ယင်ရှင်းသည် သူ၏ မျက်န်းများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေရင်း ရွှန်လုံ၏ အမေးကို ဝမ်းသာအားရ ခေါင်းငြိမ့်ပြလိုက်သည်။
'ရတနာဆောင်' ၏ အထက်လူကြီးများက ဤထူးခြားလှသော 'ချီအတားအဆီးဖောက်ဖျက်ဆေးလုံး' များကို ဖော်စပ်သည့် ဆေးဆရာ မည်သူမည်ဝါဖြစ်ကြောင်း ဖွင့်ဟရန် သူ့ကို အတော်အတန် ဖိအားပေးခဲ့ကြသော်လည်း၊ ယင်ရှင်းက လုံးဝ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ နောက်ဆုံးတွင် သူတို့ လက်လျှော့သွားခဲ့ကြသည်။ သို့သော်လည်း ထိုဆေးလုံးများကို နောက်ထပ်ရရှိနိုင်သမျှ ရရှိအောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရန်တော့ သူ့ကို ညွှန်ကြားထားခဲ့သည်။
ယင်ရှင်း ကြားသိထားရသည်မှာ ဂိုဏ်းအတွင်းရှိ အချို့သော စီနီယာကြီးများသည် ဤဆေးလုံးများကို သူတို့၏ တပည့်များအား လက်ဆောင်ပေးခဲ့ကြပြီး၊ လွန်ခဲ့သည့် ရက်အနည်းငယ်ကတင် ထိုဆေးလုံးများကို သောက်သုံးခဲ့သည့် တပည့် ၃ ဦးမှာ ကျင့်ကြံခြင်း အခန်းအောင်းရာမှ ထွက်လာခဲ့ကြရာ... သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ချီစုစည်းမှု အဆင့် ၆ အထွတ်အထိပ်မှနေ၍ အဆင့် ၇ အလယ်အလတ်အဆင့်အထိ ဒုန်းစိုင်း တက်လှမ်းသွားခဲ့ကြသည်ဟူ၍ ဖြစ်သည်။
ဒါက လပေါင်းများစွာ အပင်ပန်းခံ ကြိုးစားအားထုတ်ရမည့် ကျင့်ကြံခြင်းအချိန်ကို ဆေးလုံးတစ်လုံးတည်းဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် လူအများ ဤဆေးလုံးအပေါ် ရူးသွပ်မတတ် ဖြစ်နေကြခြင်းမှာ သဘာဝကျလှပေသည်။
ယင်ရှင်းသည် ဆေးပုလင်းများကို လက်ခံရယူလိုက်ရင်း ရွှန်လုံကို စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လိုက်သည်။
"စိတ်မပူပါနဲ့ စီနီယာ... ကျွန်တော် ဒီဆေးလုံးတွေကို သေချာပေါက် လေလံပွဲရဲ့ အပိတ်ပစ္စည်းတွေအဖြစ် နောက်ဆုံးနားမှာ ထည့်သွင်းပေးပါ့မယ်"
သို့သော် ရွှန်လုံက ခေါင်းရမ်းလိုက်ရင်း -
"မဟုတ်ဘူး... ငါက မင်းကို ဒီဆေးလုံးတွေကို လေလံပွဲရဲ့ အစပိုင်းမှာပဲ တင်စေချင်တာ၊ အစောဆုံးဖြစ်နိုင်ရင် ပိုကောင်းတယ်။ ပြီးတော့ ဒါတွေကို အသုတ် ၄ သုတ် ခွဲပြီးတော့ တစ်ကြိမ်မှာ ဆေးလုံး အလုံး ၃၀ စီ ရောင်းချပေးစေချင်တယ်" ဟု ဆိုလိုက်သည်။
ယင်ရှင်းမှာ အံ့အားသင့်သွားရပြီး ရွှန်လုံကို မေးမြန်းလိုက်သည်။
"ဒါပေမဲ့ စီနီယာ... ဒီဆေးလုံးတွေကို ပိုပြီး မြင့်မားတဲ့စျေးနှုန်း ရရှိစေဖို့အတွက် လေလံပွဲရဲ့ အဆုံးပိုင်းမှာ ထားတာက ပိုမကောင်းဘူးလားခင်ဗျာ? ပုံမှန်အားဖြင့်တော့ ပိုပြီး တန်ဖိုးကြီးတဲ့ ကုန်ပစ္စည်းတွေကို လေလံပွဲရဲ့ အပိတ်ပစ္စည်းတွေအနေနဲ့ပဲ ထားလေ့ရှိကြလို့ပါ"
ယင်ရှင်း ပြောသည်မှာ မှန်ကန်ကြောင်း ရွှန်လုံ သိရှိပါသည်၊ သို့သော်လည်း သူသည် မိမိ၏ 'ချီအတားအဆီးဖောက်ဖျက်ဆေးလုံး' များက စျေးနှုန်းမည်မျှအထိ ရရှိမည်ကို အရင်ဆုံး သိရှိလိုနေခြင်း ဖြစ်သည်။ သို့မှသာ လေလံအောင်၍ ရရှိလာမည့် ဂိုဏ်းအမှတ်မြတ်များကို အသုံးပြုပြီး 'မီးလျှံစိတ်ဝိညာဉ်သီး' နှင့် 'ရေဓာတ်မြက်' တို့ကို စိတ်ချလက်ချ ပြန်လည်လေလံဆွဲနိုင်မည် မဟုတ်ပါလော။
ယင်ရှင်းသည် အကြောင်းရင်းကို သေချာနားမလည်သော်လည်း ရွှန်လုံ၏ အမိန့်ကို နာခံကာ 'ချီအတားအဆီးဖောက်ဖျက်ဆေးလုံး' များကို လေလံပွဲ၏ အစောဆုံးအပိုင်းတွင် ထည့်သွင်းနိုင်ရန် အလျင်အစလို ပြင်ဆင်ရန် အခန်းထဲမှ ထွက်ခွာသွားခဲ့တော့သည်။
ရွှန်လုံသည် ဆိုဖာပေါ်တွင် ထိုင်နေရင်း အောက်ဘက်ရှိ 'အပြင်ဘက်အများသုံးခုံများ' ၌ ထိုင်နေကြသော လူတိုင်းကို အထင်သား မြင်တွေ့နေရသလို၊ လေလံဆရာ မတ်တပ်ရပ်မည့် စင်မြင့်အဓိကနေရာကိုလည်း ရှင်းလင်းစွာ လှမ်းမြင်နေရသည်။
အချိန်များမှာ တရိပ်ရိပ် ကုန်လွန်သွားခဲ့ရာ မကြာမီမှာပင် ၂ နာရီခန့် အချိန်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ သီးသန့်အခန်းများမှာ အပြည့်နီးပါး ဖြစ်နေပြီဖြစ်သလို၊ အောက်ဘက်ရှိ အများသုံးခုံများတွင်လည်း လူများ ထိုင်ရန် နေရာအလွတ် လုံးဝ မရှိတော့ချေ။
လေလံခန်းမကြီး၏ မီးရောင်များမှာ ဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့ပြီးနောက်၊ အောက်ဘက်ရှိ စင်မြင့်ထက်သို့ ဝတ်စုံစိမ်း ဝတ်ဆင်ထားသော ချောမောလှပသည့် အမျိုးသမီးငယ်တစ်ဦး ပေါ်လာခဲ့သည်။
ရွှန်လုံသည် သူမကို လှမ်းမြင်လိုက်ရသောအခါ သူမက မည်သူဖြစ်ကြောင်း မှတ်မိသွားသဖြင့် မျက်လုံးများ ကျယ်သွားခဲ့ရသည်။
ထိုအမျိုးသမီးငယ်က လူအုပ်ကြီးကို ပြုံးပြလိုက်ရင်း နှုတ်ဆက်လိုက်သည်။
"ဂုဏ်သရေရှိ လူကြီးမင်းအပေါင်းတို့... ကျွန်မတို့ 'ရတနာဆောင်' ရဲ့ လစဉ်ကျင်းပမြဲဖြစ်တဲ့ လေလံပွဲကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ရှင်။ ကျွန်မ လန်ကျင်းကျင်း က ဒီနေ့ရဲ့ လေလံပွဲကို ဦးဆောင်ပေးမယ့် လေလံဆရာအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဒီနေ့ရဲ့ လေလံပွဲမှာ တကယ့်ကို ထူးခြားဆန်းပြားတဲ့ ရတနာတွေ အမြောက်အမြား ပါဝင်တာမို့လို့ အားလုံးပဲ စိတ်လှုပ်ရှားနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်"
သူမ စကားပြော၍ ပြီးဆုံးသွားသည်နှင့် အများသုံးခုံများတွင် ထိုင်နေကြသော လူအုပ်ကြီးမှာ တိုးတိုးတိတ်တိတ် ရေရွတ်ငြင်းခုံလာကြတော့သည်။
"ဒါ မစ္စ လန်ကျင်းကျင်း မဟုတ်ဘူးလား? ငါ သိရသလောက်တော့ သူမက ရတနာဆောင်ရဲ့ နှစ်ပတ်လည် လေလံပွဲကြီးတွေမှာပဲ လေလံဆရာအဖြစ် ပါဝင်လေ့ရှိတာ မဟုတ်လား။ ဘာဖြစ်လို့ ဒီလရဲ့ လေလံပွဲကိုမှ သူမက လာပြီး ဦးဆောင်နေရတာလဲ?"
"ငါလည်း စောစောက အကြီးအကဲ လုနျူ နဲ့ အကြီးအကဲ မုန့်လျန် တို့ အတွင်းထဲကို ဝင်သွားတာ တွေ့လိုက်တယ်ဗျ။ ဒီနေ့ လေလံပွဲမှာ တကယ့်ကို ထူးခြားတဲ့ ရတနာတစ်ခုခု ပါလာလို့များလား?"
လှပချောမောလှသော လေလံဆရာမ လန်ကျင်းကျင်း ဆိုသည်မှာ... ရွှန်လုံ 'ဆေးဆရာဂိုဏ်း' သို့ သွားရောက်ခဲ့စဉ်က တွေ့ဆုံခဲ့ရသည့် အလွန်အမင်း ရုပ်ရည်ချောမောလှပလွန်းသော လျိုမေ ၏ ဘေးတွင် ရှိနေခဲ့သည့် မိန်းကလေးပင် ဖြစ်ပေသည်။
လန်ကျင်းကျင်းက သူမ၏ လက်ဟန်ဖြင့် အချက်ပြလိုက်သောအခါ လူအုပ်ကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွားခဲ့ကြပြီး၊ သူမက ဆက်လက်ပြောကြားခဲ့သည်။
"ဒီနေရာမှာ ရှိနေတဲ့သူတိုင်း လေလံပွဲရဲ့ စည်းကမ်းတွေကို သိရှိပြီးသားဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ပစ္စည်းတိုင်းမှာ အနိမ့်ဆုံး စျေးနှုန်းတစ်ခု သတ်မှတ်ထားမှာဖြစ်ပြီး၊ နောက်ဆုံးမှာ အမြင့်ဆုံးစျေး ပေးနိုင်တဲ့သူက ပစ္စည်းကို ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အချိန်ဆွဲမနေတော့ဘဲ... ဒီလရဲ့ လေလံပွဲကြီးကို အခုကစပြီး တရားဝင် စတင်လိုက်ပါပြီရှင်"
လန်ကျင်းကျင်းက ပြောရင်း သူမ၏ လက်ခုပ်ကို တီးလိုက်ရာ... အပြင်စည်းတပည့် နှစ်ဦးသည် ယနေ့ လေလံပွဲ၏ ပထမဆုံး ပစ္စည်းဖြစ်သော 'ဝတ်ရုံနက် လေးတစ်စင်း' ကို စင်မြင့်ထက်သို့ သယ်ဆောင်လာခဲ့ကြသည်။
"လူကြီးမင်းတို့ရှင်... ဒီနေ့ လေလံပွဲရဲ့ ပထမဆုံး ကုန်ပစ္စည်းကတော့ သခင်ကြီး ဒုကု ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ 'လေခွင်းလေး' ပဲ ဖြစ်ပါတယ်ရှင်။ အားလုံး သိကြတဲ့အတိုင်း 'မော်ကွန်းဆရာကြီး ဒုကု' က အဆင့် ၁ ငွေရောင်အဆင့် မော်ကွန်းဆရာတစ်ဦး ဖြစ်ပြီး... ဒီလေးက အဆင့် ၃ ကြေးဝါအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ ကောင်းကင်အဆင့် အောက်မှာ ရှိပြီး လေးအတတ်ပညာ ကျွမ်းကျင်တဲ့ ဘယ်သူမဆို အသုံးပြုဖို့ အကောင်းဆုံး လက်နက်တစ်ခု ဖြစ်ပါတယ်ရှင်။
အနိမ့်ဆုံး လေလံစျေးနှုန်းကတော့ ဂိုဏ်းအမှတ် ၁၀၀၀ ဖြစ်ပြီး၊ စျေးပြိုင်ခေါ်ဆိုမှု တစ်ကြိမ်တိုင်းဟာ အနည်းဆုံး ဂိုဏ်းအမှတ် ၅၀ စီ မြင့်တက်သွားရပါမယ်ရှင်"
"၁၀၅၀"
"၁၁၂၀"
"၁၁၉၀"
နောက်ဆုံးတွင်တော့ ထိုနက်မှောင်သော လေးရှည်ကြီးမှာ အများသုံးခုံတွင် ထိုင်နေသော အပြင်စည်းတပည့် အမျိုးသမီးငယ်တစ်ဦးထံသို့ ဂိုဏ်းအမှတ် ၁၅၀၀ ဖြင့် ရောင်းချခြင်း ခံလိုက်ရသည်။
နောက်ထပ် ကုန်ပစ္စည်း ၂ ခုကို ထပ်မံရောင်းချပြီးနောက်၊ လေလံဆရာမ လန်ကျင်းကျင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဆိုလိုက်သည်။
"ဒီနေ့ လေလံပွဲရဲ့ စတုတ္ထမြောက်၊ ပဉ္စမမြောက်၊ ဆဋ္ဌမမြောက်နဲ့ သတ္တမမြောက် ကုန်ပစ္စည်းတွေကတော့ အနည်းငယ် ထူးခြားပါတယ်ရှင်။ မူလကတော့ ကျွန်မတို့ 'ရတနာဆောင်' အနေနဲ့ ဒါတွေကို လေလံပွဲရဲ့ အဆုံးပိုင်းမှာပဲ ထားရှိဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့... ဒါတွေကို လာရောက်အပ်နှံခဲ့တဲ့ စီနီယာကြီးက လေလံပွဲရဲ့ အစပိုင်းမှာပဲ လေလံတင်ပေးဖို့ အခိုင်အမာ တောင်းဆိုခဲ့လို့ပါရှင်"
စင်မြင့်ထက်သို့ စားပွဲအသေးလေးတစ်လုံးကို သယ်ဆောင်လာခဲ့ကြပြီး ၎င်း၏အပေါ်တွင် ဆေးလုံး ၁0 လုံးစီ ပါရှိသည့် ဆေးပုလင်း အသေးလေး ၃ ပုလင်း တင်ထားသည်ကို မြင်တွေ့ရသည်။ လန်ကျင်းကျင်းက ဆက်လက်ရှင်းပြခဲ့သည်။
"ဒါတွေကတော့... ချီစုစည်းမှု အဆင့် ၆ အထွတ်အထိပ်မှာ ရှိနေတဲ့သူတွေကို အဆင့် ၇ ဆီသို့ တိုက်ရိုက် တက်လှမ်းနိုင်အောင် ကူညီပေးနိုင်မယ့် အလွန်အမင်း ထူးခြားဆန်းပြားတဲ့ 'ချီအတားအဆီးဖောက်ဖျက်ဆေးလုံး' တွေ ဖြစ်ပါတယ်ရှင်။ ကျွန်မတို့ ရတနာဆောင်အနေနဲ့လည်း ဒီဆေးလုံးကို သောက်သုံးတဲ့သူတွေဟာ ချီစုစည်းမှု အဆင့် ၇ အလယ်အလတ်အဆင့်ဆီကို တိုက်ရိုက် ရောက်ရှိသွားနိုင်မယ့် အခွင့်အရေး အလွန်မြင့်မားတယ်ဆိုတာကို သေချာစွာ စစ်ဆေးအတည်ပြုထားပြီး ဖြစ်ပါတယ်ရှင်"
သူမထံမှ ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... လန်ကျင်းကျင်းအနေဖြင့် ဆေးလုံးများ၏ အနိမ့်ဆုံးစျေးနှုန်းကိုပင် မကြေညာရသေးမီမှာပင်၊ လေလံခန်းမတစ်ခုလုံးရှိ လူအုပ်ကြီးမှာ ဝုန်းခနဲ ရုတ်ရုတ်သဲသဲဖြင့် အကြီးအကျယ် ဆူညံအော်ဟစ် သွားခဲ့ကြတော့သည်။