အပိုင်း (၆) - မင်း တကယ်ပဲ သေချာရဲ့လား
"သခင်ကြီး... ဆေးပညာရှင် ဆရာကြီးလူး ရောက်ရှိလာပါပြီ"
"မြန်မြန်... မြန်မြန် ဖိတ်ခေါ်လိုက်စမ်း!" ရွှန်ဖန်းက အနည်းငယ် စိုးရိမ်တကြီးဖြင့် အမိန့်ပေးလိုက်သည်။
အပြာရောင်သစ်တောတွင် ရွှန်လုံ ဘာတွေကြုံတွေ့ခဲ့ရသည်ကို အကြမ်းဖျင်း သိရှိထားပြီးဖြစ်သော်လည်း၊ အပြင်ပန်းတွင် ဒဏ်ရာမရှိသော်ငြား ရွှန်ဖန်းနှင့် ရွှန်အန်းတိုမှာ သားဖြစ်သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် ဒဏ်ရာများ ရှိနေမည်ကို စိုးရိမ်မကင်း ဖြစ်နေကြသည်။ ထိုကြောင့် ဆရာကြီးလူးအား ရွှန်လုံကို စစ်ဆေးခိုင်းရန်မှာ သူတိုအတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်နေ၏။
ခန်းမဆောင်တံခါးကြီး ပြန်ပွင့်လာသောအခါ ရွှန်ဖန်းနှင့် ရွှန်အန်းတိုက မတ်တပ်ရပ်၍ ကြိုဆိုကြသော်လည်း ရွှန်လုံမှာမူ အခန်းအလယ်ရှိ ကုတင်ပေါ်တွင် ထိုင်လျက်သားပင် ရှိနေသည်။ ၎င်းမှာ သူက ရိုင်းပျချင်၍ မဟုတ်ဘဲ၊ ဆေးပညာရှင်လူးက သူ၏ခန္ဓာကိုယ် ကျန်းမာကြောင်း အတည်မပြုမချင်း နေရာမှမရွေ့ရန် ဖခင်ဖြစ်သူက တင်းကြပ်စွာ မှာကြားထားသောကြောင့်ဖြစ်သည်။ ရွှန်လုံသည်လည်း မိဘများ၏ စိုးရိမ်မှုကို နားလည်သောကြောင့် သူတို၏ ဆန္ဒကို မလွန်ဆန်ခဲ့ပေ။
အသက် ၂၀ ကျော်အရွယ်၊ ဝတ်ရုံဖြူဝတ်ဆင်ထားသော လူငယ်တစ်ဦး ခန်းမထဲသို လျှောက်လှမ်းဝင်လာသည်။
သူကား အသက် ၂၈ နှစ်အရွယ်သာ ရှိသေးသော်လည်း ကောင်းကင်ကံကြမ္မာနိုင်ငံတော် ၏ ပါရမီရှင်တစ်ဦးဖြစ်ကာ အပြာရောင်သစ်တောမြိုတော်၏ အတော်ဆုံး ဆေးပညာရှင်ဟု သတ်မှတ်ခံထားရသူ "ဆေးပညာရှင်လူး" ပင် ဖြစ်သည်။
"နှုတ်ခွန်းဆက်သပါတယ် ဆေးပညာရှင်လူး" ဟု ရွှန်ဖန်းက လက်သီးဆုပ်၍ အလေးပြုလိုက်သည်။
"နှုတ်ခွန်းဆက်သပါတယ် အစီရင်ပညာရှင်ရွှန်"
ဟု လူဝမ် ကလည်း ရွှန်ဖန်းကို လက်သီးဆုပ်၍ ပြန်လည်အလေးပြု၏။
ဆေးပညာရှင်လူး၏ အမည်ရင်းမှာ လူဝမ်ဖြစ်ပြီး သူသည် အနည်းငယ် မောက်မာသော်လည်း အလွန်ပါရမီပါသော ဆေးပညာရှင်တစ်ဦးအဖြစ် လူသိများသည်။ အသက် ၂၈ နှစ်အရွယ်ဖြင့် သူသည် အဆင့် ၂ ကြေးညိုအဆင့် ဆေးပညာရှင် အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။ လူအများမှာ ကျင့်စဉ်တက်ရန် သိုမဟုတ် ဒဏ်ရာကုသရန်အတွက် ဆေးပညာရှင်များကို အားကိုးရသဖြင့် လူဝမ်၏ မောက်မာမှုမှာ သူ၏ အရည်အချင်းအပေါ် အခြေခံနေခြင်းဖြစ်သည်။ သိုသော် သူသည် အခြားသူများအပေါ် မောက်မာသော်လည်း ရွှန်ဖန်း၏ ရှေ့တွင်မူ အရှိန်အဝါ ထုတ်မပြရဲပေ။ အဘယ်ကြောင့်ဆိုသော် အစီရင်ပညာရှင်တစ်ဦး၏ အဆင့်အတန်းမှာ ဆေးပညာရှင်ထက် မနိမ့်ကျသည့်အပြင်၊ ရွှန်ဖန်းမှာ အဆင့် ၃ အထွတ်အထိပ် ကြေးညိုအဆင့် အစီရင်ပညာရှင် ဖြစ်သောကြောင့် လူဝမ်ထက်ပင် အဆင့်အတန်း မြင့်မားနေသောကြောင့် ဖြစ်သည်။
ဆေးပညာရှင်နှင့် အစီရင်ပညာရှင်တိုမှာ ဤကမ္ဘာတွင် ဝင်ငွေအကောင်းဆုံးနှင့် လူအလိုချင်ဆုံး အသက်မွေးဝမ်းကျောင်း အတတ်ပညာနှစ်ခု ဖြစ်ကြသည်။ ထိုကြောင့်ပင် ထိုပညာရပ်ကို တတ်မြောက်သူများမှာ မိမိကိုယ်ကိုယ် အခြားသူများထက် သာလွန်သည်ဟု ယူဆလေ့ရှိကြသည်။
သိုသော် ဆေးပညာရှင်နှင့် အစီရင်ပညာရှင်တိုမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် အားကိုးကြရသည်။ ဆေးပညာရှင်များက ဆေးလုံးများကို ရောင်းချပေးသကဲ့သို၊ အစီရင်ပညာရှင်များကလည်း ဆေးပညာရှင်များ ဆေးဖော်စပ်ရာတွင် အာရုံမပျံ့လွင့်စေရန် အသံလုံအစီရင်များ ခင်းကျင်းပေးခြင်း၊ အိမ်တော်ကို ကာကွယ်ပေးခြင်းတို ပြုလုပ်ပေးရသည်။ အရေးကြီးဆုံးမှာ ဆေးပညာရှင်များ အသုံးပြုသည့် ဆေးပေါင်းအိုး များကို အစီရင်ပညာရှင်များကသာ ပြုလုပ်ပေးရပြီး၊ ဆေးဖော်စပ်ရာတွင် အထောက်အကူပြုမည့် အစီရင်များကို ဆေးပေါင်းအိုးအတွင်း၌ ထွင်းထုပေးရခြင်း ဖြစ်သည်။ ထိုပြင် ဆေးပေါင်းအိုးများ ပျက်စီးလျှင်လည်း အစီရင်ပညာရှင်များကသာ ပြုပြင်ပေးရသည်။ အကယ်၍ ဆေးပေါင်းအိုးအတွင်းရှိ အစီရင်များ ပျက်ပြယ်သွားပါက ထိုဆေးပေါင်းအိုးမှာ အသုံးမဝင်သော သံတုံးကြီးတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
"အစီရင်ပညာရှင်ရွှန်... သခင်လေးရွှန် တစ်ခုခုဖြစ်တယ်လို ကင်းစောင့်တွေဆီက ကြားရတယ်၊ သူ့အခြေအနေကို စစ်ဆေးခွင့်ပြုပါ" ဟု လူဝမ်က နှုတ်ဆက်ပြီးသည်နှင့် တည့်တည့်ပင် ပြောလိုက်သည်။
ရွှန်ဖန်းသည်လည်း အပိုစကားပြောရသည်ကို မနှစ်သက်သူဖြစ်ရာ လူဝမ်၏ တည့်တည့်ပြောဆိုပုံကို သဘောကျသွားပြီး "ကျေးဇူးပြုပြီးပါ ဆေးပညာရှင်လူး" ဟု ဆိုကာ ခန်းမအလယ်ရှိ ရွှန်လုံထံသို လမ်းညွှန်ပြသလိုက်သည်။
လူဝမ်သည် ရွှန်လုံ၏ ထူးဆန်းသော ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ရွှန်လုံမှာ အိမ်တော်သို ရောက်ရောက်ချင်း ဖခင်ဖြစ်သူက ခန်းမထဲသို ဆွဲခေါ်လာခြင်း၊ မိခင်ဖြစ်သူက မေးခွန်းများ တရစပ်မေးမြန်းနေခြင်းတိုကြောင့် အဝတ်အစားလဲရန် အချိန်မရခဲ့ပေ။ လူဝမ်၏ စူးရှသော မျက်လုံးများက ရွှန်လုံ၏ အဝတ်အစားများမှာ ဓားကဲ့သိုသော လက်နက်တစ်ခုခုဖြင့် ဖျက်ဆီးခံထားရမှန်း သိရှိလိုက်သည်။ သိုသော် သူ နားမလည်နိုင်သည်မှာ -
"တစ်မြိုလုံးက ကျင့်စဉ်မလေ့ကျင့်နိုင်တဲ့ လူဖျင်းတစ်ယောက်လို သိထားတဲ့ ဒီကောင်လေးက ဓားချက်တွေ အများကြီးကြားမှာ ဘယ်လိုလုပ် ဒဏ်ရာတစ်ချက်မှ မရဘဲ နေနိုင်တာလဲ?" ဆိုသည့် အချက်ပင်။
လူဝမ် မသိရှိသည်မှာ ရွှန်လုံ၏ မိဘများတွင်လည်း ထိုမေးခွန်းမျိုး ရှိနေသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ သိုသော် သူတို မေးမြန်းရန် ပြင်စဉ်မှာပင် လူဝမ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လူဝမ်သည် ရွှန်လုံ၏ ခန္ဓာကိုယ်ကို အသေအချာ စစ်ဆေးသော်လည်း ထူးခြားသော ဒဏ်ရာကို မတွေ့ရပေ။
ဆေးပညာရှင်များသည် သူတို၏ ဝိညာဉ်စွမ်းအား ကို အသုံးပြုရာတွင် အလွန်ကျွမ်းကျင်ကြသည်။ ဆေးပညာရှင်တစ်ဦးဖြစ်ရန် ဝိညာဉ်စွမ်းအား ကောင်းမွန်ရမည့်အပြင် မီးဓာတ် နှင့်လည်း နီးစပ်မှုရှိရမည်ဖြစ်သည်။ အစီရင်ပညာရှင်များမှာမူ ချီ နှင့် ဝိညာဉ်စွမ်းအား နှစ်ခုလုံးကို အသုံးပြုနိုင်ပြီး မြေဓာတ် နှင့် နီးစပ်မှုရှိရမည် ဖြစ်သည်။ သိုသော် ဆေးပညာရှင်များမှာ အစီရင်ပညာရှင်များထက် ဝိညာဉ်စွမ်းအားကို ၅ ဆခန့် ပိုမိုလိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဆေးပညာရှင်များသည် ဆေးဖော်စပ်ရာတွင် အစီရင်ပညာရှင်များကဲ့သို ချီ ကို အပြင်ပန်း အထောက်အကူအဖြစ် မယူနိုင်ဘဲ ဝိညာဉ်စွမ်းအားသက်သက်ကိုသာ အသုံးပြုရသောကြောင့် ဖြစ်သည်။
လူဝမ်သည် အဆင့် ၂ ဆေးပညာရှင်သာ ဖြစ်သော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာ ရွှန်ဖန်းထက် ၃-၄ ဆခန့် ပိုမိုမြင့်မားရာ ရွှန်လုံ၏ ခန္ဓာကိုယ်အတွင်းပိုင်းအထိ တိုက်ရိုက် စစ်ဆေးနိုင်စွမ်း ရှိသည်။
လူဝမ်က သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရွှန်လုံ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးလိုက်သည့် ခဏ၌ပင် သူ၏ ပါးစပ်မှာ အလိုအလျောက် ဟသွားတော့သည်။ စစ်ဆေးမှုအပြီးတွင် လူဝမ်သည် မအောင့်နိုင်ဘဲ ဘွင်းဘွင်းပင် မေးလိုက်တော့သည်။
"မင်းရဲ့သားက ကျင့်စဉ်မလေ့ကျင့်နိုင်တဲ့ လူဖျင်းတစ်ယောက်ဆိုတာ သေချာရဲ့လား?"