လူကာ တစ်ယောက် စိမ်းသက်နေသော အခန်းတစ်ခုထဲတွင် နိုးလာခဲ့သည်။ ပြင်းထန်စူးရှနေသော မီးရောင်ဖြူဖြူကြောင့် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ချိန်တွင် သူ၏ခေါင်းတစ်ခုလုံး ဆိုးရွားစွာ ထိုးကိုက်နေ၏။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ ဆေးခန်းတစ်ခုထဲရောက်နေမှန်း သူသဘောပေါက်သွားသည်။ အပြင်ဘက်မှ သဲ့သဲ့ကြားနေရသော စကားသံများအရ ပြိုင်ကွင်း၏ ဆေးကုသဆောင်ဖြစ်ဟန်တူသည်။ ခန္ဓာကိုယ်အနှံ့ ပတ်တီးများစည်းနှောင်ထားသည်ကို သတိပြုမိချိန်တွင် သူ နာကျင်စွာ ညည်းညူလိုက်မိသည်။ တဆစ်ဆစ်ကိုက်ခဲနေသော ဝေဒနာကြောင့် လှုပ်ရှားရန်မဆိုထားနှင့်၊ အသက်ရှူရန်ပင် ခက်ခဲနေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ ယာဉ်တိုက်မှုဖြစ်ပြီးခါစက ကြားခဲ့ရသော စက်သံလိုလိုအသံကြီးက သူ၏ခေါင်းထဲတွင် ထပ်မံပဲ့တင်ထပ်လာသည်။ ခေါင်းထဲတွင် ထိုးကိုက်နေသည့်တိုင် ထိုအသံက နေ့ခင်းကြောင်တောင်လို ရှင်းလင်းပြတ်သားနေ၏။
[ဖော်မြူလာဝမ်း စနစ် အပြည့်အဝသက်ဝင်သွားပြီဖြစ်ပြီး လက်ခံသူ နှင့် ချိတ်ဆက်မှု အောင်မြင်သွားပါပြီ။]
သူ၏စိတ်က သူ့ကို လှည့်စားနေခြင်းများလားဟု လူကာ မသေချာတော့ပေ။ မျက်စိရှေ့မှ ဟာလာဟင်းလင်းဖြစ်နေသော ဆေးခန်းအခန်းကို အကဲခတ်ရန် ကြိုးစားနေဆဲဖြစ်သော်လည်း သူ၏အမြင်အာရုံတို့က ဝေဝါးနေဆဲဖြစ်သည်။ မျက်လုံးကို ပွတ်သပ်လိုက်ပြီးနောက် နာကျင်ကိုက်ခဲနေသော ခန္ဓာကိုယ်ကို အတင်းအကျပ်ရုန်းကန်ကာ နူးညံ့သောကုတင်ပေါ်တွင် ထိုင်လိုက်သည်။ "ငါ ယာဉ်တိုက်မှုဖြစ်ခဲ့တာပဲ။ ကားတစ်စီးက ငါ့ကို ဝင်တိုက်သွားတာ။ ငါ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။"
[ဖော်မြူလာဝမ်း စနစ်ဆိုသည်မှာ လက်ခံသူအား ကမ္ဘာ့အကောင်းဆုံးပြိုင်ကားမောင်းသမားတစ်ဦးဖြစ်လာစေရန် ကူညီပေးမည့် စနစ်တစ်ခုဖြစ်ပါသည်။]
လူကာ အသက်ရှူမှားသွားရသည်။ ဘာကြီး... ဒါ တကယ်ကြီးလား။ အခြားသူများများ ကြားသွားလေသလားဟု အလွတ်ဖြစ်နေသော အခန်းထဲတွင် အလောတကြီး လိုက်ကြည့်မိရင်း သူ၏ရင်တွေ ဒုန်းဒုန်းခုန်လာသည်။ သို့သော် မည်သူမျှမရှိ၊ ထိုအသံက သူ၏ခေါင်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ စိတ်ချောက်ချားနေတာများလား။ သို့သော်လည်း ထိုအရာက အလွန်ပီပြင်လွန်းနေသည်။ အလွန်တကယ့်ကို အသက်ဝင်လွန်းနေ၏။ ထိုရှုပ်ထွေးမှုများကို သူ နားလည်အောင် မကြိုးစားနိုင်မီမှာပင် ထိုအသံက ထပ်မံထွက်ပေါ်လာပြီး ယခုတစ်ကြိမ်တွင်တော့ သူ၏မျက်စိရှေ့၌ မျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။
[စနစ်၏ လှုပ်ရှားမှုအကန့်အား လော့ခ်ဖွင့်နေပါသည်...]
[လှုပ်ရှားမှုအကန့် လော့ခ်ဖွင့်ပြီးပါပြီ]
[စနစ်စတင်ခြင်း လုပ်ဆောင်နေပါသည်...]
ကားလေကာမှန်နှင့်တူသော အပြာရောင် ဟိုလိုဂရမ် ဖန်သားပြင်ကြီး သူ၏မျက်စိရှေ့တွင် ပေါ်လာသောအခါ လူကာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူ ကြောက်လန့်တကြားဖြစ်ကာ ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ "စနစ်တစ်ခုတဲ့လား..." သူ တုန်ရီသောသက်ပြင်းကိုချရင်း တွေးလိုက်မိသည်။ စနစ်ဆိုသည်မှာ မန်ဟွာ များထဲတွင်သာ တွေ့ရတတ်သည့် စိတ်ကူးယဉ်အရာများဟု လူကာ အမြဲယုံကြည်ထားခဲ့သည်။ သို့သော် ယခုတော့ သူကိုယ်တိုင်က ဖော်မြူလာဝမ်းစနစ်၏ လက်ခံသူ ဖြစ်လာခဲ့ပြီလေ။
[စနစ်၏ လုပ်ဆောင်ချက်များကို စတင်လိုက်ပါပြီ။]
[လက်ဆောင်ထုပ် ကို လက်ခံမလား။]
[(လက်ခံမည်) / (လက်မခံပါ)]
ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ဖြစ်နေသော်လည်း ဒစ်ဂျစ်တယ်မျက်နှာပြင်ကို လူကာ စိုက်ကြည့်နေမိသည်။ တွေဝေစွာဖြင့် စက္ကန့်အနည်းငယ်ကြာ ငေးကြည့်နေပြီးနောက်တွင်တော့ (လက်ခံမည်) ကို သူ ရွေးချယ်လိုက်သည်။ (လက်မခံပါ) ကို ရွေးချယ်ရန် အကြောင်းပြချက်မရှိသည့်အပြင် ဤထူးဆန်းသောဖြစ်ရပ်က သူ့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကိုလည်း သိချင်နေမိသည်။
[ဂုဏ်ယူပါသည်။ အစပျိုးသူလက်ဆောင်ထုပ်အား သင့်လှုပ်ရှားမှုစနစ်ထဲသို့ ပေါင်းထည့်လိုက်ပါပြီ။]
လူကာ တံတွေးတစ်ချက် မျိုချလိုက်သည်။ သူ၏ခေါင်းလှုပ်ရှားမှုနောက်သို့ ၁၀ လက်မအကွာအဝေးမှနေ၍ တစ်ထပ်တည်း လိုက်ပါရွေ့လျားနေသော မျက်နှာပြင်ကြောင့် အံ့သြဖွယ်ကောင်းလောက်အောင်ပင် မတ်မတ်ထိုင်နိုင်မည့် ခွန်အားများ ရရှိလာသလို ခံစားလိုက်ရသည်။ "ငါ့မှာ စနစ်တစ်ခု ရှိနေပြီပေါ့..." သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုလေးတစ်ခုက လွှမ်းမိုးစပြုလာကာ အသံထွက်သည်အထိ ရေရွတ်လိုက်မိသည်။ စနစ်က တစ်ခုခုထပ်လုပ်ပြမည်အထင်နှင့် မျက်နှာပြင်ကို စူးစိုက်ကြည့်နေသော်လည်း နောက်ဆုံးပေါ်လာသည့် စာသားများမှလွဲ၍ ဘာမှထပ်ပြောင်းလဲမလာခဲ့ပေ။ အတန်ကြာပြီးနောက် ညာဘက်အပေါ်ထောင့်ရှိ [အခြေအနေ] ဟု ရေးသားထားသော ခလုတ်လေးတစ်ခုကို သူ သတိထားမိလိုက်သည်။ အဆိုပါခလုတ်လေးက သူ့ကိုနှိပ်ရန် အချက်ပြနေသကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။
[လက်ခံသူ၏ အခြေအနေပြဘုတ်ပြားကို ထုတ်လုပ်နေပါသည်...
[..... ထုတ်လုပ်ခြင်း ပြီးပြည့်စုံသွားပါပြီ]
[ကိုယ်ရေးအချက်အလက်များ -
အမည် - လူကာ ရန်းနစ်ခ်
အသက် - ၁၈ နှစ်
လူမျိုး - အီတလီ]
ကိုယ်ရေးအချက်အလက်များကို ဖတ်ကြည့်ပြီးနောက် လူကာ အလွန်အံ့အားသင့်သွားရသည်။ ဒီအရာက ငါ့အကြောင်းကို သိနေတာပဲ။ ဘယ်လိုတွေတောင်လဲဟ။
[ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များ -
ကိုယ်အလေးချိန် - ၇၀ ကီလိုဂရမ် / ၁၅၄ ပေါင်
အရပ် - ၆ ပေ ၁ လက်မ
ခန္ဓာကိုယ် အဆီရာခိုင်နှုန်း - ၁၂ %
ကြွက်သားထုထည် - ၂၉ %
ခွန်အား - ၂
ကြံ့ခိုင်မှု - ၁
ခံနိုင်ရည် - ၅
သွက်လက်မှု - ၂
ဉာဏ်ရည် - ၅]
ခွန်အားက ၂ တည်းလား။ လူကာ သူ့ကိုယ်သူ ပြန်မေးလိုက်မိသည်။ ငါ နေ့တိုင်း အလုပ်တွေ ဒီလောက်လုပ်နေတာတောင်၊ ငါ့ခွန်အားက ဘယ်လိုလုပ် ၂ ပဲ ရှိနေရတာလဲ။ သူ ဆက်ဖတ်လိုက်ပြီး သူ၏ စွမ်းရည်စာရင်းကို ကြည့်လိုက်ချိန်တွင်တော့ မျက်မှောင်ကြုတ်သွားရသည်။
[ကိုယ်ပိုင် စွမ်းရည်စာရင်း -
အမည်ပြောင် - မရှိ
အခြေအနေ - စာချုပ်မချုပ်ရသေး
လစာ - $၀
အသင်း - မရှိ
ပွဲစဉ်အနိုင်ရရှိမှု - ၀
ဆုပေးစင်မြင့်ပေါ်ရောက်ရှိမှု - ၀
ပထမနေရာမှစတင်ခွင့်- ၀]
"ကျစ်..." ဖတ်လိုက်ရသော စာရင်းများကြောင့် မျက်နှာရှုံ့မဲ့သွားရင်း လူကာ အသံထွက် ညည်းတွားလိုက်သည်။ ထိုအချက်အလက်များက အလွန်ဆိုးရွားလွန်းလှသော်လည်း သူ့ကိုယ်သူတော့ အပြစ်တင်၍မရပေ။ အစကတည်းက သူမှ ပြိုင်ကားမောင်းသမား မဟုတ်ခဲ့ဘဲလေ။
[ကျွမ်းကျင်မှုများနှင့် နည်းစနစ်များ -
(လက်ရှိ ကျွမ်းကျင်မှုများနှင့် နည်းစနစ်များကို မူလအတိုင်း ပေးအပ်ထားပါသည်)
စုစုပေါင်း အဆင့်သတ်မှတ်ချက် - F
တုံ့ပြန်မှုစွမ်းရည် - ၁၀
ကျော်တက်ခြင်းစွမ်းရည် - ၅
လမ်းကြောင်းကျွမ်းကျင်မှု - ၁၀
အခြား (လော့ခ်ချထားပါသည်)]
[အခြေအနေ] ပြဘုတ်ပြား၏ အဆုံးသို့ရောက်သောအခါ လူကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။ ဒါ အိပ်မက်တစ်ခု မဟုတ်ဘူးဆိုတာ သူ သဘောပေါက်သွားပြီဖြစ်သည်။ သူ့ထံသို့ စနစ်တစ်ခု အမှန်တကယ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် ဘာအတွက်လဲ။ ဘာရည်ရွယ်ချက်နဲ့လဲ။ ပြိုင်ကားမောင်းနှင်ခြင်းက သူ့ဖခင်၏ အသက်ကို နုတ်ယူသွားခဲ့ပြီးသည့်နောက် ပြိုင်ကားလောကနှင့် မည်သို့မျှ မပတ်သက်တော့ဟု လူကာ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ အားကစားကို အလွန်ချစ်မြတ်နိုးသော်လည်း ဖခင်ဖြစ်သူ၏ ပြိုင်ကား ထိန်းချုပ်မှုမဲ့ကာ လိမ့်ထွက်သွားပြီးနောက် မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည့် ပတ်ဝန်းကျင်မျိုးနှင့် သူ ထပ်မံမရင်းနှီးချင်တော့ပေ။
သတိပေးချက်မရှိဘဲ ခေါင်းထဲမှ ရုတ်တရက် ထိုးကိုက်လာသော နာကျင်မှုကြောင့် မျက်နှာမဲ့သွားရင်း လူကာ မေးလိုက်သည်။ "ဘာလို့ ငါ့ကို ရွေးချယ်ရတာလဲ။"
[ကျွန်ုပ် ပြောခဲ့သလိုပဲ၊ သင့်ရဲ့ကံကြမ္မာနဲ့ ဖော်မြူလာဝမ်းရဲ့ ကံကြမ္မာဟာ ယှက်နွှယ်နေပါတယ်။ ကျွန်ုပ်က သင်ရဲ့ရည်မှန်းချက်တွေကို အောင်မြင်အောင် ကူညီပေးဖို့အတွက် သင့်ရဲ့ လက်ထောက်သက်သက်သာ ဖြစ်ပါတယ်။]
"ဒါဆို မင်းက ငါ့ကို ကမ္ဘာ့အကောင်းဆုံး ဖော်မြူလာဝမ်း ပြိုင်ကားသမားဖြစ်လာအောင်၊ ငါ့အဖေထက်တောင် သာလွန်အောင် လုပ်ပေးဖို့ ရည်ရွယ်ထားတာပေါ့။" ဟု လူကာက မေးလိုက်သည်။
[ဒီစနစ်က သင့်ကို ခေါ်ဆောင်သွားမယ့် အမြင့်ဆုံးနေရာဆိုတာ အဆုံးအစမရှိပါဘူး။ သင့်ဖခင်ရဲ့ အောင်မြင်မှုတွေနဲ့ ယှဉ်လို့မရနိုင်အောင် သာလွန်ပါလိမ့်မယ်။ သင့်ဖခင်ရောက်ရှိခဲ့တဲ့ အထွတ်အထိပ်နေရာနဲ့ နှိုင်းယှဉ်ခြင်းက ဖော်မြူလာဝမ်းစနစ်ရဲ့ အလားအလာကို နှိမ့်ချရာရောက်ပါလိမ့်မယ်။]
"နားလည်ပြီ။" ဟု လူကာက တီးတိုးရေရွတ်လိုက်သည်။ "ဒါပေမဲ့ တကယ့်ပြိုင်ကားတစ်စီးရဲ့ ယာဉ်မောင်းခန်းထဲမှာ ငါ ဘာအတွေ့အကြုံမှ မရှိဘူးလေ။ ပြီးတော့ မင်းပေးထားတဲ့ စွမ်းရည်စာရင်းတွေကလည်း သိပ်အထောက်အကူဖြစ်မယ့်ပုံ မပေါ်ဘူး။" သူ ခဏရပ်လိုက်ပြီး "တကယ်လို့ ငါသာ (လက်မခံပါ) ကို ရွေးချယ်ခဲ့မယ်ဆိုရင် မင်း ငါ့ကို တခြားအထုပ်အပိုးများ ပေးမလို့လား။" ဟု မေးလိုက်သည်။
[မဟုတ်ပါဘူး ဟို့စ်။ ကျွန်ုပ်က ရှေ့ဆက်ဖို့အတွက် သင့်ရဲ့ ပူးပေါင်းပါဝင်မှုကို တောင်းခံခဲ့ရုံသက်သက်ပါ။ ပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်လို့ပြောရရင်လည်း၊ ထိပ်တန်းပြိုင်ကားသမားတွေအားလုံးက တစ်ချိန်တုန်းက သာမန်လူတွေပဲ မဟုတ်ကြဘူးလား။ သင့်အတွက် ကျွန်ုပ် ရေးဆွဲပေးမယ့် ပြီးပြည့်စုံတဲ့ အချိန်ဇယားနဲ့ အဆင့်လိုက် လေ့ကျင့်မှုတွေကတစ်ဆင့် ဒီကြိုးပမ်းအားထုတ်မှုကို ပျော်ရွှင်ဖွယ်ရာနဲ့ အမှတ်ရစရာဖြစ်အောင် ကျွန်ုပ် ဖန်တီးပေးပါမယ်။]
လူကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သော်လည်း ဤစကားများကို သူ အပြည့်အဝ သဘောမကျလှပေ။ လောကကြီးက သူ၏မိသားစုဆီသို့ နာကျင်မှုတွေ ထပ်မံယူဆောင်လာမည့် နောက်ထပ်နည်းလမ်းတစ်ခုများလား။ ဖော်မြူလာဝမ်း ပြိုင်ကားသမားတစ်ယောက် ဖြစ်လာခြင်းအားဖြင့် သူလည်း ဖခင်ဖြစ်သူကဲ့သို့ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရပြီး၊ ကျော်ကြားလှသော "ရန်းနစ်ခ် ဒရော့ကတ်" ၏ မိသားစုကို သူကွယ်လွန်ပြီးနောက် မည်သို့မျှ အသိအမှတ်မပြုခဲ့သည့် ရက်စက်သောလောကကြီးထဲတွင် မိခင်နှင့် ညီမဖြစ်သူတို့ကို အထီးကျန်စွာ ထားရစ်ခဲ့ရမည်လား။ သို့သော်လည်း သူကိုယ်တိုင်ပင် ဖခင်ဖြစ်သူကဲ့သို့ ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်ကာ ဤစနစ်ကသာ ထိုသို့မဖြစ်အောင် တားဆီးပေးခဲ့ခြင်းဖြစ်ကြောင်း လူကာ ရုတ်တရက် သဘောပေါက်လိုက်သည်။ ခေါင်းထဲမှ နာကျင်မှုကြောင့်လားတော့ သူ မသေချာသော်လည်း၊ လူကာတစ်ယောက် ပြိုင်ကားသမားတစ်ယောက်ဖြစ်လာရန် အမှန်တကယ် စဉ်းစားနေမိပြီလား။ ငယ်စဉ်ကတည်းက ရင်ဘတ်ထဲတွင် သိမ်းဆည်းထားခဲ့ပြီး ဆယ်ကျော်သက်အရွယ်တွင် စွန့်လွှတ်ခဲ့ရသော ထိုအိပ်မက်ကိုလေ။
လူကာ ဆက်လက်တွေးတောရန် သို့မဟုတ် သူ၏စနစ်သစ်နှင့် ဆက်သွယ်ရန် အချိန်မရလိုက်မီမှာပင် ဆေးခန်းတံခါး ပွင့်ဟသွား
ပြီး လူရိပ်အချို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာကြတော့သည်။