အပိုင်း (၄၁) - အပြင်စည်းတပည့် အရည်အချင်းစစ် စာမေးပွဲ
ဝတုတ်ဖူသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော သတင်းတစ်ခုကို ယခုလေးတင် ဖွင့်ဟပြောကြားလိုက်ခြင်း ဖြစ်သည်။
အကယ်၍ အပြင်စည်းတပည့် စာမေးပွဲကြီး ရှိနေပြီး ၎င်းက လူတိုင်းသိထားသည့် 'လျှို့ဝှက်ချက်' တစ်ခု ဖြစ်နေမည်ဆိုပါက... ရွှန်လုံအနေဖြင့် ထိုအကြောင်းကို ဘာကြောင့် တစ်လုံးတစ်ပါဒမျှ မကြားမိခဲ့ရသနည်း။
ဝတုတ်ဖူသည် ရွှန်လုံ တစ်ချက်မျှ ငြိမ်သက်သွားသည်ကို မြင်လိုက်ရသဖြင့် ဆက်လက်ရှင်းပြခဲ့သည်။
"ဒါက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်လို့ ဆိုရတာက... ဂိုဏ်းထဲမှာ ၃ နှစ်ထက်မနည်း ရှိနေခဲ့တဲ့သူတွေပဲ သိကြလို့ဗျ။ ဒီစာမေးပွဲက များသောအားဖြင့် ၃ နှစ်တစ်ကြိမ် ဂိုဏ်းထဲကို အသစ်ဝင်လာကြတဲ့ တပည့်အသစ် အယောက် ၆ သောင်းနဲ့ပဲ သက်ဆိုင်တာလေ၊ အဲဒီတော့ ဂိုဏ်းမှာ ကြာနေပြီဖြစ်တဲ့ စီနီယာတပည့်တွေက ဘာအကြောင်းပြချက်နဲ့ ဂိုဏ်းတွင်းစာမေးပွဲ သတင်းကို လျှောက်ဖြန့်နေကြမှာလဲ?"
ဝတုတ်ဖူ၏ စကားမှာ အလွန်ပင် ယုတ္တိရှိကြောင်း ရွှန်လုံ နားလည်လိုက်သည်။ စီနီယာတပည့်များက ဘာအကြောင်းပြချက်ကြောင့် တပည့်အသစ်များကို အလကားသက်သက် ကူညီပေးကြမည်နည်း။
'တပည့်အသစ်တွေထဲမှာ ဂိုဏ်းတွင်းစာမေးပွဲအကြောင်း သိတဲ့သူအချို့ ရှိနေနိုင်ရင်တောင်မှ အဲဒီလူ အရေအတွက်က သိပ်မများနိုင်ဘူး။ ဂိုဏ်းထဲမှာ စီနီယာအစ်ကိုရှိတဲ့ ရှောင်ရှီတိုလိုမျိုး လူစားမျိုးတွေပဲ သိနိုင်လိမ့်မယ်။ ကျန်တဲ့တပည့်တွေကတော့ စာမေးပွဲ အမှန်တကယ် စတင်တော့မယ့်အချိန်အထိ ဘာမှမသိဘဲ အမှောင်ချခံထားရတာ ဖြစ်ဖို့များတယ်' ရွှန်လုံသည် စိတ်ထဲမှ တွေးတောလိုက်ပြီး မိမိ၏ ခန့်မှန်းချက်က ရာနှုန်းပြည့် မမှန်ကန်ရင်တောင်မှ အမှန်တရားနှင့် သိပ်ပြီး ကွာဝေးလိမ့်မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
လုဝမ်သည် ဂိုဏ်းမှ ပေးအပ်မည့် ဆုလာဘ်များအကြောင်းကို တွေးတောမိသောအခါ သူ၏ မျက်ဝန်းများ အရောင်တောက်သွားရင်း ပြောလိုက်သည်။
"ညီအစ်ကိုရွှန်... ဂိုဏ်းတွင်းစာမေးပွဲကို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့ဗျာ။ ထိပ်တန်း ၃ ယောက်... မဟုတ်ဘူး၊ ထိပ်တန်း ၁၀ ယောက်အတွင်း ရမယ့် ဆုလာဘ်တွေကတင် ငါ့ကိုတောင် မနာလိုဖြစ်မိစေဖို့ လုံလောက်တယ်ဗျ"
ရွှန်လုံသည် စိတ်မထိန်းနိုင်ဘဲ လှမ်းမေးလိုက်သည်။
"ဝတုတ်ဖူ... မင်း အဲဒီဆုလာဘ်တွေက ဘာတွေလဲဆိုတာ သိလား?"
"ဟားဟား... မင်း စိတ်ဝင်စားလိမ့်မယ်ဆိုတာ ငါ သိသားပဲ။ ဒီနှစ်အတွက် ဆုလာဘ်တွေက ပြောင်းလဲသွားမလားတော့ ငါ မသိဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကတော့ ပထမဆုရတဲ့သူက 'ဟင်းလင်းပြင်လက်စွပ်' တစ်ကွင်း၊ အဆင့် ၁ ငွေရောင်အဆင့် ဓား တစ်ချောင်း နဲ့ ဂိုဏ်းအမှတ် ၁ သောင်း ရရှိခဲ့တယ်ဗျ"
ဝတုတ်ဖူနှင့် လုဝမ်တို့နှစ်ဦးစလုံးသည် ဆုလာဘ်များအကြောင်း ပြောပြရင်း ရွှန်လုံ၏ စိတ်ဝင်စားမှုကို နှိုးဆွရန် ကြိုးစားနေကြခြင်း ဖြစ်ပြီး... ဝတုတ်ဖူက 'ဟင်းလင်းပြင်လက်စွပ်' ဟု မြွက်ဟလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ ရည်ရွယ်ချက်က သေချာပေါက် အောင်မြင်သွားခဲ့တော့သည်။
ရွှန်လုံသည် ပြီးခဲ့သည့်ရက်က 'ရတနာဆောင်' သို့ သွားရောက်ခဲ့စဉ်က ဆေးဖက်ဝင်ပစ္စည်း ၄ ခြေစုံကို ဂေါ်ဖီထုပ်များကဲ့သို့ အိတ်ကြီးဖြင့် သောတောကောရော သယ်ဆောင်ခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည်တွေးတောမိကာ အနည်းငယ် အရှက်ရမိသွားသည်။
သို့သော်လည်း လုဝမ်၏ နောက်ဆက်တွဲ စကားများမှာမူ ရွှန်လုံ၏အပေါ်သို့ ရေအေးဖြင့် ပက်ဖျန်းလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
"ထိပ်တန်း ၃ ယောက်အတွင်း ဝင်ဖို့ဆိုတာကတော့ မင်းအတွက် ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူး ညီအစ်ကိုရွှန်၊ ဒါပေမဲ့ မင်းအနေနဲ့ တစ်နည်းနည်းနဲ့ ချီစုစည်းမှု အဆင့် ၈ အစောပိုင်းအဆင့်ကို ရောက်အောင် လုပ်နိုင်ခဲ့ရင်တော့ စာမေးပွဲမှာ ကောင်းမွန်တဲ့ အဆင့်တစ်ခုရဖို့ ကြိုးစားကြည့်လို့ ရနိုင်ပါတယ်"
ရွှန်လုံက မိမိကို စိုက်ကြည့်နေသဖြင့် လုဝမ်က ဆက်လက်ပြောကြားခဲ့သည်။
"ငါက မင်းကို အထင်သေးလို့ ပြောတာမဟုတ်ပါဘူး ညီအစ်ကိုရွှန်၊ ဒါပေမဲ့ အဲဒီစာမေးပွဲမှာ မြေအဆင့် အဆင့် ၃ အထွတ်အထိပ်ကို ရောက်နေတဲ့ တပည့်တွေပါ ပါဝင်လာကြမှာလေ၊ မင်းကတော့ အခုထိ ချီစုစည်းမှု အဆင့် ၆ အထွတ်အထိပ်မှာပဲ ရှိသေးတာ။ မင်း ဘယ်လောက်ပဲ ပါရမီထူးခြားပါစေဦးတော့... မိမိထက် ကျင့်ကြံခြင်း နယ်ပယ်အဆင့်ငယ် ၆ ဆင့်မက မြင့်မားနေတဲ့သူတစ်ယောက်ကိုတော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးဗျ"
လုဝမ်သည် မိမိအပေါ် စေတနာထားပြီး လက်တွေ့ကျကျ အရှိကိုအရှိအတိုင်း သတိပေးနေခြင်းဖြစ်ကြောင်း ရွှန်လုံ နားလည်ပါသည်။ အမှန်တကယ်ပင် ယခုအချိန်အထိ ၅ လပင် မပြည့်သေးသော အချိန်ကာလမျှသာ ကျင့်ကြံအားထုတ်ထားရသေးသည့် လူတစ်ယောက်အနေဖြင့် မြေအဆင့် ကျင့်ကြံသူများကို မည်သို့ သွားရောက်ယှဉ်ပြိုင်နိုင်မည်နည်း။
"ပုံမှန်အားဖြင့်တော့... အပြင်စည်းတပည့် စာမေးပွဲကို 'မိစ္ဆာတောင်တန်းဒေသ' မှာ ကျင်းပလေ့ရှိတယ်၊ ဒါပေမဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလအချို့အရဆိုရင်တော့... ဒီနှစ်ရဲ့ ဂိုဏ်းတွင်းစာမေးပွဲက ပြီးခဲ့တဲ့အကြိမ်တွေနဲ့ မတူဘဲ ကွဲပြားလိမ့်မယ်လို့ ကြားရတယ်ဗျာ"
ဝတုတ်ဖူ စကားပြော၍ ပြီးဆုံးသွားပြီးနောက် သူသည် ရွှန်လုံနှင့် လုဝမ်တို့ကို 'မွှေးရနံ့ဆန်းဆောင်' သို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့သည် ထိုနေရာ၌ ၃ နာရီခန့် အချိန်ကုန်လွန်စေခဲ့ပြီးနောက်မှ အသီးသီး လမ်းခွဲခဲ့ကြတော့သည်။
ရွှန်လုံသည် တည်းခိုခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏အခန်းတွင်းသို့ ဝင်ရောက်ကာ ယနေ့ ကြားသိခဲ့ရသည့် သတင်းအချက်အလက်များကို စတင်တွေးတော သုံးသပ်တော့သည်။
'သတင်းက ဝတုတ်ဖူဆီက လာတာဆိုတော့ သေချာပေါက် မှန်ကန်လိမ့်မယ်။ အဲလိုဆိုရင်... ငါ့အနေနဲ့ အပြင်စည်းတပည့် စာမေးပွဲကြီး မစတင်ခင် ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် လုပ်ဖို့အတွက် အချိန် ၂ လပဲ ရှိတော့တာပေါ့။ ပြီးတော့ လေလံပွဲနေ့ မရောက်ခင်မှာ 'ရတနာဆောင်' ကနေ ဝယ်ယူခဲ့တဲ့ ဆေးဖက်ဝင်ပစ္စည်း ၄၀ စုံကို ဆေးလုံးတွေဖြစ်အောင် အရင်ဆုံး ဖော်စပ်ထားရမယ်၊ မဟုတ်ရင် လေလံပွဲမှာ 'မီးလျှံစိတ်ဝိညာဉ်သီး' နဲ့ 'ရေဓာတ်မြက်' ရဲ့ နောက်ဆုံးစျေးနှုန်းက ဘယ်လောက်အထိ မြင့်တက်သွားမလဲဆိုတာ ငါ မသိနိုင်တဲ့အတွက် ဆေးလုံးတွေ အဆင်သင့်မဖြစ်ရင် အခွင့်အရေး လွတ်သွားနိုင်တယ်'
ရွှန်လုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏လက်ထဲတွင် ရှိနေသော အဆင့် ၁ ဆေးဖက်ဝင်ပစ္စည်း ၄၀ စုံကို 'ချီအတားအဆီးဖောက်ဖျက်ဆေးလုံး' များအဖြစ်သို့ အရင်ဆုံး ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ကြမ်းပြင်ပေါ်၌ ထိုင်လိုက်ပြီး ဆေးပေါင်းအိုးကို အပူပေးကာ ဆေးလုံးများကို စတင်ဖော်စပ်တော့သည်။
ဆေးဖက်ဝင်ပစ္စည်း ၄၀ စုံကို ဆေးလုံးဖြစ်အောင် မနားတမ်း ဖော်စပ်ရခြင်းမှာ ရွှန်လုံအတွက် အလွန်အမင်း ပင်ပန်းနွမ်းနယ်လှပေသည်။ ၁၄ ရက်တိုင်တိုင် တစ်စိုက်မတ်မတ် ဖော်စပ်ပြီးနောက်တွင်မှ သူသည် ဆေးပင်အားလုံးကို ဆေးလုံးများအဖြစ်သို့ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တော့ရာ... ကံကောင်းထောက်မစွာဖြင့် လေလံပွဲကျင်းပမည့် နေ့ရက်မှာလည်း ယနေ့တွင်ပင် ကျရောက်လာခဲ့ပြီ ဖြစ်ပေသည်။