အခန်း ၆၈ - အတွင်းပိုင်းဒေသသို့ ဦးတည်ခြင်း
"အဲဒီထဲမှာ ခြေတစ်လှမ်း မှားလိုက်တာနဲ့ ငါတို့တစ်ဖွဲ့လုံး အသက်ဆုံးရှုံးသွားနိုင်တယ်"
ဒေမွန်နီကာတောင်တန်းသည် မိုင်ပေါင်း ၅၀၀၀ ကျော် ကျယ်ဝန်းလှသော်လည်း အကြီးမားဆုံးပြဿနာမှာ တောင်တန်းအတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ မိစ္ဆာသားရဲများ၏ အင်အားက ပိုမိုကြီးမားလာလေလေ ဖြစ်သဖြင့် ၎င်းတို့အနေဖြင့် သတိကြီးစွာဖြင့် ရှေ့ဆက်ကြရမည် ဖြစ်သည်။
မိန်းကလေး ၃ ဦးမှာ အေးစက်လှသော အသက်ရှူသံများကို ပြိုင်တူရှူသွင်းလိုက်ကြပြီး၊ ရွှန်လုံကမူ ယုံရု၏ သတိပေးချက်မပါဘဲ ထိုအချက်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။
"စီနီယာအစ်ကို... အတွင်းပိုင်းဒေသက မိစ္ဆာသားရဲတွေက အပြင်ဘက်ဒေသနဲ့ယှဉ်ရင် အဲဒီလောက်တောင် သန်မာကြတာလားဟင်" ဖေးဖန်က ပျာပျာသလဲ မေးမြန်းလိုက်သည်။
"အတွင်းပိုင်းဒေသနဲ့သာ ယှဉ်လိုက်ရင် ဒီအပြင်ဘက်ဒေသဆိုတာ ကစားကွင်းတစ်ခုလိုပဲ ရှိသေးတာ။ အဲဒီက သားရဲအများစုဟာ အဆင့် (၂) အလယ်ပိုင်းဒေသ ဒါမှမဟုတ် အဲဒီထက် မြင့်မားတဲ့အဆင့်မှာ ရှိကြရုံတင်မကဘူး၊ ငါတို့တွေ အဆင့် (၃) မိစ္ဆာသားရဲတွေနဲ့ပါ ဆုံတွေ့နိုင်ခြေ ရှိတယ်"
"ဒါဆိုရင် စီနီယာအစ်ကို... ကျွန်မတို့တွေ ရှေ့မဆက်ဘဲ..."
ယုံရုက သူမ၏စကားကို ဖြတ်ပြောလိုက်ရင်း ဆိုသည်။
"အန္တရာယ်ရှိတယ်ဆိုပေမဲ့ ဒေမွန်နီကာတောင်တန်းရဲ့ အတွင်းပိုင်းကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ဝင်နိုင်လေလေ၊ ဗဟိုတောင်တန်းရဲ့ အတွင်းအား မှုတ်ထုတ်မှုကနေ ရရှိမယ့် အကျိုးကျေးဇူးတွေက ပိုပြီးကြီးမားလေလေပဲ။ စိတ်မပူပါနဲ့၊ အတွင်းပိုင်းဒေသမှာလည်း ဘေးကင်းတဲ့ နေရာတစ်ခု ရှိပါသေးတယ်"
မိန်းကလေး ၃ ဦးမှာ တစ်ဦးကိုတစ်ဦး မျက်လုံးချင်းပြာယာခတ်ကာ ကြည့်လိုက်ကြပြီးနောက် ယုံရုကို တောင်းပန်တိုးလျှိုးသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြရာ၊ ယုံရုက သက်ပြင်းတစ်ချက်ချရင်း မေးလိုက်သည်။
"မင်းတို့တွေ အဲဒီလောက်တောင် ကြောက်နေကြတာ... ဘာလို့ လိုက်ခဲ့ချင်ကြတာလဲ။ အခြေအနေက ဒီလိုဆိုရင်တော့ မင်းတို့ အပြင်ဘက်ဒေသမှာပဲ နေခဲ့လို့ရပါတယ်။ ငါနဲ့ အစ်ကိုရွှန်ပဲ အတွင်းပိုင်းဒေသကို ဆက်သွားလိုက်မယ်။ ဒါပေမဲ့ ဘေးကင်းတဲ့နေရာ ရှိတယ်ဆိုတာတော့ အမှန်ပဲ။ အတွင်းပိုင်းဒေသကို ရောက်အောင်သွားနိုင်တဲ့ တပည့်အားလုံးနီးပါးဟာ အတွင်းအားမှုတ်ထုတ်မှု စတင်မယ့်အချိန်ကို စောင့်ဆိုင်းရင်း အနားယူဖို့နဲ့ ခိုလှုံဖို့အတွက် အဲဒီနေရာမှာပဲ စုဝေးကြလိမ့်မယ်"
မိန်းကလေး ၃ ဦးမှာ အရှက်သည်းစွာဖြင့် ခေါင်းများကို ငုံ့ချလိုက်ကြသည်။ ယုံရုအနေဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်များကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။
"ကျွန်မတို့..."
၎င်းတို့ ဒေမွန်နီကာတောင်တန်းထဲသို့ မဝင်ရောက်မီက၊ ဤမိန်းကလေး ၃ ဦးသည် ယုံရုနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်နှင့် ‘ဟောက်မြည်သောလေညင်းဂိုဏ်း’ သို့ ပြန်ရောက်သည့်အခါ သူ့ကို အမှီသဟဲပြုနိုင်ရန်အတွက် အတင်းအကျပ် လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါ အတွင်းပိုင်းဒေသ၏ အန္တရာယ်များကို ကြားသိလိုက်ရပြီးနောက်၊ အပြင်ဘက်ဒေသ၏ ပထမဆုံးနေ့မှာတင် နှစ်ကြိမ်တိုင်တိုင် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသဖြင့် ဤမိန်းကလေးများသည် ရွှန်လုံနှင့် ယုံရုတို့၏ နောက်သို့ ဆက်လက်လိုက်ပါရန် သတ္တိမရှိကြတော့ပေ။
ရွှန်လုံသည် စိတ်ပျက်လက်ပျက်ဖြင့် စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ၊ နောက်ဆုံးတွင် ဤမိန်းကလေး ၃ ဦးမှာ ယုံရုအနေဖြင့် ယနေ့တွင် ၎င်းတို့အတွက် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပေးခဲ့သည်ကို မေ့လျော့သွားကြရုံတင်မကဘဲ၊ အတွင်းပိုင်း၏ အန္တရာယ်များကို သိရှိသွားကြသည့်အခါ သူ့ကို စွန့်ပစ်ရန်ပါ ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။
"သခင်... စိတ်မပျက်ပါနဲ့။ ဒါက လူသားတွေရဲ့ သဘာဝပါပဲ။ မိမိတို့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေမယ့် အရာတွေကို လုပ်ဖို့ဆိုတာ လူအနည်းငယ်ပဲ လိုလားကြတာပါ"
'ငါနားလည်ပါတယ်။ ယုံရုက 'ငရဲပန်း' ကို ရှာဖွေဖို့ လိုအပ်သလို ဗဟိုတောင်တန်းက အတွင်းအားတွေကိုလည်း စုပ်ယူချင်တာ၊ ဒီမိန်းကလေးတွေကတော့ သူ့ကို မှီခိုချင်ရုံသက်သက်ပဲ။ အခု သူတို့ရဲ့ ရည်ရွယ်ချက်တွေ မတူညီတော့တဲ့အခါ... ဒါမှမဟုတ် သူတို့ရဲ့ အသက်နဲ့လဲပြီး ရယူရမယ့် အကျိုးကျေးဇူးတွေက မထိုက်တန်ဘူးလို့ ယူဆလိုက်ကြတဲ့အခါမှာတော့ သူ့ကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ'
ရွှန်လုံသည် ခေါင်းခါယမ်းလိုက်ပြီး ထိုမြင်ကွင်းမှ ထွက်ခွာကာ ညဘက် ကျင့်ကြံရန်အတွက် သစ်ပင်တစ်ပင်ပေါ်သို့ တက်လှမ်းခဲ့သည်။
ယုံရု၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာပြီး ပြောလိုက်သည်။
"ငါက တကယ့်ကို လူအပဲ၊ မင်းတို့တွေ ငါနဲ့အတူ ဘာလို့ ခရီးသွားချင်ကြလဲဆိုတဲ့ အကြောင်းပြချက်ကို အစောကြီးကတည်းက မသိခဲ့ရဘူး။ ခက်ခဲတဲ့ အခြေအနေမျိုး ရောက်မှသာ လူတစ်ယောက်ရဲ့ အစစ်အမှန်ကို သိနိုင်တာပဲ။ ကောင်းစားနေတဲ့အချိန်မှာ ဝိုင်းပြီး မြှောက်ပင့်ပေးမယ့်သူက ပေါပေမဲ့၊ ဒုက္ခရောက်နေချိန်မှာ တကယ်ကူညီပေးမယ့်သူကတော့ အလွန်ပဲ ရှားပါးလှပါတယ်။ ဒါဆိုရင် ငါတို့ ဒီနေရာမှာတင် လမ်းခွဲကြစို့"
"စီနီယာအစ်ကို ယုံ!"
ယုံရုသည် စကားပြောပြီးသည်နှင့် အဝေးသို့ လှမ်းလျှောက်သွားခဲ့ပြီး သူသည်လည်း ရွှန်လုံ၏ အနီးရှိ သစ်ပင်တစ်ပင်ပေါ်သို့ တက်ကာ မျက်လုံးများကို မှိတ်လိုက်တော့သည်။
စိတ်ဓာတ်ကျသွားကြသော မိန်းကလေး ၃ ဦးမှာလည်း ဆက်လက်ရှိနေရန် အကြောင်းပြချက်မရှိတော့သဖြင့် တောင်တန်း၏ အစွန်အဖျားဒေသဆီသို့ ထွက်ခွာသွားကြတော့သည်။ ယုံရုသည် ၎င်းတို့ ထွက်ခွာသွားသည်ကို မြင်သောအခါ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ‘သူတို့တွေ ကံကောင်းရင်တော့ ဂိုဏ်းစာမေးပွဲ ပြီးဆုံးမယ့် တစ်လတာ ကာလအထိ ဘေးကင်းကင်းနဲ့ စောင့်ဆိုင်းနိုင်မယ့် နေရာတစ်ခုကို ရှာတွေ့နိုင်လိမ့်မယ်’ ဟု တွေးတောလိုက်သည်။
နာရီအနည်းငယ် ကြာမြင့်ပြီးနောက်၊ နေမင်းကြီးသည် မကြာမီမှာပင် ထွက်ပေါ်လာခဲ့ပြီး နံနက်ခင်း နေခြည်နုနုများက ရွှန်လုံ၏ ခန္ဓာကိုယ်ကို နွေးထွေးစေစဉ် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ကျင့်ကြံခြင်း အဆင့်မှာ အတွင်းအားစုစည်းမှုအဆင့်၏ အဆင့် (၈) အလယ်ပိုင်းသို့ ဖြည်းည်းစွာ တိုးတက်လာနေပြီ ဖြစ်သည်။ အဆင့်တက်ရန် ရက်အနည်းငယ်ခန့် ကြာမြင့်ဦးမည် ဖြစ်သော်လည်း၊ ဤဒေမွန်နီကာတောင်တန်းအတွင်း တိုက်ခိုက်ရခြင်းက သူ၏ လျင်မြန်စွာ တိုးတက်လာသော အင်အားများနှင့် ရာနှုန်းပြည့် အသားကျလာစေရန် အထောက်အကူ ဖြစ်စေသည်။
ယုံရုသည်လည်း ယခုမျှတင် မျက်လုံးပွင့်လာပုံရပြီး ရွှန်လုံကို နှုတ်ဆက်လိုက်သည်။
အနီးနားရှိ သစ်ပင်အချို့မှ သစ်သီးအချို့ကို ခူးဆွတ်စားသောက်ပြီးနောက်၊ ၎င်းတို့ ၂ ဦးတည်းရှိသော အဖွဲ့ငယ်လေးသည် အတွင်းပိုင်းဒေသသို့ ဦးတည်ကာ စတင်ထွက်ခွာခဲ့ကြသည်။
၎င်းတို့ ၂ ဦးတည်းသာ ခရီးသွားခြင်းဖြစ်သဖြင့် ရွှန်လုံနှင့် ယုံရုတို့သည် ခရီးစဉ်အတွင်း အချိန်ဖြုန်းခြင်း မရှိခဲ့ကြပေ။ ရွှန်လုံသည် ၎င်းတို့အနေဖြင့် မဖြေရှင်းနိုင်သော အခြေအနေများကို ရှောင်ရှားနိုင်ရန်အတွက် အနက်လေးအား လမ်းခရီးကို အမြဲမပြတ် စကန်ဖတ်စစ်ဆေးခိုင်းထားသည်။
၎င်းတို့သည် နေ့ဘက်တွင် ခရီးသွားကြပြီး ညဘက်တွင်မူ ကျင့်ကြံကြသည်။
၎င်းတို့၏ ဒုတိယမြောက်နေ့ ခရီးစဉ်မှာမူ နှိုင်းယှဉ်ချက်အရ ငြိမ်းချမ်းခဲ့သည်ဟု ဆိုရမည်။ အဆင့် (၂) ဦးပိုင်း မိစ္ဆာသားရဲတစ်ကောင်နှင့် အဆင့် (၁) သားရဲအချို့နှင့် ဆုံတွေ့ခဲ့ရသည်မှအပ ထူးခြားထင်ရှားသော အဖြစ်အပျက်မျိုး ဘာမျှမရှိခဲ့ပေ။
ဗဟိုတောင်တန်း၏ အတွင်းအား မှုတ်ထုတ်မှုမှာ တပည့်များ ဤဒေသသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ၁၅ ရက်ခန့်အကြာတွင် ဖြစ်ပေါ်လိမ့်မည်ဟု ခန့်မှန်းထားကြသော်လည်း၊ ၎င်းက ဂိုဏ်းကြီး ၄ ဂိုဏ်း၏ မူလခန့်မှန်းချက်များထက် စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေသည်။ ထို့ကြောင့် အတွင်းပိုင်းဒေသသို့ စောစောစီးစီး ရောက်ရှိထားခြင်းက ပိုမိုကောင်းမွန်သည်။
သို့သော် တတိယမြောက်နေ့တွင်မူ ရွှန်လုံနှင့် ယုံရုတို့ အတွင်းပိုင်းဒေသသို့ ဦးတည်သွားနေစဉ်၊ လူအုပ်စုကြီးတစ်ခု၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။
ထိုလူအုပ်စုအတွင်း၌ လူပေါင်း ၁၅ ဦးထက်မနည်း ပါဝင်နေပြီး ၎င်းတို့ ၂ ဦးကို ခြိမ်းခြောက်သော အနေအထားဖြင့် ဝိုင်းရံပိတ်ဆို့ထားကြသည်။
ဤအုပ်စုအတွင်းရှိ တပည့်များသည် ‘ပျံသန်းသောဓားဂိုဏ်း’ နှင့် အံ့သြစရာကောင်းလောက်အောင်ပင် ‘မိုးတိမ်လွင့်ဂိုဏ်း’ (floating cloud sect) တို့မှ ဖြစ်ကြသည်။
ဝါဂွမ်းရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့် ခါးတွင် ရဲရဲတောက် ဓားတစ်လက်ကို ဆွဲကိုင်ထားသည့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးတို့က လူအုပ်ကြီး၏ အရှေ့ဘက်မှ လှမ်းလျှောက်လာခဲ့ကြသည်။
ထိုအမျိုးသမီးမှာ အသက် ၁၆ နှစ်ဝန်းကျင်ခန့် ရှိပြီး ချောမောလှပသော မျက်နှာနှင့် လှပသည့် ရွှေဝါရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားကာ၊ သူမက ရွှန်လုံနှင့် ယုံရုတို့ကို အမိန့်ပေးသော လေသံဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့ရဲ့ 'ဂိုဏ်းခွဲခြားသတ်မှတ်ရေး ကျောက်စိမ်းပြား' တွေကို အပ်လိုက်စမ်း၊ ဒါဆိုရင် မင်းတို့ ဖြတ်သွားခွင့်ပြုမယ်"