"ဒါကတော့ 'မီးလျှံစိတ်ဝိညာဉ်သီး' ပဲ ဖြစ်ပါတယ်ရှင်။ အနိမ့်ဆုံး လေလံစျေးနှုန်းကတော့ ဂိုဏ်းအမှတ် ၅၀၀၀ ဖြစ်ပြီး၊ စျေးပြိုင်ခေါ်ဆိုမှု တစ်ကြိမ်တိုင်းဟာ အရင်စျေးထက် အနည်းဆုံး ဂိုဏ်းအမှတ် ၂၀၀ စီ ပိုပြီး မြင့်တက်သွားရပါမယ်ရှင်"
အောက်ဘက်ရှိ အများသုံးခုံများတွင် ထိုင်နေကြသော ဆေးဆရာအားလုံးမှာ ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြတော့သည်။ ရွှန်လုံကဲ့သို့ သီးသန့်အခန်းထဲတွင် ရှိနေသည့် လူများပင်လျှင်... စင်မြင့်ထက်ရှိ 'မီးလျှံစိတ်ဝိညာဉ်သီး' ကို အလွန်အမင်း လိုလားတမ်းတနေကြသည့် မျက်ဝန်းများဖြင့် ကြည့်ရင်း လုံးဝ တည်ငြိမ်မနေနိုင်ကြတော့ချေ။ တစ်ဦးတည်းသော ချွင်းချက်မှာမူ... သူ၏ သီးသန့်အခန်းထဲမှနေ၍ အောက်ဘက်ရှိ လူများကို လှောင်ပြောင် သရော်သော မျက်လုံးများဖြင့် ငုံ့ကြည့်နေသည့် ဆေးဆရာကြီး လီဝေပင် ဖြစ်သည်။ သူက စိတ်ထဲမှ -
'ဒီတောသားတွေ... 'မီးလျှံစိတ်ဝိညာဉ်သီး' တစ်လုံးတည်းအတွက်နဲ့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာ ကြည့်စမ်းဦး။ ငါတို့ရဲ့ ဆေးဆရာဂိုဏ်း ထဲမှာဆိုရင် အဲဒီအသီးမျိုး အနည်းဆုံး ၅ လုံးထက်မနည်း ရှိတယ်ွ' ဟု တွေးတောနေခဲ့သည်။
စျေးပြိုင်ခေါ်ဆိုမှုများမှာ ချက်ချင်းပင် စတင်သွားခဲ့ပြီး လူအများမှာ တစ်ယောက်ပြီးတစ်ယောက် စျေးခေါ်လာကြတော့သည်။
"၅၅၀၀"
"၆၀၀0"
"၇၀၀0"
"၇၅၀၀"
စျေးနှုန်း မြင့်တက်လာမှုမှာ ဂိုဏ်းအမှတ် ၁ သောင်းသို့ ရောက်ရှိသွားသည့်တိုင်အောင် ရပ်တန့်မသွားခဲ့ချေ။
"ဒီထက် ပိုပြီးတော့ မြင့်မားတဲ့စျေးနှုန်း ပေးမယ့်သူ ရှိပါသေးလားရှင်? အကယ်၍ မရှိရင်တော့... ဒီ 'မီးလျှံစိတ်ဝိညာဉ်သီး' ကို အခု ဂိုဏ်းအမှတ် ၁ သောင်း ပေးထားတဲ့ ဒီဘက်က ဂုဏ်သရေရှိ လူကြီးမင်းက ရရှိသွားမှာ ဖြစ်ပါတယ်ရှင်" လန်ကျင်းကျင်းက ပြောရင်း အများသုံးခုံ၏ ဘေးဘက်တွင် ထိုင်လျက် ဂိုဏ်းအမှတ် ၁၀,၀၀၀ ဖြင့် စျေးခေါ်ထားသည့် ဧည့်သည်တစ်ဦးထံသို့ လက်ညှိုးညွှန်ပြရင်း ဆိုလိုက်သည်။
အရှိကိုအရှိအတိုင်း ပြောရလျှင် 'မီးလျှံစိတ်ဝိညာဉ်သီး' မှာ ရှားပါးသည်ဟု ဆိုနိုင်သော်လည်း... ဂိုဏ်းအမှတ် ၁ သောင်းဆိုသည်မှာ ၎င်း၏ မူလတန်ဖိုးထက် အဆမတန် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဒါက 'ကျင့်ကြံခြင်းလောက' ၏ လေလံပွဲများ၌ ရှိနေသည့် လက်တွေ့သဘာဝပင် ဖြစ်ပေသည်။ မိမိအတွက် အမှန်တကယ် လိုအပ်သောအရာတစ်ခု ရှိလာလျှင်... ၎င်းကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် မိမိတွင် ရှိသမျှသော စည်းစိမ်များကို ပေးချေရန် ဝန်မလေးကြချေ။
"ဂိုဏ်းအမှတ် ၂ သောင်း" ရွှန်လုံသည် သူ၏ သီးသန့်အခန်းထဲမှနေ၍ တည်ငြိမ်အေးဆေးလှသော အသံဖြင့် လှမ်း၍ စျေးခေါ်လိုက်တော့သည်။
လေလံခန်းမအတွင်းရှိ လူအုပ်ကြီးသည် ရွှန်လုံ၏ အသံကို ကြားလိုက်ရပြီး မရှေးမနှောင်းကတင် သူထုတ်လွှတ်ခဲ့သည့် ထိတ်လန့်စရာကောင်းလှသော အင်အားလှိုင်းကြီးကို ပြန်လည်မှတ်မိသွားကြသဖြင့်... တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ကြရတော့သည်။ စောစောက ဂိုဏ်းအမှတ် ၁ သောင်း ပေးချေရန် စျေးခေါ်ထားသည့် အများသုံးခုံမှ ဆေးဆရာလေးမှာမူ... ယခုအခါတွင် လုံးဝ စိတ်ဓာတ်ကျသွားခဲ့ရတော့သည်။ သူ၏ လက်ထဲတွင် ဂိုဏ်းအမှတ် ၁၃,၀၀၀ ကျော်ခန့် ရှိနေသဖြင့် ဤ 'မီးလျှံစိတ်ဝိညာဉ်သီး' ကို သေချာပေါက် ရရှိလိမ့်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သော်လည်း... ဤစီနီယာကြီး ပေါ်လာပြီးနောက်တွင်မူ သူ၏ မျှော်လင့်ချက်အားလုံး ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
ဘေးနားရှိ ယင်ရှင်းပင်လျှင် မေးမြန်းခြင်း မပြုဘဲ မနေနိုင်တော့ချေ။
"စီနီယာ... အဆင့် ၂ 'မီးလျှံစိတ်ဝိညာဉ်သီး' တစ်လုံးတည်းအတွက်နဲ့ ဂိုဏ်းအမှတ် ၂ သောင်းအထိ အကုန်အကျခံဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်တာလားခင်ဗျာ?"
ဂိုဏ်းအမှတ် ၂ သောင်းဆိုသည်မှာ... အဆင့် ၂ ဆေးဖက်ဝင်အပင်တစ်ပင်အတွက် ပေးချေရန် မိုးပျံစျေးနှုန်းကြီး ဖြစ်ပေသည်။ သို့သော်လည်း ရွှန်လုံကမူ ထိုအရာကို အနည်းငယ်မျှ ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်အကြိမ်က 'ချီအတားအဆီးဖောက်ဖျက်ဆေးလုံး' များကို ရောင်းချပြီးနောက်... သူ၏ လက်ထဲတွင် ရှိနေသော ဂိုဏ်းအမှတ်စုစုပေါင်းမှာ ၅ သောင်းကျော်အထိ ရှိနေသောကြောင့် ဖြစ်သည်။
ရွှန်လုံသည် ယင်ရှင်း၏ အမေးကို ခေါင်းငြိမ့်ပြလိုက်ရုံမျှသာ ပြုလုပ်လိုက်သည်။
လေလံခန်းမထဲတွင်မူ... လန်ကျင်းကျင်းသည် အရင်ဆုံး အသိစိတ် ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက် ကြေညာလိုက်သည်။
"အကယ်၍ ဒီထက်မြင့်တဲ့ စျေးပေးမယ့်သူ မရှိရင်တော့... ဒီ 'မီးလျှံစိတ်ဝိညာဉ်သီး' ကို နံပါတ် (၂) သီးသန့်အခန်းထဲမှာ ရှိနေတဲ့ စီနီယာကြီးက ရရှိသွားမှာ ဖြစ်ပါတယ်ရှင်"
ရွှန်လုံထက် ပိုမို၍ မြင့်မားသောစျေးနှုန်း ပေးမည့်သူ မရှိတော့သဖြင့်... 'ရတနာဆောင်' ၏ ဝန်ထမ်းများသည် လူတစ်ဦးကို စေလွှတ်ကာ ထို 'မီးလျှံစိတ်ဝိညာဉ်သီး' ကို သူ၏ သီးသန့်အခန်းသို့ သွားရောက်ပို့ဆောင်စေခဲ့သည်။
ဝတ်ရုံဝါ ဝတ်ဆင်ထားသော ဂိုဏ်းသားတစ်ဦးသည်... အတွင်း၌ 'မီးလျှံစိတ်ဝိညာဉ်သီး' ထည့်သွင်းထားသည့် သစ်သားသေတ္တာအသေးလေးတစ်လုံးကို သယ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။ ရွှန်လုံသည် ဂိုဏ်းအမှတ် ၂၀,၀၀၀ ကို ပေးချေလိုက်ပြီးနောက် သေတ္တာကို လက်ခံရရှိခဲ့ရာ... သူ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ လူကြီးတစ်ဦး၏ လက်သီးဆုပ်ခန့် အရွယ်အစားရှိပြီး မျက်နှာပြင်တစ်ခုလုံးတွင် နီရဲသော အစင်းကြောင်းများဖြင့် ပြည့်နှက်နေသည့် အနီရောင်အသီးတစ်လုံးကို မြင်တွေ့လိုက်ရသည်။ ရွှန်လုံသည် ထိုသေတ္တာကို ပြန်လည်ပိတ်လိုက်ပြီးနောက်... ၎င်းကို 'ရေဓာတ်မြက်' နှင့်အတူ သူ၏ ဝတ်ရုံအတွင်းထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်တော့သည်။
ထိုဂိုဏ်းသား အခန်းထဲမှ ထွက်ခွာသွားပြီးနောက်တွင်မူ... ရွှန်လုံသည် ယင်ရှင်းထံသို့ စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်ရင်း ဆိုလိုက်သည်။
"ဒီဆေးနည်းက... ငါ့ရဲ့ မူလ 'ချီအတားအဆီးဖောက်ဖျက်ဆေးလုံး' ဆေးနည်းလောက် မကောင်းမွန်ဘူးဆိုပေမဲ့လည်း... ဒါနဲ့ ဖော်စပ်ထားတဲ့ ဆေးလုံးတွေဟာ ချီစုစည်းမှု အဆင့် ၆ အထွတ်အထိပ်မှာ ရှိနေတဲ့ ကျင့်ကြံသူတစ်ယောက်ကို အဆင့် ၇ ရဲ့ အလယ်အလတ်အဆင့်တွေဆီ ရောက်ရှိသွားနိုင်ဖို့အတွက် ၄၀ ရာခိုင်နှုန်းခန့်အထိ အခွင့်အရေး ရှိစေလိမ့်မယ်"
ယင်ရှင်းသည် ရွှန်လုံ၏ စကားကို ကြားလိုက်ရသောအခါ အတိုင်းထက်အလွန် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး... ထိုဆေးနည်းစာရွက်ကို သူ၏ ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ထားရင်း ရွှန်လုံကို ထပ်တလဲလဲ ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။
ယင်ရှင်းသည် ရွှန်လုံ 'ရတနာဆောင်' တွင် ရှိနေစဉ်အတွင်း သူ့ကို အဖက်ဖက်မှ အလွန်အမင်း ကူညီပေးခဲ့သူ ဖြစ်ပြီး... ဆေးဆရာတစ်ဦးအနေဖြင့် ယင်ရှင်း အလိုအပ်ဆုံးအရာမှာ ဘာဖြစ်သည်ကို ရွှန်လုံ ကောင်းစွာ သိရှိပေသည်။ ဤဆေးနည်းမှာ ရွှန်လုံ၏ မျက်စိထဲတွင် ဘာမှမဟုတ်သော်လည်း... ယင်ရှင်းအတွက်မူ သူ၏ ဆေးဖော်စပ်မှု စွမ်းရည်များကို ယခုထက်မက ပိုမိုတိုးတက်မြင့်မားလာစေရန် ကူညီပေးနိုင်မည့် ဖြတ်တောက်၍မရသော တန်ဖိုးဖြတ်မရသည့် ရတနာကြီးတစ်ပါး ဖြစ်ပေသည်။
ထို့နောက် ရွှန်လုံသည် လေလံပွဲကို ဆက်လက်ကြည့်ရှုရန် စိတ်ဝင်စားမှု မရှိတော့သဖြင့်... 'ရတနာဆောင်' မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လေလံပွဲတွင် ကျန်ရှိနေသေးသော ကုန်ပစ္စည်းများမှာ ဘာတွေဖြစ်မည်ကို ယင်ရှင်းထံမှ ကြိုတင်မေးမြန်း သိရှိထားပြီးဖြစ်ရာ... ကျန်ရှိနေသည့်အရာများထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးအရာဆိုလို့ 'ရွှေခြင်္သေ့သားပေါက်' တစ်ကောင်သာ ကျန်ရှိတော့ခြင်း ကြောင့်ပင်။ သို့သော်လည်း ယင်ရှင်း၏ ခန့်မှန်းချက်အရ ထိုသားပေါက်လေးမှာ အနည်းဆုံး ဂိုဏ်းအမှတ် ၇ သောင်းကျော်ခန့်အထိ ရောင်းချရလိမ့်မည် ဖြစ်သည်။
အရွယ်ရောက်ပြီးသော ရွှေခြင်္သေ့တစ်ကောင်သည်... ကောင်းကင်အဆင့် ၏ အဆင့်နှောင်းပိုင်း ကျွမ်းကျင်သူများနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်သည့် အဆင့် ၃ မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပေသည်။ ဤကဲ့သို့သော သားရဲမျိုးကို စီးနင်းခွင့်ရရှိထားသည့် မည်သူမဆို... 'မိုးပျံတိမ်တိုက်ဂိုဏ်း' အတွင်း၌ အနိုင်မခံ အရှုံးမပေးနိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ရွှန်လုံသည် မြို့တွင်း၌ လှည့်လည်သွားလာနေခဲ့ပြီး... လူသူကင်းဝေးပြီး တိတ်ဆိတ်လှသော ထောင့်တစ်နေရာသို့ ရောက်ရှိသောအခါမှ သူ၏ ဝတ်ရုံနက်ကို ချွတ်ပစ်လိုက်ပြီးနောက်၊ တည်းခိုခန်းဆီသို့ လျှို့ဝှက်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် တည်းခိုခန်းပိုင်ရှင်ထံသို့ နောက်ထပ်တစ်လစာအတွက် ဂိုဏ်းအမှတ် ၄ မှတ်ကို ထပ်မံပေးချေလိုက်ပြီးနောက်... မိမိ၏ အခန်းထဲသို့ ဝင်ရောက်ကာ တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့လိုက်တော့သည်။
သူသည် သူ၏ လက်ထဲတွင် ရှိနေသော 'ရေဓာက်မြက်' နှင့် 'မီးလျှံစိတ်ဝိညာဉ်သီး' တို့အပြင်... ယခင်က 'ရတနာဆောင်' မှ ကြိုတင်ဝယ်ယူထားခဲ့သည့် ကျန်ရှိနေသော ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူကြည့်ရှုလိုက်ပြီးနောက်၊ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း တိုးတိုးတိတ်တိတ် ရေရွတ်လိုက်တော့သည်။
"နောက်ဆုံးတော့... ငါ့မှာ 'အတွင်းပိုင်းဖျက်ဆီးခြင်းဆေးလုံး' ကို ဖော်စပ်ဖို့ လိုအပ်တဲ့ ပစ္စည်းအားလုံး စုံလင်သွားခဲ့ပြီွ"