အခန်း (၃၉) - ဘုရင်ကြီးနှင့်အတူ ညစာစားခြင်းနှင့် တတိယစက်၀န်း၏ အထွက်အထိပ်သို့ ရောက်ရှိခြင်း
ဒီမိန်းကလေးကို ကြည့်လေလေ ဒရေးကန်မှာ ပိုပြီးစချင်လာလေလေ ဖြစ်မိသည်။ ထို့ကြောင့် သူက စိုးရိမ်သယောင်ဖြင့် သူမ၏နဖူးကို စမ်းကြည့်လိုက်ပြီး ပူပန်သည့်လေသံဖြင့် မေးလိုက်၏။ "နေကောင်းရဲ့လား?"
"ကောင်း... ကောင်းပါတယ်" စင်သီယာက ခေါင်းမော့ကာ ပြန်ဖြေစဉ် သူမ၏ တစ်မျက်နှာလုံး ရဲရဲနီနေသည်ကို တွေ့လိုက်ရသည်။ သူမမှာ အတော်ပင် ချစ်ဖို့ကောင်းနေ၏။ ဒရေးကန် ရင်ထဲ၌ ပြုံးလိုက်မိသည်။ အစပိုင်းတွင် အေးစက်စက်နိုင်လှသော ဤမိန်းကလေးမှာ ယခုကဲ့သို့ ရှက်သွေးဖြာနေသည်ကို စရသည်မှာ မျှော်လင့်မထားဘဲ အတော်ပင် ပျော်စရာကောင်းလှသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ့ကျောပြင်ဆီမှ အေးစက်သော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။ သူ့နောက်ကျောကို စိုက်ကြည့်နေသည့် သတ်ဖြတ်လိုသော အကြည့်တစ်ခုကို သူ ခံစားလိုက်ရခြင်းပင်။ ဒရေးကန်သည် တံတွေးကို ဂလုခနဲ မြည်အောင် မျိုချလိုက်ပြီး မိမိနေရာတွင် ငြိမ်ငြိမ်သက်သက် ပြန်ထိုင်လိုက်သည်။ သူသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး လှည့်ကြည့်လိုက်ရာ ခံစားချက်မဲ့နေသော ကိုင်ဇာ၏ မျက်နှာနှင့် တည့်တည့်တိုးတော့သည်။
သူ့လက်များမှာ တုန်ယင်နေပြီး ခက်ရင်းကို ကောက်ကိုင်ကာ အမည်မသိသတ္တဝါ၏ အသားကို အတုံးကြီးကြီး ပိုင်းဖြတ်ပြီး ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။
"ဟင်?" စင်သီယာက ဒရေးကန်ကို ကြည့်ကာ ခေါင်းလေးစောင်းရင်း ပြုံးလိုက်သော်လည်း တစ်ဖက်တွင်လည်း သူမကို ပစ်ပယ်ထားသကဲ့သို့ ခံစားချက်လေးက ခပ်ဖျော့ဖျော့ ကျန်ရစ်နေခဲ့သည်။
အခန်းထဲတွင် ပန်းကန်ခွက်ယောက်သံများမှလွဲ၍ အတော်ပင် အနေရခက်သော တိတ်ဆိတ်မှုက လွှမ်းမိုးနေသည်။ နဂါးများသည် ဆာလောင်မွတ်သိပ်နေသော သားရဲများကဲ့သို့ စားသောက်ကြသည်။ သူတို့၏ အစာစားချင်စိတ်မှာ အဆုံးမရှိသော တွင်းနက်ကြီးကဲ့သို့ပင်။ ပျမ်းမျှအားဖြင့် သူတို့သည် တစ်ထိုင်တည်းတွင် အသားပေါင် ၂၀ ခန့်ကို စားသုံးနိုင်ကြပြီး အသားမှလွဲ၍ တခြားမည်သည့် ဘေးတွဲဟင်းလျာကိုမျှ စားလေ့မရှိကြချေ။
"ဟူး..." ဒရေးကန်သည် ပျင်းရိသော အမူအရာဖြင့် ထိုင်ခုံနောက်မှီကို မှီချလိုက်သည်။ အစားအစာများမှာ ခမ်းနားသော်လည်း သူ၏ ခံတွင်းကိုမူ အပြည့်အဝ စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ချေ။ ဆော့စ် (Sauce) အမျိုးအစားများမှာ ရွေးချယ်စရာ မရှိသလောက်ဖြစ်ပြီး ဟင်းသီးဟင်းရွက် သို့မဟုတ် ဘေးတွဲဟင်းလျာများမှာလည်း လုံးဝမရှိသလောက်ပင်။ အမှန်အတိုင်းပြောရလျှင် သူ အနည်းငယ် စိတ်ပျက်မိသည်။
"ဘာလို့ အစားအသောက်အပေါ် မကျေမနပ် ဖြစ်နေရတာလဲ ဒရေးကန်?" ကိုင်ဇာက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ဤနေရာတွင် လာစားသမျှ နဂါးတိုင်းမှာ ဗိုက်ကားပြီး ကျေနပ်သည့် အပြုံးဖြင့်သာ ပြန်သွားကြစမြဲ။ နဂါးဘုရင်အနေဖြင့် ယခုကဲ့သို့ အေးဆေးလွန်းသော တုံ့ပြန်မှုကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
"အဲဒါကလေ..." ဒရေးကန်က ပခုံးကို လှုပ်ယမ်းလိုက်ပြီး ခန္ဓာကိုယ်ကို မတ်လိုက်သည်။ "အရသာက နည်းနည်း ပေါ့ပျက်ပျက် ဖြစ်နေသလိုပဲ။ ဆော့စ်တွေ ပိုထည့်၊ သစ်သီးတွေနဲ့ ဘေးတွဲဟင်းလျာတွေသာ ရှိမယ်ဆိုရင် ဒါက ကမ္ဘာ့အကောင်းဆုံး အစားအစာ ဖြစ်လာမှာပါ"
"ဟားဟား၊ မင်းရဲ့ အကြိုက်ကတော့ ထူးဆန်းသားပဲ" ကိုင်ဇာက ခေါင်းကို မော့ကာ အားရပါးရ ရယ်မောလိုက်သည်။ "မင်းက စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာ။ ငါ့အတွက် မင်း ချက်ကျွေးနိုင်မလား?"
"ကျွန်တော်မျိုးက နတ်ဘုရားအဆင့် စားဖိုမှူးပါ အရှင်မင်းကြီး။ သေချာပေါက် ချက်ကျွေးနိုင်တာပေါ့" ဒရေးကန်က လူကြီးလူကောင်း ပုံစံဖြင့် မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ"
မကြာမီမှာပင် ဒရေးကန်သည် မီးဖိုချောင်ထဲသို့ ရောက်ရှိသွားပြီး ဆံပင်ဖြူဖြူနှင့် မကျေမနပ်ဖြစ်နေသော အဖိုးကြီးတစ်ဦးကို ရင်ဆိုင်လိုက်ရသည်။
"မင်းက ငါတို့ကို ဦးဆောင်မယ့်သူ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး" ဟု အဖိုးကြီးက ညည်းညူသည်။ "ဒါပေမဲ့ မင်းက ငါ့ထက် ပိုချက်နိုင်တယ်လို့ ထင်နေရင်တော့ အိပ်မက်ယောင်နေတာပဲ"
"စောင့်ကြည့်လိုက်လေ အဖိုးကြီး" ဒရေးကန်က မျက်နှာအပြည့် ပြုံးလျက် ပြန်ပြောလိုက်သည်။
ဒရေးကန်သည် ဆော့စ်ကို အရင်စလုပ်သည်။ ပထမဆုံး ကြက်ဥနှင့်တူသော ဥအချို့ကို ယူကာ မရောနိစ် (Mayonnaise) စလုပ်သည်။ မရောနိစ်ဆိုသည်မှာ အခြေခံအားဖြင့် ဥများပင် မဟုတ်ပါလား။ သူသည် တခြားသော ပါဝင်ပစ္စည်းများ ဖြစ်သည့် မုန်ညင်းစေ့၊ သံပုရာနှင့်တူသော အသီး၊ ဆီ၊ ဆားအနည်းငယ်နှင့် သကြားအနည်းငယ်တို့ကို စုဆောင်းလိုက်သည်။ သူ ရင်းနှီးနေသည့် ပစ္စည်းများနှင့် အတိအကျ တူညီသည်တော့ မဟုတ်သော်လည်း အတော်လေးတော့ နီးစပ်သည်။ ခဏမျှ အဆက်မပြတ် မွှေနှောက်ပြီးနောက်တွင်မူ ပျစ်နှစ်ပြီး ဖြူဖွေးနေသော ဆော့စ်တစ်ခု ထွက်ပေါ်လာသည်။
အဖိုးကြီးက မျက်နှာလွှဲထားသော်လည်း သူ့မျက်လုံးများကမူ မလိမ်နိုင်ပေ။ ဒရေးကန် လုပ်ဆောင်နေသည်ကို မျက်လုံးထောင့်မှနေ၍ အသေအချာ စောင့်ကြည့်နေ၏။
"မြည်းကြည့်ဦးလေ အဖိုးကြီး" ဒရေးကန်က အောင်နိုင်သူ အပြုံးဖြင့် ဇွန်းတစ်ဇွန်းကို ကမ်းပေးလိုက်သည်။
"ဟွန်း၊ ဒါကို စားလို့ ငါ အဆိပ်မမိဖို့ပဲ ဆုတောင်းရမှာပဲ" အဖိုးကြီးက မခန့်လေးစား ရေရွတ်လိုက်သော်လည်း ဇွန်းကို ယူကာ မရောနိစ် အနည်းငယ်ကို လျှာဖြင့် တို့ကြည့်လိုက်သည်။ အရသာမှာ သူ၏ လျှာပေါ်တွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘာစကားမှ ထပ်မပြောတော့ဘဲ ကျန်တာကိုပါ ငြိမ်သက်စွာ ကုန်အောင် စားလိုက်တော့သည်။
'ဒီကောင်လေး ဘာမှော်ပညာတွေ သုံးလိုက်တာလဲ?' သူ တွေးနေမိသည်။ ၎င်းသည် အသားအတွက် အကောင်းဆုံးဆော့စ် ဖြစ်နေသည်— အရသာမှာ ပြည့်စုံပြီး ချောမွေ့မျှတလှသည်။ သို့သော် သူ၏ မာနကြောင့် ဝန်မခံချင်သေးပေ။ နှာခေါင်းကို ရှုံ့လိုက်ရင်း သူက— "ကောင်းတော့ ကောင်းပါတယ်... ဒါပေမဲ့ သကြားက နည်းနည်း များသွားတယ်" ဟု ပြောလိုက်သည်။
"ကောင်းပြီ၊ နောက်တစ်ခု ထပ်လုပ်ကြတာပေါ့" ဒရေးကန်က ယုံကြည်မှုအပြည့်ဖြင့် အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ အခုတော့ ဆော့စ်များ၏ ဘုရင်ဖြစ်သော — ငရုတ်ဆီ (Chili Sauce) ကို လုပ်ရန် အချိန်တန်ပြီ။ ၎င်းသည် အရသာအပြင်းဆုံး ဆော့စ်ပင် ဖြစ်သည်။
သူသည် အနီရောင် နဂါးအဆိပ် ငရုတ်သီးများ၊ ကြက်သွန်ဖြူနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ငရုတ်ဆုံထဲတွင် ထည့်ထောင်းလိုက်ပြီး 'အမ်ဘာဗိုင်း' ပိုးစာရှာလကာရည် အနည်းငယ် ထည့်လိုက်သည်။ ရလဒ်မှာမူ — တောက်ပပြီး အနီရောင် ပျစ်ပျစ်နှစ်နှစ်နှင့် အပူရှိန်များ တရှိရှိ ထွက်နေသော ဆော့စ်တစ်ခုပင်!
အဖိုးကြီးမှာ ထိုဆော့စ်ကို ကြည့်ရင်း ချွေးစေးများ ပြန်လာသည်။ "ဘယ်လိုလဲ အဖိုးကြီး၊ အခုထိ ယှဉ်ချင်သေးလား?"
"ဒါ ဘာဆိုးဝါးတဲ့ အဆိပ်ကြီးလဲ?!" သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါက အဆိပ်ပါပဲ— ဒါပေမဲ့ ကောင်းတဲ့ အဆိပ်ပေါ့! နဂါးတွေရဲ့ အစာခြေစနစ်နဲ့ဆိုရင် မင်း ဘာမှမဖြစ်ပါဘူး" ဒရေးကန်က လက်မထောင်ပြလိုက်ရင်း— "မြည်းကြည့်လိုက်ပါ"
တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အဖိုးကြီးသည် ဇွန်းဖြင့် ငရုတ်ဆီ အနည်းငယ်ကို ခပ်စားလိုက်သည်။ စပ်ရှရှ အရသာမှာ ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး အဖိုးကြီးမှာ ခဏမျှ မှင်တက်သွားသည်။ သူသည် ကြက်ပေါင်နှင့်တူသော အသားတစ်တုံးကို ယူကာ ဆော့စ်ဖြင့် တို့စားလိုက်သည်။ ဆော့စ်နှင့် အသား၏ အရသာပေါင်းစပ်မှုမှာ သူ၏ လျှာပေါ်တွင် အရည်ပျော်သွားသကဲ့သို့ပင်။ ခဏအကြာတွင် သူသည် အလွန်အမင်း ကျေနပ်သွားကာ ကြမ်းပြင်ပေါ်သို့ ပုံကျသွားတော့သည်။
အဖိုးကြီးမှာ ပြန်ထလာပြီး အသက်ကို ပြင်းပြင်းရှူကာ ဒရေးကန်၏ အင်္ကျီကော်လာကို ဆွဲလိုက်ပြီး— "မင်း... မင်း သိသမျှ အကုန်လုံးကို ငါ့ကို သင်ပေးရမယ်"
"ကောင်းပါပြီ၊ ကောင်းပါပြီ အဖိုးကြီးရဲ့" ဒရေးကန်သည် သူသိသမျှ ဟင်းချက်နည်းများကို သင်ပေးခဲ့ပြီးနောက် လေ့ကျင့်ရန် ထွက်လာခဲ့သည်။ သူသည် ထိုနေရာတွင် ထိုင်နေရုံဖြင့် အရင်းအမြစ်များစွာကို အလကား ရရှိခဲ့သည်။ အမှန်တော့ အလကားရခြင်း မဟုတ်ဘဲ 'တင်တောင်းလက်ဆောင်' များဟု ဆိုလျှင် ပိုမှန်လိမ့်မည်။
အခန်းသို့ ပြန်ရောက်ပြီးနောက် တစ်ရက်အတွင်း ဒရေးကန်သည် သူ၏ မှော်အမြုတေကို အားဖြည့်လိုက်ရာ တတိယစက်၀န်းး၏ အထွက်အထိပ်သို့ ရောက်ရှိသွားသည်။ ယခုအခါတွင်မူ သူသည် မိမိဘာသာ လမ်းစရှာရန် လိုအပ်လာပြီဖြစ်သည်။
"ငါသာ အဲဒီအသိပညာတွေကို ရပြီဆိုရင် အဲရစ်ကိုပါ မှော်ဆရာ လမ်းကြောင်းပေါ်မှာ ပိုတိုးတက်အောင် လုပ်ပေးနိုင်မှာလား?" အဲရစ်၏ မှော်အမြုတေမှာ လျှံထွက်နေသော မှော်စွမ်းအင်များကြောင့် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေပြီး ပိုဆိုးသည်မှာ ထိုစွမ်းအင်မှာ နေ့တိုင်း တဖြည်းဖြည်း တိုးလာနေခြင်းပင်။ သူ၏ ဘွဲ့ထူးကြောင့် သူသည် စွမ်းအင်များကို စုပ်ယူရန် မလိုဘဲ မှော်စွမ်းအင်များဖြင့် အမြဲ ပျိုးထောင်ခံနေရသော လူသားတစ်ဦး ဖြစ်လာခဲ့သည်။ ဤသည်မှာ <အထူးကဲဆုံးသော ကိုယ်ခန္ဓာ - Supreme Physique> ဘွဲ့ထူး၏ စွမ်းအားပင် ဖြစ်သည်။
"ပြီးတော့ ငါရထားတဲ့ နောက်ထပ် ဘွဲ့တစ်ခုဖြစ်တဲ့ <ကမ္ဘာအနှံ့ ခရီးသွားသူ - World Wanderer> ဆိုတဲ့ ဘွဲ့ကလည်း အတော်လေးကို ကြောက်စရာကောင်းတယ်။ အဲဒါက ငါ့ရဲ့ ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး အကန့်အသတ်မရှိ (Limitless) ဖြစ်လာစေတယ်... အင်း။"