အခန်း (၂၉) - ပြိုင်ပွဲ (၆)နှင့် ယားကျိကျိဆရာသမား
"ဟမ်..." သူမသည် သူ့ကို မယုံကြည်နိုင်မှု၊ မသေချာမှုတို့ဖြင့် စိုက်ကြည့်နေမိသည်။ သူမ၏ လက်ညှိုးရှိ လက်စွပ်ထဲမှ ကြာပွတ်တစ်ခု ထွက်ပေါ်လာပြီး သူ့ထံသို့ လွှဲရိုက်လိုက်၏။ ဒရေးကန် (Drayken) သည် ရှောင်တိမ်းမည့်အစား လက်မောင်းကို မြှောက်ကာ ကြာပွတ်ဖြင့် အပတ်ခံလိုက်သည်။ စင်သီယာ (Synthia) သည် ကြာပွတ်ကို ပြန်ဆွဲရန် ကြိုးစားသော်လည်း အားအင်ကုန်ခမ်းနေသလို ခံစားလိုက်ရသည်။ ဒရေးကန်က လှောင်ပြုံးတစ်ခုနှင့်အတူ ကြာပွတ်ကို အားဖြင့် ဆွဲငင်လိုက်ရာ စင်သီယာသည် သူရှိရာသို့ ပါလာတော့သည်။ ထို့နောက် သူက လက်သီးကို မြှောက်လိုက်၏။ စင်သီယာသည်လည်း အလျှော့ပေးမည့်သူမဟုတ်သဖြင့် သန်မာသော သူမ၏ ခြေတံရှည်များဖြင့် သူ့ကို အားကုန်ကန်ပစ်ရန် ကြိုးစားလိုက်သည်။ ဒရေးကန်ကလည်း လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ရာ လက်သီးနှင့် ခြေကန်ချက်တို့ ထိပ်တိုက်တွေ့ဆုံကြတော့သည်။ ၎င်းတို့နှစ်ဦး၏ ခွန်အားမှာ တူညီနေသယောင်ရှိသော်လည်း နောက်ဆုံးတွင် ဒရေးကန်က သူမကို အသာစီးရယူကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးများ ဝင်းလက်သွားပြီး စင်သီယာကို လက်ညှိုးညွှန်လိုက်သည်။ ဖြောင်း! သူ့လက်ဖျားမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး လဲကျနေသော သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ နောက်ဆုံးမိနစ်တွင် စင်သီယာသည် သူမ၏ မှော်စွမ်းအင်အားလုံးကို စုစည်းလိုက်သည်။
"နှစ်ထပ်အတတ်ပညာ - သံမဏိခံစစ်!"
အကာအကွယ်အတားအဆီးတစ်ခု ပေါ်ထွက်လာပြီး သူမကို ဝန်းရံကာ လျှပ်စီးဒဏ်မှ ကာကွယ်ပေးလိုက်သည်။ ဒရေးကန်က ဤမြင်ကွင်းကို ခေါင်းစောင်းကာ ကြည့်နေမိသည်။ သူ၏ စိတ်ထဲတွင် အနည်းငယ် မရေမရာဖြစ်နေသဖြင့် သိလိုစိတ်များ ပြည့်နှက်နေ၏။ သူ၏ အယူအဆအရ မှော်ဆရာတစ်ဦးသည် ဓာတ်သဘာဝစွမ်းအင် တစ်မျိုးတည်းကိုသာ အခြေခံပြီး လေ့ကျင့်နိုင်သည်ဟု သိထားရာ ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြားဖူးပေ။
'သူမက အဆင့် ၃ နဂါးမျိုးနွယ် ဖြစ်ပုံရပြီး တတိယစက်ဝန်းကိုလည်း ရောက်နေပြီပဲ။ ဒါဆို သူမက အများဆုံး မှော်အတတ် သုံးခုပဲ သုံးနိုင်ရမှာ။ ပထမတစ်ခုကို အခြေခံလို့ သတ်မှတ်ရင် ကျန်တာက နှစ်ခုပဲ ရှိရမယ်၊ ဒါပေမဲ့ သူမကတော့...' ဒရေးကန်သည် စင်သီယာကို အံ့အားသင့်သော မျက်နှာပေးဖြင့် မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သို့သော်လည်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေသော်ငြား သူက ဂရုမစိုက်ဘဲ အကာအကွယ်အတားအဆီးကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဒုန်း! အကာအကွယ်က တုန်ခါသွားသော်လည်း ပျက်ပြားမသွားပေ။ ထို့ကြောင့် ဒရေးကန်က အဆက်မပြတ် ထိုးနှက်နေရင်း နောက်ဆုံးတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ အနှံ့အပြား ပေါ်လာတော့သည်။ စင်သီယာ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ပျက်စီးတော့မည့် အကာအကွယ်ကို ကြည့်ကာ ထိတ်လန့်နေရှာသည်။
"သေပေတော့!" ဒရေးကန်က နောက်ဆုံးလက်သီးကို အားကုန်အသုံးပြုကာ အကာအကွယ်ကို ရိုက်ခွဲလိုက်ပြီး သူမ၏ မျက်နှာတည့်တည့်သို့ ထိုးချလိုက်သည်။ သူမသည် ထိခိုက်မှုကို ခံယူရန် လက်မောင်းများကို မြှောက်ကာ ကာကွယ်ထားသော်လည်း မျှော်လင့်ထားသလို လက်သီးချက် ရောက်မလာခဲ့ပေ။ ထိုအစား သူမ၏ ဝမ်းဗိုက်ပေါ်တွင် လက်တစ်ဖက် ရောက်ရှိလာပြီး ယားကျိကျိ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"အယ်..." စင်သီယာ ငုံ့ကြည့်လိုက်သောအခါ သန်မာသော လက်နှစ်ဖက်က သူမ၏ ဝမ်းဗိုက်ကို ယားကလိတိုက်နေသည်ကို တွေ့လိုက်ရသည်။ သူမ ခဏတာ ကြောင်အသွားပြီးနောက် မထိန်းနိုင်ဘဲ တခစ်ခစ် ရယ်မောမိတော့သည်။
"ရယ်စမ်းပါဦး မိန်းကလေးရဲ့" ဒရေးကန်က သူ့လက်ချောင်းများကို ပို၍ လှုပ်ရှားရင်း တဟားဟား ရယ်မောလိုက်သည်။ မြင့်မြတ်လှသော နဂါးမျိုးနွယ်ဝင်များပင် ဖြစ်ပါစေ၊ မည်မျှပင် မာန်မာနကြီးပါစေဦးတော့၊ ဝမ်းဗိုက်ကို ယားကလိအတိုက်ခံရလျှင်မူ ရယ်မောခြင်းဒဏ်ကို မလွန်ဆန်နိုင်ကြပေ။
"အဟားဟားဟား—" အစပိုင်းတွင် စင်သီယာက အောင့်အီးထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပြင်းထန်လာကာ ပါးစပ်ကြီး အဟောင်းသားဖြင့် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ ရယ်မောတော့သည်။ သူမ၏ ရယ်သံမှာ တစ်နေရာလုံးတွင် ဟိန်းထွက်နေ၏။ ဒရေးကန်ကတော့ အလျှော့မပေးဘဲ သူမနှင့်အတူ ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ ဆက်တိုက် ယားကလိတိုက်နေသည်။ နောက်ဆုံးတွင် ဆင်သီယာ၏ မျက်လုံးများမှ ပျော်ရွှင်လွန်း၍ မျက်ရည်များပင် ထွက်ကျလာတော့သည်။
"မင်းရဲ့ အေးစက်စက် မျက်နှာကြီးကို တစ်နေကုန် ကြည့်နေရတာ။ ဒီမျက်နှာကြီးနဲ့ ကမ္ဘာကြီးကို ဝမ်းနည်းအောင်လုပ်တာကလွဲလို့ ဘာလုပ်နိုင်မှာလဲ? မင်း ပိုပြီး ရယ်သင့်တယ်— ရယ်လိုက်ရင် မင်းက ပိုလှတယ်" သူက သူမ၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။ သို့သော် စင်သီယာအတွက်မူ ထိုအသံမှာ မာရ်နတ်၏ အသံကဲ့သို့ပင်။ သူမက အလူးအလဲ ရယ်မောရင်း—
"တစ်ယောက်ယောက်... တစ်ယောက်ယောက် လုပ်ကြပါဦး..." ဟု မနည်း ပြောလိုက်ရသည်။ ဤမြင်ကွင်းကို ကြည့်နေသော ပရိသတ်များမှာလည်း အံ့အားသင့်လွန်းသဖြင့် ၎င်းတို့၏ ဦးနှောက်က အခြေအနေကို လက်မခံနိုင်သလို ဖြစ်နေကြသည်။
"အဲဒါ ငါတို့ရဲ့ နဂါးမင်းသမီးလေ၊ သူ့ကို ဒီအတိုင်း အစော်ကားခံနေခွင့် ပေးထားရမှာလား..."
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ? ငါတို့ မင်းသမီးက ယားကလိ အတိုက်ခံနေရတာပါ၊ တခြား ဘာမှမဟုတ်ဘူး။"
"ဒါပေမဲ့ ငါတို့ တစ်ခုခု လုပ်သင့်သလား?"
ပရိသတ်များမှာ မရေမရာဖြင့် ဝေခွဲမရ ဖြစ်နေကြပြီး ဝတ်စုံနက် ဝတ်ဆင်ထားသော အဘိုးအိုမှာလည်း အဘယ်သို့ ဆုံးဖြတ်ရမည်ကို မသိဘဲ အံ့အားသင့်နေမိသည်။ ဒရေးကန်၏ လှုပ်ရှားမှုက လူတိုင်းကို မှင်တက်သွားစေခဲ့သည်။ လေထုထဲတွင် ပျံ့လွင့်နေသော ချိုမြိန်သော ရယ်သံများကြောင့် ပတ်ဝန်းကျင်မှ လူများမှာလည်း ဘာဆက်လုပ်ရမည်ကို ပို၍ မသေချာဖြစ်လာသည်။ ခဏတာမျှ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ထို့နောက် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာပြီး ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
"မင်း...!?"
ကောင်းကင်ယံမှာ နှစ်ခြမ်းကွဲသွားပြီး နဂါးဘုရင်ကြီး ပေါ်ထွက်လာသည်။ မီတာငါးရာခန့် မြင့်မားသော သူ၏ ခန့်ညားထည်ဝါလှသော နဂါးအသွင်မှာ ဟာလာဟင်းလင်းပြင်မျိုးနွယ်ဝင် (Void Clan) ၏ ဘိုးဘေးနှင့် အီလီနော် (Eleanor) တို့ထက် ငါးဆမျှ ပိုမို ကြီးမားလှသည်။ ဒရေးကန်က ယားကလိတိုက်ခြင်းကို ရပ်လိုက်ပြီး ပခုံးတွန့်ကာ မတ်တပ်ရပ်လိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်ရင်း—
"နဂါးဘုရင်ကြီးကို ဂါရဝပြုပါတယ်"
"မင်း ငါ့သမီးကို ဒီလိုမျိုး လုပ်ရဲတယ်ပေါ့လေ" နဂါးဘုရင်ကြီးက ဟိန်းဟောက်လိုက်သည်။
"ကျွန်တော် နဂါးမင်းသမီးကို မထိခိုက်စေခဲ့ပါဘူး နဂါးဘုရင်ကြီး။ ကျွန်တော် လုပ်ခဲ့တာက သူမကို ရယ်အောင် လုပ်ခဲ့တာပဲ ရှိပါတယ်။ အဲဒီအတွက် ကျွန်တော့်ကို အပြစ်ပေးတော့မလို့လား?"
"ဒါကတော့..." နဂါးဘုရင်ကြီးက ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ ရယ်မောနေဆဲဖြစ်သော စင်သီယာကို ကြည့်လိုက်သည်။ သူမ၏ ဦးခေါင်းတွင် အနည်းငယ် ရှရာရသည်ကလွဲလျှင် တကယ့် ထိခိုက်ဒဏ်ရာဟူ၍ မရှိပေ။
"ကျွန်တော် ခုနကပဲ အသက်အန္တရာယ်နဲ့ ကြုံခဲ့ရပြီး လျှပ်စီးဓာတ် အထူးခန္ဓာကိုယ်ကို နိုးထစေခဲ့တယ် နဂါးဘုရင်ကြီး" ဟု ဒရေးကန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"လျှပ်စီးခန္ဓာကိုယ်?" နဂါးဘုရင်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားသည်။ "မင်း တကယ် သေချာလို့လား?"
"သေချာပါတယ်"
"ဒါဆို ပြစမ်း"
ကောင်းကင်ယံ၌ တိမ်များ မှောင်အတိကျလာပြီး လျှပ်စီးသံများ ဟိန်းထွက်လာသည်။ ထို့နောက် လျှပ်စီးတန်းတစ်ခုသည် ဒရေးကန်ကို ညှာတာမှုမရှိဘဲ ပစ်ခတ်လိုက်တော့သည်။ ဒရေကန်မှာ တည်ငြိမ်စွာပင် မတ်တပ်ရပ်နေ၏။ လျှပ်စီးတန်း ပျောက်ကွယ်သွားသောအခါ သူသည် ဒဏ်ရာအနာတရ မရှိဘဲ လုံးဝ ကောင်းမွန်နေဆဲဖြစ်သည်။ ထိုအစား လျှပ်စီးအစအနများက သူ့အနီးတွင် ဝဲပျံနေပြီး သူသည်... သူသည်... ပို၍ တောင် သန်မာလာသယောင် ရှိနေသည်။
'ဒါ... ဒါ မဖြစ်နိုင်တာ' ဟု နဂါးဘုရင်ကြီးက စိတ်ထဲမှ ရေရွတ်နေမိသည်။
"လျှပ်စီးအတတ် - မဟာလျှပ်စီးနှစ်သွယ်!"
လျှပ်စီးနှစ်သွယ်က ဒရေးကန်ကို တစ်ပြိုင်နက်တည်း ထိမှန်သွားသော်လည်း သူက အကောင်းတိုင်း ရှိနေဆဲဖြစ်သည်။ ထိုအစား သူ၏ မျက်လုံးများမှာ တောက်ပလာသည်။
'ဒီစွမ်းရည်ရဲ့ စွမ်းအင်စီးဆင်းတဲ့လမ်း
ကြောင်း က တော်တော် လန်းတာပဲ' ဒရေးကန်သည် သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအင်ကို ခံစားလိုက်ရသည်။ ဤစွမ်းရည်၏ ဖော်ပြချက်မှာ ရိုးရှင်းပါသည်— မည်သည့် လျှပ်စစ်စွမ်းအင်ကိုမဆို သန့်စင်သော ခွန်အားအဖြစ်သို့ ပြောင်းလဲပေးခြင်း ဖြစ်သည်။ တစ်ချက်ကြည့်လျှင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်တွေ့ အသုံးချမှုတွင်မူ ကြီးမားလှသော အကျိုးကျေးဇူးကို ပေးစွမ်းနိုင်သည်။
"မင်းက တကယ်ပဲ လျှပ်စီးကို စုပ်ယူနိုင်တာပဲ"
တစ်နေရာလုံး တိတ်ဆိတ်သွားပြန်သည်။ ပတ်ဝန်းကျင်တွင် လေးလံသော လေထုက ဖုံးလွှမ်းသွားသဖြင့် ဒရေးကန်သည် အပြောင်းအလဲကို ခံစားမိပြီး ဇဝေဇဝါ ဖြစ်နေမိသည်။ ယခုလေးတင် ဆူညံနေသော လူများက ဘာကြောင့် ဤမျှ မျက်နှာပေး ပြောင်းသွားကြသနည်း? စင်သီယာပင်လျှင် ရယ်မောခြင်းကို ရပ်လိုက်ပြီး ဒရေးကန်ကို အလွန်တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
ဒရေးကန်၏ စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိတော့သည်— 'ဘာတွေ ဖြစ်ကုန်တာလဲ?'