အခန်း (၂၅) - ပြိုင်ပွဲ (၂) နှင့် ပြဿနာတစ်စုံတစ်ရာ
ထိုသူနှစ်ဦးသည် လက်ရှိတွင် ပြင်းထန်သော ဒဏ်ရာများကိုယ်စီ ရထားကြသည်။ ထွားကြိုင်းသော အမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားရာပေါင်း ထောင်ချီကာ ပြည့်နှက်နေပြီး၊ ပိန်ပါးသော အမျိုးသား၏ မျက်နှာနှင့် ရင်ဘတ်တွင်မူ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် ညိုမည်းဒဏ်ရာများဖြင့် ဗလပွဖြစ်နေသည်။ သူတို့၏ သနားစဖွယ် အခြေအနေကို ကြည့်ရင်း ဒရေးကန် သက်ပြင်းတစ်ချက် အသာချမိလိုက်သည်။
"ကဲ ဘယ်လိုလဲ? မင်း သူတို့ကို ယှဉ်နိုင်ပါ့မလား"
အယ်လီနာက သူ့နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ သူသည် သူမဘက်သို့ ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်ပြီး...
"ကျွန်တော် သူတို့နှစ်ယောက်လုံးကို မနိုင်ဘူး"
လက်ရှိ ဒဏ်ရာရထားသော အခြေအနေမှာပင် ထိုသူတို့၏ ရိုးရှင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ သူ့ထက် ပိုမိုမြန်ဆန် တောင့်တင်းနေဆဲ ဖြစ်သည်။ ထို့အပြင် သူတို့၌ ကိုယ်ပိုင်မှော်ပညာ (Spell) နှစ်ခုစီလည်း ရှိနေသေးသည်။ ဒရေးကန်၏ လက်နက်မှာမူ သူ၏နဂါးစွမ်းအားနှင့် မှော်ပညာတစ်ခုတည်းသာ ဖြစ်သောကြောင့် သူတို့ကို ယှဉ်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ အနည်းဆုံးတော့ သူ၏နဂါးအမွေအနှစ် စွမ်းအားသက်သက်ဖြင့်ဆိုလျှင် မဖြစ်နိုင်သည်မှာ အမှန်ပင်။
"ဒါဆို မင်း ဘာလုပ်မှာလဲ?"
သူမက ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်သော စပ်စုလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။ သူမ၏ လက်ညှိုးဖြင့် ဒရေးကန်၏ မေးစေ့ကို ပင့်တင်ကာ သူမအား တည့်တည့်ကြည့်စေသည်။ ဒရေးကန်၏ မျက်ခုံးများ တွန့်ချိုးသွားရသည်။
'ဒီမိန်းမကတော့ တကယ့်ကိုပဲ...'
သူ တကယ်ကို စိတ်တိုသွားသည်။ ငြင်းလို့မရအောင်ပင်။ ဤမိန်းမသည် သူ့ဒေါသကို ဆွပေးရာတွင် အလွန်ပါးနပ်လှပြီး အဆိုးဆုံးမှာ သူက သူမ၏ လက်အောက်ငယ်သား ဖြစ်နေသောကြောင့် ဘာမှပြန်မလုပ်နိုင်ခြင်းပင်။
"ဘာဖြစ်လို့လဲ? ငါ့ကို ပြန်မဖြေတော့ဘူးလား"
သူမက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ဒရေးကန်၏ ကျောထဲသို့ စိမ့်ခနဲ ခံစားလိုက်ရသည်။ သူ၏ တိုက်ပွဲဝင်ဗီဇမှာ ရူးမတတ် လှုပ်ရှားလာပြီး အဖြေမှားလိုက်သည်နှင့် သေသွားနိုင်သည်ဟု သတိပေးနေသကဲ့သို့ပင်။ သူသည် အေးဆေးတည်ငြိမ်စွာဖြင့် သူမဘက်သို့ လှည့်ကာ...
"ကျွန်တော် နိုင်အောင် တိုက်ပါ့မယ်" ဟု ဖြေလိုက်သည်။
"ကောင်းပြီ... ငါ မင်းဆီက ဒါကိုပဲ ကြားချင်တာ" သူမက ခေါင်းညိတ်ကာ ဘာမှမဖြစ်ခဲ့သလိုမျိုး နောက်သို့ ပြန်ဆုတ်သွားသည်။
'ဒီအစေခံကော အရှင်ကော နှစ်ယောက်လုံး ရူးနေတာပဲ!' ဒရေးကန် စိတ်ထဲမှ အော်ဟစ်နေမိသည်။
ကံကောင်းသည်မှာ သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မြင့်မားမှုကြောင့် ပြင်ပမှ ခံစားချက်များကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် စိတ်ထဲတွင် သောင်းကျန်းနေသော်လည်း အပြင်ပန်း၌မူ အေးစက်တည်ငြိမ်သော မျက်နှာထားအတိုင်းပင် ရှိနေသေးသည်။ သူသည် ထိုင်ခုံတွင် ပြန်ထိုင်ကာ တိုက်ပွဲကို အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်သည်။ သူ့အမည်ကို မခေါ်သေးသဖြင့် သူ့အလှည့် မရောက်သေးဟုသာ တွေးထားသည်။ ဘာမှလုပ်စရာမရှိသဖြင့် ပျင်းရိလာကာ စနစ် (System) ကို ခဏစစ်ဆေးလိုက်သည်။
<< နှိုးထသူ (Awakener) သည် လေ့ကျင့်မှု များလေလေ၊ သူ၏ ခန္ဓာကိုယ်မှာ ပြည့်စုံသော အဆင့်သို့ တဖြည်းဖြည်း နီးကပ်လာလေလေ ဖြစ်လိမ့်မည်။ >>
<< နှိုးထသူအား တိုက်ပွဲစွဲလမ်းရူးသွပ်သူတစ်ဦး၏ ကြွက်သားမှတ်ဉာဏ်ကို ပေးအပ်သည်။ >>
<< နှိုးထသူ၏ အရေပြားကို မာကျောစေပြီး ဓား၊ လှံများဖြင့် ထိုးဖောက်၍ မရနိုင်အောင် ပြုလုပ်ပေးသည်။ >>
<< နှိုးထသူအား အားစိုက်ထုတ်ရန် သို့မဟုတ် ကြွက်သားများ အသုံးပြုရန် မလိုဘဲ ဆက်တိုက် လျင်မြန်စွာ ရှေ့သို့ တိုးနိုင်စေသည်။ >>
"ဒါတွေက တော်တော်လေး အသုံးဝင်မယ့် စွမ်းရည်တွေပဲ" ဒရေးကန်က မျက်လုံးဖြင့် ဖတ်ရင်း တွေးနေမိသည်။
ဤအရာများသည် သူ၏ ပင်မခန္ဓာကိုယ်က ၀င်ပေါက် (Gate) ထဲတွင် ရရှိခဲ့သည့် အရာများဖြစ်သည်။ ၀င်ပေါက်များထဲတွင် ပါရမီများကို ဤမျှလွယ်လွယ်ကူကူ အဆင့်မြှင့်နိုင်လိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့သဖြင့် ကြီးမားသော အမြတ်ပင် ဖြစ်သည်။ နှိုးထသူ အများစုမှာ အခြားကမ္ဘာသို့ ရောက်ချိန်တွင် ဘာမှမလုပ်ဘဲ ပုန်းအောင်းနေကာ သူတို့ကမ္ဘာသို့ ပြန်မည့်အချိန်ကိုသာ စောင့်နေတတ်ကြသည်။ ထို့နောက်မှ ၀င်ပေါက်များပွင့်လာချိန်တွင် သူတို့၏ ပါရမီများကို အဆင့်မြှင့်ကာ လျင်မြန်စွာ အားကောင်းလာကြခြင်း ဖြစ်မည်။
"ဒါက ဖြစ်နိုင်ခြေ ရှိတာပဲ"
ဒရေးကန် ထိုသို့တွေးနေစဉ် သူ၏ အင်္ကျီလက်ကို တစ်စုံတစ်ယောက်က ဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။
"ဟင်?" သူက မျက်ခုံးပင့်ကာ လီလီယာ၏ ချစ်စဖွယ် မျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"
"ရှင့်နာမည် ခေါ်နေပြီ"
ဒရေးကန် ရှေ့သို့ကြည့်လိုက်သောအခါ အဘိုးအိုတစ်ဦးက သူ့အမည်ပါသော ဆိုင်းဘုတ်ကို မြှောက်ပြနေသည်ကို တွေ့လိုက်ရသည်။ အချိန်ရေတွက်မှု (Countdown) လည်း ရှိနေပြီး ယခုဆိုလျှင် ၅ စက္ကန့်သာ ကျန်တော့သည်!
"ဘာတွေဖြစ်နေတာလဲ?"
သူသည် မျက်တောင်လေးများ မှေးစင်းကာ စိတ်ဝင်စားပုံမပြသော အယ်လီနာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အတွေးများ ဗလပွဖြစ်သွားသည်။ အကယ်၍ သူသာ သာမန်လမ်းအတိုင်း သွားမည်ဆိုလျှင် အားကုန်ထုတ်သုံးလျှင်ပင် အချိန်မီ ရောက်ရှိနိုင်မည် မဟုတ်ပေ။
'တစ်ခုပဲ ရှိတယ်... အဲဒါကတော့ ဗရုတ်သုတ်ခ ဖြစ်အောင် လုပ်ဖို့ပဲ'
ဒရေးကန်သည် သူ့ရှေ့မှ မှန်ချပ်ကို ကြည့်ကာ ချက်ချင်းပင် ရှေ့သို့ အဟုန်ပြင်းစွာ ခုန်ထွက်လိုက်သည်။
ဝုန်း!
မှန်ပြတင်းပေါက်မှာ တစစီ ကွဲကြေသွားပြီး သူသည် ကုန်တင်ကားတစ်စီး၏ အရှိန်အဟုန်မျိုးဖြင့် အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ဒရေးကန်သည် ဆူညံသံများကြားတွင် နစ်မွန်းသွားသလို ခံစားလိုက်ရသည်။ ဆူညံသံများက တကယ့်ကို သည်းခံနိုင်စရာ မရှိအောင်ပင်။ သို့သော် သူ ဂရုမစိုက်အားပေ။ သူသည် ရှေ့တည့်တည့်သို့ ကြည့်ကာ ကိုယ်ရောင်ဖျောက်သကဲ့သို့ ပြေးထွက်လိုက်သည်။ နောက်တစ်ခဏ၌ သူသည် ၁၀ မီတာ အကွာအဝေးကို ဖြတ်ကျော်သွားပြီး စင်မြင့်ထက်သို့ ကျွမ်းထိုးကာ ဆင်းသက်လိုက်သည်။ သူ၏ ဆင်းသက်မှုအရှိန်ကြောင့် စင်မြင့်တစ်ခုလုံး သိမ့်သိမ့်တုန်သွားရသည်။
"ဒါမှ လန်းသွားတာ" ဒရေးကန်က အေးအေး
ဆေးဆေး မှတ်ချက်ပေးလိုက်ပြီးနောက် ဆွံ့အသွားသော ဆံပင်ဖြူအဘိုးအိုကို မော့ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ? ၁ စက္ကန့် ကျန်သေးတယ် မဟုတ်လား"
"မင်း... မင်းကတော့လေ..." အဘိုးအိုမှာ ဒေါသထွက်သွားသော်လည်း ခဏအကြာတွင် အဟမ်းခနဲ ချောင်းဟန့်ကာ အင်္ကျီကော်လန်ကို ပြန်ပြင်လိုက်သည်။ "မင်း ပြောတာ မှန်ပါတယ်။ မင်းရဲ့ ပြိုင်ဘက်ကတော့ ဟင်း
လင်းပြင်မျိုးနွယ်စု (Void Clan) ကပဲ။ အဲဒီအချိန်အထိ မင်း အသက်ရှင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"
"ဟင်းလင်းပြင်နဂါးမျိုးနွယ်စု?"
သူက ခေါင်းကိုစောင်းကာ ရှေ့မှ ဆံပင်ခရမ်းရောင်နှင့် အမျိုးသားကို ကြည့်လိုက်သည်။ ထိုသူတွင် ဦးချိုအနက်ရောင်များ ရှိပြီး အတောင်ပံများ ထွက်မလာသေးသော်လည်း လက်သည်းများမှာမူ သားရဲတစ်ကောင်ကဲ့သို့ ရှည်လျားထက်မြက်နေသည်။ အဘိုးအိုက နောက်တစ်ကြိမ် ချောင်းဟန့်လိုက်ပြန်သည်။ သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ စာအုပ်ငယ်လေးတစ်အုပ် ထွက်ပေါ်လာသည်။ ထိုစာအုပ်ကို လှန်လှောကြည့်ရင်း အဘိုးအို၏ မျက်လုံးများ ခဏတာ ဝိုင်းစက်သွားပြီးနောက် စာအုပ်မှာ ပြန်လည်ပျောက်ကွယ်သွားသည်။ သူသည် တုန်ရင်နေသော ခန္ဓာကိုယ်ဖြင့် ဒရေးကန်ကို ကြည့်လိုက်သည်။
"ဒီလူကတော့ 'ဆောင်းရာသီလေပြင်းနဂါး' (Dragon of Winter Gale) က ဒရေးကန် ဖြစ်ပါတယ်။ ပြီးတော့..." အဘိုးအို ခဏနားလိုက်ပြီး၊ "သူက တစ်ချိန်တုန်းက လူသားတစ်ယောက် ဖြစ်ခဲ့ပါတယ်"
တိတ်ဆိတ်သွားသည်! တစ်ကွင်းလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
"အင်း... အခုမှပဲ နားအေးတော့တယ်" ဒရေးကန်က ပေါ့ပေါ့ပါးပါးပင် သူ၏နားကို နှိုက်နေလိုက်သည်။
လူတိုင်းက ကျောက်ရုပ်များကဲ့သို့ တောင့်တောင့်ကြီး ဖြစ်နေကြပြီး ဒရေးကန်ကို စိုက်ကြည့်နေကြသည်။ ထို့နောက်တွင်မူ ဒေါသတကြီး အော်ဟစ်သံများ ဟိန်းထွက်လာတော့သည်။
"ဒီ ပိုးကောင်စုတ်"
"ဒါက ကောလာဟလပဲ မှတ်နေတာ၊ ဒါပေမဲ့ 'ဆောင်းရာသီလေပြင်းနဂါး' က တကယ်ပဲ ငါတို့ထဲက တစ်ယောက်အဖြစ် လူသားပိုးကောင်ကို ဖန်တီးခဲ့တာပဲ"
"ဒါ... ဒါကို ခွင့်မလွှတ်နိုင်ဘူး။ သူက ငါတို့မျိုးနွယ်စုရဲ့ အပြစ်သားပဲ!"
နဂါးများသည် အခြားမျိုးနွယ်စုအားလုံးအပေါ် အမြဲတစေ မောက်မာရိုင်းစိုင်းသော သဘောထား ရှိကြသည်။ လူသားတစ်ဦးကို သူတို့၏ သွေးမျိုးဆက် ဆက်ခံခွင့်ပေးလိုက်ခြင်းမှာ ကြီးမားသော အရှက်ရစရာအဖြစ် သတ်မှတ်ထားကြသည်။ ဒရေးကန်မှာမူ ထိုအော်ဟစ်သံများကြားတွင် စိတ်အေးလက်အေးပင် ရပ်နေသည်။ သူ ဂရုမစိုက်ပါ။ အခြေအနေ တကယ် ဆိုးရွားလာလျှင် ဤကိုယ်ပွားကို သူ၏ကမ္ဘာသို့ ပြန်ခေါ်သွားရုံသာ ရှိသည်။ ဘယ်သူမှ ဘာမှတတ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် အယ်လီနာက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဤမျှလွယ်လွယ်ကူကူ ထုတ်ဖော်ခွင့်ပြုခဲ့သည်မှာ သူမတွင်လည်း ထည့်သွင်းစဉ်းစားထားသည့် အစီအစဉ်တစ်ခု ရှိနေ၍သာ ဖြစ်ရမည် မဟုတ်ပါလား?
သူ ဘာမှမပြောရသေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက သူ့အပေါ်သို့ သက်ရောက်လာတော့သည်!