အခန်း (၁) - သိုင်းဝိညာဉ် သုံးခု
"ဒေါက်… ဒေါက်… ဒေါက်…"
"လာပါပြီ၊ လာပါပြီ။"
ခန့်ညားထက်မြက်သည့် ရုပ်ရည်နှင့် ဆံပင်ရှည်ရှည်ရှိသော ကောင်လေးတစ်ယောက်သည် သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။
ထိုကောင်လေး၏ အမည်မှာ ရှောင်ယွမ် ဖြစ်ပြီး ကမ္ဘာမြေမှ ကူးပြောင်းရောက်ရှိလာသူတစ်ဦး ဖြစ်သည်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကောင်းကင်တူရွာမှ မိဘမဲ့ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်တူရွာသည် စိန့်ဝိညာဉ်ရွာနှင့် မဝေးလှ၊ ခြေလျင်လျှောက်ပါက နာရီပိုင်းမျှသာ သွားရသည်။
တံခါးကို ခေါက်နေသည့် အဘိုးအို၏ အမည်မှာ ချန်းရှောင် ဖြစ်ပြီး ကောင်းကင်တူရွာ၏ ရွာသူကြီးလည်း ဖြစ်သည်။
ရှောင်ယွမ်သည် ချန်းရှောင်ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် -
"အဘိုးရွာသူကြီး၊ တစ်ခုခုကိစ္စရှိလို့လားဗျ။"
ချန်းရှောင်သည် သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးရွှင်စွာဖြင့် -
"ရှောင်ယွမ်ရေ… ဒီနေ့က ဝိညာဉ်နိုးထပွဲ လုပ်တဲ့နေ့လေကွယ်။ ရွာလယ်ခေါင်က ဝိညာဉ်နန်းတော်ဆီ မြန်မြန်သွားပြီး မင်းရဲ့ သိုင်းဝိညာဉ်ကို နိုးထအောင်သွားလုပ်တော့။"
ဒီနေ့သည် ဝိညာဉ်နိုးထပွဲ လုပ်မည့်နေ့ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရှောင်ယွမ်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။
သူ မျှော်လင့်စောင့်စားနေခဲ့သည့် နေ့ရက်ကား ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အကယ်၍သာ အစွမ်းထက် သိုင်း၀ိညာဥ်တစ်ခုခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပါက သူ လယ်သမားတစ်ယောက် ဖြစ်လာစရာ မလိုတော့ပေ။ အင်အားသည်သာ ထိပ်ဆုံးကစိုးမိုးနေသည့် ဒီကမ္ဘာတွင် အင်အားမရှိဘဲ ပိုက်ဆံရှာရန် ကြိုးစားခြင်းသည် သေတွင်းတူးခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ရှောင်ယွမ် အသေအချာ သိရှိထားသည်။
ရှောယွမ်သည် အဝတ်အစားများကို မြန်မြန်ဆန်ဆန် သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးသည်နှင့် ရွာသူကြီး ချန်းရှောင်၏ နောက်မှလိုက်ကာ ရွာလယ်ရှိ ဝိညာဉ်နန်းတော်ဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့သည်။
လမ်းတစ်လျှောက်တွင် သူ၏ ရင်ဘတ်ထဲမှ အမြုတေသည် ဒုတ်ဒုတ်ခုန်နေပြီး ခေါင်းထဲတွင်လည်း မကြာမီ ပြုလုပ်တော့မည့် ဝိညာဉ်နိုးထပွဲအကြောင်းဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ရွာထဲရှိ ဝိညာဉ်နန်းတော်ဆိုသည်မှာ နန်းတော်ဟု ဆိုရသည်ထက် သစ်သားတဲစုတ်လေးတစ်ခုနှင့် ပိုတူသည်။ နှစ်စဉ်နှစ်တိုင်း ဝိညာဉ်နိုးထပွဲ ပြုလုပ်ချိန်မှသာ ဖွင့်လှစ်လေ့ရှိပြီး ကျန်သည့်အချိန်များတွင်မူ ပိတ်ထားလေ့ရှိသည်။
သူတို့နှစ်ဦး ဝိညာဉ်နန်းတော်သို့ ရောက်ရှိသွားချိန်တွင် အတွင်း၌ ကလေး ခုနစ်ယောက် ရောက်နှင့်နေပြီဖြစ်ပြီး အားလုံး၏ မျက်နှာတွင် မျှော်လင့်ချက်များနှင့်အတူ စိုးရိမ်ထိတ်လန့်ဟန်များ လွှမ်းမိုးနေကြသည်။
ခမ်းမဆောင်ထဲတွင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် ဝိညာဉ်နန်းတော်၏ အောက်ခြေအရာရှိတစ်ဦး ရပ်နေသည်။ သမင်မျက်နှာကဲ့သို့ တည်ငြိမ်လေးနက်သည့် မူရာဖြင့် ကလေးများကို တစ်ယောက်ပြီးတစ်ယောက် စေ့စေ့ကြည့်ရှုနေသည်။
၀တ်ရုံဖြူအရာရှိက မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။
"ငါ့အမည်က စူးယွင်းထောင်း၊ မင်းတို့ရဲ့ သိုင်းဝိညာဉ်တွေကို နိုးထပေးဖို့ တာဝန်ယူထားသူပဲ။"
တစ်ဖက်လူသည် စူးယွန်းထောင်း ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရှောင်ယွမ်တစ်ယောက် စိတ်ထဲတွင် ဆန်းကြယ်စွာဖြင့် စိတ်အေးသွားရသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် နာမည်ကြီး "မျက်စိကန်း နတ်ဘုရားဘုရင်" ပင်ဖြစ်သည်။
‘အမှန်အတိုင်း ပြောရလျှင် စူးယွင်းထောင်းကို အရည်အချင်းမရှိဟု အပြစ်တင်၍မရပေ။ သာမန် လောကအမြင် နားလည်မှု နည်းပါးရုံမျှသာ ဖြစ်သည်။ သူသည် တစ်နှစ်ပတ်လုံး ဒီလို ဝေးလံခေါင်ဖျားသည့် ဒေသများ၌ လူအများအတွက် ဝိညာဉ်နိုးထပေးရင်း အချိန်ကုန်လွန်နေရသူဖြစ်ရာ အနာဂတ်သူရဲကောင်းများ၏ သိုင်း၀ိညာဉ်များသည် မည်မျှအစွမ်းထက်သည်ကို မည်သို့လျှင် သိရှိနိုင်ပါမည်နည်း။’
‘ထန်ဆန်း၏ ကိစ္စတွင်လည်း အပြာရောင်ငွေမြက်သည် အပြာရောင်ငွေမြက်ဧကရာဇ်အဖြစ် ဆန်းသစ်ပြောင်းလဲနိုင်သည်ကို သူမှမသိဘဲ အသုံးမကျသည့် နွယ်ပင် သိုင်းဝိညာဉ်ဟု ထင်မှတ်ခဲ့ခြင်းမှာ သဘာဝကျပေသည်။’
ထန်ဆန်းနှင့် မကောင်းဆိုး၀ါး ခုနစ်ဖော်တို့သည် ရေခဲနှင့် မီးတောက် ယင်ယန်စမ်းချောင်းကြောင့် အင်အားကြီးမားလာခဲ့ကြသော်လည်း တျန်းရှုဲ ကျောင်းတော်နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့်အခါ ထန်ဆန်းတစ်ယောက် စိတ်ဓာတ်ကျသည်အထိ အရိုက်ခံခဲ့ရသည်ကို ရှောင်ယွမ် မှတ်မိနေသေးသည်။
ရှောင်ယွမ် အတွေးလွန်နေစဉ်မှာပင် နိုးထခြင်းအခမ်းအနားက စတင်နေပြီဖြစ်သည်။
ကျန်းရှီး ထက်မူလက သိုင်းဝိညာဉ်နိုးထခဲ့ကြသည့် ကလေးများတွင် ဝိညာဉ်စွမ်းအား လုံးဝမပါရှိကြဘဲ သူတို့၏ သိုင်းဝိညာဉ်များသည်လည်း သာမန်အရိုးရှင်းဆုံး အရာများသာ ဖြစ်ကြသည်။ နောက်ဆုံးတွင်တော့ ရှောင်ယွမ်၏ အလှည့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
စူးယွင်းထောင်းသည် မျက်နှာအမူအရာ မပျက်ဘဲ ရှောင်ယွမ်ကို ရှေ့သို့တိုးလာကာ ဝိညာဉ်နိုးထရေး စက်ဝိုင်းအကွက်ထဲသို့ ဝင်ရောက်ပြီး သိုင်းဝိညာဉ် နိုးထရန် အချက်ပြလိုက်သည်။
ရှောင်ယွမ်သည် နိုးထရေး စက်ဝိုင်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် စူးယွင်းထောင်းက ထိုအကွက်ထဲသို့ ဝိညာဉ်စွမ်းအားများကို ထည့်သွင်းပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် အလင်းရောင်တစ်ခုက ရှောင်ယွမ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။
ဘေးပတ်ဝန်းကျင်ရှိ ကလေးများသည် အသက်ကိုပင် ပြင်းပြင်းမရှူရဲဘဲ အကြည့်အားလုံးက ရှောင်ယွမ်ထံသို့ စုပြုံကျရောက်သွားကြသည်။
ရှောင်ယွမ်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းထဲမှ အာရုံထွေပြားစရာ အတွေးများကို ပယ်ဖျောက်ရန် ကြိုးစားလိုက်သည်။
သူ၏ ဝမ်းဗိုက်အောက်ခြေ အမြုတေနေရာမှ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု ဖြည်းဖြည်းချင်း အထက်သို့ တက်လာပြီး ခြေဆစ်လက်ဆစ်များနှင့် အရိုးအဆစ်တစ်ခုစီတိုင်းဆီသို့ ပျံ့နှံ့သွားသည်ကို သန့်သန့်ရှင်းရှင်း ခံစားလိုက်ရသည်။
ထိုစွမ်းအင်စီးကြောင်းသည် တစ်စတစ်စ ပိုမိုပြင်းထန်လာပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ တစ်ခုခု ပေါက်ကွဲထွက်လာတော့မည်အလား ထိန်းမရအောင် ဖြစ်လာခဲ့သည်။
အလင်းရောင်များ မှေးမှိန်သွားပြီးနောက် ရှောင်ယွမ်သည် သူ၏ ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ လက်ဝါးပြင်ပေါ်တွင် အပြာရောင်ငွေမြက်ပင်လေး တစ်ပင် ထွက်ပေါ်လာခဲ့သည်။
"အပြာရောင်ငွေမြက်လား…" စူးယွင်းထောင်းက မျက်မှောင်ကြုတ်လိုက်ပြီး မဖုံးဖိနိုင်သော စိတ်ပျက်လက်ပျက် အမူအရာဖြင့် - "နောက်ထပ် အသုံးမကျတဲ့ သိုင်းညာဉ်တစ်ခုပဲ။"
သူသည် ဒီလိုအခြေအနေမျိုးကို မရေမတွက်နိုင်အောင် တွေ့ကြုံဖူးခဲ့ပြီဖြစ်သည်။ ဒီလို ဝေးလံခေါင်ဖျားသည့် ကျေးရွာများတွင် အပြာရောင်ငွေမြက် ၊ ပေါက်ပြား၊ တံစဉ် စသည့် သိုင်းဝိညာဉ်များသည် အတွေ့ရအများဆုံးဖြစ်ပြီး ဒါသည် ဝိညာဉ်သခင် လမ်းစဉ်မှ ထာဝရ စွန့်ခွာလိုက်ရခြင်းနှင့် အတူတူပင်ဖြစ်သည်။
ဘေးပတ်ဝန်းကျင်ရှိ ကလေးများထံမှ တိုးတိုးနဲ့ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော သူတို့၏ အကြည့်များတွင် ယခုအခါ စာနာသနားသည့် အရိပ်အယောင်များ လွှမ်းမိုးသွားခဲ့သည်။
ဘေးတွင် ရပ်နေသည့် ရွာသူကြီး ချန်းရှောင်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး သက်ပြင်းသဲ့သဲ့တစ်ချက် ချလိုက်တော့သည်။
ရှောင်ယွမ်ကတော့ ပြုံးလိုက်ရုံမျှသာ ပြုံးပြီး စူးယွင်းထောင်းကို -
"ဝိညာဉ်စွမ်းအားကို စမ်းသပ်လို့ ရမလားခင်ဗျ။"
စူးယွင်းထောင်းက ခေါင်းညိတ်ပြပြီး ရှောင်ယွမ်ကို ရှေ့သို့တိုးကာ ဝိညာဉ်စွမ်းအား စမ်းသပ်ရန် အချက်ပြလိုက်သည်။
စူးယွင်းထောင်း၏ သဘောထားကို ဂရုမစိုက်ဘဲ ရှောင်ယွမ်သည် သလင်းကျောက်လုံးပေါ်သို့ လက်ကို ဖြည်းဖြည်းချင်း တင်လိုက်သည်။
သူ၏ လက်ဝါးက အေးစက်သော ကျောက်တုံးနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များက ထွက်ပေါက်တစ်ခုကို တွေ့ရှိသွားသကဲ့သို့ သလင်းကျောက်တုံးဆီသို့ ဒလဟော စီးဝင်သွားခဲ့သည်။
အပြာရောင် သလင်းကျောက်တုံးသည် ချက်ချင်းဆိုသလိုပင် မျက်စိပင် မဖွင့်နိုင်လောက်အောင် စူးရှတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လိုက်တော့သည်။
စူးယွင်းထောင်းတစ်ယောက် ကြက်သေ သေသွားခဲ့သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လည်ချောင်းကို တစ်ယောက်ယောက်က အတင်းညှစ်ထားသကဲ့သို့ ပါးစပ်အဟောင်းသားဖြင့် စကားတစ်လုံးမျှ မထွက်နိုင်တော့သည့်အခြေအနေ ဖြစ်နေသည်။
"ဒါ… ဒါက…" စူးယွင်းထောင်း မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် အသက်ပင် မရှူနိုင်ဘဲ တိုးတိုးကလေး ရေရွတ်လိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ ကလေးများသည် ပို၍ပင် အံ့အားသင့်သွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ အချို့ဆိုလျှင် မကြုံစဖူး ထူးခြားသည့် မြင်ကွင်းကြောင့် မသိစိတ်မှ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။
ရွာသူကြီး ချန်းရှောင်၏ မျက်နှာပေါ်မှ တွန့်ကြောင်းများသည် ချက်ချင်း ပြန့်ကားသွားပြီး သူ၏ အိုမင်းရင့်ရော်နေသော မျက်ဝန်းများထဲတွင် မယုံနိုင်စရာ တောက်ပမှုများ ထွက်ပေါ်လာခဲ့သည်။
သူသည် ရှေ့သို့ ခြေနှစ်လှမ်းခန့် လှမ်းလိုက်ပြီး တောက်ပနေသော သလင်းကျောက်တုံးကို စိုက်ကြည့်ရင်း နှုတ်ခမ်းများ တုန်ရီကာ စကားလုံးများ ပျောက်ရှနေခဲ့သည်။
"ပြည့်… ပြည့်ဝ ဝိညာဉ်စွမ်းအားလား…" စူးယွင်းထောင်းသည် နောက်ဆုံးတွင်မှ စကားသံ ပြန်ထွက်လာခဲ့ပြီး တုန်လှုပ်ချောက်ချားသည့် လေသံဖြင့် - "အပြာရောင်ငွေမြက်က… ဘယ်လိုလုပ် မွေးရာပါ ပြည့်ဝ ဝိညာဉ်စွမ်းအား ဖြစ်နိုင်ရတာလဲ။"
သူသည် မျက်စိမှားသလားဟု ထင်မှတ်ကာ မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။
မွေးရာပါ ပြည့်ဝ ဝိညာဉ်စွမ်းအား။
ဒီလို ပါရမီရှင်မျိုးသည် ဝိညာဉ်နန်းတော် ဌာနချုပ်မှာပင် ရှားပါးလှသည့် အရာဖြစ်သည်။ အထူးသဖြင့် ကောင်ကင်တူရွာကဲ့သို့ ဝေးလံခေါင်ဖျားသော နေရာမျိုးတွင်၊ ထိုမျှမက အားလုံးက အသုံးမကျဟု သတ်မှတ်ထားသည့် အပြာရောင်ငွေမြက် သိုင်းဝိညာဉ်ဖြင့် ဒီလိုဖြစ်တည်မှုမျိုး သည်အလွန်ရှားပါးသည်။
စူးယွင်းထောင်းက သက်ပြင်းချလိုက်ပြီး
"နှမြောစရာကောင်းလိုက်တာကွာ။ အခြား သိုင်းဝိညာဉ်သာ ဆိုရင် မင်း ဝိညာဉ်မြို့တော်အထိ သွားလို့ရမှာ။"
ရှောင်ယွမ်သည် သူ၏ လက်ကို ပြန်ရုတ်လိုက်ပြီး တစ်ဖက်လူ ပြောသမျှကို ဂရုမစိုက်ဘဲ ထွက်လာခဲ့သည်။
စူးယွင်းထောင်းကို နှုတ်ဆက်ပြီးနောက် ချန်းရှောင်သည် ရှောင်ယွမ်ထံ သို့ ရောက်ရှိလာပြီး စိတ်လှုပ်ရှားစွာဖြင့် -
"ဆယ်စုနှစ်တွေ ကြာပြီးမှပဲ ဝိညာဉ်စွမ်းအားပါတဲ့ ကလေးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီ။ နောက်တစ်ခါ အဘိုးကြီး ဂျက်နဲ့ တွေ့ရင်တော့ ဒီကိစ္စနဲ့ ကြွားလို့ရပြီ။"
ချန်းရှောင်သည် အသိစိတ် ပြန်ဝင်လာပြီး ရှောင်ယွမ်ကို ပြောလိုက်သည်။
"ရှောင်ယွမ်၊ နောက်ဆိုရင် အဘိုး မင်းကို နော့တင်း ကျောင်းတော်ဆီ သွားပြီး ပညာသင်ဖို့ ပို့ပေးမယ်။"
ရှောင်ယွမ်က ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ပြီး -
"ဒါဆိုရင် ကျေးဇူးပါပဲ အဘိုးရွာသူကြီး။"
ချန်းရှောင်က လက်ယက်ပြလိုက်ပြီး -
"ရပါတယ်ကွာ၊ ဒါက အဘိုး လုပ်ပေးသင့်တဲ့ ကိစ္စပါပဲ။"
ချန်းရှောင်ကို နှုတ်ဆက်ပြီးနောက် ရှောင်ယွမ်သည် အိမ်သို့ ပြန်လာခဲ့ပြီး တံခါးကို ပိတ်လိုက်သည်။
အမှန်တကယ်တော့ သူ၏ ခန္ဓာကိုယ်ထဲတွင် သိုင်း၀ိညာဉ် တစ်ခုတည်းရှိသည် မဟုတ်ဘဲ နောက်ထပ် နှစ်ခု ရှိနေသေးသည်။
အပြာရောင်ငွေမြက် သိုင်း၀ိညာဥ် နိုးထလာချိန်တွင် ရှောင်ယွမ်၏ စိတ်သည် ဝက်ဝက်ကွဲ စိတ်ဓာတ်ကျသွားခဲ့သော်လည်း ခန္ဓာကိုယ်ထဲ၌ နောက်ထပ် သိုင်း၀ိညာဥ်နှစ်ခု ရှိနေသေးသည်ကို ခံစားလိုက်ရသောကြောင့် စိုးရိမ်မှုများ ကွယ်ပျောက်သွားရသည်။
သိုင်းဝိညာဉ် သုံးခု ပိုင်ဆိုင်ခြင်းဆိုသည်မှာ ၀ိညာဥ်ကုန်းမြေ အပိုင်း ၂ မှ ဟော့ယွိဟောင် တစ်ယောက်တည်းသာ ပိုင်ဆိုင်ခဲ့သည့် အရာဖြစ်သည်။
‘ထန်း၀ုထုန် လား’
‘အဲဒါကတော့ ထန်ဆန်း၏ နတ်ဘုရားစိတ်အာရုံ အပိုင်းအစတစ်ခုမျှသာ ဖြစ်ပြီး အမှန်တကယ် သိုင်းဝိညာဉ်ဟု ရေတွက်၍ မရပေ။’
"ငါ့ရဲ့ ဒုတိယနဲ့ တတိယ သိုင်းဝိညာဉ်က ဘာများဖြစ်မလဲ မသိဘူး" ဟု ရှောင်ယွမ်က သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ လက်ဝါးပြင် ထက်၌ တူသေးသေးလေး တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
ရှောင်ယွမ်တစ်ယောက် ထိုတူကို မြင်လိုက်ရသည့် ခဏ၌ လုံးဝ ကြက်သေ သေသွားခဲ့ရသည်။
သူသည် မိမိကိုယ်မိမိ ထန်ဟောက်၏ နောက်ထပ် သားတစ်ယောက်များ ဖြစ်နေသလားဟုပင် သံသယဝင်သွားခဲ့သည်။
အကြောင်းမှာ သူ၏ ဒုတိယမြောက် သိုင်းဝိညာဉ်သည် အခြားမဟုတ်ဘဲ ဟောက်ထျန်းတူ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ရှောင်ယွမ်တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ဘဲ ဒါသည် တကယ့်ကို လွန်လွန်ကဲကဲ ဖြစ်လွန်းသည်ဟု ခံစားလိုက်ရသည်။
ရှောင်ယွမ်တစ်ယောက် မိမိ၏ ဘဝကို မယုံနိုင်အောင် ဖြစ်နေစဉ်မှာပင် သူ၏ နဖူးပေါ်၌ သုံးချောင်းချွန် လှံတံ သင်္ကေတတစ်ခု ထင်ဟပ်ထွက်ပေါ်လာခဲ့တော့သည်။