အခန်း (၂၄) - ပြိုင်ပွဲ (၁)
"မင်း ဒုတိယစက်၀န်းကို တကယ်ပဲ ရောက်သွားတာလား"
လီလီယာက သူ့ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်ရင်း မေးလိုက်သည်။
"အင်း"
ဒရေးကန်က သူမနောက်မှ လိုက်လာရင်း တည်ငြိမ်သောမျက်နှာထားဖြင့် ခပ်တိုတိုပင် ပြန်ဖြေလိုက်သည်။ သူမ နောက်ထပ် ဘာမှမမေးတော့သော်လည်း သူမ၏ နားရွက်ဖျားလေးများမှာ အနည်းငယ် နီမြန်းနေသည်ကို သတိထားမိလိုက်သည်။ ၎င်းကို မြင်သောအခါ ဒရေးကန် အနည်းငယ် ဆွံ့အသွားရ၏။
'ဒီမိန်းကလေးမှာ တကယ်ပဲ စိတ်ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းချက် ရှိနေတာလား'
မကြာမီမှာပင် သူမသည် သူ့ကို ရင်းနှီးပြီးသားဖြစ်သော ဇိမ်ခံအခန်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။ ထိုအခန်းထဲတွင် လှပသော အမျိုးသမီးတစ်ဦးသည် ခြေထောက်နှစ်ဖက်ကို ချိတ်ထိုင်လျက် ရှိနေပြီး သူမ၏ ဖြူဝင်းသော ပေါင်တံရှည်ကြီးများကို လှစ်ဟပြထားသည်။ သူမ၏ နူးညံ့သော နှုတ်ခမ်းနီနီလေးများမှာလည်း အပြုံးတစ်ခုအဖြစ် ကွေးညွတ်နေ၏။ ဆွဲဆောင်မှုအပြည့်ရှိနေသော အယ်လီနာကို ကြည့်ပြီး ဒရေးကန်ကတော့ မျက်မှောင်ကြုတ်လိုက်ရုံသာ ရှိသည်။ သူသည်လည်း အလှအပကို ခံစားတတ်သော ယောကျ်ားတစ်ယောက် ဖြစ်သော်လည်း၊ အသက်နှင့်ရင်းရမည့် အခြေအနေမျိုးတွင်မူ စိတ်ကူးယဉ်နေရန် အချိန်မရှိပေ။
"မင်း ဒုတိယစက်၀န်းကို ရောက်သွားပြီဆိုတာ ငါ သိပြီးသားပါ။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ပြိုင်ပွဲမှာ ငါ့ကို စိတ်မပျက်စေနဲ့။ မင်းအတွက် ထူးခြားတဲ့ ဆုလာဘ်တစ်ခု ပြင်ဆင်ထားတယ်"
သူမက သူမ၏ ခြေထောက်များကို ပွတ်သပ်ရင်း သူ့ကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒရေးကန် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူ၏ မျက်လုံးများမှာ သူမထံသို့ အလိုအလျောက် ဆွဲဆောင်ခံနေရပြီး အသိစိတ်များ ဝေဝါးလာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများက အာရုံပြန်ရလာပြီး တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
"ဒီဆုလာဘ်ကို ရရှိဖို့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်"
၎င်းကို မြင်သောအခါ အယ်လီနာသည် အမူအရာမပျက်ဘဲ လက်ကို ဝေ့ယမ်းလိုက်သည်။
"ဒါဆို သွားကြရအောင်"
သူမက သူ့အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
"ဟင်... ကျွန်တော်တို့ အဲဒီကို ဘယ်လိုသွားမှာလဲ—?"
သူ၏ စကားပင် မဆုံးသေးခင်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ပုံပျက်သွားပြီး သူရော အခြားသူများပါ မျက်စိရှေ့မှ ကွယ်ပျောက်သွားတော့သည်။ ဒရေးကန်သည် ပင်လယ်ပြင်တစ်ခုထဲသို့ ရောက်သွားသကဲ့သို့ အသက်ရှူကျပ်လာပြီး တစ်ကိုယ်လုံးတွင် အပ်နှင့်ထိုးသကဲ့သို့ နာကျင်မှုများကို ခံစားလိုက်ရသည်။ ထိုနာကျင်မှုမှာ မြားဒဏ်ရာလောက် မပြင်းထန်သော်လည်း အတော်လေးတော့ ခံရခက်လှသည်။ ရုတ်တရက် အရာအားလုံး ပြောင်းလဲသွားပြီး နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် သူသည် ဗီဇအသိစိတ်အရ ထိုနွေးထွေးမှုဆီသို့ တိုးကပ်သွားမိသည်။
ခေတ္တမျှ ကြာပြီးနောက်တွင် အသက်ရှူကျပ်သည့် ခံစားချက်နှင့် နွေးထွေးသည့် စွမ်းအင်များပါ ကွယ်ပျောက်သွားတော့သည်။
"ဟမ်...?"
ဒရေးကန် မျက်လုံးဖွင့်ကြည့်လိုက်ရာ အယ်လီနာ၏ အေးစက်နေသော မျက်နှာကို မြင်လိုက်ရသည်။ ထို့နောက် အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူ၏လက်ထဲတွင် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနွေးထွေးသော လက်တစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိကြောင်း တွေ့လိုက်ရသည်။ သူသည် လည်ပင်းကို မတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဤနေရာမှာ ရှေးဟောင်း ရောမလက်ဝှေ့ကွင်း (Colosseum) နှင့် ဆင်တူပြီး နယ်မြေတစ်ခုလုံးကို ကျောက်တုံးဝိုင်းကြီးများဖြင့် ပိတ်ဆို့ထားသည်။ အနီ၊ အစိမ်း၊ လိမ္မော်နှင့် အဝါရောင် ဆိုသည့် ယူနီဖောင်းအရောင် လေးမျိုး ဝတ်ဆင်ထားသော လူအများအပြား ရှိနေသည်။ သူတို့၏ ရင်ဘတ်ပေါ်ရှိ နဂါးတံဆိပ်မှာ ဝတ်စုံအရောင်အလိုက် အနည်းငယ် ကွဲပြားကြပြီး ထိုအုပ်စုလေးခုမှာ ကွင်း၏ အရပ်လေးမျက်နှာတွင် နေရာယူထားကြသည်။
"မင်း ပျော်လို့ ဝပြီလား"
အယ်လီနာက သူမ၏ လက်ကို ဆွဲထုတ်လိုက်သည်။
"အဲဒီလိုပဲ ထင်တာပဲ"
ဒရေးကန်က နှမြောတသဖြစ်နေသည့် မျက်နှာထားဖြင့် သူမ၏ လက်ကို လွှတ်ပေးလိုက်သည်။
'ဒီကောင်... ငါက နင့်ကို စနောက်နေတာလေ'
အယ်လီနာ၏ စိတ်ထဲတွင် ဟစ်အော်နေသော်လည်း အပြင်ပန်းတွင်မူ မည်သည့်အမူအရာမျှ မပြပေ။ သူမသည် အမြတ်ထုတ်ခံလိုက်ရသလို ခံစားနေရသည်။ 'ဆောင်းရာ
သီလေပြင်းနဂါး' ဖြစ်သူ သူမကို မည်သူက အမြတ်ထုတ်ရဲသနည်း။ 'နင့်ကို နောက်မှ အပြတ်ရှင်းမယ်' ဟု သူမ တွေးလိုက်သည်။
"ဒါနဲ့ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ"
ဒရေးကန်သည် ဆောင့်ကြောင့်ထိုင်ချကာ ကြွက်သားများ ပြေလျော့စေရန် ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ အနီရောင် ဆံနွယ်များမှာ လေပြင်းကြောင့် လွင့်ပျံနေ၏။ ထူးဆန်းသည်မှာ သူ နဂါးအစစ်အသွင် ပြောင်းလဲချိန်တွင် သူ၏ မျက်စိသူငယ်အိမ်နှင့် ဆံပင်များမှာ အနီရင့်ရောင် ပြောင်းသွားသော်လည်း၊ အကြေးခွံများမှာမူ ရွှေရောင်နဂါးအဖြစ်သာ ရှိနေခြင်းဖြစ်သည်။
"မင်းအလှည့်ရောက်တဲ့အထိ စောင့်ရဦးမယ်"
ထိုသို့ပြောပြီးနောက် သူမသည် သူမ၏ ပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး လီလီယာက သူမအတွက် ခရမ်းရောင် ပန်းသီးများကို စတင်လှီးပေးနေသည်။ ဒရေးကန်ကမူ သူတို့ ဘာလုပ်နေသလဲဆိုသည်ကို သိရန် မှန်ပြတင်းပေါက်နားတွင် ရပ်ကြည့်နေသည်။
'ဒီနေရာက အသံလုံတဲ့ပုံပဲ၊ အပြင်က အသံတွေလည်း မကြားရသလို ငါတို့ပြောတာလည်း အပြင်က ကြားမှာမဟုတ်ဘူး'
သူ၏ အကြည့်က ကွင်းအလယ်ရှိ စင်မြင့်ဆီသို့ ရောက်သွားသည်။ ထိုနေရာတွင် လူနှစ်ဦး တိုက်ခိုက်နေကြ၏။ တစ်ဦးမှာ လှံကို လက်နက်အဖြစ် အသုံးပြုသော ပိန်ပိန်ပါးပါး လူတစ်ဦးဖြစ်ပြီး၊ အခြားတစ်ဦးမှာ လက်သီးစွပ်များ ဝတ်ဆင်ထားသော ထွားကျိုင်းသည့် လူတစ်ဦး ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများမှာ အလွန်မြန်ဆန်လှပြီး မည်သူကမျှ အသာမရကြပေ။ သို့သော် ၎င်းကို ကြည့်ရင်း ဒရေးကန် အနည်းငယ် စိတ်ပျက်သွားမိသည်။
'သူတို့ မှော်အတတ်တွေ ဘာတွေ သုံးကြလိမ့်မယ်လို့ ငါထင်ထားတာ'
"စပ်စုချင်နေတာလား"
သူ၏ နားရွက်နားတွင် ပူနွေးသော အသက်ရှူသံတစ်ခု ထိတွေ့သွားသဖြင့် သူ၏ နားရွက်များ လှုပ်ခတ်သွားသည်။ ဒရေးကန်သည် အယ်လီနာကို တည်ငြိမ်သော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။
"ဟုတ်ပါတယ်"
"ကောင်းပြီလေ... ငါ ရှင်းပြပေးမယ်"
သူမသည် နောက်သို့ ပြန်ဆုတ်ကာ ထိုင်ခုံတွင် ထိုင်လိုက်ပြီး လီလီယာ ခွံ့ကျွေးသော ပန်းသီးကို စားလိုက်သည်။
"ဒါက နဂါးတွေရဲ့ ရှေးရိုးစဉ်လာပဲ။ အစပိုင်းမှာ ပြိုင်ဘက်ကို လေးစားမှုပြတဲ့အနေနဲ့ ကြွက်သားအားသက်သက်နဲ့ပဲ တိုက်ခိုက်ရတယ်။ အဲဒီနောက် မိနစ်နှစ်ဆယ်တိတိ ပြည့်သွားတဲ့အခါကျမှ မင်းရဲ့ စွမ်းအားတွေကို အကုန်ထုတ်သုံးလို့ရတယ်"
"အကယ်၍ ကျွန်တော်က အဲဒီစည်းကမ်းကို မလိုက်နာရင် ဘာဖြစ်မလဲ"
ဒရေးကန်က တည်ငြိမ်စွာ မေးလိုက်သည်။
"ဒါဆိုရင် မင်းက ပြိုင်ဘက်ကို မလေးမစားလုပ်တယ်လို့ သတ်မှတ်ခံရပြီး အဲဒီတိုက်ပွဲက အသက်နှင့်ရင်းရတဲ့ တိုက်ပွဲ ဖြစ်သွားလိမ့်မယ်"
"တော်တော်လေး တင်းကျပ်တာပဲ"
သူက တိုက်ပွဲကို အာရုံစိုက်ကြည့်ရင်း မှတ်ချက်ချလိုက်သည်။ အယ်လီနာက ပြုံးလိုက်ပြီး လီလီယာ၏ ကျောကို အသာပုတ်ကာ တွန်းလိုက်ရာ၊ လီလီယာမှာ ဒရေးကန်ပေါ်သို့ မှောက်ရက်လဲကျသွားပြီး နှစ်ယောက်သား မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"ဒါက ဘာလုပ်တာလဲ"
သူ ညည်းညူလိုက်သည်။
"မင်း လီလီယာကို စိတ်ဝင်စားနေတာလား"
အယ်လီနာက တခိခိရယ်သည်။ ဒရေးကန်သည် လီလီယာကို အသာအယာ တွန်းဖယ်လိုက်ပြီး သူမကို ကြည့်လိုက်သည်။
"ကျွန်တော် ဘာလို့ သူမကို စိတ်ဝင်စားရမှာလဲ"
"ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက်က မကြာခင်မှာ အိမ်ထောင်ဖက်တွေ ဖြစ်လာကြတော့မှာလေ"
"ဗျာ..."
သူ အံ့ဩသွားသည့် မျက်နှာပေး လုပ်လိုက်သည်။
"အပြစ်ကင်းသလို ဟန်မဆောင်ပါနဲ့။ ဟိုမှာကြည့်... တိုက်ပွဲက အခုမှ အရှိန်တက်လာပြီ"
ဒရေးကန် ကွင်းထဲသို့ ပြန်ကြည့်လိုက်သည်။ တိုက်ခိုက်သူ နှစ်ဦးမှာ ခြေလှမ်း တစ်ဆယ်ခန့် အကွာအဝေးတွင် ရှိနေကြသည်။ သူတို့အတွက် ထိုအကွာအဝေးမှာ အသက်ရှူနှစ်ချက်စာမျှသာ ဖြစ်သော်လည်း သူတို့သည် ငြိမ်သက်နေကြသည်။ ထွားကျိုင်းသော လူက သူ၏လက်သီးကို မြှောက်လိုက်ရာ၊ သူ၏ လက်သီးစွပ်များမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ၏ နောက်ကွယ်တွင်လည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ဓားမြှောင်များစွာ ပေါ်လာတော့သည်။
"သတ္တုစွမ်းအင်မှော်- ဓားပေါင်းတစ်သောင်း (Metal Spell: Ten Thousand Swords)!"
ပိန်ပိန်ပါးပါး လူကလည်း မျက်လုံးမှိတ်ကာ သူ၏ လှံကို မြှောက်လျက် တုံ့ပြန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာ၏။
"အမှောင်စွမ်းအင်မှော်- အဆိပ်မြူ (Dark Spell: Poison Mist)!"
ကွင်းတစ်ခုလုံးမှာ မြူခိုးများဖြင့် ပြည့်နှက်သွားပြီး အတွင်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် မြူခိုးများ စဲသွားသည့်အခါ နှစ်ဦးသား မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့ရသည်။ အဖြူရောင်ဆံပင်နှင့် တူဆီဒို (Tuxedo) ဝတ်စုံဝတ်ထားသော အဘိုးအိုတစ်ဦးမှာ ဘယ်ကမှန်းမသိ ပေါ်လာပြီး သူ၏ လက်ကို မြှောက်လိုက်သည်။
"သရေပဲ!"
ပရိသတ်များထံမှ ဟစ်အော်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။