ငါးမိနစ်ခန့်အကြာတွင် လီချင်းဟယ်သည် သူမ၏ဂိမ်းကို အဆုံးသတ်ကာ မတ်တတ်ရပ်၍ တံခါးဆီသို့ လျှောက်သွားသည်။
"ရှင် လိုက်ထွက်လာစရာ မလိုဘူး"
မတ်မတ်ရပ်နေသော ဖူလန်မင်းသည် သက်ပြင်းတစ်ချက်ကို ခိုးချလိုက်ရင်း -
"ဟုတ်ကဲ့ပါ!"
ထောင့်တစ်နေရာ၌ စစ်တပ်သုံး လက်ဝှေ့နည်းစနစ်ကို လေ့ကျင့်နေသော လုယွမ်သည် လီချင်းဟယ် ထွက်လာသည်ကို မြင်လျှင် အနားသို့ အမြန်ပြေးသွားသည်။
"မမချင်းဟယ်... ဘာမှမဖြစ်ဘူးမလား?"
လီချင်းဟယ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"မမက ဘာဖြစ်ရမှာလဲ? အစ်ကိုမင်းနဲ့ မမက သိလာတာ ကြာလှပြီ"
လုယွမ် - "..."
သူ ခဏမျှ တိတ်ဆိတ်သွားပြီးမှ - "ဒီတစ်ခါအတွက် မမချင်းဟယ်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
"မမကတော့ နောင်ကျရင် ညီလေး လုယွမ်ကြီးပွားလာပြီး ဒီလိုနေရာစောက်ချီးကနေ မမကိုပါ ခေါ်ထုတ်သွားမယ့်နေ့ကို စောင့်နေမှာနော်" လီချင်းဟယ်က ပြုံးလျက် လုယွမ်၏ ပုခုံးကို ပုတ်ပေးသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လုယွမ်သည် လီချင်းဟယ်ကို ကြည့်ပြီး လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ "စိတ်ချပါ မမ... ကျွန်တော် သေချာပေါက် လုပ်မှာပါ"
"ကဲပါ... ကျန်တာတွေ နောက်မှပြောကြတာပေါ့။ အစ်ကိုမင်းက မင်းဒီမှာ လေ့ကျင့်ဖို့ သဘောတူပြီးပြီ။ သူထွက်လာရင် သူ့ဆီမှာ သွားသင်ခိုင်းလိုက်ဦး"
လုယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို မမ ပြန်တော့မယ်နော်၊ တော်တော်လေး အိပ်ချင်နေပြီ" လီချင်းဟယ်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ သမ်းလိုက်ပြီး လုယွမ်ကို နှုတ်ဆက်ကာ ဒါမင်း သင်တန်းကျောင်းမှ ထွက်ခွာသွားတော့သည်။
လုယွမ်ကတော့ သူ၏လက်ဝှေ့နည်းစနစ်ကို ဆက်လက်လေ့ကျင့်နေခဲ့သည်။
မိနစ်အနည်းငယ်အကြာတွင် ဖူလန်မင်း ထွက်လာသည်။ သူ၏မျက်နှာတွင် ကျေနပ်အားရသော အပြုံးတစ်ခု ရှိနေသည်။ လုယွမ်က တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို ပြန်ငုံ့လိုက်သည်။
ဖူလန်မင်းသည် လုယွမ်ကို မြင်သည့်အခါ အနားသို့ လျှောက်လာပြီး သွားအဖွေးသား ပေါ်အောင် ပြုံးပြလိုက်သည်။
"လုယွမ် ဟုတ်တယ်မလား? မင်း ဒီမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ချင်တယ်လို့ ချင်းဟယ်ဆီက ကြားတယ်။ စစ်တပ်သုံး လက်ဝှေ့နဲ့ ဓားသိုင်းကို သင်နေတာလား?"
လုယွမ်က ခေါင်းညိတ်ကာ "ဟုတ်ပါတယ်" ဟု ဖြေသည်။
ဖူလန်မင်းက လုယွမ်ကို အကဲခတ်သလို ကြည့်ပြီးနောက် - "တစ်ချက်လောက် ပြကြည့်စမ်းပါဦး"
လုယွမ်သည် အသက်ကို ဝဝရှူကာ စစ်တပ်သုံး လက်ဝှေ့နည်းစနစ်ကို စတင်ပြသတော့သည်။
လုယွမ်အနေဖြင့် ဤလက်ဝှေ့ကို လေ့ကျင့်နေသည်မှာ တစ်ရက်ပင် မပြည့်သေးချေ။ အကွက်များကို သိနေပြီ ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ ချောမွေ့မှု မရှိသေးပေ။ သို့သော် လုယွမ်၏ အင်အားမှာ မနည်းလှသဖြင့် သူ၏လက်သီးချက်များမှာ ပြင်းထန်ပုံရသည်။
အစပိုင်းတွင် ဘေးမှကြည့်နေသော ဖူလန်မင်းမှာ သိပ်စိတ်ဝင်စားပုံမရသော်လည်း တဖြည်းဖြည်းနှင့် သူ၏ အမူအရာမှာ တည်ကြည်လာသည်။ လက်သီးချက်ကြောင့် ထွက်လာသော လေဟုန်ကို ကြည့်ရင်း သူ၏မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ဤလက်သီးချက်၏ အားမှာ မူလအစနယ်မြေထဲသို့ တစ်ခါမျှ မဝင်ဖူးသေးသော မျိုးရိုးဗီဇစစ်သည်တော်အသစ် တစ်ဦးထံမှ ထွက်လာသည့် အားနှင့် လုံးဝမတူလှပေ။
လက်ဝှေ့အစုံ ပြသပြီးနောက် လုယွမ်၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး အမောတကော ဖြစ်နေသည်။ သူသည် ဖူလန်မင်းဘက်သို့ လှည့်ကြည့်လိုက်ရာ ဖူလန်မင်းမှာ မှင်သက်နေသည်ကို တွေ့လိုက်ရသည်။
လုယွမ် ခဏရပ်သွားပြီး - "ဘာဖြစ်လို့လဲ အစ်ကိုမင်း?"
ဖူလန်မင်း သတိပြန်ဝင်လာပြီး သူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။ "...ချင်းဟယ် ပြောတာတော့ မင်း မျိုးရိုးဗီဇ နိုးထတာ မနေ့တစ်နေ့ကမှ ဆို?"
လုယွမ်က ခေါင်းညိတ်ပြပြီး - "ဟုတ်ပါတယ် အစ်ကိုမင်း။ ဘာပြဿနာရှိလို့လဲ?"
ဖူလန်မင်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ - "လာ... ငါ့ကို တစ်ချက်လောက် ထိုးကြည့်စမ်း"
လုယွမ် ကြောင်သွားပြီး ဖူလန်မင်းကို ကြည့်လိုက်သည်။ "အစ်ကိုမင်း... အစ်ကို့ကို ထိုးခိုင်းတာလား?"
"ဘာလဲ... မင်းက ငါ့ကို နာသွားအောင် လုပ်နိုင်မယ်လို့ ထင်လို့လား? မြန်မြန်လုပ်စမ်းပါ" ဖူလန်မင်း၏ မျက်နှာတွင် စိတ်မရှည်သော အမူအရာ ပေါ်လာသည်။
လုယွမ်၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဤဖူလန်မင်းမှာ အလွန်သန်မာပြီး သူနှင့် ယှဉ်လျှင် ပြိုင်ဘက်ပင် မဟုတ်သည်ကို သိသဖြင့် သူ ဘာမှမတတ်နိုင်တော့ပေ။ ထို့ကြောင့် သူ လက်သီးတစ်ချက် ထိုးလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
သူသည် အရှိန်ယူကာ ခါးကို လိမ်လျက် အားကုန်ထိုးလိုက်ရာ လက်သီးလေဟုန်နှင့်အတူ သူ၏လက်သီးမှာ ဖူလန်မင်း၏ ရင်ဘတ်ဆီသို့ ဦးတည်သွားတော့သည်။ ထိုလက်သီးလေဟုန်ကို ခံစားလိုက်ရသည့် ခဏ၌ ဖူလန်မင်း၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူ၏ လက်ဖဝါးကြီးကို မြှောက်ကာ လုယွမ်၏ လက်သီးကို တားဆီးလိုက်သည်။
လုယွမ်၏ လက်သီးမှာ ခိုင်ခံ့သော သံတံတိုင်းကြီးကို ထိမိသွားသကဲ့သို့ ခံစားရပြီး ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။ သို့သော်လည်း ဖူလန်မင်း၏ ခန္ဓာကိုယ်မှာမူ စိုးစဉ်းမျှပင် လှုပ်ရှားသွားခြင်း မရှိချေ။ ဒါကို ကြည့်ခြင်းအားဖြင့် ဖူလန်မင်းနှင့် သူ၏အစွမ်းမှာ အလှမ်းကွာနေသေးကြောင်း ပိုမိုသေချာသွားစေသည်။ သူသည် အလွန်အားနည်းနေသေးသည်။
လုယွမ် အတွေးလွန်နေစဉ်မှာပင် ဖူလန်မင်း၏ အသံ ထွက်ပေါ်လာသည်။
"...မင်း တကယ်ပဲ အခုမှ နိုးထလာတာ ဟုတ်လို့လား?"
လုယွမ်သည် ဖူလန်မင်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။ ဒါဟာ ဤမေးခွန်းကို ဒုတိယအကြိမ်မြောက် အမေးခံရခြင်း ဖြစ်သည်။
(ငါ့မှာ တစ်ခုခုမှားနေလို့လား?) လုယွမ် စဉ်းစားမရဖြစ်သွားသည်။
"ဟုတ်ပါတယ်... ကျွန်တော် ခုမှ နိုးထလာတာပါ"
ဖူလန်မင်းက လုယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ -
"ဝိညာဉ်စွမ်းအင်ကို စတင်ထိန်းချုပ်ဖို့ ကြိုးစားတုန်းက မင်း ဘယ်လောက်ကြာသွားလဲ? ပြီးတော့ အဲဒါကို စုပ်ယူနိုင်ဖို့ရော ဘယ်လောက်ကြာလဲ?"
လုယွမ် အံ့အားသင့်သွားသည်။ ထိုအခါမှသာ သူ၏ ပြဿနာကို သူ သဘောပေါက်လိုက်သည်။
(ငါက တော်တော်လေးကို ထူးခြားနေတာပဲ!)
သူ့ရဲ့အစွမ်းက နိုးထခါစ မျိုးရိုးဗီဇစစ်သည်တော်တစ်ဦးထက် ပိုနေသည်။ သို့သော် သူသည် တရားထိုင်စရာ မလိုဘဲ ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်သည်ဟု ပြောလိုက်လျှင်လည်း အလွန်ပင် မယုံနိုင်စရာ ဖြစ်သွားပေလိမ့်မည်။ လုယွမ် ခဏမျှ စဉ်းစားလိုက်ပြီးမှ -
"ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်ဖို့ဆိုရင် နာရီဝက်ခွဲတောင် မကြာပါဘူး"
(ခဏချင်းဆိုတာလည်း နာရီဝက်ခွဲထက် လျော့နည်းတာပဲ မဟုတ်လား?) လုယွမ်က စကားကို လှည့်ပတ်ပြောလိုက်သည်။
လုယွမ်၏ စကားကို ကြားလိုက်ရသည့်အခါ ဖူလန်မင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ထို့နောက် သူက ချောင်းတစ်ချက် ဟန့်ကာ အနည်းငယ် ပြုံးလိုက်သည်။
"အဟမ်း... လုယွမ် ဟုတ်လား? ချင်းဟယ်က မင်းကို ငါ့လက်ထဲ အပ်ထားတာဆိုတော့... မင်းရဲ့ ပါရမီကလည်း မဆိုးတာနဲ့ပဲ ငါ့တပည့်အဖြစ် အောင့်အည်းပြီး လက်ခံပေးလိုက်မယ်။ ဘယ်လိုလဲ?"
လုယွမ် အံ့သြသွားပြီး - "အစ်ကိုမင်းက အဲဒီလောက်တောင် သန်မာလို့လား?" ဟု မေးလိုက်သည်။
"ငါက..."
ဖူလန်မင်း တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း စောစောက ချင်းဟယ် မှာကြားခဲ့သည်ကို သတိရသွားသဖြင့် အတင်းအကျပ် ပြန်ထိန်းလိုက်ရသည်။ သူက ဆက်ပြောသည် - "အဟမ်း... ငါက အဆင့် ၁ စစ်သည်တော်အဖြစ် ခုမှ တက်လှမ်းနိုင်တာ ဆိုပေမယ့် နောင်ကျရင် ငါ အရမ်းသန်မာလာမှာပါ!"
လုယွမ် - "?"
(ဒါပဲလား? စစ်သည်တော် တစ်ယောက်ပဲလား? ဒါဆို သူက ငါ့ထက် သိပ်မသာဘူးပေါ့? အနည်းဆုံးတော့ ငါ့မှာ အကန့်အသတ်မရှိတဲ့ အလားအလာတွေ ရှိသေးတယ်လေ။)
လုယွမ်မှာ ပြောစရာ စကားမဲ့သွားပြီး ရယ်ကျဲကျဲဖြင့် - "အစ်ကိုမင်းက တကယ်ကို တော်တာပဲ။ ဒါပေမဲ့ ကျွန်တော် တက္ကသိုလ်မတက်ရသေးဘူး၊ တက္ကသိုလ်တက်ပြီးမှပဲ စဉ်းစားပါရစေဦး"
လုယွမ်၏ စကားကို ကြားသောအခါ ဖူလန်မင်း မျက်မှောင်ကြုတ်သွားသည်။ လုယွမ်၏ စကားထဲတွင် ဟန်ဆောင်နေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သို့သော် လုယွမ်မှာ ချင်းဟယ် ခေါ်လာသူဖြစ်သဖြင့် ဖူလန်မင်းအနေဖြင့် ဘာမျှမလုပ်ရဲချေ။ သူက အတင်းအကျပ် ပြုံးပြကာ ခေါင်းညိတ်လိုက်ရသည်။
"ကောင်းပါပြီလေ... မင်း တက္ကသိုလ်တက်ပြီးမှပဲ ပြောကြတာပေါ့"
လုယွမ်သည် ဖူလန်မင်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ဖူလန်မင်း ဒေါသထွက်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း စိုးစဉ်းမျှပင် ဒေါသထွက်ပုံမရချေ။ (ကြည့်ရတာ သူက လူကောင်းတစ်ယောက်ပဲ။)
သို့သော်လည်း လုယွမ်အနေဖြင့် နောင်တွင် ခပ်အေးအေးသာ နေရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ အရာအားလုံး ဘေးကင်းသည်ဟု မသေချာမချင်း သူ၏ အစွမ်းအစများကို အလွန်အကျွံ မပြသင့်ပေ။
ဖူလန်မင်းက ဆက်ပြောသည် -
"မင်း ကိုယ်လက်လေ့ကျင့်ခန်း နည်းစနစ်တွေကို ကျွမ်းကျင်ချင်ရင် တစ်ယောက်တည်း ကျင့်နေလို့ မရဘူး။ ငါ မင်းအတွက် ပြိုင်ဘက်အချို့ စီစဉ်ပေးမယ်။ သူတို့နဲ့ ယှဉ်ပြိုင်ကြည့်!"
ထိုသို့ပြောပြီးနောက် ဖူလန်မင်းသည် မလှမ်းမကမ်းတွင် လက်ဝှေ့ကျင့်နေသော လူသန်ကြီးတစ်ဦးကို လှမ်းခေါ်လိုက်သည်။
"ရှောင်ဟု!"
ထိုလူသန်ကြီးက ခေါင်းလှည့်ကြည့်လာသည်။ သူ၏ လေးထောင့်ကျကျ မျက်နှာတွင် ရိုးသားသောအပြုံးတစ်ခု ရှိနေပြီး ပြေးဝင်လာခဲ့သည်။
"အစ်ကိုမင်း!"
"အင်း... စင်ပေါ်တက်ပြီး ဒီကောင်လေးနဲ့ တစ်ချီလောက် ဆော့ပေးလိုက်စမ်း"
"ဟင်? ဒီ ပဲပင်ပေါက်လေးနဲ့လား?" ရှောင်ဟုသည် လုယွမ်ကို ကြည့်ကာ မျက်နှာပျက်သွားသည်။ "ကျွန်တော် လက်မထိန်းနိုင်ဘဲ သူ သေသွားမှာ ကြောက်တယ်... တခြားတစ်ယောက်ကိုပဲ ခေါ်ခိုင်းလိုက်ပါလား?"
ဒါကို ကြားလိုက်ရသည့်အခါ လုယွမ်သည် မျက်ခုံးပင့်လိုက်ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပေ။
"မလိုအပ်တာတွေ မပြောနဲ့! မင်းပဲ လုပ်! မဟုတ်ရင် ငါက မင်းနဲ့ ယှဉ်ပြိုင်ပေးရမလား!"
ဒါကို ကြားလိုက်ရသည့်အခါ ရှောင်ဟုသည် ချက်ချင်းပင် တည်ကြည်သွားသည်။ "ဟုတ်ကဲ့! အခုချက်ချင်း လုပ်ပါ့မယ်!"
ထိုအခါမှသာ ဖူလန်မင်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "မင်းတို့နှစ်ယောက်... ငါ့နောက် လိုက်ခဲ့"
သူသည် သူတို့နှစ်ဦးကို ပြိုင်ပွဲစင်မြင့်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ထိုအချိန်တွင် စင်ပေါ်၌ လူသန်ကြီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပြင်းထန်သော လက်သီးချက်များဖြင့် ထိုးနှက်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် မျက်နှာများမှာ ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ စင်အောက်တွင် လူအများအပြားမှာ ထိုတိုက်ပွဲကို ကြည့်ကာ အားပေးအော်ဟစ်နေကြသည်။
"လောင်မောက်! မင်း ဒီထက်ပိုလုပ်နိုင်တယ်လေ! လက်သီးဖြောင့်ထိုး! ညာလက်သီးဝိုက်ထိုး! သူ့ကို မှုန့်အောင်လုပ်စမ်း!"
"ရှန်းကျူး! အားထည့်စမ်း! မင်း ထမင်းမစားလာဘူးလား?! ထိုးစမ်း! အဲဒီ မိန်းမလျာကို ထိုးစမ်း!"
သို့သော် ဖူလန်မင်း လာသည်ကို မြင်သောအခါ ကြည့်နေသူများမှာ ချက်ချင်းပင် လမ်းဖယ်ပေးကြသည်။ သူတို့ထဲမှ အချို့မှာ ဖူလန်မင်းနှင့် အခြားနှစ်ဦးကို စူးစမ်းစွာ ကြည့်နေကြပြီး၊ အထူးသဖြင့် သူစိမ်းဖြစ်သော လုယွမ်ကို ပို၍ စိတ်ဝင်စားနေကြသည်။
ဖူလန်မင်းက စင်မြင့်ကြမ်းပြင်ကို ကျယ်လောင်စွာ ရိုက်လိုက်ရင်း -
"တော်တော့!"
ဖူလန်မင်း၏ စကားမှာ ဤနေရာတွင် အလွန်ဩဇာရှိလှသည်။ တိုက်ခိုက်နေသော လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး လက်သီးတစ်ချက်စီ ပြန်ထိုးပြီးနောက် နောက်သို့ ဆုတ်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ မျက်နှာပေါ်ရှိ ဒဏ်ရာများကို ပွတ်သပ်ရင်း အသက်ပြင်းပြင်းရှူကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ ထို့နောက်မှ ဖူလန်မင်းဘက်သို့ လှည့်ကြည့်ကြသည်။
"အစ်ကိုမင်း"
ဖူလန်မင်းက သူတို့ကို လက်ယပ်ခေါ်လိုက်ပြီး - "ဆင်းခဲ့ကြတော့! လူလဲတော့မယ်!"
"လူလဲမယ် ဟုတ်လား?" လောင်မောက်နှင့် ရှန်းကျူးတို့သာမက ကြည့်နေသူများပါ အံ့သြသွားကြသည်။ တစ်စုံတစ်ယောက်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည် - "အစ်ကိုမင်း စင်ပေါ်တက်မှာလား?"
"ရှောင်ဟုက သဲအိတ်အဖြစ် အထိုးခံရမှာလား? တကယ်မိုက်တာပဲ!"
"မြန်မြန်စပါ! မြန်မြန်စပါ! အစ်ကိုမင်းက တကယ်တော်တာ!"
ရှောင်ဟုသည် လူတိုင်း၏ စကားကို ကြားသောအခါ ရိုးသားစွာပင် ပြုံးနေမိသည်။ သူက ခေါင်းကို ကုတ်ကာ ပြောလိုက်သည် - "ညီအစ်ကိုတို့... မင်းတို့ စိတ်ပျက်သွားလိမ့်မယ်။ အစ်ကိုမင်းက တိုက်မှာ မဟုတ်ဘူး။ စင်ပေါ်မှာ တိုက်မှာက ငါနဲ့ ဒီ ပဲပင်ပေါက်လေးပဲ"
ရှောင်ဟုက လုယွမ်ကို ညွှန်ပြလိုက်သည်။ ထိုအခါ လူတိုင်းက လုယွမ်ကို အကဲခတ်ကြည့်ကြပြီး ချက်ချင်းပင် စိတ်ပျက်သွားကြတော့သည်။
"သူလား? သူက ငါ့လက်မောင်းလောက်တောင် မတုတ်ဘူး။ သူ့ကို ထိုးလိုက်ရင် မသေသွားအောင်ပဲ ဆုတောင်းပေးရတော့မှာလား?"
"မျက်နှာသစ်လား? သူလို မိန်းမလျာမျိုးက 'ဂိုးလ်ဒင်းဂလိုး ဖျော်ဖြေရေးကလပ်' မှာ ဧည့်သည်မကြိုဘဲ ဘာလို့ ဒီကို ရောက်လာတာလဲ?"
"ဟေ့! မိန်းမလျာ! မင်း နောက်ကျရင် ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးထွက်မကျအောင် သတိထားဦးနော်!"
"ဟားဟားဟားဟား!"
လူတိုင်းက လုယွမ်ကို လှောင်ပြောင်ရယ်မောကြသည်။ အစ်ကိုမင်းကလည်း သူ၏ သန်မာသော လက်မောင်းများကို ပိုက်ကာ ကျယ်လောင်စွာ ရယ်မောနေသည်။ သူက လုယွမ်ကို လှောင်ပြောင်သလို ကြည့်ကာ - "ဘယ်လိုလဲ ကောင်လေး? မင်း တိုက်ရဲရဲ့လား?"
လုယွမ်သည် မျက်ခုံးပင့်လိုက်ကာ သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် ဘာစကားမျှ မပြောဘဲ သူ၏ အင်္ကျီလက်များကို အေးအေးဆေးဆေး လိပ်လိုက်သည်။
"ကျွန်တော် စမ်းကြည့်ပါ့မယ်"
ရှောင်ဟုက ရိုးသားသောအပြုံးဖြင့် ခေါင်းကုတ်ကာ - "ငါ မင်းကို ထိုးလို့ မထနိုင်တော့ရင် ဆေးဖိုးတော့ မပေးနိုင်ဘူးနော်!"
လုယွမ်က နှုတ်ခမ်းကို တွန့်လိုက်ပြီး - "ဆေးဖိုးပေးဖို့ မလိုပါဘူး" ဟု ပြန်ပြောလိုက်သည်။
"နှစ်ယောက်လုံး သဘောတူပြီဆိုတော့ စင်ပေါ်တက်ကြတော့လေ"
လူတိုင်း၏ လှောင်ပြောင်သံများကြားတွင် လုယွမ်နှင့် ရှောင်ဟုတို့မှာ စင်မြင့်ပေါ်သို့ တက်လှမ်းလိုက်ကြတော့သည်။