အခန်း ၈၂ - ပထမနေရာ မဟုတ်ဘူးလား
အကြီးအကဲကျူးသည် သူ၏လက်များကို ကျောနောက်တွင် ဝှက်ထားသော လူငယ်လေးကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ရင်း ပြောလိုက်သည်။
"မင်းရဲ့ လက်တွေကို ငါ့ကိုပြစမ်း"
ထိုလူငယ်လေးသည် ချွေးစေးများ ပြန်လာခဲ့ပြီး ခေါင်းခါယမ်းလိုက်သော်လည်း၊ အကြီးအကဲကျူးသည် သူ၏နောက်ကွယ်သို့ ရွေ့လျားသွားကာ သူ၏လက်များကို အတင်းအကျပ် ဆွဲဖွင့်လိုက်ပြီး ထိုလူငယ်လေး ဆုပ်ကိုင်ထားသည့် သေးငယ်သော သားရဲအူတိုင်တစ်ခုကို လုယူလိုက်တော့သည်။
"တောက်... အဆင့် (၁) လတ်ပိုင်း သားရဲအူတိုင်တစ်ခုတည်းလား။ ဒီကိုလာခဲ့"
အကြီးအကဲကျူး၏ အသံကို ကြားလိုက်ရသောအခါ၊ ထိုလူငယ်လေးသည် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့ပြီး အကြီးအကဲကျူးက သူ၏ခန္ဓာကိုယ်ကို လိုက်လံရှာဖွေ စစ်ဆေးတော့သည်။ အခြားမည်သည့်အရာကိုမျှ ရှာမတွေ့ရတော့သဖြင့် အကြီးအကဲကျူးသည် စိတ်ပျက်သွားခဲ့သည်။ ထို့နောက် သူက ထိုလူငယ်လေးကို ကြည့်ကာ သဘောထားကြီးလှသော လေသံဖြင့် ပြောလိုက်သည်။
"မင်း ကံကောင်းပါတယ်ကွာ။ ဒီသားရဲအူတိုင်အတွက် ငါ မင်းကို ဂိုဏ်းရဲ့အမှတ် ၅၀ ပေးမယ်"
သို့သော်လည်း၊ ထိုလူငယ်လေးသည် အကြီးအကဲကျူးကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
ထိုအခါ အကြီးအကဲကျူးက မျက်မှောင်ကြုတ်လိုက်ရင်း အမိန့်ပေးသည့် လေသံဖြင့် မေးလိုက်တော့သည်။
"ဘာလဲ... မင်းက ဒီအဆင့် (၁) လတ်ပိုင်း သားရဲအူတိုင်သေးသေးလေးကို မလဲလှယ်ချင်ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်။ ဒါဆိုရင် မင်းက ငါ့ကို မင်းကို ဂိုဏ်းကနေ ထုတ်ပယ်စေချင်တာလား။ အကယ်၍ မင်းက ဆက်ပြီးတော့ ငြင်းဆန်နေမယ်ဆိုရင် ငါ့မှာ အခြားရွေးချယ်စရာ လုံးဝမရှိတော့ဘူး"
ဂိုဏ်းမှ ထုတ်ပယ်ခံရမည်ဟူသော စကားကို ကြားလိုက်ရသောအခါ ထိုလူငယ်လေး၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့ရပြီး၊ လျင်မြန်စွာ ခေါင်းခါယမ်းလိုက်ရင်း ပြောသည်။
"အကြီးအကဲ... ဟို... အဲဒါကြောင့် မဟုတ်ပါဘူး။ ကျွန်တော်... ကျွန်တော် ‘ဓားပျံဂိုဏ်း’ (Flying sword sect) က စီနီယာအစ်မတစ်ယောက်ဆီက ကြားခဲ့ရလို့ပါ... ဂိုဏ်းကြီး ၄ ဂိုဏ်းရဲ့ အကြီးအကဲတွေက ကျွန်တော်တို့လို တပည့်ငယ်လေးတွေဆီက ပစ္စည်းတွေကို ဝယ်ယူတဲ့အခါမှာ မျှတမှုမရှိဘူးလို့ ကြားလို့ပါဗျ"
ထိုလူငယ်လေးက အားနည်းသော လေသံဖြင့် ပြောဆိုလိုက်ရာ၊ အကြီးအကဲကျူးသည် ‘မိုးပျံဓားဂိုဏ်း’ ၏ အဖွဲ့ဆီသို့ ဒေါသတကြီး လှမ်းကြည့်လိုက်ပြီးနောက်မှ၊ သူ၏အာရုံကို ရှေ့မှောက်ရှိ လူငယ်လေးထံသို့ ပြန်လည်လှည့်ပတ်ရင်း ပြောလိုက်သည်။
"ဘယ်သူက အဲဒီလိုပြောတာလဲ။ ဒီမှာရှိတဲ့ မင်းရဲ့ တပည့်အချင်းချင်းတွေကိုပဲ မေးကြည့်လိုက်၊ ငါ သူတို့ထဲက ဘယ်သူ့ကိုမဆို မမျှမတ ဆက်ဆံခဲ့ဖူးလို့လား"
အကြီးအကဲကျူး စကားပြောပြီးဆုံးသည်နှင့်တစ်ပြိုင်နက်၊ သူသည် သူ့နောက်ကွယ်ရှိ ‘မိုးပျံတိမ်တိုက်ဂိုဏ်း’ မှ တပည့်ပေါင်း ၄၀,၀၀၀ နီးပါးဆီသို့ ခေါင်းလှည့်ကြည့်လိုက်ရာ၊ တပည့်များအားလုံးက သူ့ကို မျက်လုံးချင်း မဆုံရဲကြသည့်အလား ၎င်းတို့၏ ခေါင်းများကို အသီးသီး လွှဲဖယ်လိုက်ကြတော့သည်။
ရွှန်လုံသည် အကြီးအကဲကျူး၏ အရှက်မရှိပုံကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ နေ့ခင်းကြောင်တောင်တွင် ယခုကဲ့သို့ လိမ်ညာမှုများကို အတိအလင်း ပြောဆိုနိုင်ရန်အတွက်ဆိုလျှင် သူ၏မျက်နှာအသားမှာ ‘မိုးပျံတိမ်တိုက်မြို့တော်’ ၏ မြို့ရိုးများထက်ပင် ပိုမိုထူထဲနေပေလိမ့်မည်။ အဆင့် (၁) လတ်ပိုင်း သားရဲအူတိုင်တစ်ခုကို ‘ရတနာခန်းမ’ (Treasure Pavilion) တွင်ဆိုလျှင် ဂိုဏ်း၏အမှတ် ၇၀ ဖြင့် လွယ်ကူစွာ ရောင်းချနိုင်သည်ဖြစ်သော်လည်း၊ ယခုအခါတွင်မူ သူက ‘တရားမျှတစွာ’ ဖြင့် အမှတ် ၅၀ သာပေးကာ ဝယ်ယူနေခြင်း ဖြစ်သည်။
အကြီးအကဲ လူချန် (Lu Cheng) နှင့် မဟာအကြီးအကဲ လန်ဟုန် (Lan Hong) တို့ပင်လျှင် အကြီးအကဲကျူး၏ စကားများကို ကြားလိုက်ရသောအခါ ၎င်းတို့၏ မျက်နှာများမှာ အနည်းငယ် နီမြန်းသွားခဲ့ရသည်။
လူငယ်လေးသည် သံသယစိတ်များဖြင့်ပင် သူ၏ အဆင့် (၁) လတ်ပိုင်း သားရဲအူတိုင်ကို အကြီးအကဲကျူးထံသို့ ကမ်းပေးလိုက်ရပြီး၊ အကြီးအကဲကျူးက သူ၏ ဂိုဏ်းတံဆိပ်ပြား (Sect jade) အတွင်းသို့ ဂိုဏ်း၏အမှတ် ၅၀ လွှဲပြောင်းပေးလိုက်သည်။
ထိုလူငယ်လေးသည် သူ၏ ရှင်သန်ခြင်းအမှတ် (Survival point) ကို လွန်ခဲ့သော အချိန်ကတည်းက ဆုံးရှုံးထားခဲ့ရပြီးဖြစ်သဖြင့်၊ အကြီးအကဲကျူးထံမှ အပိုဆောင်း ဂိုဏ်း၏အမှတ် ၁၀ ကို မရရှိခဲ့ချေ။
ထိုလူငယ်လေး၏ ပုခုံးကို ပုတ်ပေးလိုက်ပြီးနောက်၊ အကြီးအကဲကျူးသည် လိုင်း၏ နောက်ဆုံးလူဖြစ်သော ရွှန်လုံကို လှမ်းကြည့်လိုက်သည်။
ရွှန်လုံသည် ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်ရင်း၊ အဆင့် (၂) ဦးပိုင်း သားရဲအူတိုင်တစ်ခုကို ထုတ်ယူလိုက်ရာ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရတော့သည်။ ဤ ‘အပြင်စည်းဂိုဏ်းတွင်းစစ်ဆေးမှု’ တွင် ‘မိုးပျံတိမ်တိုက်ဂိုဏ်း’ မှ အစွမ်းထက်ဆုံးသူများဖြစ်ကြသည့် ကမ္ဘာမြေအဆင့် (Earth grade) အဆင့် (၃) အထွတ်အထိပ်ရှိ ဂွမ်ဟုန် (Guan Hong) ကဲ့သို့သော သူများပင်လျှင် အများဆုံးမှ အဆင့် (၂) ဦးပိုင်း မိစ္ဆာသားရဲတစ်ကောင်ကိုသာ သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။
ရွှန်လုံသည် ‘အချိန်နာရီဖန်ခွက်’ (Monarch's Hourglass) ဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ ဖုံးကွယ်ထားခဲ့သဖြင့် ၎င်းတို့အနေဖြင့် အာရုံမခံနိုင်ကြသော်လည်း၊ တပည့်အများစုကမူ သူ့ကို ဂိုဏ်းတွင်းစစ်ဆေးမှုမတိုင်မီ မိမိကိုယ်ကို ဖုံးကွယ်ထားခဲ့သည့် ကမ္ဘာမြေအဆင့် အဆင့် (၃) အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်ဟု ထင်မှတ်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ်... အဆင့် (၂) အလယ်ပိုင်းနှင့် ၎င်းထက်မြင့်မားသော မိစ္ဆာသားရဲများသည် ကမ္ဘာမြေအဆင့် အဆင့် (၄) ကျွမ်းကျင်သူများကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်လောက်အောင် အစွမ်းထက်လှသဖြင့်၊ ဤတပည့်များအတွက်မူ အဆင့် (၂) ဦးပိုင်း မိစ္ဆာသားရဲတစ်ကောင်မှာ အကန့်အသတ် ဖြစ်ပေသည်။
ကမ္ဘာမြေအဆင့် အဆင့် (၃) အထွတ်အထိပ်တွင်ရှိသော တပည့်အချို့အနေဖြင့် အဖွဲ့ဖွဲ့ကာ အဆင့် (၂) အလယ်ပိုင်း မိစ္ဆာသားရဲတစ်ကောင်ကို အနိုင်ယူနိုင်စွမ်း ရှိကြသော်လည်း၊ ထိုသားရဲကို သတ်ဖြတ်နိုင်မည့် အလားအလာမှာမူ လုံးဝမရှိသလောက်ပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မိစ္ဆာသားရဲတစ်ကောင်ကို အနိုင်ယူခြင်းနှင့် သတ်ဖြတ်ခြင်းမှာ လုံးဝဥဿုံ ကွဲပြားခြားနားလှသောအရာ နှစ်ခု ဖြစ်သည်။
တပည့်အများစုသည် ရွှန်လုံကို သနားကရုဏာသက်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူ ခက်ခက်ခဲခဲ သတ်ဖြတ်ခဲ့ရသော အဆင့် (၂) မိစ္ဆာသားရဲ၏ သားရဲအူတိုင်ကို အတင်းအကျပ် ပေးအပ်လိုက်ရခြင်းမှာ သူ့အတွက် နှလုံးသား ကွဲကြေမတတ် ခံစားရမည်ဟု ထင်နေကြသည်။
သို့သော်လည်း၊ အကြီးအကဲကျူးမှာမူ ရွှန်လုံကို တောက်ပနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ရင်း၊ သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ကောင်းတယ်... မင်း တကယ်တော်တယ်။ ဒါက ဂိုဏ်းရဲ့ တပည့်တွေ ပြုမူနေထိုင်သင့်တဲ့ ပုံစံပဲ။ ဂိုဏ်းကို ကူညီတာက ကိုယ့်ကိုယ်ကိုယ် ကူညီတာနဲ့ အတူတူပဲလေ"
"ဟုတ်ပြီ... မင်းရဲ့ ဂိုဏ်းအမှတ်အသား တံဆိပ်ပြားကို ငါ့ကို အခုပေး။ ဒီသားရဲအူတိုင်အတွက် ငါ မင်းကို ဂိုဏ်းရဲ့အမှတ် ၁,၀၀၀ ပေးမယ့်အပြင်၊ မင်းရဲ့ ရှင်သန်ခြင်းအမှတ်တွေကိုလည်း ရေတွက်ပေးမယ်"
ရွှန်လုံသည် သူ၏ ‘ဂိုဏ်းအမှတ်အသား တံဆိပ်ပြား’ ကို အကြီးအကဲကျူးထံသို့ ကမ်းပေးလိုက်ရာ၊ ၎င်းကို ဖမ်းကိုင်လိုက်ပြီးနောက်တွင်မူ အကြီးအကဲကျူးသည် အချိန်အတော်ကြာအောင် ကြောင်အမ်းသွားခဲ့ရသည်။ ရွှန်လုံ၏ မျက်နှာကို ထပ်မံကြည့်ရှုလိုက်ပြီးနောက် သူက အလေးအနက် မေးလိုက်သည်။
"မင်းနာမည်က ဘယ်သူလဲ သူငယ်ချင်း"
"ရွှန်လုံ"
"မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ!" အကြီးအကဲကျူးသည် ထို့နောက်၊ သူ၏ခေါင်းကို ‘မိုးပျံတိမ်တိုက်ဂိုဏ်း’ ၏ ကျန်ရှိသော အဖွဲ့ဝင်များဆီသို့ လှည့်ပတ်ကြည့်ရှုလိုက်ရင်း အော်ပြောလိုက်တော့သည်။
"ငါတို့ ‘မိုးပျံတိမ်တိုက်ဂိုဏ်း’ ရဲ့ ပထမနေရာကတော့... ရှင်သန်ခြင်းအမှတ် ၁၁၈ မှတ်အထိ စုဆောင်းနိုင်ခဲ့တဲ့ ရွှန်လုံ ဖြစ်တယ်!"
ဤစကားကို ကြားလိုက်ရသောအခါ အကြီးအကဲ လူချန်နှင့် မဟာအကြီးအကဲ လန်ဟုန်တို့အပါအဝင် ‘မိုးပျံတိမ်တိုက်ဂိုဏ်း’ မှ လူတိုင်းမှာ အံ့အားသင့်သွားခဲ့ကြရသည်။ အရင်က ပထမနေရာတွင် ရှိနေခဲ့သူသည် ရှင်သန်ခြင်းအမှတ် ၈၀ ကျော်ခန့်သာ စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အံ့အားသင့်သွားကြသည့် တပည့်အုပ်စုများထဲတွင် ရှောင်ရှီတို (Xiao Shitou) နှင့် လင်းဝု (Lin Wu) တို့လည်း ပါဝင်နေခဲ့ကြပြီး၊ ၎င်းတို့က ရွှန်လုံကို မယုံနိုင်လောက်အောင် လှမ်းကြည့်နေခဲ့ကြသည်။ ‘ဧကရာဇ်၏ထာဝရခန္ဓာ’ (Monarch's Eternal body) ကြောင့် သူ၏ခန္ဓာကိုယ်အတွင်း၌ ကြီးမားလှသော အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့သဖြင့်၊ အကြီးအကဲကျူးက သူ၏နာမည်ကို အော်ခေါ်လိုက်ပြီးနောက်မှသာ ၎င်းတို့က သူ့ကို မှတ်မိသွားခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း၊ လေရှန် (Lei Xiang) နှင့် သူမ၏ နောက်လိုက်များမှာမူ၊ ရွှန်လုံသည် အပြင်ဘက်ဒေသတွင် ၎င်းတို့ထံမှ ဂိုဏ်း၏အမှတ်များအားလုံးကို မည်သို့လုယူခဲ့သည်ကို သတိရမိသွားကြသဖြင့်၊ ရွှန်လုံကို မီးတောက်မတတ် ဒေါသထွက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည့် တစ်ဦးတည်းသော သူများ ဖြစ်လာခဲ့ကြသည်။
လေရှန်အပြင်၊ ရွှန်လုံကို ရန်လိုသောမျက်ဝန်းဖြင့် စိုက်ကြည့်နေသည့် နောက်ထပ်လူတစ်ယောက်မှာမူ ဆံပင်နီနှင့် ဂွမ်ဟုန် ဖြစ်ပေသည်။ ရွှန်လုံ မရောက်ရှိလာမီက၊ ဂွမ်ဟုန်သည် သူတို့ ပြန်ရောက်သည့်အခါ ဂိုဏ်းက ပထမနေရာရရှိသူကို ပေးအပ်မည့် ဝိညာဉ်ကျောက်တုံး (Spirit stones) ၁၀၀ နှင့်အတူ အာကာသလက်စွပ် (Spatial ring) တစ်ကွင်းကို ရရှိလိမ့်မည်ဟု သေချာနေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပထမနေရာရရှိသူ ရရှိမည့် ဂိုဏ်း၏အမှတ် ၁၀၀,၀၀၀ လည်း ရှိနေသေးသည်။ ဒုတိယနေရာ ရရှိသူသည် ဂိုဏ်း၏အမှတ် ၁၀၀ သာ လျော့နည်းပြီး ရရှိမည်ဖြစ်သော်လည်း၊ ဂိုဏ်းအတွင်း၌ ပထမ သို့မဟုတ် ဒုတိယ ဖြစ်ရခြင်းအကြားတွင်မူ ဂုဏ်သိက္ခာပိုင်းအရ ကြီးမားလှသော ကွာခြားချက်တစ်ခု ရှိနေခဲ့သည်။
သို့သော်လည်း၊ လှောင်ပြောင်သရော်သော လေသံတစ်ခုက ‘မိုးပျံတိမ်တိုက်ဂိုဏ်း’ မှ လူတိုင်းကို လက်တွေ့ဘဝဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး၊ ‘ဓားပျံဂိုဏ်း’ မှ မဟာအကြီးအကဲ ဟွေကျုန်း (Hui Zhong) က မဟာအကြီးအကဲ လန်ဟုန်ကို လှမ်းကြည့်လိုက်ရင်း ပြောလိုက်တော့သည်။
"ဟားဟား... ဂုဏ်ယူပါတယ် လန်ဟုန်။ မင်းရဲ့ ‘မိုးပျံတိမ်တိုက်ဂိုဏ်း’ က ဒီတစ်ကြိမ်မှာ အနည်းဆုံးတော့ စတုတ္ထနေရာကို ရအောင် ယူနိုင်ခဲ့ပုံရတယ်နော်"