော်ဖြတ်ကာ အဆင့် ၄ သို့ ရောက်ရှိသွားပြီ ဖြစ်သည်]
[သင်သည် 'မှော်ပညာရှင်' ထက် မြင့်မားသော 'မှော်ထူးချွန်သူ' ဘွဲ့ထူးကို ရရှိသည်]
[သင်၏ မှော်စွမ်းအင် ထိန်းချုပ်မှုမှာ အဆင့် ၉ မှ အဆင့် ၁၂ သို့ တိုးတက်သွားသည်]
... မည်သည့် မှော်ပညာမဆို ၅ ရာခိုင်နှုန်း ပိုမို အစွမ်းထက်မည် ...
"ဟင်?" ထိုစာတန်းကို မြင်လိုက်ရသောအခါ ဒရေးကန် ခဏတာ တန့်သွားသည်။ သူ ပထမစက်၀န်း မှော်ဆရာ (First Circle Mage) ဖြစ်စဉ်က 'မှော်အစပြုသူ' ဘွဲ့ကို ရခဲ့ပြီး မှော်စွမ်းအား ၂ ရာခိုင်နှုန်း တိုးခဲ့ဖူးသည်။ သို့သော် ထိုစဉ်က မှော်စာလုံးများကို မတည်ဆောက်နိုင်သေးသဖြင့် မည်သည့် တိုးတက်မှုမှ မရှိခဲ့ပေ။ ၎င်းမှာ သူ၏ အစောပိုင်း အကြံအစည်သာ ဖြစ်ပြီး လက်တွေ့ မဖြစ်လာသေးသော အရာ ဖြစ်သည်။
"နောက်ဆုံးတော့ ငါ ဒါကို လုပ်နိုင်တော့မယ်" ဒရေးကန်သည် ပြင်းပြသော စိတ်အားထက်သန်မှုဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ၎င်းမှာ အဲရစ် (Eryke) ကို ကမ္ဘာမြေပေါ်တွင် အလျင်အမြန် သန်မာလာစေမည့် သော့ချက် ဖြစ်နိုင်သည်။ ထိုသို့ဖြင့် သူသည် တစ်နိုင်ငံလုံးတွင် တတိယမြောက် အထွတ်အထိပ်အဆင့် အမဲလိုက်သမား (Hunter) အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး စိတ်ကူးယဉ်ရုံဖြင့်ပင် မရနိုင်သည့် စည်းစိမ်ချမ်းသာများကို ခံစားနိုင်မည် ဖြစ်သည်။
ပြီးတော့ အရေးကြီးဆုံးအချက်က... '၀င်ပေါက်' (Gate) တွေကို ဝင်ရောက်ခွင့်ရဖို့ပဲ! အကယ်၍ သူသာ ၀င်ပေါက်တွေထဲ ဝင်ခွင့်ရခဲ့ရင် အဆင့်တွေ မြန်မြန်တက်နိုင်မည်၊ ကိုယ်ပွားတွေ ပိုထုတ်နိုင်မည်၊ ထိုကိုယ်ပွားတွေကလည်း မှော်ပညာတွေနဲ့ ဘွဲ့ထူးတွေ ရလာကြမည်...
'အဆုံးမဲ့ သန်မာလာမယ့် သံသရာကြီးပဲ'
ထိုအကြောင်းကို တွေးလိုက်ရုံနှင့်ပင် ဒရေးကန်သည် ချက်ချင်း လက်တွေ့အကောင်
အထည် ဖော်ချင်စိတ် ပေါက်လာသည်။
"နောက်ဆုံးတော့ မင်း လုပ်နိုင်သွားပြီလား လူငယ်လေး" အသံအိုကြီးတစ်ခုက လေထုကို ခွဲထွက်ကာ ထွက်ပေါ်လာသည်။
ဒရေးကန်သည် အတွေးကမ္ဘာထဲမှ လန့်နိုးလာပြီး ပေါ်လာသည့် အဖိုးအိုကို ကြည့်လိုက်သည်။ 'ဒီအဖိုးကြီးက ငါ့အပေါ် ဘယ်လို ခံစားချက် ရှိမလဲ' ဒရေးကန်က ပူဖောင်းလေးတွေကို အမြန်ကြည့်လိုက်သည်။ ထိုအဖိုးအိုဆီမှလည်း ပူဖောင်းများစွာ ထွက်လာနေသော်လည်း အများစုမှာ လိမ္မော်ရောင် ဖြစ်နေသည်။
'စိတ်လှုပ်ရှားနေတာလား' ဇဝေဇဝါ ဖြစ်နေသော စိတ်ဖြင့် ဒရေကန်သည် အဖိုးအို၏ အေးဆေးတည်ငြိမ်သော မျက်နှာကို ကြည့်လိုက်သည်။
"မင်း တော်တော် ကြာသွားတာပဲ မြေးလေး" သူက ဒရေးကန်၏ ပုခုံးကို ခိုင်ခိုင်မာမာ ပုတ်ရင်း— "မဆိုးပါဘူး၊ ဒါပေမဲ့ မင်း သင်ယူရဦးမှာတွေ အများကြီး ရှိသေးတယ်"
ဒရေးကန် ခဏတာ ကြောင်သွားပြီးမှ ခေါင်းငြိမ့်ပြုံးပြကာ ဦးညွှတ်လိုက်သည်— "ကျွန်တော် သင်ယူရမှာတွေ အများကြီး ကျန်ပါသေးတယ်"
"ကောင်းပြီ၊ ကောင်းပြီ။ မင်းရဲ့ စေ့စပ်ပွဲက နောက်တစ်ပတ်မှာ လုပ်မှာ။ တခြား နေရာတွေ သွားချင်သေးလား"
"မသွားတော့ပါဘူး အဖိုး။ ကျွန်တော် ဒီမှာပဲနေပြီး ဗဟုသုတတွေ အားလုံးကို ဆက်ပြီး လေ့လာချင်ပါတယ်" ဒရေးကန်က တစ်ခွန်းမကျန် ပြောလိုက်သည်။
"ငါ မင်းကို တကယ် ဂုဏ်ယူတယ်" အဖိုးအိုက ရယ်မောလိုက်ပြီးနောက် သူ၏ အကြည့်က စင်သီယာ့ဆီ ရောက်သွားသည်— "မင်းကရော ဘယ်လိုလဲ ကောင်မလေး... မင်းကတော့ စာမသင်ဘဲ လျှောက်ပြေးဆော့ချင်နေတုန်းလား"
"အို... အဖိုးကလည်း အဲဒီလို မပြောပါနဲ့" ပုခုံးလေးတွန့်ကာ လှဲနေသော စင်သီယာက စိတ်ပျက်လက်ပျက် မျက်နှာပေးဖြင့်— "အဖိုးက သမီးအဖိုးလား၊ သူ့အဖိုးလား"
"နှစ်ယောက်လုံးရဲ့ အဖိုးပေါ့" ဒရေးကန်က ဘေးကနေ ဝင်ပြောလိုက်သည်။
"နင်... နင်ကတော့လေ..." စင်သီယာ့ ပါးဖောင်းလေးတွေ ဖောင်းတက်လာသည်။ ထိုပုံစံကို ကြည့်ပြီး ဒရေးကန်သည် ကျောထဲ စိမ့်သွားကာ အနာဂတ်တွင် ကြုံရမည့် ကြီးမားသော အန္တရာယ်တစ်ခုကို သူ၏ စစ်သည်ဗီဇက သတိပေးနေသလို ခံစားလိုက်ရသည်။
"ဘာပဲဖြစ်ဖြစ် အဖိုး... ကျွန်တော် စာစကြည့်တော့မယ်" ဒရေးကန်သည် စားပွဲတစ်ခုမှာ ထိုင်လိုက်ပြီး ဖတ်ရန်အတွက် ထူထဲသော စာအုပ်ကြီးကို ထုတ်လိုက်သည်။
"ဟွန့်" စင်သီယာက နှာခေါင်းရှုံ့လိုက်ပြီး အဖိုးအိုကို ကြည့်ကာ— "သမီးလည်း ဒီမှာပဲ စာဖတ်ပြီး ဒရေးကန်ကို အထူးတလည် စောင့်ရှောက်ပေးမယ်"
"အေးအေး... မင်းလည်း နောင်တရတတ်လာပြီပဲ။ ငါ သွားတော့မယ်" အဖိုးအိုက ရယ်မောကာ ပျောက်ကွယ်သွားသည်။
ထိုနေရာတွင် အနေရခက်သော တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။ စင်သီယာသည်လည်း သူမ၏ စာအုပ်ကို ယူကာ သူ့ရှေ့တည့်တည့်တွင် ထိုင်၍ စာဖတ်လေတော့သည်။ ထို့နောက်တွင်တော့ အေးချမ်းမှုက ပြန်လည် စိုးမိုးသွားသည်။
'ငါတို့ လက်ထပ်ပြီးရင်တော့ ငါ ဆိုဖာပေါ်မှာပဲ အိပ်ရတော့မယ် ထင်တယ်' ဒရေးကန်က စာဖတ်ရင်း ခါးသီးသော စိတ်ဖြင့် တွေးနေမိသည်။
မူလကမ္ဘာရှိ အဲရစ်သည် သူကစားနေသော ဂိမ်းကို ခေတ္တရပ်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် နေသာနေသော ကောင်းကင်ယံကို ကြည့်လိုက်သည်။
"ငါ တကယ်ပဲ အပြင်သွားရမှာလား" သူ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
သူ့ရဲ့ ကိုယ်ပွားက 'စိတ်ဆန္ဒ' အကြောင်း သိရှိသွားသောအခါ သူကိုယ်တိုင်လည်း အလိုအလျောက် သိရှိသွားသည်။ မျိုးရိုးဗီဇ စွမ်းရည်များနှင့် သွေးမျိုးဆက်များကဲ့သို့သော အရာများကို မျှဝေ၍မရသော်လည်း၊ စိတ်ဆန္ဒကို သင်ယူခြင်းမှာမူ ထိုသို့ မဟုတ်ပေ။ သို့သော် စိတ်ဆန္ဒကို သိရုံနှင့် မလုံလောက်ဘဲ ၎င်းကို လက်တွေ့ဖော်ဆောင်ရန် ကုန်ကြမ်းပစ္စည်းများ လိုအပ်သေးသည်။ ဤကမ္ဘာသည် နဂါးများနှင့် စိတ်တန်ခိုးရှင်များ ကမ္ဘာမဟုတ်သဖြင့် လိုချင်တာကို အလွယ်တကူ မရနိုင်ချေ။ ထို့ကြောင့် သူ ရှာဖွေရမည်မှာ...
"အစားထိုး အသုံးပြုနိုင်မယ့် ပစ္စည်းတစ်ခုပဲ"
ကောင်းကင်မှာ ကြည်လင်နေပြီး တိမ်တစ်စွန်းတစ်လေမျှ မရှိချေ။ ပြင်းထန်သော နေပူရှိန်က အရာအားလုံးကို လောင်ကျွမ်းတော့မည့်အတိုင်းပင်။ အဲရစ်သည် သူ၏ စုတ်ပြတ်နေသော အခန်းထဲမှ ထွက်လာခဲ့ရာ အပေါ်ထပ်မှ အော်ဟစ်သံများကို ချက်ချင်း ကြားလိုက်ရသည်။ အိမ်ရှင် လင်မယားမှာ အမြဲတမ်း တစ်တွဲတွဲ ရန်ဖြစ်နေကြသူများ ဖြစ်သည်။ သူသည် မရပ်မနားဘဲ ကားပါကင်သို့ ဆင်းလာကာ ဟောင်းနွမ်းနေသော ပဉ္စမမြောက်မျိုးဆက် ချက်ဗရိုလက် ကာမာရို(Chevrolet Camaro) ကားအိုကြီးကို စီးပြီး လူစည်ကားသော လမ်းမပေါ်သို့ မောင်းထွက်ခဲ့သည်။
လမ်းတစ်လျှောက် ပိတ်ဆို့နေသော ကားများကို ကြည့်ကာ အဲရစ် မျက်မှောင်ကြုတ်လိုက်မိသည်— "ဒါကြောင့် ငါ အပြင်ထွက်ရတာကို မုန်းတာ"
ဘာပဲဖြစ်ဖြစ်၊ သူ သွားနေရင်းဖြင့် သူ၏ ဘဏ်စာရင်းကို စစ်ဆေးလိုက်သည်။ "စုငွေ ဒေါ်လာ ခြောက်သောင်း... သင့်တင့်တဲ့ ပမာဏဆိုပေမဲ့ ငါ လိုအပ်တာတွေကို ဝယ်နိုင်ပါ့မလား"
သူ၏ ဟောင်းနွမ်းနေသော ကားအိုကြီးသည် မြို့၏ အခမ်းနားဆုံးဖြစ်သော အထပ် ၁၀၀ မြင့်သည့် အဆောက်အအုံကြီးဆီသို့ ဦးတည်မောင်းနှင်သွားသည်။ ၎င်းမှာ နိုးထသူများကို စီမံခန့်ခွဲပြီး ၀င်ပေါက်များမှရသော ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားသည့် 'နိုးထသူများအသင်းဂိုဏ်း' (Awakeners Association) ပင် ဖြစ်တော့သည်။