အပိုင်း (၄၁) - အဖိုး
ကြည်လင်ပြာလွင်နေသော ကောင်းကင်ယံထက်တွင် တိမ်စိုင်တိမ်လိပ်တို့ ကင်းစင်နေပြီး ရွှေရောင်နေခြည်တန်းတို့က ကမ္ဘာမြေထက်သို့ ဖြာကျနေသည်။ ဆူးပင်များ ဖုံးလွှမ်းနေသော မြေပြင်ထက်တွင် ဧရာမ အရိပ်ကြီးနှစ်ခု ဖြတ်သန်းသွားပြီး တဖြည်းဖြည်းနှင့် ဝေးရာသို့ ရွေ့လျားသွားကြသည်။ ထိုအရိပ်များမှာ ကောင်းကင်ယံ၌ ပျံသန်းနေသော ခန့်ညားထည်ဝါလှသည့် နဂါးကြီးနှစ်ကောင်ပင် ဖြစ်သည်။ ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းနေသည့် နဂါးမှာ ကောင်းကင်ပြာရောင် ရှိပြီး ခန့်ညားလှသော အတောင်ပံများကို ဖြန့်ကားကာ အမြီးများကို နွဲ့နှောင်းစွာ ဝေ့ယမ်းရင်း ကောင်းကင်ပြာနှင့် တစ်သားတည်း ဖြစ်နေသယောင် ရှိသည်။ ထိုနဂါးမှာ ဘုရင်ဆန်သော အရှိန်အဝါနှင့် ကျေးဇူးသစ္စာ ပြည့်ဝသည့် အသွင်ကို ဆောင်သည်။
၎င်း၏ နောက်တွင် လိုက်ပါလာသော အခြားနဂါးတစ်ကောင်မှာမူ အနည်းဆုံး ငါးမီတာခန့် ပိုမိုကြီးမားသည်။ ကောင်းကင်ယံ၏ စစ်မှန်သော ဘီလူးကြီးတစ်ကောင်အလားပင်။ ၎င်း၏ အကြေးခွံများမှာ နီရဲသော အရောင်နှင့် နက်မှောင်သော အရောင်တို့ ရောယှက်နေပြီး ခန္ဓာကိုယ်တစ်လျှောက်တွင် လျှပ်စီးကြောင်းများ လက်လှမ်းနေသည်။ ထူးခြားခန့်ညားသော မျက်လုံးအစုံမှာ နတ်ဘုရားတစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသယောင် ရှိသည်။ ၎င်း၏ အတောင်ပံများသည်လည်း အလွန်တရာ ကြီးမားလှသဖြင့် ရှေ့မှ ပျံသန်းနေသော ပြာလွင်သည့် နဂါးမလေး၏ ခန္ဓာကိုယ်တစ်ခုလုံးစာနီးပါး ရှိသည်။
"ဒရေးကန်၊ မင်း ခန္ဓာကိုယ်က ဒီလောက်တောင် ကြီးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။
"ဟားဟား၊ အဆင့် (၃) ကို ရောက်ပြီး သွေးမျိုးဆက်အသစ်ကို ရရှိလိုက်တော့ ငါ့ရဲ့ နဂါးအသွင်ပြောင်းလဲမှုက ပိုပြီးတော့ ဆင့်ကဲတိုးတက်လာပုံပဲ။"
ဒရေးကန်က သူ၏ နဂါးအစွယ်များကို ဖော်ထုတ်ကာ ပြုံးလိုက်သည်။ ကောင်းကင်ယံတွင် ပျံသန်းနေသော ထိုနဂါးနှစ်ကောင်မှာ ဒရေးကန်နှင့် စင်သီယာတို့ပင် ဖြစ်သည်။
"ဟွန့်၊ ငါလည်း အဆင့် (၃) နဂါးပဲလေ။ ငါက ဘာလို့ ပိုသေးနေရတာလဲ? မင်းက အနည်းဆုံး အမြင့် မီတာနှစ်ဆယ်လောက် ရှိနေပြီးတော့ ငါကတော့ မီတာ တစ်ဆယ့်ငါးမီတာတောင် မပြည့်ချင်ဘူး။ ငါက အစစ်မှန်ဆုံး သွေးမျိုးဆက်တွေထဲက တစ်ခုကို ပိုင်ဆိုင်ထားတာတင်မကဘဲ ငယ်ငယ်ကတည်းက ကြီးထွားမှုအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ အများကြီး သုံးစွဲခဲ့တာတောင်မှ..."
"ဟားဟား။"
ဒရေးကန်က အရှိန်မြှင့်လိုက်ပြီး သူမ၏ ရှေ့တည့်တည့်သို့ ရောက်သွားကာ သူမ၏ နဂါးဦးခေါင်းကို သူ၏ လက်သည်းဖြင့် ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
"အဲ့ဒါက ငါက တခြားသူတွေနဲ့ မတူဘဲ ထူးခြားနေလို့ပေါ့၊ ငါ့ရဲ့ မင်းသမီးလေး။"
"ဟွန့်..." သူမက တိုးတိုးလေး ရေရွတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
မကြာမီတွင် သူတို့သည် ဆူးပင်များ ဖုံးလွှမ်းနေသော တောင်ကုန်း၏ အလယ်ဗဟိုရှိ သတ္တုအဆောက်အဦးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
"ရပ်လိုက်စမ်း။ ရှေ့ဆက်မတိုးခင် မင်းတို့ ဘယ်သူဘယ်ဝါဆိုတာ ပြောပြစမ်း။"
မည်သည့်အရပ်မျက်နှာမှ ထွက်ပေါ်လာမှန်း မသိနိုင်သော ဟိန်းဟောက်သံကြီး တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ဒရေးကန်၏ နားရွက်များ လှုပ်ခတ်သွားသည်။ ထိုအသံမှာ နေရာတိုင်းတွင် ရှိနေသလိုမျိုး ခံစားရသော်လည်း မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကိုမူ အတည်ပြု၍ မရနိုင်ပေ။ စင်သီယာက ရှေ့သို့ ပျံတက်သွားပြီး သူမ၏ လည်တိုင်ကို ဆန့်ထုတ်ကာ သတ္တုအဆောက်အဦးကို ငုံ့ကြည့်လိုက်သည်။ သူမ၏ ပြာလွင်သော မျက်ဝန်းအစုံက တဖြည်းဖြည်း ကျယ်လာပြီး ပါးစပ်ကို ဖွင့်ကာ ဆိုလိုက်သည်။
"သမီးက နဂါးမျိုးနွယ်စုရဲ့ မင်းသမီး စင်သီယာပါ။"
သူမ၏ အသံက ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အသက်ကြီးသောအသံတစ်ခုက ပြန်လည် ထွက်ပေါ်လာသည်။
"ဒီနေရာကို ဘာကိစ္စရှိလို့ လာတာလဲ၊ ဒီကောင်မလေး?"
"အဖိုး... သမီး စာလာဖတ်တာပါ!" သူမက အော်ပြောလိုက်သည်။
"...မင်း တကယ်ပဲ စာဖတ်ဖို့ လာတာ ဟုတ်လို့လား၊ ကောင်မလေး?"
"ဟုတ်ပါတယ်" သူမက ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို မင်းနောက်က တစ်ယောက်က ဘယ်သူလဲ?"
ထိုအဖိုးအို၏ အသံတွင် အနည်းငယ် ဒေါသပါသော လေသံကို ခံစားလိုက်ရသည်။
"ဟို... အဖိုး..." သူမက ဒရေးကန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဒရေးကန်ကလည်း သူမကို လှောင်ပြုံးပြုံးရင်း ကြည့်နေသည်။ "သူက... ခမည်းတော် စီစဉ်ပေးထားတဲ့ သမီးရဲ့ စေ့စပ်ထားသူပါ။"
"အဲ့ဒီ လူရှုပ်လေးက ဘာလုပ်လိုက်တယ် ဟုတ်လား?"
ဟိန်းဟောက်သံကြီးက ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ယံမှ မျက်လုံးအိမ်ကြီး တစ်ခု ပေါ်ထွက်လာပြီး သူတို့ နှစ်ယောက်ကို ကြည့်လိုက်သည်။
"ဒီကောင်လေးက မင်းရဲ့ ခင်ပွန်းပေါ့လေ၊ ပြီးတော့ အဲ့ဒီ လူရှုပ်လေးက သူ့သဘောနဲ့သူ ဒါကို ဆုံးဖြတ်လိုက်တယ်ပေါ့?"
ထိုဟိန်းဟောက်သံမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ဒရေးကန်မှာ ကျောထဲ စိမ့်သွားသည်။ သူက ထိုမျက်လုံးကြီးကို ကြည့်ရင်း တံတွေးကို အနိုင်နိုင် မြိုချလိုက်ရသည်။ ဤစွမ်းအားကို သူ ရင်းနှီးနေသယောင် ရှိသော်လည်း မည်သည့်နေရာမှန်း မမှတ်မိသဖြင့် သူ ဇဝေဇဝါ ဖြစ်နေရသည်။ ထိုမျက်လုံးအိမ်ကြီးက လှုပ်ရှားသွားပြီး ဒရေးကန်ကို တစ်ကိုယ်လုံး ဝါးမြိုပစ်တော့မည့်အလား စိုက်ကြည့်နေသည်။
"ဟုတ်ပါတယ်" စင်သီယာက ဒရေးကန်ကို ကြည့်ကာ ပြုံးလိုက်သည်။
"ဟားဟားဟား... ကောင်းတယ်၊ အရမ်းကောင်းတယ်။"
ဟိန်းဟောက်သံမှာ ရယ်မောသံအဖြစ်သို့ ပြောင်းလဲသွားသည်။ အလွန်တရာ ဝမ်းသာအားရ ဖြစ်နေသည့် ရယ်မောသံပင်။
"ဟင်?" စင်သီယာက နဂါးခေါင်းလေးကို စောင်းကာ နားမလည်နိုင်သလို ဖြစ်နေသည်။
"ဒီကောင်လေးမှာ 'လျှပ်စီးသူတော်စင်' သွေးမျိုးဆက် ရှိနေတာပဲ။ ဟောကိန်းတွေက မှန်နေတာပဲ။ ငါတို့ နဂါးမျိုးနွယ်တွေ ဒီလောက်နဲ့တင် မဆုံးရှုံးသွားနိုင်ဘူး၊ ဟားဟား။" ထိုအသံမှာ ကမ္ဘာပေါ်တွင် အပျော်ဆုံးလူတစ်ယောက်အလား ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟမ်? ဟင်!?" စင်သီယာ အံ့အားသင့်သွားသည်။
"မင်းက မကြာခင် ငါ့ရဲ့ မြေးဖြစ်လာတော့မှာပေါ့ ဟုတ်လား? အနားကို တိုးလာခဲ့စမ်း။"
ဒရေးကန်က စူးစမ်းလိုစိတ်ဖြင့် ရှေ့သို့ ပျံသန်းသွားပြီး "အဖိုး..." ဟု ခေါ်လိုက်သည်။
"ဟားဟား၊ သိပ်တော်တယ်။ တတိယ စက်၀န်းရဲ့ အထွတ်အထိပ်နဲ့ အဆင့် (၃) နဂါးအဆင့်ကို ရောက်နေပြီပဲ။ ဒီသွေးမျိုးဆက် မရှိရင်တောင် မင်းရဲ့ ခန္ဓာကိုယ်က တက်ကြွပြီး ခွန်အားတွေ ပြည့်နေတာပဲ။ သာမန်နဂါးတွေထက် အနည်းဆုံး ဆယ်ဆလောက် ပိုသန်မာတယ်။"
"သွေးမျိုးဆက်ရဲ့ အားဖြည့်မှုနဲ့ဆိုရင် မင်းရဲ့ အကန့်အသတ်နဲ့ အလားအလာတွေက အရင်က မရှိဖူးတဲ့ အဆင့်ကို ရောက်သွားပြီပဲ။ ဒါပေမဲ့ မင်းမှာ ဘာလို့ 'အရှိန်အဝါ' (Aura) စွမ်းအင်သဘာဝ ရှိနေတာလဲ? လျှပ်စီး မန္တန်တွေ ရှိရမှာ မဟုတ်ဘူးလား?"
အဖိုးအို၏ ရေရွတ်သံကို ကြားလိုက်ရချိန်တွင် ဒရေးကန်၏ ကျောပြင်မှာ ချွေးစေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။ ဤမျက်လုံးကြီးသည် မည်သည့်အရာ ဖြစ်စေကာမူ သူ၏ လျှို့ဝှက်ချက် အားလုံးကို ဖော်ထုတ်နိုင်သယောင် ခံစားနေရသည်။ သူ၏ နှလုံးခုန်သံမှာလည်း ပြင်းထန်လွန်းလှသည်။ အကယ်၍ သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်း သူတို့ သိသွားခဲ့လျှင် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် အဖိုးအိုက ဆက်မပြောတော့ပေ။ ယင်းအစား ထိုမျက်လုံးကြီးမှာ မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်တစ်စက္ကန့်တွင် အပြာရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် အပြာရောင်အဝတ်အစားများ ဝတ်ဆင်ထားသော ခါးကုန်းကုန်း အဖိုးအိုတစ်ဦးအဖြစ် ပြောင်းလဲကာ သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
"မင်းရဲ့ အရှိန်အဝါမန္တန်ကို ထပ်ပြီး တိုးတက်ချင်လို့ လာတာလား?"
"ဟုတ်ကဲ့ပါ အဖိုး" ဒရေးကန်က ဧရာမနဂါးကြီးအသွင်ဖြင့်ပင် ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။
"ဟားဟား၊ ယဉ်ကျေးနေစရာ မလိုပါဘူး။" အဖိုးအိုက ဒရေးကန်ကို အထက်အောက် ကြည့်လိုက်သည်။ "ငါ့နောက်ကို လိုက်ခဲ့။ အဲ့ဒီ လူရှုပ်လေးက ငါတို့ရဲ့ လျှို့ဝှက်ပညာရပ်တွေကို မင်းကို သင်ပေးချင်လို့ စင်သီယာနဲ့ လက်ထပ်ပေးလိုက်တာ ထင်တယ်လေ။"
'ဒီအဖိုးကြီးက အကုန်လုံးကို သိနေတာလား၊ ဒါမှမဟုတ် ကြိုသိနေတာလား?' ဒရေးကန်က စိတ်ထဲမှ ထူးဆန်းစွာ တွေးနေမိသည်။
မကြာမီတွင် သူတို့ လူသားအသွင် ပြန်လည်ပြောင်းလဲပြီးနောက် အဖိုးအိုက သူတို့ကို သတ္တုအဆောက်အဦးအတွင်းသို့ ခေါ်ဆောင်သွားသည်။ အတွင်းထဲ ရောက်သည်နှင့် ဒရေးကန်မှာ ခေတ္တမျှ မျက်စိလည်သွားသည်။ လေထဲတွင် လွင့်မျောနေသော စင်များပေါ်တွင် စာအုပ်များစွာကို စနစ်တကျ စီထားသည်။ အလယ်ဗဟိုတွင်လည်း နဂါးစာလုံးများစွာ ပါရှိသည့် ဧရာမ ဖန်သားပြင်ကြီး တစ်ခု ရှိသည်။
"မင်း အဲ့ဒီ ဖန်သားပြင်မှာ ကြည့်ပြီး ကြိုက်တဲ့စာအုပ်ကို ယူလို့ရတယ်။ ဒါပေမဲ့ သတိထားရမှာက အပြင်ကိုတော့ ယူသွားလို့ မရဘူး။" အဖိုးအိုက ဒရေးကန်၏ ပုခုံးကို ပုတ်ကာ ထွက်သွားသည်။
"ဘယ်လိုဖြစ်လို့ သမီးရဲ့ အဖိုးက မင်းရဲ့ အဖိုး ဖြစ်သွားရတာလဲ?" စင်သီယာက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"ဒါက မင်း ငါ့ကို ထောင်ချောက်ဆင်ချင်ခဲ့တဲ့အတွက် ရတဲ့ အကျိုးဆက်ပဲ။ မင်္ဂလာဦးညကျရင် ငါ့ရဲ့ လက်စားချေမှုအတွက် ပြင်ဆင်ထားလိုက်တော့" ဒရေးကန်က သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်း... မင်းနော်..." စင်သီယာ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး ကြမ်းပြင်ကို ခြေဆောင့်ကာ စိတ်ဆိုးမာန်ဆိုး ဖြစ်သွားသည်။
သူက သူမကို ဂရုမစိုက်တော့ဘဲ ဖန်သားပြင်ကို ကြည့်လိုက်သည်။ ၎င်းမှာ ထိတွေ့မျက်နှာပြင်ပါသည့် တီဗွီတစ်ခုနှင့် ကစားနေရသလိုပင်၊ အရာအားလုံးမှာ အလွန် လျင်မြန်လှသည်။ ကဏ္ဍများစွာကို သီးခြားစီ ခွဲခြားထားပြီး သူ ရှာနေသည့် 'အရှိန်အဝါ' ကဏ္ဍကို အမြန်ဆုံး တွေ့ရှိခဲ့သည်။ သူက စိတ်ဝင်တစားဖြင့် နှိပ်လိုက်ရာ အခြားအပိုင်းတစ်ခု သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။
...
၁။ အရှိန်အဝါအကြောင်း မိတ်ဆက်
၂။ အရှိန်အဝါ၏ အခြေခံသဘောတရားများ
၃။ အရှိန်အဝါ စွမ်းအင် စုဆောင်းပျိုးထောင်ခြင်း
၄။ အရှိန်အဝါ၏ ခွန်အားနှင့် သိပ်သည်းဆကို မြှင့်တင်ရန် နည်းလမ်း (၈) သွယ်
...
စာရင်းများမှာ များပြားလှသဖြင့် ဒရေးကန်မှာ ခဏတာ ကြောင်သွားရသော်လည်း အမြန်ဆုံး ပြန်လည် ရှာဖွေခဲ့သည်။
"စာအုပ်ကို ဘယ်လို ယူရမှာလဲ?"
"အဲ့ဒီပေါ်မှာ နှိပ်လိုက်ရုံပဲ၊ အဲ့ဒါဆို မင်းရှေ့မှာ ပေါ်လာလိမ့်မယ်။"
"ဒါက တကယ်ကို အဆင်ပြေလွန်းတာပဲ" ဒရေးကန်က ရယ်မောလိုက်သည်။ ပုံပြင်တွေထဲကလို အမှိုက်ပုံထဲက လျှို့ဝှက်ကျမ်းစာ အဟောင်းအနွမ်းကြီး တွေ့ရတာမျိုးနဲ့ လုံးဝ မတူပေ။
"ဒီစာအုပ်က အရမ်းကြီး ထူလွန်းမနေဘူးလား?" ဒရေးကန်က စာအုပ်၏ အလေးချိန်ကို ခံစားလိုက်ရသည်။ အနည်းဆုံး ဆယ်ကီလိုလောက် ရှိနိုင်ပြီး ဒါက မိတ်ဆက်ပိုင်းပဲ ရှိသေးသည်။
"ဒါကြောင့်မို့လို့လည်း အဖိုးက သမီးကို ဘုရင့်စာကြည့်တိုက်ကို မလာဘူးဆိုပြီး ဆူနေတာပေါ့။ ငါတို့က တစ်ပတ်ကို အနည်းဆုံး ရှစ်နာရီကနေ တစ်ဆယ့်နှစ်နာရီအထိ ဒီမှာ စာဖတ်ရမယ်လေ၊ ဒါပေမဲ့ ငါကတော့ အခုထိ စာအုပ်တစ်အုပ်တောင် မပြီးသေးဘူး။" သူမက လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကာ ခြေထောက်များကိုလည်း ချဲလျက် ကြမ်းပြင်ပေါ်တွင် ပစ်လဲချလိုက်သည်။ သူမ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသလိုမျိုး မျက်နှာသေဖြင့် မျက်နှာကြက်ကို ငေးကြည့်နေမိသည်။
ဒရေးကန်က စာအုပ်ကို ကြည့်ကာ တွေးလိုက်သည်။ 'ငါ့မှာ ဖြတ်လမ်းနည်း သုံးလို့ရတာပဲ၊ ဘာလို့ အလကားနေရင်း အပင်ပန်းခံနေမှာလဲ?'
ကမ္ဘာမြေပေါ်ရှိ သူ၏ မူလခန္ဓာကိုယ်က ချက်ချင်းပင် စွမ်းရည်တစ်ခုကို ရွေးချယ်လိုက်သည်။ ကံကြမ္မာအမှတ် ငါးထောင်ကို နောက်တစ်ကြိမ် နာကျင်စွာ အသုံးပြုလိုက်ပြီး 'အရှိန်မြှင့် နားလည်သဘောပေါက်မှု' (Accelerated Comprehension) ဆိုသော စွမ်းရည်ကို ရယူလိုက်သည်။
<> နိုးထလာသူများ၏ နားလည်သဘောပေါက်နိုင်စွမ်းကို အဆပေါင်းများစွာ လျင်မြန်စွာ မြှင့်တင်ပေးသည်။