လုယွမ် ထွက်သွားပြီးနောက် ဖူလန်မင်းသည် ရုံးခန်းထဲသို့ တိတ်တဆိတ် ပြန်ဝင်လာခဲ့သည်။ ထို့နောက် ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်သည်။
လုယွမ်၏ အခန်းနှင့် ကပ်လျက်ရှိသော၊ ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာရှိသည့် ရိုးရှင်းသော အခန်းလေးထဲတွင် လီချင်းဟယ်သည် ကုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေ၏။
ရုတ်တရက် လီချင်းဟယ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ သူမသည် ညာဘက်လက်ကို လှန်လိုက်ရာ အနက်ရောင် ကုဗတုံးလေးတစ်ခု လက်ပေါ်သို့ ဝဲပျံကျလာသည်။ ကုဗတုံးလေးကို သူမက အသာအယာ ခေါက်လိုက်သည့်အခါ ဟိုလိုဂရမ် မျက်နှာပြင်တစ်ခု ပေါ်လာပြီး ဖူလန်မင်း၏ အမည်ကို ပြသနေတော့သည်။
လီချင်းဟယ် ဖုန်းကိုင်လိုက်သည်နှင့် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ "ရှင်းပြဖို့ ငါးစက္ကန့်ပဲ ပေးမယ်"
ဖုန်းအခြားတစ်ဖက်မှ ဖူလန်မင်းမှာ ချွေးစေးများပင် ထွက်လာတော့သည်။ (သွားပြီ! မဒမ် ကျင့်ကြံနေချိန်မှာ အနှောင့်အယှက်ပေးတာကို အမုန်းဆုံးဆိုတာ ငါ မေ့သွားတယ်!) သူက အလျင်အမြန်ပင် - "မဒမ်... လုယွမ်အကြောင်း ပြောမလို့ပါ!" ဟု ဆိုလိုက်သည်။
"လုယွမ်?" လီချင်းဟယ် မျက်ခုံးပင့်သွားသည်။ "သူ ဘာဖြစ်လို့လဲ? ငါ မင်းကို ဘာမှာထားလဲ?"
"မဟုတ်ပါဘူး မဒမ်၊ လုယွမ် တစ်ခုခုဖြစ်တာ မဟုတ်ပါဘူး။ သူ့ရဲ့... သူ့ရဲ့ ပါရမီက အရမ်းထူးခြားနေလို့ပါ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ ပါရမီပဲ!"
"ဟမ်? ဘာကို ဆိုလိုတာလဲ?"
ဖူလန်မင်းက အတွေးကို ပြန်စုစည်းကာ ရှင်းပြလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ရက်ကမှ သူ နိုးထလာတာလို့ မဒမ် ပြောခဲ့တယ်မလား။ ဒါပေမဲ့ သူက အခု ဝိညာဉ်စွမ်းအင်နဲ့ သူ့ရဲ့ မျိုးရိုးဗီဇကွင်းဆက်ကို စတင်သန့်စင်နေပြီ။ ဒီနေ့ သူ့ကို တိုက်ခိုက်ရေးနည်းစနစ်တွေ သင်ပေးဖို့ ကြည့်လိုက်တော့ သူ့အင်အားက ကျွန်တော့်လက်အောက်က ကျွမ်းကျင်သူတစ်ယောက်ရဲ့ အဆင့်လောက် ရှိနေတယ်။ သူက အတိုင်းအတာတစ်ခုအထိ သန့်စင်ပြီးသားဖြစ်နေမယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဒါနဲ့ သူ့ကို မေးကြည့်တော့ သူက ဝိညာဉ်စွမ်းအင်ကို စုပ်ယူဖို့ နာရီဝက် (တစ်မနက်ခင်း) ပဲ အချိန်ယူခဲ့ရတယ်တဲ့"
လီချင်းဟယ် ခေတ္တမျှ မှင်သက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။ "သူက ဝိညာဉ်စွမ်းအင်ကို နာရီဝက်တည်းနဲ့ စုပ်ယူနိုင်ခဲ့တယ် ဟုတ်လား?! မင်း သေချာလို့လား?"
"သူ လိမ်ပြောနေတာတော့ မဟုတ်လောက်ဘူးလို့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အင်အားက သာမန်လူတွေထက် အဆပေါင်းများစွာ သာနေလို့ပါ"
လီချင်းဟယ် မျက်မှောင်ကြုတ်ကာ ခေတ္တတိတ်ဆိတ်သွားပြီးမှ - "ကောင်းပြီ... ငါ သိပြီ။ အဲဒါပြောဖို့ပဲ ဖုန်းဆက်တာလား?"
"အဟမ်း... မဒမ်က တကယ်ကို ထက်မြက်တာပဲ။ ကျွန်တော်က... သူ့ကို ကျွန်တော့်အဖွဲ့ထဲ ခေါ်ထားချင်လို့ပါ"
"ထွက်သွားစမ်း!" လီချင်းဟယ်က အေးစက်စွာ တုံ့ပြန်ပြီး ဖုန်းချလိုက်တော့သည်။
ဖုန်းအခြားတစ်ဖက်မှ ဖူလန်မင်းမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။
အခန်းထဲတွင်မူ လီချင်းဟယ်သည် ဆက်သွယ်ရေးကိရိယာကို သိမ်းလိုက်ပြီး ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။ သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်မှာ ပေါ်လွင်နေပြီး မျက်လုံးလေးမှေးကာ မျက်နှာကျက်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။
(ဒီကောင်လေးမှာ ဒီလောက် ပါရမီရှိလိမ့်မယ်လို့ မထင်ထားဘူး။ နာရီဝက်ပဲလား? ငါနဲ့တောင် တူနေပြီပဲ။ စိတ်ဝင်စားဖို့ ကောင်းသား။ ငါ ကံကောင်းတာလား? ငါတွေ့ခဲ့တဲ့ သနားစရာ ကောင်လေးက ဒီလောက်အထိ ပါရမီထူးနေတာလား?) သူမ၏ အကြည့်များ ဝေ့ဝဲနေပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။
...
လုယွမ်သည် သူ ငှားရမ်းထားသည့် အခန်းသို့ ပြန်ရောက်လာသည်။ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေ၏။ သူသည် လီချင်းဟယ်၏ ပိတ်ထားသော အခန်းတံခါးကို တစ်ချက်ကြည့်လိုက်သည်။
(တော်တော်နောက်ကျနေပြီပဲ။ မမချင်းဟယ် အလုပ်သွားပြီ ထင်တယ်။) လုယွမ်သည် လီချင်းဟယ်ကို ကျေးူးတင်ချင်နေမိသည်။ ပိုက်ဆံအချို့ ရလာသည့်အခါမှ သူမကို ကောင်းကောင်းမွန်မွန် တစ်နပ်လောက် ကျွေးမွေးဖို့ စိတ်ကူးလိုက်ရင်း မိမိအခန်းထဲ ဝင်လာခဲ့သည်။
ရေချိုးပြီးနောက် ပင်ပန်းနွမ်းနယ်မှုများက တလဟော တိုးဝင်လာသည်။ သန်မာစပြုလာသည့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှောင်ဟုနှင့် လေ့ကျင့်စဉ်က ရရှိခဲ့သော ညိုမဲစွဲဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သူသည် ဝမ်းဗိုက်မှ ဒဏ်ရာကို အသာထိလိုက်ရာ နာကျင်လွန်းသဖြင့် အံကြိတ်လိုက်မိသည်။
"တောက်! အဲဒီကောင် တကယ် လက်ဆိုးတာပဲ!"
သူသည် ပင်ပန်းမှုကို အောင့်အည်းကာ တင်ပလ္လင်ခွေထိုင်ပြီး ဝိညာဉ်စွမ်းအင် လမ်းပြနည်းစနစ်ကို စတင် လေ့ကျင့်လိုက်သည်။
ထိုအချိန်တွင် ဘေးခန်းမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ လုယွမ်၏ မျက်နှာ ပျက်သွားပြီး သွေးအန်လုနီးပါး ဖြစ်သွားရသည်။ (အခုမှ ဘယ်နှစ်နာရီ ရှိသေးလို့လဲ?)
ဟိုစုံတွဲက စပြီး လေ့ကျင့်ခန်း လုပ်နေကြပြန်ပြီ! သူတို့တွေ ဘယ်လောက်တောင် ရမ္မက်ကြီးနေကြတာလဲ?!
လုယွမ် စိတ်ပျက်သွားသည်။ သူသည် မျက်လုံးမှိတ်ကာ ကျင့်ကြံမှုကို ဆက်လုပ်ရန် ကြိုးစားသော်လည်း အသံများက ပို၍ ကျယ်လောင်လာသည်။ သူသည် မကျေမနပ်ဖြင့် မျက်လုံးဖွင့်လိုက်ပြီး လှမ်းအော်လိုက်သည်။ "အိမ်လခ ပေးရမယ့် အချိန်ရောက်ပြီဟေ့!"
ချက်ချင်းပင် တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားတော့သည်။ လုယွမ် ကျေနပ်စွာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံနေတော့သည်။
...
သုံးရက်ကြာပြီးနောက် ဒါမင်း လေ့ကျင့်ရေးကွင်းထဲတွင်။
အပေါ်အင်္ကျီ မပါသော သန်သန်မာမာ လူတစ်စုသည် လုယွမ်နှင့် ထိပ်ပြောင်ပြောင် လူတစ်ဦးကို ဝိုင်းကြည့်နေကြသည်။ သူတို့နှစ်ဦးမှာ ကာကွယ်ရေး ဝတ်စုံများ ဝတ်ဆင်ထားပြီး သစ်သားဓားများဖြင့် ယှဉ်ပြိုင်နေကြခြင်း ဖြစ်၏။ သစ်သားဓားချင်း ရိုက်ခတ်သံများက တဖုန်းဖုန်း မြည်ဟိန်းနေသည်။
နှစ်ဦးသား လှုပ်ရှားနေကြစဉ် လုယွမ်၏ လက်ကောက်ဝတ်မှာ ရုတ်တရက် လှုပ်ခါသွားပြီး ဓားကို အကွေးလိုက် ဝှေ့ယမ်းကာ ဟိုလူ၏ ဓားလက်ကိုင်နေရာကို ရိုက်ချလိုက်သည်။ ထို့နောက် အနီးကပ် ဝင်လိုက်ပြီး ဒူးဖြင့် တိုက်လိုက်ရာ ဟိုလူမှာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။
"ဝါး... အစ်ကိုယွမ် ထပ်နိုင်ပြန်ပြီ!" "သံခေါင်း (Ironhead) က အရင်က ကြေးစားစစ်သား လုပ်ခဲ့တာ၊ ဓားသိုင်းမှာ တော်တော် ကျွမ်းကျင်တာလေ။ အခုတော့ နှစ်ရက်အတွင်းမှာပဲ အစ်ကိုယွမ်ကို ရှုံးသွားပြီ!" "ငါတို့ အစ်ကိုယွမ်ကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ!"
လုယွမ်သည် မြေပြင်ပေါ်မှ သံခေါင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အားအလွန်အကျွံ သုံးလိုက်ရသဖြင့် ဓားကိုင်ထားသော သူ၏လက်များမှာ တုန်ရင်နေဆဲပင်။
ရှောင်ဟုကို အနိုင်ယူပြီးနောက် လုယွမ်သည် ဓားသိုင်း ယှဉ်ပြိုင်ရန် လူလိုက်ရှာခဲ့သည်။ နောက်ဆုံးတွင် အရင်က ကြေးစားစစ်သား လုပ်ခဲ့ပြီး မိစ္ဆာသားရဲများကိုပင် အမဲလိုက်ခဲ့ဖူးသော သံခေါင်းနှင့် ယှဉ်ပြိုင်ဖြစ်ခဲ့သည်။ နှစ်ရက်အကြာတွင် သူသည် စစ်တပ်သုံး ဓားသိုင်းကို ကျွမ်းကျင်သွားပြီး သံခေါင်းကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သံခေါင်းမှာ မျိုးရိုးဗီဇစစ်သည်တော် မဟုတ်ဘဲ သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေး နည်းစနစ်မှာ အလွန်ပင် ကောင်းမွန်လှသည်။
"အဆင်ပြေရဲ့လား?" လုယွမ်က သံခေါင်းကို ကြည့်ကာ မေးလိုက်သည်။
သံခေါင်းက သူ၏ဗိုက်ကို ဖိကာ ထရပ်လိုက်သည်။ ထို့နောက် ခေါင်းခါကာ ရယ်ကျဲကျဲဖြင့် - "ငါ မျိုးရိုးဗီဇစစ်သည်တော်တွေကို အများကြီး မြင်ဖူးပေမယ့် မင်းလောက် တိုးတက်မှု မြန်တာ တစ်ယောက်မှ မတွေ့ဖူးဘူး။ မင်း နောင်ကျရင် သေချာပေါက် လူကောင်ကြီးတစ်ယောက် ဖြစ်လာမှာပဲ"
လုယွမ်က ပြုံးကာ - "ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်" ဟု ပြန်ပြောလိုက်သည်။ (ဒါကတော့ ဟုတ်တာပေါ့၊ ငါ့မှာ အကန့်အသတ်မရှိတဲ့ ပါရမီနဲ့ ထူးခြားတဲ့ အကူအညီ ရှိနေတာပဲဥစ္စာ။) လုယွမ်သည် မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေသည်။
ထိုအချိန်တွင် ဘေးမှ စောင့်ကြည့်နေသော ဖူလန်မင်း လမ်းလျှောက်လာပြီး - "မဆိုးဘူး၊ တော်တော် တိုးတက်လာပြီ။ မင်းရဲ့ အခုအဆင့်နဲ့ဆိုရင် မူလအစနယ်မြေကို ပထမဆုံးအကြိမ် ဝင်ရောက်ဖို့ ပြဿနာ မရှိတော့ဘူး"
ထိုစကားကို ကြားလိုက်ရသည့်အခါ လုယွမ်၏ မျက်လုံးများ ဝင်းလက်သွားပြီး ပြုံးလိုက်မိသည်။ "အစ်ကိုမင်း... ဒီရက်ပိုင်း အကူအညီပေးခဲ့တာ ကျေးဇူးအများကြီး တင်ပါတယ်။ မဟုတ်ရင် ဒီလောက် အချိန်တိုအတွင်းမှာ ကျွန်တော် ဒီလောက် တိုးတက်လာမှာ မဟုတ်ဘူး"
သူ့အနေနှင့်လည်း လက်ရှိအင်အားဖြင့် မူလအစနယ်မြေသို့ စတင်ဝင်ရောက်ရန် သင့်တော်ပြီဟု ခံစားရသည်။ ပထမဆုံးအကြိမ် ဝင်ရောက်မှုမှာ အလွန်အရေးကြီးသည်။ တစ်လှမ်း နောက်ကျသွားပါက တစ်သက်လုံး နောက်ကျနေပေလိမ့်မည်။
ဖူလန်မင်းက ခေါင်းညိတ်ပြကာ - "ငါ့နောက် လိုက်ခဲ့" ဟု ဆိုလိုက်သည်။
လုယွမ်သည် ဖူလန်မင်းနောက်မှ ရုံးခန်းထဲသို့ လိုက်သွားခဲ့သည်။ ဖူလန်မင်းက ဆိုဖာကို ညွှန်ပြကာ - "ထိုင်ဦး" ဟု ပြောလိုက်သည်။
လုယွမ် ထိုင်လိုက်သည်နှင့် ဖူလန်မင်းက သူ့ကို စိုက်ကြည့်ကာ - "မူလအစနယ်မြေကို ဝင်ရောက်တယ်ဆိုတာ မင်းရဲ့ ပထမဆုံး ထူးခြားဆန်းပြားတဲ့ မျိုးရိုးဗီဇကို ရယူဖို့ပဲ။ ဒါက မင်းလျှောက်ရမယ့် လမ်းစဉ်ကို သတ်မှတ်ပေးလိမ့်မယ်။ မင်း မျိုးရိုးဗီဇစစ်သည်တော် အမျိုးအစားတွေကို သိလား?"
လုယွမ်က ခေါင်းညိတ်ပြကာ - "တိုက်ပွဲကွန်ရက် (Battleweb) ပေါ်မှာ ဖတ်ဖူးပါတယ်။ ကာကွယ်ရေးကို အဓိကထားတဲ့ 'အစောင့်အကြပ်' (Guard-type)၊ အင်အားနဲ့ တိုက်ခိုက်မှုကို အဓိကထားတဲ့ 'တိုက်စစ်' (Attack-type)၊ နောက်ပြီး စိမ့်ဝင်လုပ်ကြံမှုကို အဓိကထားတဲ့ 'လုပ်ကြံသူ' (Assassination-type) ဆိုပြီး ရှိပါတယ်..."
ဖူလန်မင်းက ခေါင်းညိတ်ပြကာ လေးလေးပင်ပင် ပြောလိုက်သည်။ "မင်း ဖတ်ဖူးတယ်ဆိုရင် ပထမဆုံး မျိုးရိုးဗီဇကို မှတ်တမ်းတင်လိုက်တာနဲ့ မင်းရဲ့ ခန္ဓာကိုယ် အားသာချက်တွေက အဲဒီဗီဇဘက်ကိုပဲ ယိမ်းသွားလိမ့်မယ်။ မျိုးရိုးဗီဇစစ်သည်တော်တွေက နယ်ပယ်အမျိုးမျိုးမှာ အစွမ်းထက်ဖို့ ဗီဇအမျိုးမျိုးကို စုဆောင်းနိုင်ပေမဲ့ လေ့လာချက်တွေအရ လမ်းစဉ်တစ်ခုတည်းကိုပဲ အာရုံစိုက်ရင် စွမ်းအားတွေက တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားပြီး အကျိုးကျေးဇူး အကြီးမားဆုံး ရနိုင်တယ်။ မင်း ဘယ်လမ်းစဉ်ကို ရွေးမလဲ ဆုံးဖြတ်ပြီးပြီလား?"
ဖူလန်မင်း ပြောသည်မှာ မျိုးရိုးဗီဇစစ်သည်တော်များအတွက် အခြေခံ အသိပညာပင် ဖြစ်သည်။ သို့သော် ဤသီအိုရီသည် လုယွမ်အတွက်မူ မမှန်ကန်ပေ။ အကြောင်းမှာ သူ၏လက်ထဲတွင် "ဆင့်ကဲပြောင်းလဲမှု ကုဗတုံး" (Evolution Cube) ရှိနေသောကြောင့် ဖြစ်သည်။
သာမန်အားဖြင့် မျိုးရိုးဗီဇတစ်ခုချင်းစီက နယ်ပယ်တစ်ခုကိုပဲ အထူးအားကောင်းစေတတ်သည်။ ဥပမာ - အင်အားကြီးမားခြင်း သို့မဟုတ် ကာကွယ်ရေး ကောင်းမွန်ခြင်း စသည်ဖြင့်။ သို့သော် လုယွမ်အတွက်မူ သူသည် မျိုးရိုးဗီဇအားလုံးကို အတောက်ပြောင်ဆုံး အဆင့်အထိ ဆင့်ကဲပြောင်းလဲစေနိုင်သည်။
ထို့ကြောင့် သူသည် လမ်းစဉ်အားလုံးကို တစ်ပြိုင်တည်း လျှောက်လှမ်းနိုင်သည်။ အတောင့်တင်းဆုံး ခံစစ်၊ အကြီးမားဆုံး အင်အား၊ အမြန်ဆုံး အရှိန်နှင့် အပြင်းထန်ဆုံး စိတ်ဓာတ်... အားလုံးကို သူ ရယူနိုင်သည်။ သူ့မှာ အားနည်းချက် ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် ၎င်းမှာ အနာဂတ်အတွက်သာ ဖြစ်သည်။ လက်ရှိတွင်မူ သူသည် အခြားလူများအား ပြသရန် လမ်းစဉ်တစ်ခုကို ရွေးချယ်ရမည် ဖြစ်သည်။ လုယွမ်သည် တိုက်စစ်အမျိုးအစား (Attack-type) စစ်သည်တော်အဖြစ် ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
လုယွမ်၏ စကားကို ကြားလိုက်ရသည့်အခါ ဖူလန်မင်း ခေတ္တဆိုင်းငံ့သွားပြီးမှ ပြုံးလိုက်သည်။ "တိုက်စစ် အမျိုးအစားလား? ကောင်းတာပေါ့! ငါလည်း တိုက်စစ်သမားပဲ!"
လုယွမ်က သူ့ကိုကြည့်ကာ ဘာမှမပြောတော့ပေ။ ဤလူမှာ အဆင့်-၁ စစ်သည်တော်အဖြစ် အောင်မြင်ကာ ဗီဇတစ်ခုတည်းသာ ရရှိထားသေးသူ မဟုတ်ပါလား။ သူက ဘယ်လို တိုက်စစ်သမားမျိုး ဖြစ်နေမှာလဲ...။