အခန်း (၃၆) - နတ်ဘုရားများ၏ ဆုလာဘ်
"ကောင်းပါပြီ" ဒရေးကန်က တည်ငြိမ်အေးဆေးစွာ ပြန်ထူးလိုက်သည်။ ဘုရင်ကြီး ရောက်လာလိမ့်မည်ဆိုသည်ကို သူ ကြိုတင်ခန့်မှန်းထားပြီးသားပင်။ သူသည် မတ်တပ်ရပ်ကာ ပြတင်းပေါက်နားသို့ သွားပြီး ကောင်းကင်ယံတွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေသော သွေးရောင်လမင်း ငါးစင်းကို စိုက်ကြည့်ရင်း— "ဒါပေမဲ့ ညဘက်ကြီးမှ အခေါ်လွှတ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး" ဟု ပေါ့ပေါ့ပါးပါးပင် ပခုံးတွန့်ပြလိုက်သည်။ "သူ ငါ့ကို နှုတ်ပိတ် (သတ်) ဖို့ ကြံနေတာများလား?"
သူ့နှလုံးသားထဲတွင် စိုးရိမ်စိတ်ကလေးတစ်ခု လှုပ်ခတ်သွားသည်။ မိမိ၏ ပတ်ဝန်းကျင်ကို အမြဲတမ်း သတိရှိနေဖို့ လိုအပ်သည်၊ သို့မဟုတ်ပါက မည်သည့်အချိန်၊ မည်သို့ သေဆုံးသွားမည်ကိုပင် သိလိုက်ရမည်မဟုတ်ပေ။ အထူးသဖြင့် ဤကဲ့သို့ အန္တရာယ်များသော ကမ္ဘာတွင် သူသည် အားနည်းသူတစ်ဦးသာ ရှိသေးသည်။ အကယ်၍ တိုက်ခိုက်ခံရပါက သူ သေချာပေါက် သေဆုံးသွားလိမ့်မည်။ သူတို့သာ သတ်ဖို့ ဆုံးဖြတ်လိုက်လျှင် လွတ်မြောက်နိုင်မည့်လမ်း မရှိသလောက်ပင်။ တစ်ခုတည်းသော ရှင်သန်နိုင်ခြေမှာ သူ၏ ကိုယ်ပွား (Clone) ကို ပြန်ခေါ်နိုင်မှသာ ဖြစ်မည်။
"ထားလိုက်ပါတော့လေ" အာရုံနောက်စရာ အတွေးများကို ခေါင်းထဲမှ မောင်းထုတ်လိုက်ရင်း ဒရေးကန်သည် တံခါးဆီသို့ လျှောက်သွားကာ ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ရှေ့၌ တောက်ပြောင်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဘယ်ဘက်မျက်လုံးတွင် အမာရွတ်ရှိသည့် အမျိုးသားတစ်ဦး ပေါ်လာသည်။ သူက ကြည့်ရသည်မှာ အတော်ပင် ခက်ထန်လှသည်။
"ငါက လင်းယုန်အစောင့်တပ်ရဲ့ တပ်မှူး ကွန်ရက်ဒ်ပဲ" ဟု ကွန်ရက်ဒ်က မိတ်ဆက်သည်။
"...ဟုတ်ကဲ့"
"ငါ့နောက် လိုက်ခဲ့" သူက နှာခေါင်းရှုံ့ရင်း တစ်ကိုယ်တည်း ထွက်ခွာသွားတော့သည်။
"..." ဒရေးကန်သည် ခဏမျှ မကျေမနပ်ဖြစ်ကာ ရပ်နေပြီးမှ သူ့နောက်သို့ အမြန်လိုက်သွားသည်။ ကွန်ရက်ဒ်၏ ခြေလှမ်းများမှာ မြန်ဆန်ပြီး တည်ငြိမ်လှသည်။ လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း သူ၏ အရှိန်မှာ တစ်နာရီ မိုင် ၆၀ နှုန်းဖြင့် မောင်းနှင်နေသော ကားတစ်စီးကဲ့သို့ပင် မြန်ဆန်လှသည်။ ဒရေးကန်လည်း ပခုံးတွန့်ကာ မိမိအရှိန်နှင့်မိမိသာ လိုက်လာခဲ့သည်။
မကြာမီတွင် ကြီးမားထည်ဝါပြီး မြင့်မားလှသော ရွှေနှင့် စိန်များ စီခြယ်ထားသည့် နန်းတော်ကြီးဆီသို့ ရောက်ရှိလာသည်။ အဝင်ဝတွင် ထူးဆန်းသော သတ္တဝါ ရုပ်ထုနှစ်ခု ရှိနေသည်။ ထိုသတ္တဝါသည် နဂါးဦးခေါင်းနှင့် သွယ်လျသော အမြီး ရှိသော်လည်း ကိုယ်ခန္ဓာမှာ လူသားပုံစံဖြစ်ပြီး လက်နှစ်ဖက်တွင် လှံနှစ်စင်းကို ကိုင်ဆောင်ထားသည်။ တံခါးရှေ့မှ အစောင့်နှစ်ဦးမှာလည်း ထိုရုပ်ထုများ၏ ပုံစံအတိုင်းပင် ရပ်နေကြသည်။
"ရပ်စမ်း!" သူတို့က ခက်ထန်သော အမူအရာဖြင့် တညီတညွတ်တည်း အမိန့်ပေးလိုက်ကြသည်။ ကွန်ရက်ဒ်က သူ့နောက်ကျောအိတ်ကပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်ရာ အစောင့်များမှာ ချက်ချင်းပင် ဦးညွှတ်လိုက်ကြသည်။ တံခါးများ အမြန်ပွင့်သွားပြီး သူတို့ ဝင်ခွင့်ရခဲ့သည်။
ဒရေးကန်၏ မျက်လုံးများမှာမူ ထိုရုပ်ထုဆီ၌သာ ကပ်ပါသွားသည်။ တစ်ခုခု ထူးဆန်းနေသော်လည်း ဘာလဲဆိုသည်ကို သူ အဖြေရှာမရပေ။ ထိုအရာသည် သက်မဲ့ရုပ်ထုထက်စာလျှင် အသက်ရှူနေသည့် သက်ရှိတစ်ခုကဲ့သို့ ခံစားနေရသည်။
"သိချင်နေတာလား?" ကွန်ရက်ဒ်က ဟောက်လိုက်သည်။
"နည်းနည်းပါ"
"အဲဒါက သက်ရှိတော့ မဟုတ်ဘူး၊ ဒါပေမဲ့ နဂါးနတ်ဘုရားရဲ့ စွမ်းအားလို့ သတ်မှတ်ကြတယ်"
"နဂါးနတ်ဘုရား?" ဒရေးကန်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
"ဟုတ်တယ်၊ နဂါးနတ်ဘုရား" ကွန်ရက်ဒ်က မခန့်လေးစားဖြင့် ရေရွတ်သည်။ "မသိနားမလည်လိုက်တာ။ မင်းရဲ့ အခြေအနေကြောင့်သာပေါ့၊ မဟုတ်ရင် နဂါးနတ်ဘုရားအကြောင်း မသိတဲ့အတွက်တင် မင်း အကွပ်မျက်ခံရပြီးပြီ"
"ဒါဆို ခင်ဗျားပဲ ပြောပြပေးမလား?" သူတို့နှစ်ဦး စင်္ကြံလမ်းအတိုင်း လျှောက်လာကြရင်း ဒရေကန်မှာ ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာသည်။
"နဂါးနတ်ဘုရားဆိုတာ ငါတို့မျိုးနွယ်စုရဲ့ နတ်ဘုရားပဲ၊ ငါတို့တစ်မျိုးနွယ်လုံး ရှင်သန်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အမြင့်မြတ်ဆုံး အရှင်သခင်ပေါ့။ ဒီကမ္ဘာပေါ်ကို ငါတို့ စရောက်ကတည်းက နဂါးပေါင်းများစွာရဲ့ မျှော်လင့်ချက်နဲ့ ဆုတောင်းချက်တွေပဲ"
"ဟင်" ဒရေးကန်မှာ စိတ်ဝင်စားသွားကာ နေရာတွင်တင် ရပ်တန့်သွားသည်။ "ဆိုလိုတာက နဂါးနတ်ဘုရားဟာ နဂါးမျိုးနွယ်စုရဲ့ ဆန္ဒတွေ စုစည်းရာကနေ ဖြစ်ပေါ်လာတဲ့ ပုံရိပ် (Manifestation) ပေါ့ ဟုတ်လား?"
"မှန်တယ်" ကွန်ရက်ဒ်က ခြေလှမ်းမပျက်ဘဲ ပြောသည်။ "နဂါးမျိုးနွယ်စု တစ်ခုလုံးရဲ့ စိတ်ဆန္ဒ (Will) လို့လည်း ခေါ်လို့ရတယ်"
"တခြားမျိုးနွယ်စုတွေမှာကော နတ်ဘုရားတွေ ရှိသလား?"
"ရှိတာပေါ့၊ လူသားတွေမှာလည်း လူသားနတ်ဘုရား ရှိတယ်"
"တခြား မျိုးနွယ်စုတွေလည်း ရှိတယ်လို့ ကြားဖူးတယ်၊ သူတို့မှာရော နတ်ဘုရား မရှိဘူးလား?"
"မရှိဘူး" ကွန်ရက်ဒ်က ခေါင်းခါပြသည်။ "တခြား မျိုးနွယ်တွေက နတ်ဘုရားရှိဖို့အထိ အားနည်းလွန်းတယ်။ ဒါပေမဲ့ သွေးရောင်လွှမ်းတဲ့ ခေတ်မတိုင်ခင်တုန်းကတော့ နတ်ဘုရားတွေ ရှိခဲ့ဖူးတယ်"
"သွေးရောင်လွှမ်းတဲ့ ခေတ်?"
"အဲဒီခေတ်က မျိုးနွယ်စုတိုင်း အာဏာလုဖို့ တိုက်ခိုက်ခဲ့ကြတဲ့ အချိန်ပေါ့၊ အခု မင်း မြင်တဲ့အတိုင်းပဲ ဘယ်သူက နောက်ဆုံးမှာ အနိုင်ရခဲ့သလဲဆိုတာ သိသာပါတယ်"
"နားလည်ပါပြီ"
ရုတ်တရက် ကြီးမားလှသော တံခါးကြီး ပွင့်သွားပြီး ဒရေးကန်သည် သူ့ရှေ့မှ မှောင်အတိကျနေသော နေရာကို ကြည့်လိုက်မိသည်။
"သွား၊ ဝင်သွားလိုက်" ကွန်ရက်ဒ်က သူ့ကို နောက်မှ တွန်းထုတ်လိုက်ပြီး တံခါးကို ပိတ်ကာ သော့ခတ်လိုက်သည်။ "မင်း အသက်ရှင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ လူသားလေး"
ဒရေးကန်သည် မှောင်မိုက်နေသော ပတ်ဝန်းကျင်ကြောင့် ခဏမျှ မှင်တက်သွားသည်။ "ဒါ ဘုရင်နဲ့ တွေ့ရမယ့် နေရာ မဟုတ်ဘူးလား?" သူ ရင်ထဲတွင် တုန်လှုပ်သွားသည်။ မည်သည့်အသံ၊ မည်သည့်အလင်းရောင်မျှ မရှိဘဲ အရာအားလုံးသည် ဟာလာဟင်းလင်းပြင် ဖြစ်နေသည်။ အရာအားလုံး ကင်းမဲ့နေသည့် ဟင်းလင်းပြင် (Void) တစ်ခုကဲ့သို့ပင်။
'ဒါက ပြိုင်ပွဲမတိုင်ခင် ငါ လေ့ကျင့်ခဲ့ရတာနဲ့ ဆင်တူနေသလိုပဲ' ဒရေးကန် ရင်ထဲမှ ရေရွတ်လိုက်သည်။ အမှန်တကယ်တော့ ပြိုင်ပွဲတွင် နဂါးအသွင် ပြောင်းလဲခြင်းကို ပိတ်ပင်ထားသောကြောင့် သူတို့၏ အစစ်အမှန် နဂါးစွမ်းအားကို ပြသခွင့် မရခဲ့ကြချေ။ မဟုတ်ပါက ဒရေးကန်သည် ထိုစဉ်က သူ၏ အဆင့်-၁ နဂါးခွန်အားဖြင့် ဗေလင် ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
သူ၏ တိုက်ပွဲအာရုံကို အသုံးချရန် ကြိုးစားစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သူ့အပေါ်သို့ သက်ရောက်လာသည်။ လေထုမှာ လေးလံလာပြီး ဒရေးကန်မှာ အသက်ရှူရန်ပင် ခက်ခဲလာတော့သည်! သူ့မျက်လုံးများ ပြူးကျယ်သွားကာ ရှေ့သို့ စိုက်ကြည့်လိုက်သည်။ သူသည် ထိုဖိအား၏ အရင်းအမြစ်ကို မှိန်ပျပျ ခံစားနေရသည်...။
မရေမတွက်နိုင်သော သက်ရှိများ၏ အကြည့်များမှာ သူ့အပေါ်သို့ ကျရောက်နေသည်။ ထိုအကြည့်များသည် အေးစက်လှပြီး မြင့်မြတ်သောအရှိန်အဝါနှင့် အမိန့်ပေးလိုသော အသွင်အပြင်များ ရှိနေသည်။ ဒရေးကန်၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။ သူသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ—
"ကျွန်တော်မျိုး နဂါးဘုရင်ကြီးကို ဂါရဝပြုပါတယ်"
ရုတ်တရက် မှောင်မိုက်မှုများ ပျောက်ကွယ်သွားပြီး အခန်းထဲတွင် အလင်းရောင်များ လွှမ်းမိုးသွားသည်။ ဒရေးကန်၏ အကြည့်သည် သူ့ရှေ့မှ ခမ်းနားထည်ဝါသော နေရာကို ဝေ့ကြည့်လိုက်ရာ ရွှေရောင်လွှမ်းသော အနီရောင် ကော်ဇောကို တွေ့လိုက်ရသည်။
"မင်း ခေါင်းမော့နိုင်ပြီ" နဂါးဘုရင်၏ ခန့်ညားသော အမိန့်သံ ထွက်ပေါ်လာရာ ဒရေးကန် နာခံလိုက်သည်။ သူ့ရှေ့တွင် ပလ္လင်များစွာရှိပြီး တစ်ဦးချင်းစီတိုင်း၏ တည်ရှိမှုမှာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေသည်။ အယ်လီနာသည်လည်း ထိုသူများထဲတွင် ပါဝင်နေသည်။ အမြင့်ဆုံးနေရာတွင်မူ နဂါးဘုရင်က ဒရေးကန်ကို မည်သည့်အမူအရာမှ မပြဘဲ စိုက်ကြည့်နေသည်။
"ငါ မင်းကို ဒီကို ခေါ်လိုက်တာက ပြိုင်ပွဲတုန်းက ငါပေးခဲ့တဲ့ ကတိကို ဖြည့်ဆည်းပေးဖို့ပဲ"
"အဲဒါက ဘာအတွက်လဲ နဂါးဘုရင်ကြီး?" သူ့အပေါ် ကျရောက်နေသော အကြည့်များမှာ အနည်းငယ် ရန်လိုနေသကဲ့သို့ ခံစားရသော်လည်း ဒရေးကန်က ရဲရဲဝံ့ဝံ့ပင် မေးလိုက်သည်။
"ဟဟ၊ မင်းရဲ့ သွေးမျိုးဆက်က လျှပ်စီးအသွင် ပြောင်းလဲသွားတာကို ငါ သတိထားမိတယ်၊ ဒါပေမဲ့ မင်းရဲ့ အခြေခံ အတတ်ပညာက အရှိန်အဝါ (Aura) ဖြစ်နေတယ်။ ဒါက မင်းကို ကန့်သတ်ချက်တွေ ဖြစ်စေလိမ့်မယ်၊ ဒါကြောင့် ငါ မင်းကို အဆင့်မြင့် အတတ်ပညာ (Arts) တွေ သင်ယူခွင့်ပေးမယ်" နဂါးဘုရင်က ပြုံးလျက် ပြောသည်။
ဒရေးကန် တစ်ခုခု ပြန်မပြောနိုင်ခင်မှာပင် ပလ္လင်တစ်ခုဆီမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ သက်လတ်ပိုင်း အမျိုးသားတစ်ဦး မတ်တပ်ရပ်လိုက်ပြီး—
"ဒါကို လုပ်လို့မဖြစ်ပါဘူး၊ အရှင်မင်းကြီး"
"ကဲ ပြောစမ်းပါဦး၊ မြို့စားကြီး အိုင်ဂရစ်ရှ်၊ ငါ ဘာလို့ လုပ်လို့ မရတာလဲ?"
"တော်ဝင်သွေး ပါတဲ့သူတွေပဲ အဆင့်မြင့် အတတ်ပညာတွေကို သင်ယူခွင့်ရှိတာပါ။ ဒါဟာ တော်ဝင်မိသားစုရဲ့ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်တဲ့ အရေးကြီးတဲ့ အချက်တွေထဲက တစ်ခုပဲ။ ဒါပေမဲ့ အခုတော့ မွေးရာပါ ကျွန်တော်တို့ သွေးမျိုးဆက်တောင် မဟုတ်တဲ့ ဒီသတ္တဝါကို သင်ယူခွင့် ပေးမယ် ဟုတ်လား?"
"အင်း၊ မင်းပြောတာလည်း မှန်တာပဲ။ ငါတို့ မျိုးနွယ် မဟုတ်ဘဲနဲ့ ဒီအသိပညာတွေကို သင်ယူဖို့ဆိုတာ မသင့်တော်သလို ဖြစ်နေတယ်" နဂါးဘုရင်က စဉ်းစားဟန်ဖြင့် မေးစေ့ကို ပွတ်လိုက်ရင်း— "ဘယ်လိုလုပ်ကြမလဲ? အင်း... ဘယ်လိုလုပ်ရမလဲ?"
အယ်လီနာက ပြုံးလျက် လက်ထောင်လိုက်သည်။
"အရှင်မင်းကြီး၊ ဒရေးကန်ဟာ ကျွန်မတို့ကို ဦးဆောင်ဖို့ နဂါးနတ်ဘုရား ကိုယ်တိုင် နိမိတ်ဖတ်ထားတဲ့သူပါ။ အကောင်းဆုံး နဂါးအမျိုးသားက အကောင်းဆုံး နဂါးအမျိုးသမီးကို ရရှိတာဟာ အသင့်တော်ဆုံး မဟုတ်ဘူးလား?"
"ဒါက မဖြစ်နိုင်တာ! ဒီလူဟာ တကယ်ပဲ ကျွန်တော်တို့ကို ဦးဆောင်မယ့်သူလား ဆိုတာလည်း မသိရသေးဘူး။ ကျွန်တော်တို့ရဲ့ နဂါးမင်းသမီးလေးကို သူနဲ့ ဘယ်လိုလုပ် လက်ထပ်ပေးနိုင်မှာလဲ!" မြို့စားကြီး အိုင်ဂရစ်ရှ်က ဒေါသတကြီး အော်ဟစ်လေတော့သည်။