အခန်း ၆၅ - သတ်ဖြတ်ခြင်း
ထွားကျိုင်းသော လူကြီးသည် ရွှန်လုံထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသော စိတ်ဆန္ဒကို အာရုံခံမိလိုက်သည်။
ရွှန်လုံ၏ အသံမှာ ပြတ်သားလွန်းလှပြီး ဤလူကို သတ်ဖြတ်ခြင်းမှ သူ့ကို မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်သည့်အတိုင်း ဖြစ်နေသည်။
ရွှန်လုံသည် ထိုလူ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။
"ပြင်ဆင်ထားလိုက်တော့"
သူကိုယ်တိုင်လည်း အနည်းငယ် ကစဉ့်ကလျား ဖြစ်လာသော အသက်ရှူနှုန်းကို တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ အရာအားလုံးထက်၊ ရွှန်လုံအနေဖြင့် သူ၏ဘဝတွင် လူတစ်ယောက်ကို တစ်ခါမျှ မသတ်ဖူးသေးပေ။ သူသည် မိစ္ဆာသားရဲများကို သတ်ဖြတ်ခဲ့ဖူးသော်လည်း သားရဲများသည် အသိဉာဏ်ဖြင့်မဟုတ်ဘဲ ဗီဇစိတ်အတိုင်းသာ လှုပ်ရှားကြခြင်း ဖြစ်သည်။ ၎င်းတို့က မင်းကိုသတ် သို့မဟုတ် မင်းက ၎င်းတို့ကိုသတ် ရုံသာ ရှိသည်။
သို့သော် လူတစ်ယောက်ကို သတ်ဖြတ်ခြင်းမှာမူ ထိုအရာနှင့် ကွဲပြားခြားနားလှသည်။
လူသတ်သမား အမျိုးအစား ၂ မျိုး ရှိသည်။ အကြောင်းမဲ့ သတ်ဖြတ်လို၍ သတ်သောသူများနှင့် စိတ်ထဲ၌ ရည်ရွယ်ချက်၊ အကြောင်းပြချက်တစ်ခုခု ရှိ၍ သတ်သောသူများ ဖြစ်သည်။ နောက်ဆုံးတွင်မူ မည်သည့်ကျင့်ကြံသူမျှ သတ်ဖြတ်ခြင်း သံသရာစက်ဝိုင်းထဲမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ ဘဝတွင် ရှေ့သို့ တက်လှမ်းနိုင်ရန်အတွက် တစ်စုံတစ်ဦးကို နင်းကျော်သွားကြရမည်သာ ဖြစ်သည်။
"နေဦး! ငါ ဘယ်သူလဲဆိုတာ မင်းသိလား။ ငါက 'သံမဏိခန္ဓာဂိုဏ်း' က ဝမ်ဟော် (Wong Huo) ကွ!"
ထွားကျိုင်းသော လူကြီးသည် ရွှန်လုံ၏ စိတ်အခြေအနေ ထိခိုက်လှုပ်ရှားသွားသည်ကို အာရုံခံမိသဖြင့် ထိုအခွင့်အရေးကို လျင်မြန်စွာ အရယူရန် ကြိုးစားလိုက်သည်။
အကယ်၍ ယုံရုသာ ဤလူ၏နာမည်ကို ကြားလိုက်ရပါက သေချာပေါက် ထိတ်လန့်သွားလိမ့်မည် ဖြစ်သည်။ သို့သော် သူသည် ‘ဧကရာဇ်၏နယ်ပယ်’ (Monarch's Domain) ၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် ရှိနေသဖြင့် မိမိပတ်ဝန်းကျင်၌ အချိန်များ ရပ်တန့်နေသည်ကိုပင် အာရုံမခံနိုင်ဘဲ ဖြစ်နေရရှာသည်။
ရွှန်လုံသည် ခေါင်းခါပြလိုက်ရုံမျှသာ ပြုလုပ်ပြီး သူ၏ညာလက်ကို ကျစ်ကျစ်ဆုပ်လိုက်သည်။ ‘ဧကရာဇ်၏ထာဝရခန္ဓာ’ (Monarch's Eternal body) မှ ပေးစွမ်းသော ကြွယ်ဝလှသည့် အင်အားများနှင့်အတူ ရွှန်လုံသည် ဝမ်ဟော်၏ နားထင်ဆီသို့ တည့်တည့်ဦးတည်ကာ လက်သီးတစ်ချက် ဝှေ့ယမ်းထိုးနှက်လိုက်တော့သည်။
"မလုပ်နဲ့! မင်း ငါ့ကို သတ်လို့မရဘူး!"
ဝမ်ဟော်သည် အနီးကပ် ရောက်ရှိလာသော လက်သီးချက်ကို မြင်ပြီး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သော်လည်း ‘ဧကရာဇ်၏နယ်ပယ်’ ၏ ကန့်သတ်ချုပ်ချယ်မှုများကြောင့် အချိန်မီ လျင်မြန်စွာ မရှောင်တိမ်းနိုင်ခဲ့ပေ။
လက်သီးချက်သည် သူ၏နားထင်နှင့် ထိမှန်သွားသောအခါ ဝမ်ဟော်၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ကွဲကြေပေါက်ကွဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ လေထဲတွင် လည်ပင်းလှည့်ကာ လွင့်စင်သွားခဲ့တော့သည်။
သွေးညှီဝါးများက ရွှန်လုံ၏ ညာလက်နှင့် ဝတ်စုံပေါ်တွင် ပေကျံသွားခဲ့ပြီး ဦးနှောက်အစိအနားများက မြေပြင်ပေါ်သို့ ဗရပွ လွင့်စင်ကျဆင်းသွားခဲ့သည်။
ရွှန်လုံသည် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏လက်များ စတင်တုန်ရင်လာခဲ့သည်။ ဝမ်ဟော် မသေဆုံးမီ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သွားသည့် အသံမှာ သူ၏နားထဲတွင် အတော်ကြာအောင် ပဲ့တင်ထပ်နေခဲ့သည်။
ရွှန်လုံသည် ဤမြင်ကွင်းတစ်ခုလုံးကို ခြေရာဖျောက်ပြီး တုန်ရင်နေသော နှလုံးခုန်နှုန်းကို တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်စဉ်၊ အနက်လေး၏ အသံက သူ၏စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။
"သခင်... ဒါကို အများကြီး စိတ်ထဲမထားပါနဲ့။ သတ်ဖြတ်ခြင်းဆိုတာ သဘာဝတရားရဲ့ သံသရာတစ်ခုပါပဲ။ ဒါက တိရစ္ဆာန်တွေ၊ မိစ္ဆာသားရဲတွေ ဒါမှမဟုတ် လူသားတွေနဲ့ ပတ်သက်လာရင်လည်း အတူတူပါပဲ။"
"တိရစ္ဆာန်တွေဟာ ရှင်သန်ဖို့အတွက် အစာရှာဖို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် အန္တရာယ်ပြုခံရတယ်လို့ ခံစားရလို့ဖြစ်ဖြစ် တစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်ကြတယ်။ မိစ္ဆာသားရဲတွေကတော့ သူတို့ရဲ့ အသားတွေကို စားသုံးပြီး ပိုမိုသန်မာလာဖို့အတွက် တွေ့သမျှအရာအားလုံးကို သတ်ဖြတ်ကြတယ်။ သူတို့က လူသား၊ တိရစ္ဆာန် ဒါမှမဟုတ် တခြားမိစ္ဆာသားရဲတွေဆိုပြီး ခွဲခြားမနေကြဘူး။"
"လူသားတွေကလည်း အတူတူပါပဲ။ သူတို့က တိရစ္ဆာန်တွေနဲ့ မိစ္ဆာသားရဲတွေကို အစာအတွက် သတ်ဖြတ်ကြသလို၊ တခြားလူသားတွေကိုကျတော့လည်း ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ ရတနာတွေနဲ့ တခြားမရေမတွက်နိုင်တဲ့ အကြောင်းပြချက်တွေကြောင့် သတ်ဖြတ်ကြတယ်။ ဒါကပဲ ကျင့်ကြံသူတွေရဲ့ ဘဝလမ်းစဉ်ပါပဲ၊ ရှေ့ဆက်လှမ်းလေလေ မရေမတွက်နိုင်တဲ့ အလောင်းကောင်တွေကို နင်းဖြတ်သွားကြရမှာပါ"
ရွှန်လုံသည် အနက်လေး၏ စကားများထဲတွင် အနည်းငယ် မိန်းမောတွေဝေသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်ကို ပထမဆုံးအကြိမ် သတ်ဖြတ်လိုက်ရသည့် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုမှာ ထိုမျှလောက် လွယ်လွယ်ကူကူနှင့် ပျောက်ကွယ်မသွားနိုင်ပေ။
သို့သော် သူ ပိုမိုတွေးတောလေလေ၊ အနက်လေး၏ စကားများက ပို၍ယုတ္တိရှိနေသည်ကို တွေ့ရှိလာလေလေ ဖြစ်သည်။ သူ၏ဝိညာဉ်မှာ မူလက ဤကမ္ဘာမှဖြစ်ပြီး အစိတ်အပိုင်း ၃ ခုအဖြစ် မခွဲဖြတ်မီက ဖြစ်သော်လည်း၊ ယခုအခါ ဝမ်ဟော်ကို သတ်ဖြတ်ပြီးသည့် နောက်ပိုင်းမှသာ ရွှန်လုံသည် ဤကမ္ဘာကြီးကို အစစ်အမှန် စတင်လက်ခံလာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏စိတ်နှလုံးအတွင်းရှိ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများက ယခုအခါ ဖြည်းဖြည်းချင်း လွတ်မြောက်စပြုလာခဲ့ပြီ ဖြစ်သည်။
ထို့နောက် ရွှန်လုံသည် ‘ဧကရာဇ်၏နယ်ပယ်’ ကို ရုပ်သိမ်းလိုက်ရာ၊ ဝက်တစ်ကောင် အသတ်ခံရသည့်အလား စူးစူးဝါးဝါး အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
တစ်ဦးကိုတစ်ဦး ဦးတည်တိုက်ခိုက်ရန် ပြင်နေကြသော စျောက်ဝမ်နှင့် ယုံရုတို့သည် ရုတ်တရက် ထိုအော်ဟစ်သံ ထွက်ပေါ်လာရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်ကြရာ၊ စျောက်လီက မြေပြင်ပေါ်တွင် လဲကျလျက် မလှုပ်ရှားနိုင်ဘဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဒါ... ဒါမဖြစ်နိုင်တာ!!!"
စျောက်ဝမ်သည် နာကျင်စွာ အော်ဟစ်နေဆဲ ဖြစ်သော စျောက်လီ၏ ဘေးနားသို့ အပြေးအလွှား သွားရောက်ကာ သူ့ကို တွဲထူလိုက်သည်။
"အစ်ကို... မင်း ဘာဖြစ်သွားတာလဲ" စျောက်ဝမ်က စိုးရိမ်တကြီး မေးမြန်းလိုက်သော်လည်း စျောက်လီက ပြန်မဖြေနိုင်ခဲ့ပေ။ သူ ပြန်မဖြေနိုင်တော့ပါ။ ဒန်တျန် ကွဲကြေပျက်စီးသွားရသည့် နာကျင်မှုမှာ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပြီး လူအများစု တောင့်ခံနိုင်သည့် အဆင့်ထက် ကျော်လွန်လှသည်။
အလားတူပင်၊ အခြားအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြန်ရာ ဤတစ်ကြိမ်တွင်မူ ယုံရု၏ နောက်ကွယ်မှ ဖြစ်သည်။
ယုံရု လှည့်ကြည့်လိုက်သောအခါ သူ၏ ဂျူနီယာညီမလေး ချောင်လျန်က အရာတစ်ခုကို ကြောက်ရွံ့မှင်တက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယုံရုနှင့် အခြားဂျူနီယာညီမလေး ၂ ဦးတို့ကပါ သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ၊ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ‘သံမဏိခန္ဓာဂိုဏ်း’ ဝတ်စုံဝတ် ခေါင်းပြတ်နေသည့် အလောင်းကောင်ကြီးတစ်ခုကို တွေ့လိုက်ရတော့သည်။
ထိတ်လန့်တုန်လှုပ်သွားသော ယုံရု၏ မျက်လုံးများက ရွှန်လုံကို ရှာဖွေရန် ပတ်ပတ်လည်သို့ ဝေ့ဝဲကြည့်လိုက်ရာ၊ သူ၏ဝတ်စုံနှင့် ညာလက်တွင် သွေးများ စွန်းထင်လျက် မြက်ခင်းပြင်တစ်ခုပေါ်၌ မျက်လုံးများမှိတ်ကာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ဤခေါင်းပြတ်နေသော အလောင်းမှာ ထိုရန်သူအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဝမ်ဟော်၏ အလောင်းဖြစ်ကြောင်း ထင်ရှားလှသည်။
ယုံရုက ဘာမျှမမေးမြန်းတော့ဘဲ သူ၏နောက်ကွယ်မှ မိန်းကလေး ၃ ဦးကို လှည့်ကြည့်လိုက်သည်။ နားလည်မှု ရှိရှိဖြင့်ပင်၊ မိန်းကလေးများသည် ယုံရု၏နောက်သို့ လိုက်ပါကာ အော်ဟစ်နေသော စျောက်လီကို အသည်းအသန် တည်ငြိမ်အောင် လုပ်နေသည့် စျောက်ဝမ်ကို ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။
အစောပိုင်းကမူ အဆင့် (၂) ဦးပိုင်းတွင်သာ ရှိသော ထိုမိန်းကလေး ၃ ဦးမှာ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် လုံးဝ အသုံးမဝင်နိုင်သော်လည်း၊ ယခုအခါတွင်မူ မြေကမ္ဘာအဆင့် အဆင့် (၃) ဦးပိုင်းမျှသာ ရှိသော စျောက်ဝမ်နှင့် မစွမ်းမသန် ဖြစ်သွားရှာသော စျောက်လီတို့ကို ဝိုင်းရံထားခြင်း ဖြစ်သဖြင့် ၎င်းတို့အနေဖြင့် အခြေအနေကို အလွယ်တကူ ပြောင်းလဲပစ်နိုင်ပြီ ဖြစ်သည်။
စျောက်ဝမ်သည် မိမိနှင့် မိမိအစ်ကိုအား ၄ ယောက်လုံးက ဝိုင်းရံထားသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး၊ သူ၏စိတ်ထဲက ကြောက်ရွံ့မှုများကို ဖုံးကွယ်ရန် ကြိုးစားရင်း ဒေါသသံဖြင့် လှမ်းမေးလိုက်သည်။
"မင်းတို့ ဘာလုပ်ချင်တာလဲ။ ငါ့အစ်ကိုကော ဘာဖြစ်သွားတာလဲ။ အကယ်၍ မင်းတို့ မဖြေရင်... မင်း... မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်!"
ဤညီအစ်ကိုနှစ်ဦးကို ဝိုင်းရံထားကြသော ယုံရုနှင့် မိန်းကလေး ၃ ဦးလုံးက စျောက်ဝမ်ကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်ကြပြီး၊ ယုံရုက စတင်စကားပြောလိုက်သည်။
"ငါ ဒီနေရာကနေ ကြည့်ရင်တောင် မင်းအစ်ကိုရဲ့ ဒန်တျန် ကွဲကြေသွားပြီဆိုတာ မြင်နေရတာပဲ၊ မင်းကတော့ ဒါကို အခုထိ သတိမထားမိသေးဘူးလို့ မပြောနဲ့နော်"
စျောက်ဝမ်၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားခဲ့ပြီး လှမ်းအော်လိုက်သည်။
"ခေါင်း... ခေါင်းဆောင်ကြီး! ကျွန်တော့်ကို ကယ်ပါဦးဗျ!"
သူ အော်ဟစ်လိုက်ရင်း၊ စျောက်ဝမ်သည် ဝမ်ဟော်ထံမှ အကူအညီတောင်းရန် ခေါင်းလှည့်ကြည့်လိုက်သော်လည်း သူ၏နောက်ကွယ်ရှိ ခေါင်းပြတ်နေသော အလောင်းကောင်ကြီးကို မြင်လိုက်ရသောအခါ သူ၏ဦးနှောက်မှာ လုံးဝ ဗလာနတ္ထိ ဖြစ်သွားခဲ့တော့သည်။