အပိုင်း (၈) - ရွှန်ဖန်း၏ အကြံအစည်
လူဝမ်၏ မေးခွန်းအဆုံးတွင် ရွှန်ဖန်းနှင့် ရွှန်အန်းတိုသည်လည်း ရွှန်လုံထံသို စူးစမ်းသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။ သူတိုသည်လည်း သားဖြစ်သူ၏ ဒဏ်ရာများ မည်သိုကုသခြင်း ခံလိုက်ရသည်ကို သိချင်နေကြပြီ ဖြစ်သည်။
အမှန်စင်စစ် ရွှန်လုံအနေဖြင့် လူဝမ်၏ စူးစမ်းမှုကို ဖြေကြားရန် တာဝန်မရှိသော်လည်း ၎င်းမှာ သူ၏ အစီအစဉ်ထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်နေသောကြောင့် 'ဘာတွေဖြစ်ခဲ့သလဲ' ဆိုသည်ကို ရှင်းပြရန် ခေါင်းငြိမ့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အစောပိုင်းက သေလုမျောပါး ဒဏ်ရာများရခဲ့သည်ဟု သူပြောခဲ့သဖြင့် မိဘများမှာလည်း မည်သို ပြန်လည်ကောင်းမွန်လာသည်ကို သိလိုစိတ် ပြင်းပြနေကြသည်။ အစောပိုင်းက လူဝမ် ရောက်လာသဖြင့် ရှင်းပြချက်မှာ တဝက်တပျက် ဖြစ်ခဲ့ရာ ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေးပင်။
ရွှန်လုံသည် ခွင့်ပြုချက်ပေးသည့်အလား ခေါင်းငြိမ့်ပြနေသော မိဘနှစ်ပါးကို ကြည့်ကာ စတင်ပြောဆိုတော့သည်။
"တကယ်တော့ သား တိုက်ခိုက်ခံရပြီး မြေပြင်ပေါ်မှာ သွေးအိုင်ထဲ လဲနေတုန်းက လွန်ခဲ့တဲ့ နာရီပိုင်းလောက်က အပြာရောင်သစ်တောနဲ့ သုံးမိုင်လောက်အကွာမှာ လျှပ်စီးမုန်တိုင်းကြီး တစ်ခုဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သား အသက်ထွက်တော့မယ့်ဆဲဆဲမှာပဲ ကောင်းကင်မှာ ပျံသန်းလာတဲ့ အဖိုးအိုတစ်ယောက်က သားကို မုန်တိုင်းထဲကနေ ကယ်ထုတ်ခဲ့တယ်။ သူက သားရဲ့ ဒဏ်ရာတွေကို မြင်တော့ လျှိဝှက်ဆန်းကြယ်တဲ့ ဆေးလုံးတစ်လုံး တိုက်ကျွေးခဲ့တယ်။ အဲဒီဆေးကို မျိုချလိုက်တာနဲ့ ဒဏ်ရာတွေက ချက်ချင်းဆိုသလို ကျက်သွားတာပဲ။ အမွှေးတိုင်တစ်တိုင်စာလောက် ကြာတဲ့အခါမှာတော့ အမာရွတ်တောင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတာ။ တကယ့်ကို အံ့သြစရာကောင်းတဲ့ ဆေးပဲ။ ဒဏ်ရာတွေ ပျောက်သွားတာနဲ့ အဲဒီအဖိုးအိုက သား နာမည်မေးဖိုတောင် အချိန်မရလိုက်ဘဲ အရှေ့ဘက်ကို ပျံသန်းပြီး ထွက်ခွာသွားခဲ့တယ်"
ရွှန်ဖန်း၊ ရွှန်အန်းနှင့် လူဝမ်တိုမှာ ဆွံအသွားကြသည်။
'ဒီကောင်လေး ကံကောင်းလိုက်တာ' ဟု သုံးဦးလုံး တစ်ပြိုင်တည်း တွေးလိုက်မိကြသည်။ ဤဇာတ်လမ်းမှာ အလွန်ပင် ယုတ္တိရှိနေသဖြင့် မည်သူမျှ မသင်္ကာမဖြစ်ကြပေ။ ထိုသိုဆိုလျှင် သူ အသက်ရှင်နေခြင်း၊ ဒဏ်ရာများ ပျောက်ကင်းသွားခြင်းနှင့် သွေးကြောများ ပွင့်သွားခြင်းတိုမှာ ဖြစ်နိုင်ခြေ ရှိသွားပြီဖြစ်သည်။
ဆေးပညာရှင် လူဝမ်မှာမူ ထိုစကားကို ကြားသောအခါ မနာလိုလွန်းသဖြင့် မျက်နှာပင် စိမ်းဖန့်သွားတော့သည်။ လူတစ်ယောက်ကို မြင်မြင်ချင်း ထိုမျှ အစွမ်းထက်သော ဆေးမျိုးကို ပေးကမ်းနိုင်ရန် ထိုပညာရှင်မှာ မည်မျှအဆင့်မြင့်မည်နည်း။ လေထဲတွင် ပျံသန်းနိုင်ရန်အတွက် ကျင့်ကြံသူတစ်ဦးသည် အနည်းဆုံး ကောင်းကင်အဆင့် သို ရောက်ရှိရမည်ဖြစ်သည်။ ထိုမျှ စွမ်းအားကြီးသော ဆေးကို အလွယ်တကူ ထုတ်ပေးနိုင်သည်ဆိုပါက ထိုပညာရှင်ကိုယ်တိုင်မှာ အဆင့်မြင့် ဆေးပညာရှင်တစ်ဦး ဖြစ်နိုင်သလို အဆင့်မြင့် ဆေးပညာရှင်များနှင့် နီးစပ်သူလည်း ဖြစ်နိုင်သည်။ အကယ်၍ လူဝမ်သာ ထိုပညာရှင်နှင့် တွေ့ခွင့်ရပြီး လမ်းညွှန်မှု အနည်းငယ်ရခဲ့ပါက သူ၏ အကျိုးကျေးဇူးမှာ အတိုင်းအထက်အလွန် ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ ရွှန်ဖန်းနှင့် ရွှန်အန်းတိုမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများ နီမြန်းနေကြသည်။ သားဖြစ်သူမှာ ဒဏ်ရာပျောက်ကင်းရုံသာမက မွေးရာပါ ပြဿနာဖြစ်သော သွေးကြောပိတ်ဆိုမှုကိုပါ တစ်ပါတည်း ဖြေရှင်းနိုင်ခဲ့သည့်အတွက် ဝမ်းသာမဆုံး ဖြစ်နေကြသည်။
လူဝမ်သည် သူသိလိုသည်ကို သိရသဖြင့် မနာလိုမှုနှင့် နှမြောမှုတို ရောယှက်နေသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီးနောက် ရွှန်ဖန်းတို ဇနီးမောင်နှံကို လက်သီးဆုပ် အလေးပြုလိုက်သည်။
"အစီရင်ပညာရှင်ရွှန်... ဂုဏ်ယူပါတယ်ဗျာ။ သခင်လေးရွှန်ရဲ့ သွေးကြောတွေ ပွင့်သွားပြီဆိုတော့ နောင်တစ်ချိန်မှာ ဟုန်ဟုန်တောက် အောင်မြင်လာမှာ သေချာပါတယ်။ တခြားကိစ္စ မရှိတော့ရင် ကျွန်တော် နှုတ်ဆက်ခွင့်ပြုပါဦး"
ရွှန်ဖန်းကလည်း လက်သီးဆုပ် ပြန်လည်နှုတ်ဆက်ရင်း -
"ဆေးပညာရှင်လူး... ဒီနေ့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညဉ့်နက်တဲ့အထိ အားစိုက်ပေးတဲ့အတွက် ငါ့မိသားစုရဲ့ ကျေးဇူးတုံပြန်မှုအဖြစ် ဒီလက်ဆောင်ကို လက်ခံပေးပါဦး"
ရွှန်ဖန်းက လက်ခုပ်နှစ်ချက် တီးလိုက်သောအခါ ကင်းစောင့် ၄ ဦးသည် လေးလံသော သံဆေးပေါင်းအိုး ကြီးတစ်လုံးကို ထမ်း၍ ခန်းမထဲ ဝင်လာကြသည်။ ထိုဆေးပေါင်းအိုး၏ မျက်နှာပြင်တွင် ထူးဆန်းသော အစီရင်သင်္ကေတများနှင့် လိုင်းများ ထွင်းထုထားပြီး အဖုံးမှာမူ ငွေစစ်စစ်ဖြင့် ပြုလုပ်ထားသည်။
လူဝမ်သည် ထိုဆေးပေါင်းအိုးကို မြင်သည်နှင့် မျက်လုံးများ အရောင်တောက်သွားတော့သည်။ သူသည် အိမ်သို အမြန်ပြန်ပြီး သူ၏ ဆေးပေါင်းအိုးအဟောင်းကို လွှင့်ပစ်ကာ ဤအသစ်ဖြင့် အစားထိုးရန်ပင် စိတ်စောနေမိသည်။ လူဝမ်သည် ပါရမီရှင် ဆေးပညာရှင် ဖြစ်သော်လည်း သူ၏ လက်ရှိဆေးပေါင်းအိုးမှာ အဆင့် ၂ ကြေးညိုအဆင့်သာ ရှိသေးသည်။ ယခု ရွှန်ဖန်း ပေးအပ်လိုက်သော လက်ဆောင်မှာမူ အဆင့် ၃ အထွတ်အထိပ် ကြေးညိုအဆင့် ဖြစ်ပြီး အဆင့်တစ်ခုလုံး သာလွန်နေသည်။ အဆင့် ၃ ဆေးပညာရှင်များပင် ရခဲလှသော ဤကဲ့သို ဆေးပေါင်းအိုးမျိုးကို ရရှိလိုက်သဖြင့် လူဝမ်မှာ အတိုင်းမသိဝမ်းသာသွားရသည်။
"ဆေးပညာရှင်လူးကို အိမ်အထိ ဘေးကင်းအောင် လိုက်ပိုလိုက်ကြ" ဟု ရွှန်ဖန်းက အမိန့်ပေးလိုက်သည်။ ထိုနောက် သာမန်ကာလျှံကာ လေသံဖြင့် - "ဆေးပညာရှင်လူးအနေနဲ့ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူ့ကိုမှ မပြောပြဘူးလို မျှော်လင့်ပါတယ်" ဟု ဆိုလိုက်သည်။ ၎င်းမှာ တကယ့် စစ်မှန်သော ရည်ရွယ်ချက်ပင် ဖြစ်သည်။
လူဝမ်သည် အလွန်ဝမ်းသာနေပြီး ရွှန်ဖန်းကို ကျေးဇူးအကြွေး အကြီးအကျယ် တင်သွားမှန်း သိရှိလိုက်သည်။ အဆင့် ၃ အထွတ်အထိပ် ဆေးပေါင်းအိုးဆိုသည်မှာ ငွေရှိရုံဖြင့် ဝယ်၍ရနိုင်သော အရာမဟုတ်ပေ။
"စိတ်ချပါ အစီရင်ပညာရှင်ရွှန်... ကျွန်တော် လူဝမ်က အဲဒီလို လူစားမျိုး မဟုတ်ပါဘူး" ဟု ဆိုကာ လူဝမ်သည် ကင်းစောင့်များနောက်သို လိုက်ပါသွားတော့သည်။
သူသည်လည်း ရွှန်ဖန်း၏ စကားကို သဘောပေါက်သည်။ ရွှန်လုံကို ကယ်ခဲ့သော ပညာရှင်မှာ ကောင်းကင်အဆင့် ဖြစ်နိုင်သဖြင့် ထိုကဲ့သိုသော ပုဂ္ဂိုလ်၏ ကိစ္စကို လျှောက်ပြောနေခြင်းမှာ မိမိကိုယ်ကို ဘေးခေါ်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း လူဝမ် ကောင်းကောင်းနားလည်သည်။
လူဝမ် ထွက်သွားသောအခါ ရွှန်ဖန်းက သားဖြစ်သူကို ကြည့်ကာ -
"လူဆိုးလေး... မင်းခန္ဓာကိုယ် နေကောင်းသွားပြီဆိုတာ သိရလို ဖေဖေ တကယ်ကို စိတ်အေးသွားပါပြီ။ ဒီနေ့ မင်း အများကြီး ပင်ပန်းခဲ့ပြီဆိုတော့ သွားနားတော့။ မနက်ဖြန်ကျရင် မင်းနဲ့ကိုက်ညီမယ့် ကျင့်စဉ်တစ်ခုကို သွားရွေးကြမယ် ဟားဟားဟား!"
ရွှန်ဖန်းသည် သားဖြစ်သူ၏ အဖြေကိုပင် မစောင့်တော့ဘဲ ရွှန်အန်းနှင့်အတူ ပြုံးရွှင်စွာဖြင့် ခန်းမထဲမှ ထွက်ခွာသွားတော့သည်။ စံအိမ်တော်ရှိ အစေခံများမှာ သခင်ကြီးတို ဇနီးမောင်နှံ ဤမျှအထိ ပြုံးပြုံးရွှင်ရွှင်ရှိနေသည်ကို မြင်ရသဖြင့် အံ့အားသင့်နေကြသည်။
ရွှန်လုံသည်လည်း မှတ်ဉာဏ်ထဲရှိ လမ်းအတိုင်း သူ၏ ကိုယ်ပိုင်အခန်းဆီသို လျှောက်လှမ်းလာခဲ့သည်။ လမ်းလျှောက်နေစဉ်အတွင်း ရွှန်အန်းက ရွှန်ဖန်းကို လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"ဆရာကြီးလူးက ဒီနေ့ စစ်ဆေးရုံပဲ လုပ်ပေးတာလေ၊ အဆင့် ၃ အထွတ်အထိပ် ဆေးပေါင်းအိုးကြီးကို ပေးလိုက်တာ မများလွန်းဘူးလား? ဒီကိစ္စက ကောင်းကင်အဆင့် ပညာရှင်နဲ့ ပတ်သက်နေတော့ သူလည်း လျှောက်ပြောရဲမှာ မဟုတ်ပါဘူး။ လုံအာ ရဲ့ ကျန်းမာရေးအခြေအနေကို လျှိဝှက်ထားချင်ရုံသက်သက်နဲ့ပဲ အဲဒီလောက် လက်ဆောင်ပေးလိုက်တာလား?"
ရွှန်အန်းက ပါးနပ်သော အမျိုးသမီးဖြစ်သော်လည်း လူမှုရေးဆက်ဆံရေးတွင်မူ ရွှန်ဖန်းလောက် အတွေ့အကြုံမရှိပေ။ ရွှန်ဖန်းက မြေခွေးအိုကြီးကဲ့သို ပြုံးလိုက်ရင်း -
"လူဝမ်ကို နှုတ်ပိတ်ဖိုသက်သက်ဆိုရင်တောင် ငါ့သားအတွက်ဆိုရင် တန်ပါတယ်။ ဒီနေ့ လုပ်ကြံခံရတဲ့ ကိစ္စကြောင့် လုံအာ နေကောင်းသွားတာကို အခုချက်ချင်း လူသိမခံချင်သေးတာလည်း ပါတာပေါ့။ ဒါပေမဲ့ ငါ အဲဒီဆေးပေါင်းအိုးကို ပေးလိုက်တာက လူဝမ်ရဲ့ အရည်အချင်းကြောင့်လည်း ပါတယ်"
ရွှန်အန်း နားမလည်သဖြင့် ကြည့်နေစဉ် ရွှန်ဖန်းက ဆက်ပြောပြသည်။
"လူဝမ်က အခုတော့ အဆင့် ၂ ပဲ ရှိသေးပေမဲ့ နောက်တစ်နှစ်မပြည့်ခင်မှာ အဆင့် ၃ ကို ရောက်မှာ သေချာတယ်။ အဲဒီအချိန်ကျရင် ငါ့သားအတွက် အဆင့် ၃ ဆေးပညာရှင်တစ်ယောက်ရဲ့ အကူအညီက အမြဲလိုလာမှာပဲ။ အဲဒီအတွက် ဒါဟာ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပဲ"
ရွှန်အန်းမှာ ရွှန်ဖန်း၏ အကြံအစည်ကို နားလည်သွားပြီး ထိတ်လန့်တကြား မေးလိုက်သည်။
"ရှင့်ဆိုလိုတာက လုံအာကို...!"
"ဟုတ်တယ်" ရွှန်ဖန်းက ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်သည်။ ထိုနောက် သူ၏ မျက်လုံးထဲတွင် လူသတ်ငွေ့များ ယှက်သန်းလာကာ -
"ဘယ်ကလာတဲ့ ခွေးလေခွေးလွင့်တွေက ငါ့သားကို လာလုပ်ကြံရဲတာလဲ။ ဒီကိစ္စရဲ့ နောက်ကွယ်ကလူကိုသာ ငါရှာတွေ့လိုကတော့..."
ရွှန်ဖန်းက စကားကို ရပ်လိုက်ပြီးနောက် ဒေါသကို ထိန်းကာ ဇနီးသည်နှင့်အတူ အခန်းထဲသို ဝင်သွားတော့သည်။
တစ်ဖက်တွင်မူ ရွှန်လုံသည် သူ၏ ဝင်းခြံအတွင်းရှိ အကြီးဆုံးအခန်းထဲသို ရောက်ရှိလာခဲ့သည်။ အခန်းထဲတွင် ဆေးပညာ၊ အစီရင်ပညာနှင့် ကျင့်စဉ်ဆိုင်ရာ စာအုပ်များစွာရှိသော စာအုပ်စင်ကြီး ၅ ခု ရှိနေသည်။ ရွှန်လုံသည် တံခါးကို ချက်ချင်း ဂျောက်ချလိုက်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်လိုက်သည်။ သူ၏ စိတ်အာရုံမှာ သူ၏အသိဉာဏ်ထဲရှိ တြိဂံပုံစံ ကျောက်တုံးကလေးဆီသို ရောက်ရှိသွားတော့သည်။