အခန်း (၄၃) - ကတိတစ်ခုနှင့် အံ့အားသင့်သွားရသူနဂါးဘုရင်မင်းမြတ်
အဘိုးအိုက သူ့မြေးမလေးကို မျက်ခုံးတစ်ဖက် လှုပ်ခတ်သွားသည်အထိ စိုက်ကြည့်လိုက်ရင်း "ဒီစကားကို ငါဘယ်နှစ်ခါ ပြောပြီးပြီလဲ" ဟု ဒေါသတကြီး မေးလိုက်သည်။
"ဟီးဟီး" စင်သီယာက လျှာလေးထုတ်ကာ ချွဲနွဲ့လိုက်သည်။ "တောင်းပန်ပါတယ် အဘိုးရဲ့။ နောက်ဆို သေချာဂရုစိုက်ပါ့မယ်။"
ဒရေးကန်က အန္တရာယ်ရှိနေတာမဟုတ်ဘဲ တရားဝင်သလိုမျိုး စိတ်နှစ်နေရုံသာဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမ ရင်ထဲတွင် တင်နေသော အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။
"ဒီကလေးမကတော့ကွာ..." အဘိုးအိုက စိတ်ပျက်လက်ပျက် ခေါင်းခါရင်း "မင်းရဲ့ ပါရမီက အကောင်းဆုံးထဲမှာ ပါပေမဲ့ ကျင့်ကြံဖို့ကျတော့ ပျင်းလိုက်တာ။ မဟုတ်ရင် အခုလောက်ဆို မင်းက အဆင့် ၄ နဂါးတစ်ကောင် ဖြစ်နေလောက်ပြီ။ အဲဒီ နှင်းခဲမျိုးနွယ်က စီစီလင်း ဆိုတဲ့ ကောင်မလေးထက်တောင် သာနေဦးမယ်"
"သမီးက မလုပ်ချင်လို့ပါ၊ ပျင်းလို့ ဟီးဟီး" စင်သီယာက ရယ်မောစွာဖြင့် ပြန်ပြောသည်။
"ဟွန်း... မင်း ပိုကြိုးစားမှဖြစ်မယ်" အဘိုးအိုက သူမနဖူးကို တောက်ခေါက်လိုက်သဖြင့် စင်သီယာ နာသွားပြီး မျက်နှာလေး ရှုံ့မဲ့သွားသည်။ "ဒီနေ့ အနည်းဆုံး စာမျက်နှာ ၁၀ မျက်နှာ နားမလည်မချင်း ဒီနေရာက ထွက်ဖို့ မစဉ်းစားနဲ့"
"မလုပ်ပါနဲ့!" စင်သီယာ မျက်နှာလေး ဖြူလျော့သွားသည်။ "အဘိုးက သမီးကို ဒီလို မရက်စက်ပါနဲ့!"
"ရက်စက်ရမယ်လေ။ ဒရေးကန်ကို ကြည့်ပြီး အတုယူစမ်း။ သူက စာအုပ်တစ်အုပ်လုံးကို ခဏလေးနဲ့ ဖတ်နိုင်တာ။ အခု သူ စိတ်နှစ်ထားတဲ့ ပုံစံအရ ပြန်နိုးလာရင် 'ရည်ရွယ်ချက်စွမ်းအား' ကို အပြည့်အဝ နားလည်သွားလိမ့်မယ်"
"ဒရေးကန်ကတော့ လူမှမဟုတ်တာ၊ သူက ထူးဆန်းတဲ့ မိစ္ဆာတစ်ကောင်လိုပဲကို" သူမက နှုတ်ခမ်းဆူကာ ငြည်းညူလိုက်သည်။ "ဒါနဲ့... အဘိုးရော ငယ်ငယ်က စာအုပ်တစ်အုပ် ပြီးဖို့ ဘယ်လောက်ကြာလဲဟင်?"
စင်သီယာက သိချင်စိတ်ဖြင့် မျက်လုံးလေးတွေ တောက်ပကာ မေးလိုက်သည်။
"အင်း... အဟွတ်၊ အဟွတ်" အဘိုးအို၏ မျက်လုံးများ ခဏတာ ဝေဝါးသွားသည်။ သူသည် မိမိကိုယ်ကိုယ် အတော်ဆုံး၊ အတော်ဆုံးဟု ထင်မှတ်ခဲ့ပြီး နန်းတွင်းစာကြည့်တိုက်ကို ခြေတစ်ဖက်တောင် မချခဲ့ဖူးသည့် ရှက်စရာကောင်းသော လူငယ်ဘဝကို ပြန်မြင်ယောင်မိသွားသည်။ ထိုစဉ်က လူသားမျိုးနွယ်ထဲမှ ပါရမီရှင်တစ်ယောက်၏ လက်ချက်ဖြင့် အရှုံးကြီးရှုံးခဲ့ရသည့်နေ့အထိပေါ့။ ထိုနေ့က တစ်စုံတစ်ယောက်၏ ကယ်တင်ခြင်းကို ခံခဲ့ရသော်လည်း အရှက်ရမှုကတော့ နက်ရှိုင်းစွာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်မှစ၍ သူ သင်ခန်းစာရကာ ခက်ခဲကြမ်းတမ်းသော လမ်းကို လျှောက်လှမ်းခဲ့ရခြင်း ဖြစ်သည်။
အဘိုးအိုသည် မိမိလက်ကို ငုံ့ကြည့်လိုက်သည်။ ခဏတာမျှ သွေးပင်လယ်ဝေနေသော နေရာတွင် အလောင်းပေါင်း သန်းနှင့်ချီသည့်ကြား သူတစ်ယောက်တည်း ရပ်နေသကဲ့သို့ အာရုံထဲတွင် မြင်ယောင်သွားသည်။
"အဘိုး... အဘိုး... ဘာဖြစ်လို့လဲ?" စင်သီယာက သူ့အင်္ကျီလက်ကို ဆွဲကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး" သူက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ "အဘိုး ငယ်ငယ်က မွေးကတည်းက နဂါးဘုရင် ဖြစ်လာဖို့ သွေးနဲ့ချွေး ရင်းပြီး ကြိုးစားခဲ့ရတဲ့ ဂုဏ်ယူစရာနေ့ရက်တွေကို သတိရသွားလို့ပါ"
"လိမ်နေတာပဲ" စင်သီယာက နှုတ်ခမ်းစူကာ တတွတ်တွတ် ပြောလိုက်သည်။ "မွေးကတည်းက ကြိုးစားနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ"
"အမှန်တရားကိုတော့ ငြင်းလို့မရဘူး မြေးမလေးရဲ့။ မဟုတ်ရင် ငါက ဘယ်လိုလုပ် အထွတ်အထိပ် နဂါးဘုရင် ဖြစ်လာပါ့မလဲ"
"ဟွန်း" သူမက ဒရေးကန်ဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။ မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များ ပြန်လည် ထင်ဟပ်လာသည်။ 'သူ တကယ်ပဲ အဆင်ပြေပါ့မလား?'
ဒရေးကန် အခွင့်အရေးကောင်းတစ်ခု ရနေသည်ဟု အဘိုးက အတည်ပြုထားသော်လည်း စင်သီယာ၏ ရင်ထဲတွင် စိုးရိမ်စိတ်က မကုန်နိုင်သေး။ တစ်ခုခု လွဲချော်သွားရင်ကော? ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ ရှိနေရင်ကော?
ဒရေးကန် မျက်လုံးပွင့်လာသည့် အချိန်ကျမှသာ သူမ၏ စိုးရိမ်စိတ်များ အရည်ပျော်သွားပြီး ဝမ်းသာမျက်ရည်များ ဝဲလာတော့သည်။ သူမသည် ရှေ့သို့ ပြေးထွက်သွားပြီး သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
"နင် တစ်ခုခု ဖြစ်သွားပြီလို့ ထင်နေတာ..."
"ကလေးမလေးရာ... ငါက ဘာဖြစ်ရမှာလဲ" ဒရေးကန်က အသာအယာ ပြုံးရင်း သူမခေါင်းကို ပုတ်ပေးလိုက်သည်။ "ငါ့အတွက် စိုးရိမ်နေတာလား?"
"နင် သေသွားရင် ငါ့ကလဲ့စားချေမှုက မပြီးဆုံးမှာ စိုးလို့ပါ" သူမက နှပ်သီးလေး တရှုံ့ရှုံ့ဖြင့် ပြန်ပြောသည်။
"ဟာဟား... အေးပါ၊ အေးပါ" ဒရေးကန်က မတ်တတ်ရပ်လိုက်သဖြင့် စင်သီယာက သူ့ကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ရသည်။
"ဒရေးကန်... နင် ငါ့ကို ကတိတစ်ခု ပေးနိုင်မလား?"
"ရတာပေါ့" ဒရေးကန်က ရယ်မောလိုက်သည်။ "ငါ တကယ် လုပ်ပေးနိုင်တဲ့ အရာဆိုရင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
"ငါ့ဆီကနေ ကလဲ့စားမချေရသေးခင်အထိ... နင် ဘယ်တော့မှ မသေဘူးလို့ ကတိပေး!"
"ဒါဆိုရင်တော့ နင် ဘယ်တော့မှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်တော့ဘူး..." ဒရေးကန်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ စင်သီယာ၏ စွဲမြဲသော မျက်ဝန်းများကို ကြည့်ကာ မျက်လုံးကို အသာမှိတ်လိုက်သည်။ "ကောင်းပါပြီ၊ ငါ ကတိပေးတယ်။ နင် ငါ့ကို ကလဲ့စားမချေရသေးခင်အထိ ငါ မသေစေရဘူး"
ထိုအခိုက်အတန့်တွင် ဘာမှ ပြောင်းလဲသွားခြင်းမရှိဟု ထင်ရသော်လည်း ဤကတိစကားတစ်ခုသည် တစ်နေ့တွင် ကံကြမ္မာ၏ လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်ပေသည်။ ကံကြမ္မာ၏ စက်ဝန်းသည် တိတ်တဆိတ်၊ သိမ်မွေ့စွာဖြင့် ပြန်လည် ရစ်ပတ်နေပြီ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အနာဂတ်တွင် ဘာဖြစ်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။
"မင်းတို့ ချစ်သူနှစ်ယောက် အဆင်ပြေရဲ့လား?"
"အာ... အဘိုး" သူမက အမှားတစ်ခုခု လုပ်ထားသကဲ့သို့ မျက်နှာလေး နီမြန်းကာ ဒရေးကန်နှင့် ခပ်ခွာခွာ ရပ်လိုက်သည်။ "အဘိုး မြင်သလိုမျိုး မဟုတ်ပါဘူး..."
"ကလေးမလေးရယ်၊ ငါတို့က လက်ထပ်ကြမယ့်သူတွေပဲဥစ္စာ" ဒရေးကန်က သူမခေါင်းကို ပုတ်ကာ အဘိုးအိုကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "အထွတ်အထိပ် နဂါးဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်"
သူ့ရင်ထဲတွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်မိသော်လည်း သူသည် လေးစားမှုရှိသော အမျိုးသားတစ်ဦး ဖြစ်သည့်အတွက် နဂါးဘုရင်ကို လေးလေးစားစား ဆက်ဆံခြင်း ဖြစ်သည်။
"မင်း အကုန် ကြားနေတာပဲ မဟုတ်လား?" အဘိုးအိုက ရယ်မောရင်း ပြောသည်။ "ခေါင်းမော့ပြီး ငါ့ကို ကြည့်စမ်း"
ဒရေးကန်က သူ့ကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ။ မင်း ဘယ်လောက်အထိ နားလည်သွားပြီလဲ?"
ထိုစကားကို ကြားသောအခါ ဒရေးကန်က မျက်လုံးမှိတ်ကာ ခဏမျှ ငြိမ်သက်စွာ ရပ်နေသည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ တိုးညှင်းစွာ ပြောလိုက်သည် -
"အားလုံးပါ။"
"ဟင်?" အဘိုးအိုသည် မယုံကြည်နိုင်ခြင်း၊ သံသယဖြစ်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ ဝမ်းသာခြင်းနှင့် မနာလိုခြင်းတို့ ရောပြွမ်းနေသော ခံစားချက်လှိုင်းလုံးကြီး စိတ်ထဲတွင် ရိုက်ခတ်သွားသည်။ "ငါ့ကို ပြစမ်း"
သူက ခြောက်သွေ့နေသော နှုတ်ခမ်းများဖြင့် ခက်ခဲစွာ ပြောလိုက်သည်။
"ကောင်းပါပြီ" ဒရေးကန်က ခေါင်းညိတ်လိုက်သည်။ အဘိုးအို၏ လက်ထဲမှ ဘောပင်နှင့် စက္ကူသည် ဒရေးကန်၏ လက်ထဲသို့ လေထဲမှတစ်ဆင့် ရောက်ရှိလာသည်။
သူ လက်ကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် 'မှော်စွမ်းအင် (Mana)' များသည် သူ့ပတ်ပတ်လည်တွင် ဝဲကရက်ထသလို ပေါ်ပေါက်လာပြီး ဘောပင်ထိပ်ဖျားတွင် စုစည်းသွားသည်။
"လူတစ်ယောက်က ဘာပဲလုပ်လုပ်၊ ခိုင်မာတဲ့ စိတ်ဆန္ဒ ရှိနေသရွေ့... မှော်စွမ်းအင်ကို လောင်စာအဖြစ် အသုံးချပြီး..."
သူ စကားပင် မဆုံးသေးမီမှာပင် အဘိုးအိုသည် တကယ့် အံ့ဖွယ်အမှုကို မြင်တွေ့လိုက်ရသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ဒူးထောက် ကျသွားတော့သည်။ သူသည် တကယ့် ထူးခြားဆန်းပြားသည့် အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံနေရခြင်း ဖြစ်သည်။
"... ဒါဆိုရင် မှော်ဂါထာတစ်ခုကို ဖန်တီးနိုင်ပြီ"
ဒရေးကန်က တည်ငြိမ်စွာဖြင့် စက္ကူပေါ်တွင် အနက်ရောင် အစက်ကလေးတစ်စက် ချလိုက်သည်။ သို့သော် ထိုရိုးရှင်းလှသော အစက်ကလေးထဲတွင် နက်နဲသော အဓိပ္ပာယ်များ ကိန်းအောင်းနေသည်။ အပေါ်ယံကြည့်လျှင် ရိုးရှင်းသော်လည်း ထိုရိုးရှင်းမှုအောက်တွင် ရှုပ်ထွေးလှသော မှော်စွမ်းအင် တည်ဆောက်ပုံများ ဖုံးကွယ်နေသည် မဟုတ်ပါလား။
အဘိုးအိုက သူ့မျက်လုံးကို သူ ပြန်ပွတ်ရင်း -
"ဒါ... ဒါက 'အရှိန်အဝါ မှော်ဂါထာ' တွေထဲက တစ်ခုဖြစ်တဲ့ 'အရှိန်အဝါပုံဖော်ခြင်း (Aura Projection)' လား?"
"မှန်ပါတယ်" ဒရေးကန်က တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်လေသည်။