လူကာသည် သူမှာကြားထားသည့်အတိုင်း ဆိုဖီယာ အိမ်ပြန်လာမည့်အချိန်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ အံ့သြစရာကောင်းလောက်အောင်ပင် သူမ တကယ်ရောက်လာခဲ့ပြီး အချိန်ကိုက်ပင် ဖြစ်သည်။ မိနစ်အနည်းငယ်အကြာတွင် သူ၏မိခင်ဖြစ်သူ အိမ်ထဲသို့ ဝင်လာခဲ့သည်။ မစ္စစ်ရန်းနစ်သည် လူကာပြောသော "ပါဆယ်တစ်ခု ပြန်ပို့ရန်" အိမ်ပြင်ထွက်မည့် အကြံအစည်ကို သိပ်တော့ သဘောမကျလှပေ။ သို့သော်လည်း သူမသည် သားဖြစ်သူကို အလွန်ယုံကြည်သဖြင့် သွားခွင့်ပြုခဲ့သည်။ သို့တိုင် မသွားခင်လေးတွင် တစ်ရက်တည်းနှင့် သူမလုပ်ဆောင်ထားနိုင်ခဲ့သော တရားစွဲဆိုမှု တိုးတက်မှုအခြေအနေများကို အပြည့်အစုံ ပြောပြလိုက်သေးသည်။ မိခင်ဖြစ်သူ၏ ပြတ်သားသော စကားပြောဟန်ကြောင့် လူကာ စတင်စိုးရိမ်လာမိသည်။ သူ၏မိခင်က ဤအမှုတွင် သူမ အနိုင်ရနိုင်မည်ဟု တကယ်ကြီး ယုံကြည်နေပုံရသည်။
အစိုးရပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော စတက်ဒ်ဟေဗင် ပြိုင်ကွင်း နှင့် ပြိုင်ကားအဖွဲ့ချုပ်တို့ကို ဆန့်ကျင်တရားစွဲရမည် ဖြစ်သောကြောင့် မိခင်ဖြစ်သူသည် မိမိစွမ်းနိုင်သည်ထက် ပို၍ဝန်ကျယ်နေမည်ကို လူကာ ကြောက်ရွံ့နေမိသည်။ သူမ မီးနှင့်ကစားနေသည်ဟုသာ သူ ခံစားနေရသည်။
အပြင်ဘက်တံခါးကို ပိတ်လိုက်ပြီးနောက် လူကာသည် လှေကားပေါ်မှ ဖြည်းညှင်းစွာ ပြေးဆင်းလာခဲ့သည်။ ထိုသို့ဆင်းရာတွင် သူ၏ခါးပိုင်းကို တောင့်တင်းမနေစေဘဲ သက်တောင့်သက်သာ လှုပ်ရှားနိုင်ရန် ဂရုစိုက်နေရသည်။ နာကျင်နေသော်လည်း တစ်မျိုးလေး ကျေနပ်စရာကောင်းနေကာ ထိုသို့သောဒဏ်ရာမျိုးကို ခံစားရသည်မှာ ကောင်းမွန်နေသလိုပင်။
ညနေ ၇ နာရီ နီးပါး ရောက်လာပြီဖြစ်ရာ လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ ဆည်းဆာရောင် လွှမ်းနေခဲ့သော ကောင်းကင်ယံသည် ယခုအခါ ညအမှောင်ဆီသို့ ကူးပြောင်းသွားလေပြီ။ လူကာ၏ စနီကာဖိနပ်သည် အဆောက်အအုံအပြင်ဘက်ရှိ ရေအိုင်ငယ်တစ်ခုထဲသို့ နင်းမိသွားရာ ရေများ ပန်းထွက်သွားသည်။ ထိုရေအိုင်သည် မနေ့ညက ရွာသွန်းခဲ့သော မိုးသည်းထန်မှု၏ ကျန်ရစ်နေဆဲ အကြွင်းအကျန်များသာ ဖြစ်သည်။ ဤမြင်ကွင်းနှင့် ဖြစ်ရပ်များက ၂၄ နာရီအတွင်းမှာပင် အရာရာမည်မျှအထိ ပြောင်းလဲသွားနိုင်ကြောင်း သူ့ကို သတိပေးနေသလိုပင်။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။ အဝေးမှလာသော မော်တော်ယာဉ် အိတ်ဇောငွေ့နံ့ ခပ်သင်းသင်း ရောနှောနေသည့် စိုစွတ်သောလေထုကို သူ ရှူရှိုက်လိုက်မိသည်။
သားရေအားကစားဂျာကင်နှင့် ဂျော့ဂါဘောင်းဘီကို ဝတ်ဆင်ထားသော လူကာသည် သူ၏ သေတ္တာပုံစံ သီချင်းနားထောင်တဲ့ စက်လေးကို ထုတ်ကာ ဂျာကင်ဇစ်တွင် ညှပ်လိုက်သည်။ နားကြပ်ကို တပ်ဆင်လိုက်ပြီးနောက် သူ Play ခလုတ်ကို နှိပ်လိုက်သည်။ အနီးဆုံး မြို့ကွက် ငါးကွက်ကို နှစ်ပတ်တိတိ ပြေးရမည့် သူ၏မစ်ရှင်ကို စတင်ရန် ပထမဆုံးခြေလှမ်းကို လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ရက်ထရိုဝေ့ဗ် (ခေတ်မှီဆန်းသစ်တဲ့သီချင်းအမျိုးအစား) နှင့် ဟဲဗီးမက်တယ် (စိတ်ဓါတ်တတ်ကြွစေသောသီချင်းအမျိုးအစား) တို့ အချိုးကျကျ ပေါင်းစပ်ထားသော တေးဂီတသံစဉ်များက သူ၏နားထဲတွင် ဆူညံသွားလေသည်။
[စနစ် စတင်လည်ပတ်နေပါပြီ...]
ရင်းနှီးနေပြီးဖြစ်သော ဒစ်ဂျစ်တယ် မျက်နှာပြင်သည် လူကာ၏ မျက်စိရှေ့တွင် ထပ်မံလင်းလက်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူ သေချာသွားလေပြီ။ သူ့မှလွဲ၍ အခြားမည်သူမျှ ထိုအရာကို မမြင်နိုင်ပေ။ သူ၏ရှေ့မှောက်တွင် ဖြစ်ပျက်နေသည်များကို လုံးဝသတိမထားမိကြဘဲ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးကတော့ သူတို့၏ လှုပ်ရှားမှုများကိုသာ ဆက်လက်လုပ်ဆောင်နေကြသည်။
[ သည် ကြာသပတေးနေ့အတွက် နေ့စဉ်မစ်ရှင်ကို ကြိုးစားလုပ်ဆောင်နေပါသည်]
[လမ်းကြောင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ ကောက်ယူနေပါသည်...]
[အချက်အလက်များ ကောက်ယူပြီးပါပြီ]
[အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြသနေပါသည်-
- အမြန်နှုန်း: တစ်နာရီလျှင် ၄.၅ ကီလိုမီတာ
- နှလုံးခုန်နှုန်း: 107 bpm
- ကြံ့ခိုင်မှုစွမ်းအင် : ၈၀% (ညံ့ဖျင်းသည်)
- အသက်ရှူနှုန်း: တည်ငြိမ်အေးဆေးသည်
- ပြေးခဲ့သည့်အကွာအဝေး: ၃၀ မီတာ
- အချိန်: ၂၇ စက္ကန့်]
[ဒါက ကျေနပ်စရာကောင်းတဲ့ အစပျိုးမှုတစ်ခုပါပဲ ။ ဒါပေမဲ့ သင့်ရဲ့ ကြံ့ခိုင်မှုစွမ်းအင်က လုံလောက်မှုရှိပါ့မလားလို့ ကျွန်တော် စိုးရိမ်မိတယ်။]
"ဘယ်လုံလောက်မလဲ။ ငါက ဒဏ်ရာရထားတာလေ" ဆိုင်ခန်းများနှင့် ဈေးဆိုင်များကို ကွေ့ဝိုက်ရှောင်ရှားကာ လူသွားလမ်းအတိုင်း ပြေးလွှားနေရင်း သူ၏ခါးနံဘေးမှ နာကျင်မှုကို ခံစားလိုက်ရကာ လူကာ တီးတိုးရေရွတ်လိုက်သည်။
သူ၏ရှေ့ရှိ ဒစ်ဂျစ်တယ်မျက်နှာပြင်ပေါ်မှ ကိန်းဂဏန်းများသည် စက္ကန့်အနည်းငယ်ကြာတိုင်း ပြောင်းလဲသွားပြီး သူ၏ခြေလှမ်းတိုင်းကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်နေသည်။
[သတ်မှတ်ချိန်အတွင်း အမီပြီးချင်တယ်ဆိုရင်တော့ အချိန်နဲ့အမျှ သင့်ရဲ့ ပြေးနှုန်းကို တစ်နာရီ ၆ ကီလိုမီတာအထိ တိုးမြှင့်ရပါလိမ့်မယ် ။]
[ကျွန်တော့်ရဲ့ တွက်ချက်မှုတွေအရဆိုရင် ဒီအမြန်နှုန်းနဲ့ဆို သင်ဟာ မစ်ရှင်ကို ည ၈ နာရီလောက်မှ ပြီးစီးပါလိမ့်မယ်။ သို့သော်လည်း အမြန်နှုန်း ၅ ကီလိုမီတာ (သို့မဟုတ်) ၆ ကီလိုမီတာနှုန်းနဲ့ ပြေးမယ်ဆိုရင်တော့ ၂၅ မိနစ် (သို့မဟုတ်) မိနစ် ၄၀ အထိ စောပြီး ပြီးစီးနိုင်ပါတယ်။]
"ကောင်းပြီလေ" ခန္ဓာကိုယ်ကို ဟန်ချက်ညီညီနှင့် စည်းချက်ကျကျဖြစ်စေရန် အာရုံစိုက်ရင်း လူကာ ညည်းတွားလိုက်သည်။ သူ၏ စနီကာဖိနပ်နှင့် ကွန်ကရစ်လမ်းတို့ ရိုက်ခတ်သံ သဲ့သဲ့သည် သူ၏နားထဲသို့ စီးဆင်းနေသော တေးဂီတစည်းချက်နှင့် လိုက်ဖက်ညီနေသည်။
[အမြန်နှုန်း ၀.၇ ကီလိုမီတာ တိုးလာပါသည်။ အသက်ရှူနှုန်း တည်ငြိမ်နေဆဲဖြစ်ပြီး နှလုံးခုန်နှုန်း တစ်ချက် ပိုမြန်လာပါသည်။]
ပြေးလွှားခြင်းမစ်ရှင်တွင် စိတ်လွင့်မျောနေစဉ်အတွင်း သီချင်းသံ၏ ပို့ဆောင်မှုနှင့်အတူ လူကာ အချိန်ကုန်မှန်း မသိဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်သွားသည်ကိုရော၊ သူ၏ခန္ဓာကိုယ်အနှံ့ တဖြည်းဖြည်း ပြန့်နှံ့လာသော နာကျင်ကိုက်ခဲမှုများကိုပါ သူ သတိမထားမိခဲ့ပေ။
"စနစ်... တိုးတက်မှု အခြေအနေ ဘယ်လိုရှိလဲ" အမောတကောဖြင့် သူ မေးလိုက်သည်။
[မြို့ကွက် နှစ်ကွက်ကို နှစ်ပတ် ပြေးပြီးပါပြီ၊ ယခု တတိယအကွက်ရဲ့ ပထမတစ်ပတ်မှာ ရောက်ရှိနေပါတယ်။]
"ဘာ?!" ဒစ်ဂျစ်တယ် မျက်နှာပြင်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း လူကာ အာမေဍိတ်သံ ထွက်သွားသည်။ "နောက်ထပ် ခြောက်ကွက်တောင် ကျန်သေးတာလား"
[အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြသနေပါသည်-
- အမြန်နှုန်း: တစ်နာရီလျှင် ၅.၁ ကီလိုမီတာ
- နှလုံးခုန်နှုန်း: 110 bpm
- ကြံ့ခိုင်မှုစွမ်းအင် : ၃၀% (ညံ့ဖျင်းသည်)
- အသက်ရှူနှုန်း: ပြင်းထန်သည်
- ပြေးခဲ့သည့်အကွာအဝေး: ၄၂၂ မီတာ
- အချိန်: ၅ မိနစ်]
ခန္ဓာကိုယ်မှ အနားယူရန် အပြင်းအထန် တောင်းဆိုနေသဖြင့် သူ၏အပြေးနှုန်း သိသိသာသာ နှေးကျသွားပြီး "ငါ ဆက်ပြေးနိုင်မယ် မထင်တော့ဘူး စနစ်ရာ..." ဟု လူကာ မောဟိုက်စွာ ပြောလိုက်သည်။
[ဒါက သင့်ရဲ့ ခံနိုင်ရည်စွမ်းအား ကို မြှင့်တင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ လေ့ကျင့်မှုပါ ။ ဒီမစ်ရှင်ကို လမ်းခုလတ်မှာ လက်မလျှော့လိုက်ပါနဲ့။ မဟုတ်ရင်တော့ အကျိုးဆက်တွေကို သင် ရင်ဆိုင်ရပါလိမ့်မယ်။]
လူကာသည် နားကြပ်များကို ဆွဲဖြုတ်လိုက်ပြီး အသက်လုရှူရင်း ဒူးကိုထောက်ကာ ခါးကို ကိုင်းချလိုက်သည်။ "ငါ ခဏလောက်တော့ နားလို့ရတယ် မဟုတ်လား" ဟု သူ မောကြီးပန်းကြီး ပြောလိုက်စဉ် ချွေးပေါက်များက သူ၏အောက်ရှိ စိုစွတ်နေသော လူသွားလမ်းပေါ်သို့ တပေါက်ပေါက် ကျဆင်းလာသည်။
[စက္ကန့်အနည်းငယ်လောက်ပဲ ရပါမယ်။ အများဆုံး သုံးမိနစ်ပါ။]
[ကျွန်တော် ခွင့်မပြုသရွေ့ အမောဖြေ အနားယူခြင်းကို ခွင့်မပြုပါ။]
တောက်! ဒီစနစ်က ဘာကြီးလဲကွ။ ငါ့ရဲ့ လေ့ကျင့်ရေးနည်းပြလား?! စကားလုံးများကို ကျယ်ကျယ်လောင်လောင် ထုတ်ပြောရန် သူ ကြိုးစားလိုက်သော်လည်း လေပြတ်လုမတတ် အချိုးမညီသော အသက်ရှူသံများကြားတွင် သူ၏အသံမှာ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာရုံသာရှိသည်။
သူ၏ခြေထောက်များသည် ခဲတုံးကြီးများကဲ့သို့ လေးလံနေပြီး ပင်ပန်းနွမ်းနယ်မှုများ ပိုမိုနက်ရှိုင်းလာစဉ် ညဦးပိုင်း၏ အမှောင်ထုက သူ့ကို စောင်ထူကြီးတစ်ထည်ကဲ့သို့ ရစ်ပတ်လွှမ်းခြုံလာသည်။ သူ၏ခြေလှမ်းများကို ပိုမိုလေးလံလာစေသည်မှာ ချဉ်းကပ်လာသော ညချမ်း၏ လေအေးများကြောင့် ဖြစ်နိုင်သလို၊ တကယ့် ပင်ပန်းနွမ်းနယ်မှုအစစ်အမှန်က နောက်ဆုံးတွင် ဝင်ရောက်လာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ပြိုင်ကားသမားတစ်ယောက်ဖြစ်ဖို့ လုံလောက်တဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုရအောင် ဒီလောက်ထိ လုပ်ရမယ်ဆိုရင်၊ တကယ်တမ်း အောင်မြင်တဲ့ ပြိုင်ကားသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။
အောင်မြင်သော ပြိုင်ကားသမားတစ်ယောက်ဖြစ်လာရန်အကြောင်း ပြောရလျှင် စနစ်က သူ့ကို ပထမဆုံး အဓိကမစ်ရှင်တစ်ခု ပေးထားပြီးဖြစ်သည်။ ၎င်းမှာ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်တစ်ခု ရယူရန်ဖြစ်သည်။ လူကာသည် ထိုအရာကို မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို စဉ်းစား၍မရသေးသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် အနည်းဆုံးတော့ ဤမစ်ရှင်အတွက် ပြစ်ဒဏ် သတ်မှတ်ထားခြင်း မရှိပေ။ သို့တိုင် ထိုမစ်ရှင်ကို လျစ်လျူရှုထား၍ မရကြောင်း သူ သိနေသည်။ စနစ်မှ ပေးအပ်လာသော မစ်ရှင်များသည် ရှောင်လွှဲ၍မရသော ခြေလှမ်းများဖြစ်ပြီး မည်မျှပင် ခက်ခဲကြမ်းတမ်းစေကာမူ ရှောင်တခင် ကျော်လွှား၍မရနိုင်ပေ။
လူကာသည် အနားယူချိန်၏ စက္ကန့်တိုင်းကို အမိအရ ယူငင်ခံစားနေစဉ် သူ၏ နွမ်းနယ်နေသော မျက်လုံးများက ဘေးဘက်မှ တဖြည်းဖြည်း နီးကပ်လာသော ကားမီးရောင် မှိန်မှိန်လေးကို သတိထားမိလိုက်သည်။ အလင်းရောင်သည် ပိုမိုအားကောင်းလာပြီး အမှောင်ထုကို ထိုးခွဲလာသည်။ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းရင်း လူကာ လှည့်ကြည့်လိုက်ရာ ရုတ်တရက် လှုပ်ရှားမှုကြောင့် သူ၏ ကြွက်သားများက ဆန့်ကျင်အော်ဟစ်လာသလို နာကျင်သွားသည်။ သူ့ကို အံ့အားသင့်စေသည်မှာ ပြောင်လက်နေသော အနီရောင် အမိုးပွင့်ကားတစ်စီး ရောက်ရှိလာပြီး ကား၏ရှေ့မီးရောင်များသည် မီးပြတိုက်အလင်းရောင် အမြွှာနှစ်ခုကဲ့သို့ ညချမ်း၏ အရိပ်များကို ထိုးခွဲနေခြင်းပင်ဖြစ်သည်။
ကားပေါ်မှ ဆူညံသော သီချင်းသံများက ညအမှောင်ထဲတွင် ပဲ့တင်ထပ်နေကာ လူကာ၏ ဘေးတည့်တည့် လမ်းဘေးတွင် ထိုးရပ်လိုက်သည့်အတွက် မလိုလားအပ်သော အာရုံစိုက်မှုများကို ဆွဲဆောင်လျက်ရှိသည်။ လူကာသည် အမိုးပွင့်နေသော ခုံများဆီသို့ မျက်လုံးမှေးကြည့်လိုက်ရာ ထိုကြွားဝါလွန်းသော ကားထဲတွင် ပြည့်ကျပ်နေသည့် မာနထောင်လွှားနေသော လူငယ်မျက်နှာများကို ချက်ချင်းပင် မှတ်မိလိုက်သည်။
ယာဉ်မောင်းဖြစ်သူမှာ လူကာ အလွန်ရင်းနှီးကျွမ်းဝင်သော ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး သူက မာနကြီးသောအပြုံးဖြင့် နောက်သို့မှီကာ စတီယာရင်ပေါ်တွင် လက်တစ်ဖက်ကို ပျင်းရိစွာ တင်ထားသည်။
"ဟေး... ဘယ်သူပါလိမ့် ကြည့်စမ်းပါဦး! မင်းရဲ့ သနားစရာ အပြေးဟန်ကို မိုင်ဝက်လောက် အကွာကတည်းက ငါ မြင်နေရတာ" ထိုကောင်လေးက မာနအပြည့်ပါသော အသံဖြင့် အသံကိုဆွဲကာ ပြောလိုက်သည်။ "မင်းကို ပြိုင်ကားတစ်စီးစီးက တိုက်ကြိတ်သွားပြီလို့တောင် ထင်နေတာ။ ဒါပေမဲ့ မဟုတ်ပါလား၊ မင်းက စက်ရုပ်တစ်ရုပ်လို ပြေးလွှားနေတုန်းပဲကိုး။ ငါ့လူက ဘယ်တော့မှ မနားဘူးပဲ၊ ဟုတ်လား"
ကားထဲရှိ အခြားသူများဖြစ်သော ကောင်လေးနှစ်ယောက်နှင့် ကောင်မလေးနှစ်ယောက်မှာလည်း ဝါးလုံးကွဲ ရယ်မောလိုက်ကြပြီး သူတို့၏မျက်နှာများတွင် လှောင်ပြောင်သရော်လိုသော အမူအရာများ လင်းလက်သွားသည်။
"ပြောစမ်းပါဦး လူကာ၊ မင်းက မာရှယ် တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး ခိုးဝင်သွားနိုင်ခဲ့တာလဲ။ ဘုရားရေ... ငါတို့ချက်ချင်း သိလိုက်သလိုမျိုး မင်းရဲ့ သနားစရာကောင်းတဲ့ပုံစံကို သူတို့လည်း အလွယ်လေး သိနိုင်လောက်တာကို" ဟု ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။
လူကာက မလှုပ်မယှက်ဘဲ ဒူးပေါ်တွင် လက်တင်ထားဆဲအနေအထားဖြင့် သူတို့ကို စိုက်ကြည့်နေခဲ့သည်။ 'အာဏာရှင်ဆန်တဲ့ကောင်တွေ' ဟု သူ ခါးသီးစွာ တွေးလိုက်မိသည်။ တစ်ချိန်က ငါ့မှာလည်း ချမ်းသာတဲ့ အဖေတစ်ယောက် ရှိခဲ့ဖူးတာပဲ။
"ရော့... အကောင်" အနောက်ခုံမှ ဆံပင်အနက်ရောင်နှင့် ကောင်လေးတစ်ယောက်က ခပ်ဟဟ ပြောလိုက်ရင်း အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။ ထို့နောက် သူက တွန့်ကြေနေသော ဒေါ်လာနှစ်ဆယ်တန် ငွေစက္ကူ တစ်ဆုပ်စာကို ဆွဲထုတ်လိုက်သည်။ လူကာ ချက်ချင်း ရေတွက်၍မရနိုင်လောက်အောင် များပြားနေသော်လည်း ငါးရွက်ထက် ပိုသည်ကတော့ သေချာပါသည်။
"မင်းရဲ့ သနားစရာကောင်းတဲ့ ဘဝကြီးအတွက် ဒါလေး ယူလိုက်ဦး!" ဟု သူက လှောင်ပြောင်သောအပြုံးဖြင့် လူကာထံသို့ ငွေများကို ပစ်ပေါက်လိုက်ရင်း ရိသဲ့သဲ့ ပြောလိုက်သည်။
လူကာသည် ခံစားချက်ကင်းမဲ့နေသော စူးရှသည့် အကြည့်တို့ဖြင့် သူတို့ကို စိုက်ကြည့်လိုက်ပြီး ၎င်းတို့သည် အထက်တန်းကျောင်းသားဘဝက အကျင့်စရိုက်များကို ယခုထိတိုင် အဘယ်ကြောင့် ဆက်လက်ဆုပ်ကိုင်ထားကြသနည်းဆိုသည်ကို နားလည်နိုင်ရန် ကြိုးစားနေမိသည်။ ကားထဲရှိ လူတစ်ဦးစီတိုင်းသည် သူနှင့် အနည်းနှင့်အများ ပတ်သက်မှုရှိခဲ့ဖူးပြီး လွန်ခဲ့သော မိနစ်အနည်းငယ်က လှောင်ပြောင်ခဲ့သော အရှေ့ခုံမှ ကောင်မလေး၏ မြင်ကွင်းက သူ မေ့ပစ်ချင်နေသော မှတ်ဉာဏ်အချို့ကို လှုပ်နှိုးလိုက်သလိုပင်။
[စိတ်မပူပါနဲ့ လူကာ]
[တစ်နေ့ကြရင် သင် ပြိုင်ကားမောင်းတာကိုကြည့်ဖို့ လက်မှတ်ဝယ်ရမယ့်သူတွေဟာ သူတို့ပဲ ဖြစ်လာပါလိမ့်မယ်။ အောင်ပွဲခံစင်မြင့်ရဲ့ နံပါတ်တစ်နေရာကို သင် သိမ်းပိုက်နိုင်တာကို သူတို့တွေ ပွဲကြည့်စင်ပေါ်ကနေ ထိုင်ကြည့်နေရပါလိမ့်မယ်။]
[ဒီနေ့ဟာ ပထမဆုံးနေ့ပါပဲ]
လူကာက ငွေများကို ငြင်းပယ်မည်ဟု ထင်ရသောကြောင့် ဆံပင်အနက်ရောင်နှင့် ကောင်လေးက ထပ်မံ၍ လှောင်ပြောင်လိုက်ပြီး သူ၏နှုတ်ခမ်းမှ "အရှုံးသမား" ဟူသော ရွံရှာဖွယ်စကားလုံးကို ထွေးထုတ်ကာ ငွေစက္ကူများကို လူကာထံ ပစ်ပေါက်လိုက်ပြန်သည်။ အစိမ်းရောင် ငွေစက္ကူများသည် လေထဲတွင် လွင့်ဝဲကာ လူကာ၏ ခြေရင်းတွင် ကျဆင်းသွားခဲ့သည်။ ထို့နောက် ကားမှာ အရှိန်ပြင်းစွာ ထွက်ခွာသွားပြီး သူတို့ထွက်သွားပြီးနောက် အတော်ကြာသည်အထိ သူ့ကို လှောင်ပြောင်နေသည့်အလား ရယ်မောသံများနှင့် ဆူညံသော တေးဂီတသံများက ညအမှောင်ထဲတွင် ကျန်ရစ်နေခဲ့သည်။
အနီရောင် အမိုးပွင့်ကားလေး အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်ကို လူကာ ငေးကြည့်နေခဲ့ပြီး ထိုလှောင်ပြောင်သံများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ငွေစက္ကူများကို သူ ငုံ့ကြည့်လိုက်ပြီး မည်သို့လုပ်သင့်သည်ကို သူ၏စိတ်ထဲတွင် ချင့်ချိန်စဉ်းစားနေမိသည်။
လူသူကင်းမဲ့နေသော လမ်းမကြီး၏ ဘယ်ညာကို သူ အကဲခတ်ကြည့်လိုက်ပြီးနောက် ငွေများကို ကောက်ယူရန် ကိုင်းညွတ်လိုက်သည်။ ဒေါ်လာနှစ်ဆယ်တန် ငွေစက္ကူ ခုနစ်ရွက်က သူ၏လက်ထဲတွင် ရှိနေပြီဖြစ်သည်။ သူတို့၏ လှောင်ပြောင်မှုကို သည်းခံရမည် ဆိုလျှင်တောင်မှ ထိုငွေများကို ပစ်ထားခဲ့မည်ဆိုပါက သူသည် လူမိုက်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
[မစ်ရှင်ကို ဆက်လက်လုပ်ဆောင်မည်လား?]
[လက်ခံမည် / လက်မခံပါ]
ပြတ်သားသော သက်ပြင်းတစ်ချက်ချရင်း လူကာသည် မာနတရားနှင့် နာကြည်းမှုများ ရောထွေးနေသော ထူးဆန်းသည့် ခံစားချက်ကို ခံစားရင်း ငွေများကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ သူသည် 'လက်ခံမည်' ကို ရွေးချယ်လိုက်ပြီး တစ်ဝက်သာ ပြီးစီးသေးသော ပြေးလွှားခြင်းမစ်ရှင်ကို ဆက်လက်လုပ်ဆောင်လိုက်သည်။
ကြွက်သားများကို အစွမ်းကုန် အသုံးချကာ မနားတမ်း ပြေးလွှားရင်း သူ့ကိုယ်သူ တွန်းအားပေးမှုကြောင့် လူကာသည် သူ၏ ပထမဆုံး မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့သည်။ သို့သော်လည်း ခြေထောက်များ အလွန်အမင်း နာကျင်လာပြီး အသက်ရှူရ ခက်ခဲလာကာ မစ်ရှင်ပြီးဆုံးချိန်တွင် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
[ဂုဏ်ယူပါသည်! နေ့စဉ်မစ်ရှင် ပြီးမြောက်သွားပါပြီ!]
[သင့်အတွက် ဆုလာဘ်အဖြစ် အတွေ့အကြုံရမှတ်များ ချီးမြှင့်လိုက်ပါသည်!
- ကြံ့ခိုင်မှုစွမ်းအင် +1
- ခံနိုင်ရည်စွမ်းအား +1]