ဒီကောင်တွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိတဲ့အလုပ်ပဲ။ ဒါကြောင့် သူဟာ အင်အားထက် ဦးနှောက်ကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ ပတ်ဝန်းကျင် အနေအထားကို အကဲခတ်ရင်း အစီအစဉ်တစ်ခုကို အသည်းအသန် စဉ်းစားနေမိတယ်။
သိပ်မကြာခင်မှာပဲ လုယွမ်ဟာ မှေးမှိန်နေတဲ့ ဝါကျင်ကျင် ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်တယ်။ အဲဒီနောက် ကျောက်နံရံအထက်ကနေ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး မျက်လုံးတွေကို မှေးစမ်းလိုက်တယ်။ သူ့စိတ်ထဲမှာ ရဲတင်းလွန်းတဲ့ အကြံတစ်ခု ပေါ်လာပြီလေ။
သူဟာ ကျောက်နံရံနားကို ကပ်သွားပြီး လက်ထဲက 'အနက်ရောင်အလင်း အလွိုင်းဓား' ကို သိမ်းလိုက်တယ်။ ပြီးတော့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို သုံးပြီး ကျောက်နံရံပေါ်ကို စတင်တွယ်တက်ပါတော့တယ်။ ကျောက်နံရံပေါ်ကို ဒီလိုတွယ်တက်ဖို့ဆိုတာ လုယွမ်သာ သာမန်လူတစ်ယောက်ဆိုရင် လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။
ဒါပေမဲ့ အခုလုယွမ်က မျိုးရိုးဗီဇစစ်သည်တော်တစ်ဦး ဖြစ်နေပြီလေ။ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်လူတွေထက် အဆပေါင်းများစွာ သာလွန်နေသလို ကြွက်သားတွေကလည်း အလွန်ဖြတ်လတ်ပါတယ်။ ခဏအတွင်းမှာပဲ သူဟာ ပေ ၁၀၀ ကျော်မြင့်တဲ့ ကျောက်နံရံထိပ်ကို ရောက်သွားခဲ့ပြီ။
ဒါပေမဲ့ သူ့ခေါင်းက နံရံထိပ်ကို ကျော်လိုက်တာနဲ့ ပြင်းထန်လွန်းတဲ့ လေကြမ်းကြီးက သူ့မျက်နှာကို တိုးဝှေ့ရိုက်ခတ်လာတယ်။ လေထဲမှာ သဲမှုန်တွေပါလာတာကြောင့် မျက်နှာတစ်ခုလုံး စပ်ဖျဉ်းဖျဉ်းနဲ့ နာကျင်လာရတယ်။ သူ့အရေပြားက ဒီလောက်ပြင်းတဲ့ လေဒဏ်ကို ခံနိုင်ရည် မရှိသေးဘူးလေ။ အရှိန်ပြင်းလွန်းတဲ့ လေကြောင့် လုယွမ်ရဲ့ ခေါင်းဟာ နောက်ကို လန်သွားရတယ်။ ကြိုတင်ပြင်ဆင်မထားမိတာကြောင့် နံရံကိုကိုင်ထားတဲ့ လက်တွေ ချော်ထွက်သွားပြီး အောက်ကို ပြုတ်ကျသွားပါတော့တယ်။
ကျောက်နံရံက ပေ ၁၀၀ ကျော်မြင့်တာမို့ ဒီအမြင့်ကနေ ပြုတ်ကျရင်တော့ လုယွမ်လည်း အလောင်းတောင် စင်မှာ မဟုတ်ပါဘူး။ ဒီလို စိုးရိမ်ရတဲ့ အချိန်မှာပဲ အနက်ရောင်အလင်း အလွိုင်းဓားဟာ သူ့လက်ထဲမှာ ရုတ်တရက် ပေါ်လာတယ်။ သူဟာ ခါးအားကိုသုံးပြီး ကိုယ်နေဟန်ထားကို ချက်ချင်းတည့်မတ်လိုက်ကာ ဓားကို ကျောက်နံရံထဲ အားကုန်စိုက်သွင်းလိုက်တယ်။
"ချိ!!"
အလွိုင်းဓားက နံရံထဲ စိုက်ဝင်သွားပြီး ဓားရိုးကို ညာလက်နဲ့ အမြန်လှမ်းဆွဲလိုက်တော့မှ လုယွမ်ရဲ့ ခန္ဓာကိုယ်က တည်ငြိမ်သွားတော့တယ်။ လုယွမ်ဟာ အသက်ကို ပြင်းပြင်းရှူရင်း မျက်လုံးထဲမှာ ထိတ်လန့်ရိပ်တွေ ယှက်သန်းနေမိတယ်။ "တောက်... ငါတော့ သေပြီလို့ အောက်မေ့တာ၊ လန့်သွားတာပဲ"
သူ စိတ်ပြန်အေးသွားတော့မှ အားအင်တွေကို စုစည်းပြီး အပေါ်ကို တစ်ခေါက် ထပ်တွယ်တက်လိုက်တယ်။ ဒီနေရာက သဲမုန်တိုင်းဟာ မြေပြင်ထက် အပေါ်ပိုင်းမှာဆိုရင် ပိုပြီးတော့တောင် ပြင်းထန်သေးတယ်။ အနည်းငယ် သတိလွတ်တာနဲ့ လွင့်ထွက်သွားနိုင်တဲ့ အခြေအနေမျိုးပါ။ လုယွမ်ဟာ ဓားကို နံရံထိပ်မှာ မြဲမြဲစိုက်ပြီး ခြေထောက်ကို အားပြုကာ မနည်းရပ်တည်နေရတယ်။
လေပြင်းကြောင့် မျက်လုံးကိုတောင် မဖွင့်ရဲဘဲ မျက်နှာမှာလည်း သဲတွေနဲ့ ထိမှန်ပြီး နာကျင်နေရတယ်။ ဒါပေမဲ့ လုယွမ်မှာ ကြိုတင်ပြင်ဆင်ထားတာ ရှိပါတယ်။ သူက ပြုံးလိုက်ရင်း လက်ထဲမှာ 'အကာအကွယ်မျက်မှန် (Goggles)' တစ်ခု ပေါ်လာတယ်။ ဒါဟာ အတွေ့အကြုံရှိသူတွေ တင်ထားတဲ့ သတင်းအချက်အလက်တွေကို ဖတ်ပြီး ကြိုဝယ်ထားတဲ့ ပစ္စည်းတစ်ခုပါ။
'လေပြင်းမြို့တော်' နဲ့ 'သဲကျောက်မြို့တော်' လို နေရာမျိုးတွေမှာ ဒီမျက်မှန်က မရှိမဖြစ်ပဲလေ။ သူတို့လို အခုမှ နိုးထလာစ စစ်သည်တော်တွေရဲ့ မျက်လုံးက အက်စစ်နဲ့ပက်ရင်တောင် ဒဏ်ရာမရလောက်အောင် မမာကျောသေးဘူး မဟုတ်လား။ လုယွမ်ဟာ မျက်မှန်ကို တပ်လိုက်ပြီး သူ့ရဲ့ ကြိုတင်ပြင်ဆင်မှုအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသွားတယ်။ (ငါ ဖြစ်ရကျိုး နပ်ပါတယ်!)
မျက်မှန်တပ်ပြီးတော့မှ သူဟာ မျက်လုံးကို အားရပါးရ ဖွင့်ကြည့်နိုင်တော့တယ်။ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တော့ ဒီလောက်လေပြင်းတဲ့နေရာကို ကျောက်ပြာပိုးကောင်တွေ မလာနိုင်တာကို တွေ့လိုက်ရတယ်။ အစားအစာလည်း မရှိဘဲနဲ့ ဒီလိုဒုက္ခခံမယ့် နေရာကို သူတို့ ဘာကိစ္စ လာကြမှာလဲ။
လုယွမ်ဟာ လေတိုက်စားထားတဲ့ ချိုင့်ခွက်တွေပြည့်နေတဲ့ မြေပြင်ပေါ်မှာ လျှောက်သွားပြီး ဂူအထက်က 'U' ပုံသဏ္ဍာန် ကျောက်နံရံထိပ်ကို ရောက်သွားတယ်။ အဲဒီကနေ ခေါင်းပြူပြီး အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ အနက်ရောင်အက္ခရာ ကျောက်ပြာပိုးကောင်နှစ်ကောင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ။
အကွာအဝေးက ဝေးလွန်းတာကြောင့် ပိုးကောင်တွေဟာ လက်မအရွယ်လောက်ပဲ ရှိတော့သလို ရတနာသေတ္တာကလည်း သေးသေးလေးပဲ ကျန်ပါတော့တယ်။ ပိုးကောင်တွေကတော့ ဘာကိုမှ သတိမထားမိဘဲ ကျောက်တုံးတွေကိုပဲ အားရပါးရ ဝါးစားနေကြတုန်းပဲ။ အထူးအဆင့်မိစ္ဆာတွေ ဖြစ်ပေမဲ့ သူတို့ရဲ့ အာရုံခံနိုင်စွမ်းက လုယွမ်ရှိနေတဲ့ အမြင့်အထိတော့ မရောက်နိုင်ပါဘူး။ ဒါဟာ လုယွမ်ကို စိတ်အေးသွားစေပါတယ်။
"ငါ ထင်ထားသလို ဖြစ်မလား ကြည့်ကြတာပေါ့" လုယွမ် ပြုံးလိုက်တယ်။ သူဟာ လူတစ်ရပ်စာလောက် ထူတဲ့ ကျောက်တိုင်တစ်ခုဆီ သွားပြီး ထွက်နေတဲ့ အစွန်းတစ်ခုကို အလွယ်တကူပဲ ချိုးယူလိုက်တယ်။ ပြီးတော့ လက်နဲ့ ညှစ်လိုက်တဲ့အခါ ကျောက်တုံးက သဲမှုန်တွေ၊ ကျောက်စတွေအဖြစ် ကြေမွသွားတယ်။ လေတိုက်စားမှု (Wind erosion) ရဲ့ အစွမ်းကြောင့် မာကျောတဲ့ ကျောက်တုံးတွေတောင် ကြေမွလွယ်နေတာပါ။
"ဟိုကောင်နှစ်ကောင်ရဲ့ တုံ့ပြန်မှုကို အရင် စမ်းကြည့်ရအောင်" လုယွမ်ဟာ အောက်က ပိုးကောင်တွေကို ကြည့်ပြီး အမူအရာ လေးနက်သွားတယ်။ သူဟာ လေဒဏ်မထိသေးဘဲ မာကျောနေတဲ့ ဘတ်စကက်ဘောလုံးလောက်ရှိတဲ့ ကျောက်တုံးတစ်တုံးကို ရှာတွေ့လိုက်တယ်။ ပြီးတော့ ပိုးကောင်တွေနဲ့ ပေ ၂၀၀ လောက်အကွာက မြေပြင်ပေါ်ကို အားကုန်လွှဲပြီး ပစ်ချလိုက်ပါတော့တယ်။
"ဘုန်း!!"
ကျောက်တုံး ကျသွားတဲ့အသံက ဟိန်းခနဲ မြည်သွားတယ်။ ပိုးကောင်နှစ်ကောင်လုံး တစ်ပြိုင်နက်တည်း ခေါင်းထောင်လာပြီး အသံလာရာကို စိုက်ကြည့်လိုက်ကြတယ်။ အင်တင်နာတွေကို လှုပ်ပြီး အချင်းချင်း တိုင်ပင်နေပုံပဲ။ ခဏအကြာမှာတော့ ညာဘက်က ပိုးကောင်က အသံကြားရာကို အပြင်းအထန် ပြေးသွားပြီး ကျန်တဲ့တစ်ကောင်ကတော့ နေရာမှာပဲ စောင့်ကျန်ခဲ့တယ်။
နံရံထိပ်ကနေ ကြည့်နေတဲ့ လုယွမ် မျက်မှောင်ကြုတ်သွားမိတယ်။ သတင်းဆိုး နှစ်ခု ရှိနေလို့ပါ။ ပထမသတင်းဆိုးက ဒီလောက်အသံက ပိုးကောင်တစ်ကောင်တည်းကိုပဲ မျှားထုတ်နိုင်တာပါ။ အစောင့်တစ်ကောင် လျော့သွားပေမဲ့ ကျန်တဲ့တစ်ကောင်ရှိနေသေးတော့ သူ သေတ္တာနားကို ကပ်လို့ မရသေးဘူး။ ဒုတိယသတင်းဆိုးကတော့ အနက်ရောင်အက္ခရာ ပိုးကောင်တွေရဲ့ အရှိန်က သာမန်ကောင်တွေထက် ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ ပိုမြန်နေတာပါပဲ။ ဒီအရှိန်နဲ့ဆိုရင် လုယွမ်သာ အတွေ့ခံရရင် သေဖို့သာ ပြင်ထားပေတော့။
ပိုးကောင်က ကျောက်တုံးကျရာနေရာရောက်တော့ အနားမှာ ဘာရန်သူမှ မရှိတာကို တွေ့ပြီး ဝေခွဲမရ ဖြစ်သွားပုံရတယ်။ ပြီးတော့ ခဏနေတော့ မူလနေရာကို ပြန်ပြေးသွားပါတယ်။ ပိုးကောင်တွေ ကျောက်တုံး ပြန်စားနေတာကို ကြည့်ရင်း လုယွမ် အစီအစဉ်တစ်ခု ရသွားပြီး ပြုံးလိုက်မိတယ်။
"ဒုတိယ စမ်းသပ်ချက်ကို စလိုက်ရအောင်" ဒီတစ်ခါတော့ လုယွမ်ဟာ ကျောက်တုံးနှစ်တုံးကိုယူပြီး ဘယ်ဘက်နဲ့ ညာဘက် လမ်းကြောင်းတွေဆီ ခွဲပစ်လိုက်တယ်။
"ဘုန်း!! ဘုန်း!!"
ဆူညံသံကြားတော့ ပိုးကောင်တွေ ဒေါသတကြီး အော်ဟစ်တော့တာပဲ။ သူတို့ရဲ့ အစားအသောက် အနှောင့်အယှက် ခံရလို့ စိတ်တိုနေကြပြီလေ။ ဒီတစ်ခါတော့ ဘယ်ဘက်ကကောင်က ထွက်သွားပြီး ညာဘက်ကကောင်က ကျန်ရစ်ခဲ့ပြန်တယ်။ ထွက်သွားတဲ့ကောင်က ပထမကျောက်တုံးဆီ ရောက်ပြီး ရန်သူမတွေ့တော့ ဒုတိယနေရာဆီ ထပ်ပြေးတယ်။ ဘာမှမတွေ့ပြန်တော့ ဒေါသတကြီး အော်ဟစ်ပြီးမှ ကျောက်တုံးအစအနတွေကို ဝါးစားပြီး ကျေနပ်သွားပုံနဲ့ ပြန်လာတယ်။
လုယွမ်ကတော့ တတိယ စမ်းသပ်ချက်ကို ချက်ချင်း စလိုက်ပါတယ်။ ဒီတစ်ခါတော့ ကျောက်တုံးသုံးတုံးကို အရပ်မျက်နှာ သုံးခုဆီ တပြိုင်နက် ပစ်ချလိုက်တာပါ။
"ဘုန်း!! ဘုန်း!! ဘုန်း!!"
အသံတွေ ဆက်တိုက်ထွက်လာတော့ ပိုးကောင်နှစ်ကောင်လုံး ချက်ချင်း ခေါင်းမော့လာကြတယ်။ ဒီတစ်ခါတော့ သူတို့ အချင်းချင်း မတိုင်ပင်တော့ဘဲ နှစ်ကောင်လုံး တစ်ပြိုင်နက် အော်ဟစ်ပြီး ဆူညံသံကြားရာဆီကို အပြိုင်အဆိုင် ပြေးထွက်သွားကြပါတော့တယ်။
ဒါကိုမြင်တော့ လုယွမ်ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားတယ်။ ပထမပြဿနာကတော့ ပြေလည်သွားပြီလေ။ ကျန်တဲ့ ဒုတိယပြဿနာဖြစ်တဲ့ 'သူတို့ရဲ့ အရှိန်' ကို ဘယ်လိုကျော်လွှားပြီး သေတ္တာကို အောင်အောင်မြင်မြင် ဖွင့်မလဲဆိုတာအတွက်လည်း လုယွမ်မှာ အစီအစဉ် ရှိပြီးသားပါ။