အပိုင်း (၇) - ဘာတွေဖြစ်ခဲ့တာလဲ
"မင်းရဲ့သားက ကျင့်စဉ်မလေ့ကျင့်နိုင်တဲ့ လူဖျင်းတစ်ယောက်ဆိုတာ သေချာရဲ့လား?"
"လူဖျင်း... လူဖျင်း... လူဖျင်း..."
ထိုစကားလုံးများသည် ရွှန်ဖန်း၏ ဦးခေါင်းထဲတွင် ပဲ့တင်ထပ်သွားပြီး ယမ်းအိုးတစ်လုံး ပေါက်ကွဲသွားသည့်အလား သူ၏ အရှိန်အဝါ များမှာ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ပွင့်ထွက်လာတော့သည်။ ထိုစွမ်းအားများမှာ ပြင်းထန်သော ဒီရေလှိင်းကြီးတစ်ခုကဲ့သို ဆေးပညာရှင် လူဝမ်ကို ဝါးမျိုနှစ်မြှုပ်ပစ်တော့မည့်အတိုင်းပင်။ အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေတတ်သော ရွှန်အန်းပင်လျှင် မျက်မှောင်ကြုတ်သွားပြီး လူဝမ်အား ကြည့်သော သူမ၏ အကြည့်များမှာ ရေခဲတမျှ အေးစက်သွားတော့သည်။
ရွှန်ဖန်းသည် တစ်စုံတစ်ယောက်က သူ၏သားကို "လူဖျင်း" ဟု ခေါ်ဆိုသည်ကို အမုန်းဆုံး ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က နိုင်ငံတော်မြိုတော်တွင် အဆင့် ၃ ကြေးညိုအဆင့် အစီရင်ပညာရှင်တစ်ဦးက ရွှန်ဖန်း၏ရှေ့တွင် ရွှန်လုံကို "ကျင့်စဉ်မလေ့ကျင့်နိုင်တဲ့ အသုံးမကျတဲ့ လူဖျင်း" ဟု ခေါ်ဆိုခဲ့ဖူးသည်။ ထိုစဉ်က ရွှန်ဖန်းသည် ဒေါသအလိပ်လိပ်ဖြင့် ထိုသူ၏ ခြေထောက်နှစ်ဖက်ကို ရိုက်ချိုးပြီး ဒုက္ခိတဖြစ်လုနီးပါးအထိ ပညာပေးခဲ့သည်။ လူအများက ဝိုင်းဝန်းတောင်းပန်ကြ၍သာ ထိုသူ အသက်ဘေးမှ လွတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုပညာရှင်မှာ လက်ရိုးများနှင့် လက်ချောင်းများ ကြေမွကာ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားခဲ့ရသည်။ ရွှန်ဖန်းကသာ ဒေါသကို မထိန်းနိုင်ခဲ့ပါက ထိုသူမှာ အသက်ရှင်နေလျှင်ပင် အမှန်တကယ် လူဖျင်းဘဝသို ရောက်သွားပေလိမ့်မည်။
ဆေးပညာရှင်လူးသည် သူ၏စကားမှားသွားမှန်း ချက်ချင်းသိလိုက်သည်။ ရွှန်ဖန်းသည် မိမိသားကို စော်ကားသည်ကို မည်သည့်အခါမျှ ခွင့်လွှတ်မည့်သူမဟုတ်ကြောင်း သူ နားလည်သည်။ အကယ်၍ လူဝမ်သည် ဧည့်သည်အဖြစ် ရောက်နေခြင်းမဟုတ်ပါက ရွှန်ဖန်း၏ လက်ဝါးချက်တစ်ချက်ကြောင့် လေထဲသို လွင့်စင်သွားလောက်ပြီဖြစ်သည်။ ရွှန်ဖန်းမှာ သူ၏ဒေါသကို ထိန်းချုပ်ရန် မနည်းအားထုတ်နေရသည်။ လူဝမ်က သူ၏သားရှေ့၊ ဇနီးရှေ့တွင်မှ တမင်သက်သက် ရန်စနေသကဲ့သို သူ ခံစားနေရသည်။
လူဝမ်သည် အခြေအနေ မဟန်တော့မှန်းသိသဖြင့် အမြန်ပင် ဦးညွှတ်ကာ ရွှန်ဖန်းနှင့် အေးစက်နေသော ရွှန်အန်းတိုဘက်သို လက်သီးဆုပ်၍ အလေးပြုရင်း တောင်းပန်လိုက်သည်။
"သခင်ကြီးရွှန်... ကျေးဇူးပြုပြီး ဒေါသကို ထိန်းပြီး ကျွန်တော် ပြောတာကို နားထောင်ပေးပါဦး။ သခင်လေးရွှန်ရဲ့ သွေးကြောတွေက ပိတ်ဆိုနေပြီး ကျင့်စဉ်လေ့ကျင့်ဖို မဖြစ်နိုင်ဘူး၊ သွေးကြောပွင့်ဆေး ဒါမှမဟုတ် ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ တခြားဆေးတစ်မျိုးမျိုး မသောက်သုံးသရွေ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို သတင်းတွေ ထွက်ခဲ့တယ် မဟုတ်လား?"
လူဝမ်သည် ရွှန်ဖန်းကို ပြောနေခြင်းဖြစ်သော်လည်း သူကိုယ်တိုင်လည်း သံသယဖြစ်နေသည့်အလား ဆက်ပြောသည်။
"အတိတ်တုန်းက အဆင့် ၃ ကြေးညိုအဆင့် ဆေးပညာရှင် 'ဆရာကြီးဖု' ကိုယ်တိုင် သခင်လေးရွှန်ကို စစ်ဆေးခဲ့ဖူးတယ်လို ကျွန်တော် ကြားခဲ့ပါတယ်။ အဲဒီတုန်းက သူက သခင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအားတွေ စီးဆင်းရမယ့် သွေးကြောတွေဟာ သွေးခဲတွေနဲ့ ပြည့်နှက်ပိတ်ဆိုနေလို သွေးကြောပွင့်ဆေးမရှိဘဲ ကုသလို မရနိုင်ဘူးလို ပြောခဲ့တယ် မဟုတ်လား?"
ရွှန်ဖန်းက ဘာမှမပြောဘဲ ခေါင်းကိုသာ ခပ်သွက်သွက် ငြိမ့်ပြလိုက်သည်။ သူ၏ ဒေါသများမှာ သိသိသာသာ လျော့ကျသွားသော်လည်း သားဖြစ်သူ၏ အခြေအနေကို တွေးမိကာ ရင်ထဲတွင် နာကျင်နေမိသည်။
"ရှင့်ရဲ့ ဆိုလိုရင်းက ဘာလဲ ဆရာကြီးလူး" ဟု ရွှန်အန်းက အနည်းငယ် စိတ်မရှည်စွာ မေးလိုက်သည်။ သူမသည် သူမ၏သားကို "လူဖျင်း" ဟု ခေါ်ခဲ့သည့်အတွက် လူဝမ်ကို ခွင့်မလွှတ်နိုင်သေးသည်မှာ ထင်ရှားသည်။
လူဝမ်သည် သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် ရောက်နေသည့်အလား သူ၏ လက်ဖဝါးများကို ပြန်ကြည့်ကာ ခေတ္တစဉ်းစားနေပြီးမှ ဆက်ပြောသည်။
"ကျွန်တော် နားမလည်နိုင်တဲ့ အချက်နှစ်ချက် ရှိနေပါတယ်" ဟု ဆိုကာ လူဝမ်သည် ဤစံအိမ်ကို ရောက်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ရွှန်လုံကို သေချာစွာ စိုက်ကြည့်လိုက်သည်။
ရွှန်လုံ၏ နက်ရှိင်းပြီး တည်ငြိမ်နေသော မျက်ဝန်းနက်များကို ကြည့်ရင်း လူဝမ်၏ ဦးနှောက်မှာ ဖြစ်နိုင်ခြေများကို တွေးတောနေမိသည်။ ထိုနောက် သူ၏ အကြည့်များက ရွှန်လုံ၏ စုတ်ပြတ်နေသော အဝတ်အစားများ၊ အထူးသဖြင့် ဘယ်ဘက်ရင်ဘတ်မှ ဟောင်းလောင်းပေါ်နေသည့် နေရာသို ရောက်ရှိသွားသည်။
လူဝမ်က အသက်ကို ဝဝရှူကာ သူ၏ အတွေးများကို စုစည်းပြီးနောက် ပြောလိုက်သည်။
"သခင်လေးရွှန်ဟာ ဒီနေ့ တစ်ချိန်ချိန်မှာ တိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော့်ဆီမှာ ဆေးကုသမှု ခံယူတဲ့သူတွေကို ဘယ်လို ဒဏ်ရာရခဲ့သလဲဆိုတာ ကျွန်တော် ပုံမှန်အားဖြင့် မမေးတတ်ပါဘူး။ ဒါပေမဲ့... သခင်လေးရဲ့ ခန္ဓာကိုယ်မှာ အတွင်းရော အပြင်မှာပါ ဘာဒဏ်ရာ တစ်ချက်မှ မရှိဘူး။ ဒါက ထားပါဦး... အံ့သြစရာ အကောင်းဆုံးကတော့ သူရဲ့ သွေးကြောတွေပါပဲ။"
"ခင်ဗျားတိုရဲ့သားဟာ ကျင့်စဉ်တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးတာ သေချာပါတယ်၊ ဒါပေမဲ့ အခု သူ့ရဲ့ သွေးကြောတွေကတော့ လုံးဝကို ပွင့်လင်းနေပြီး ချီစွမ်းအား စီးဆင်းမှုကို ဟန့်တားနေတဲ့ သွေးခဲတွေ တစ်စက်မှ မရှိတော့ဘူး။ ကျွန်တော် ပြောတာကို သဘောပေါက်ရဲ့လား? ခင်ဗျားတိုရဲ့သားဟာ နောက်ထပ် 'လူဖျင်း' တစ်ယောက် မဟုတ်တော့ဘူး!"
ရွှန်ဖန်းသည် လူဝမ်၏ စကားကို ကြားသောအခါ "လူဖျင်း" ဟူသော စကားလုံးအတွက် ဒေါသမထွက်တော့ရုံသာမက မျက်ရည်များပင် ဝဲလာတော့သည်။ သူသည် အနောက်ဘက်ရှိ ရွှန်အန်းကို လှည့်၍ ဖက်လိုက်ပြီး နှစ်ဦးသား ပျော်ရွှင်မျက်ရည်များဖြင့် ရှိက်ကြီးတငင် ငိုကြွေးကြတော့သည်။
လူဝမ်သည် ရွှန်ဖန်းတိုထံမှ ရွှန်လုံဘက်သို အကြည့်လွှလိုက်သောအခါ အံ့အားသင့်သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ရွှန်လုံ၏ မျက်နှာတွင် အလွန်တည်ငြိမ်နေသော အမူအရာကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ လူဝမ် ပြောလိုက်သော သတင်းမှာ သူ့အတွက် မဟုတ်သည့်အလား သိုမဟုတ် ရွှန်လုံသည် ဤအချက်ကို ကြိုတင်သိရှိထားသည့်အလား ဖြစ်နေသည်။ ရွှန်လုံသည် အံ့သြခြင်းမရှိဘဲ သူ၏ မိဘနှစ်ပါးကိုသာ ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးအနည်းငယ် ချိတ်ဆွဲထားသည်။
လူဝမ်သည် သူ၏ စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်တော့သည်။
"သခင်လေးရွှန်... မင်းရဲ့ သွေးကြောတွေ ဘာဖြစ်သွားတာလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား?"