အပိုင်း (၃) - ရွှန်လုံ
ရှောက်ရှီ၏ မျက်လုံးများက ထိုကျောက်တုံးနှင့် ဆုံလိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်တုံးသည် သူ၏ မျက်ခုံးနှစ်ခုကြား သို အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။ အစောပိုင်းက ခံစားခဲ့ရသော နာကျင်မှုသည် သူ၏ဦးနှောက်ထဲသို ရေခဲရေအေးအေးလေး စီးဝင်သွားသကဲ့သို ရှိခဲ့လျှင် ယခုခံစားလိုက်ရသော ဝေဒနာမှာမူ ရေခဲတောင်ကြီးတစ်ခုလုံးက သူ့ကို ချေမှုန်းပစ်တော့မည့်အလား ပြင်းထန်လွန်းလှသည်။
"အပြာရောင်သစ်တောမြိုတော်" ရှိ မည်သူတစ်ဦးတစ်ယောက်မျှ လွန်ခဲ့သော စက္ကန့်ပိုင်းခန့်က ကမ္ဘာကြီးတစ်ခုလုံး အေးခဲရပ်တန့်သွားခဲ့သည်ကို သတိမထားမိကြပေ။ တြိဂံပုံသဏ္ဌာန် ကျောက်တုံးကလေး ရှောက်ရှီ၏ နဖူးအတွင်းသို ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် သူတို၏ ဘဝများသည် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်သွားခဲ့သည်။
သိုသော် အံ့သြစရာ အကောင်းဆုံးအချက်မှာ ကျောက်တုံးသည် ရှောက်ရှီ၏ နဖူးကို ထိုးဖောက်ဝင်ရောက်သွားသော်လည်း သွေးတစ်စက်ပင် မထွက်ခဲ့သလို မည်သည့်အမာရွတ်မျှလည်း ကျန်ရစ်ခဲ့ခြင်း မရှိပေ။ ထိုထက် ပို၍ ထူးဆန်းသည်မှာ လွန်ခဲ့သော မိနစ်ပိုင်းက ဒဏ်ရာအလိမ်းလိမ်း ဖြစ်နေသော ခန္ဓာကိုယ်သည် ယခုအခါ အံ့ဖွယ်နည်းဖြင့် ပြန်လည် ကုသခြင်း ခံနေရခြင်းပင်။
ရှောက်ရှီ၏ ခန္ဓာကိုယ်အတွင်းရှိ ကျောက်တုံးမှ ထွက်ပေါ်လာသော အပြာရောင် အလင်းတန်းများသည် ကျိုးကြေနေသော လက်ခြေအရိုးများကို ပြန်လည် ဆက်ပေးနေပြီး စိတ်ဝိညာဉ်ကိုလည်း နိုးကြားစေကာ ဒဏ်ရာအားလုံးကို အလျင်အမြန် ပျောက်ကင်းစေသည်။ ပြင်းထန်စွာ ကျိုးအက်နေသော နံရိုးသုံးချပ်နှင့် ရင်ဘတ်ပေါ်ရှိ ကြောက်မက်ဖွယ် ဒဏ်ရာကြီးမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အသားနုတက်ကာ ပြန်လည်စေ့သွားလေသည်။ ဤမြင်ကွင်းကို တစ်စုံတစ်ယောက်ကသာ မြင်တွေ့ခဲ့လျှင် နတ်ဘုရားကိုယ်တိုင် ဆင်းသက်၍ ဤကျိုးကြေနေသော ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ပြုပြင်ပေးနေသည်ဟု ထင်မှတ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရပေလိမ့်မည်။
အပြာရောင်သစ်တောမြိုတော်၏ အတော်ဆုံး ဆေးဖော်စပ်သူ "ဆရာကြီး လူး" ပင်လျှင် ထိုမျှပြင်းထန်သော ဒဏ်ရာကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကင်းစေမည့် ဆေးမျိုးကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း ပျောက်ကင်းဖို မဆိုထားနှင့်၊ ဆရာကြီးလူး၏ အကောင်းဆုံးဆေးများကို သုံးလျှင်ပင် ထိုဒဏ်ရာမျိုး သက်သာရန် အနည်းဆုံး တစ်လခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး ကျိုးကြေသွားသော အရိုးများနှင့် အတွင်းဒဏ်ရာများမှာမူ နဂိုအတိုင်း ပြန်ဖြစ်နိုင်မည်လောဆိုသည်မှာ မသေချာလှပေ။ ဆရာကြီးလူးထက် သာလွန်သော ဆေးပညာရှင်တစ်ဦးသာလျှင် ထိုဒဏ်ရာများကို ပြီးပြည့်စုံအောင် ကုသပေးနိုင်ပေလိမ့်မည်။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်သွားသောအခါ ရှောက်ရှီ၏ အတွင်းအပြင် ဒဏ်ရာအားလုံးမှာ လုံးဝဥဿုံ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သော်လည်း သူသည် မျက်လုံးကို ဖွင့်မလာသေးပေ။ နာကျင်မှုများ လျော့ပါးသွားချိန်တွင် သူ၏ အသိဥာဏ်ထဲသို မှတ်ဉာဏ်အသစ်များ တိုးဝင်လာခဲ့သည်။
ထိုအခါမှသာ ရှောက်ရှီသည် သူ၏ လက်ရှိခန္ဓာကိုယ်မှာ ကမ္ဘာမြေပေါ်က ခန္ဓာကိုယ်နှင့် မတူတော့ကြောင်း သဘောပေါက်လိုက်သည်။ သူသည် ထိုမှတ်ဉာဏ်အသစ်များထဲ၌ မိမိ၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို ပြန်လည် "မြင်" နေရသည်။ သူ၏ ခန္ဓာကိုယ်မှာ အာဟာရချိုတဲ့နေသည့် ပုံစံမျိုး မဟုတ်တော့ဘဲ၊ သန်မာထွားကြိုင်းလွန်းခြင်း မရှိသော်လည်း အရပ်အမောင်းနှင့် မျက်နှာမှာ အချိုးကျလှသည်။ အရပ် ၅ ပေ ၈ လက်မခန့် (၁၇၃ စင်တီမီတာ) ရှိပြီး စူးရှထင်ရှားသော မျက်နှာသွင်ပြင်နှင့် ချောမောသော လူငယ်တစ်ဦး ဖြစ်နေခဲ့ပြီ။
ခေါင်းကိုက်ဝေဒနာများ လုံးဝပျောက်ကွယ်သွားချိန်တွင် သူ၏ မှတ်ဉာဏ်ဟောင်းများနှင့် မှတ်ဉာဏ်အသစ်များမှာ တစ်သားတည်း ပေါင်းစပ်သွားကာ ယခုခန္ဓာကိုယ်အကြောင်းကို အကုန်လုံး သိရှိလိုက်ရသည်။
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ "ရွှန်လုံ" ဖြစ်သည်။ ရွှန်လုံ၏ ဖခင်ဖြစ်သူ "ရွှန်ဖန်း" မှာ ကောင်းကင်ကံကြမ္မာနိုင်ငံတော် ၏ အတော်ဆုံး အစီအရင် ပညာရှင် တစ်ဦးဖြစ်သလို အပြာရောင်သစ်တောမြိုတော်တွင်လည်း သြဇာအကြီးမားဆုံးသူ ဖြစ်သည်။
ရွှန်လုံသည် မြေပြင်ပေါ်တွင် ပက်လက်လှန်လျက်ပင် မှတ်ဉာဏ်အသစ်များကို စနစ်တကျ စုစည်းနေမိသည်။ သူ ယခုရှိနေသော နေရာမှာ မြိုအမည်ကို အစွဲပြုထားသည့် နာမည်ကျော် "အပြာရောင်သစ်တော" နှင့် သုံးမိုင်ခန့် အကွာအဝေးတွင် ရှိသည်။
အပြာရောင်သစ်တောသည် ကောင်းကင်ကံကြမ္မာနိုင်ငံတော်တွင် အလွန်ကျော်ကြားသလို နတ်ဘုရားဘုံနှင့် ငရဲခန်းကို တစ်နေရာတည်းတွင် တွေ့နိုင်သည့် နေရာမျိုးဖြစ်သည်။ ထိုနေရာသည် ရတနာများစွာ ကိန်းအောင်းနေသည့်အတွက် အလွန်ထူးခြားသည်။ အဖိုးတန်ဆေးဘက်ဝင်အပင်များ၊ ဝိုင်းဝန်းဖွဲစည်းမှုပညာရှင်များအတွက် ရှားပါးပစ္စည်းများ၊ ကျင့်စဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ရတနာများအားလုံးကို ကံကောင်းလျှင် တွေ့ရှိနိုင်သည်။
သိုသော် ထိုနေရာသည် မည်သူမဆို အလွယ်တကူ ဝင်ထွက်နိုင်သည့် နေရာမဟုတ်ပေ။ လူများသည် အပြာရောင်သစ်တောထဲသို မဝင်ခင် အစွမ်းထက်သည့် အဖွဲအစည်းများ ဖွဲစည်းလေ့ရှိကြသော်လည်း သေဆုံးနှုန်းမှာ ၅၀ ရာခိုင်နှုန်းထက်ပင် မြင့်မားနေဆဲဖြစ်သည်။ ရတနာများကို ရယူရန်မှာ ထင်သလောက် မလွယ်ကူလှပေ။
အပြာရောင်သစ်တောထဲတွင် ရတနာများသာမက အစွမ်းထက်သည့် မိစ္ဆာသားရဲ များလည်း နေထိုင်ကြသည်။ ထိုကြောင့် စွန့်စားရှာဖွေပြီး ချမ်းသာချင်လျှင် ဦးစွာ အစွမ်းထက်ရန် လိုအပ်သည်။ နိုင်ငံတော်၏ အသန်မာဆုံး စစ်သည်တော်များကိုပင် သတ်ဖြတ်နိုင်သည့် မိစ္ဆာသားရဲကြီးများသည် သစ်တောနက်ကြီးထဲတွင် နယ်မြေကိုယ်စီဖြင့် အောင်းနေကြသည်။ သိုသော်လည်း အချိုသော ရတနာများမှာ အလွန်ပင် တန်ဖိုးကြီးလွန်းလှသဖြင့် လူများသည် မိမိတို၏ အသက်ကိုရင်း၍ စွန့်စားကြစမြဲပင်။ အားလုံး၏ စိတ်ထဲတွင် "အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ် ခုလောက်သာ တွေ့ပြီး ရောင်းလိုက်ရရင် တစ်သက်လုံး စည်းစိမ်နဲ့ ချမ်းချမ်းသာသာ နေသွားလိုရပြီ" ဟူသော အတွေးများ ရှိနေကြသည်။
ရွှန်လုံသည် အပြာရောင်သစ်တောသို လာစဉ်တွင် သူ၏ဖခင်က အနီးကပ် စောင့်ရှောက်ရန် တာဝန်ပေးထားသည့် ကိုယ်ရံတော် နှစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ပုံမှန်အားဖြင့် ရွှန်လုံကဲ့သိုသောသူမှာ အပြာရောင်သစ်တောသို ကိုယ်တိုင်လာခြင်းသည် သေတွင်းထဲ ခုန်ဆင်းသကဲ့သို မိုက်မဲသော လုပ်ရပ်ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာမူ ထူးခြားသည်။ မြိုထဲ၌ ပိတ်ဆိုနေသော သွေးကြောများကို ပွင့်စေပြီး ကျင့်စဉ်စတင်လေ့ကျင့်နိုင်ရန် ကူညီပေးမည့် အဖိုးတန်ရတနာတစ်ခု ရှိနေသည်ဟူသော ကောလာဟလများ ပျံ့နှံနေသောကြောင့် ဖြစ်သည်။
သိုသော် အပြာရောင်သစ်တောသို သွားရာလမ်း၌ ဝတ်စုံနက်ဝတ်ပြီး မျက်နှာဖုံးစွပ်ထားသည့် လူ ၅ ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ရလဒ်အနေဖြင့် ရွှန်လုံ၏ ကိုယ်ရံတော်နှစ်ဦးနှင့် မြင်းများမှာ အသတ်ခံလိုက်ရပြီး သူကိုယ်တိုင်လည်း သေလုမျောပါး အရိုက်ခံခဲ့ရသည်။ ကောင်းကင်ယံ၌ လျှပ်စီးမုန်တိုင်းကြီး ပေါ်ပေါက်လာမှသာ တိုက်ခိုက်သူများမှာ ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးသွားခဲ့ကြသော်လည်း ရွှန်လုံမှာမူ ဒဏ်ရာများဖြင့်ပင် အသက်ပျောက်သွားခဲ့ရသည်။
သိုရာတွင် သူ၏ ဝိညာဉ် လုံးဝမချုပ်ငြိမ်းသွားမီမှာပင် "ရှောက်ရှီ" ၏ ဝိညာဉ်သည် ဤခန္ဓာကိုယ်အတွင်းသို ဝင်ရောက်လာခဲ့ပြီး သူ၏ ဘဝမှတ်ဉာဏ်များနှင့် ခံစားချက်များကို ဆက်ခံလိုက်ခြင်း ဖြစ်သည်။
ရွှန်လုံ သည် သူ၏ ခန္ဓာကိုယ်အသစ်ကို လှုပ်ရှားလျက် မြေပြင်ပေါ်တွင် ထိုင်လိုက်ပြီး အတွေးများကို စနစ်တကျ စုစည်းလိုက်သည်။ ထိုနောက် လေပြင်းတစ်ချက် ရှူသွင်းကာ -
"မင်းရဲ့ ဝိညာဉ်က သေဆုံးသွားပေမယ့် မင်းရဲ့ မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေကတော့ ငါ့ထဲမှာ ရှင်သန်နေဦးမှာပါ။ ငါဟာ ငါဖြစ်သလို မင်းလည်း ဖြစ်တယ်။ ငါဟာ အနှစ် ၂၀ လုံးလုံး ဒုက္ခနဲ့ နာကျင်မှုတွေကြားမှာ ရှင်သန်ခဲ့ရသလို၊ မင်းကလည်း ၁၆ နှစ်လုံးလုံး ပတ်ဝန်းကျင်ရဲ့ နှိမ်ချမှုကို ခံခဲ့ရတာပဲ"
သူ၏ အသံမှာ တစ်စထက်တစ်စ ကျယ်လောင်လာပြီး -
"ဒီနေ့ကစပြီး ငါ 'ရွှန်လုံ' ဟာ ဘယ်တော့မှ မငတ်မွတ်ရအောင်၊ အတိတ်ဘဝကလို နာကျင်မှုတွေ မခံစားရအောင် အချမ်းသာဆုံးသူ ဖြစ်အောင် ကြိုးစားမယ်။ ဒါဟာ ငါ့ရဲ့ အတိတ်က ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ ကတိပဲ။ ငါ 'ရွှန်လုံ' ဟာ ဘယ်သူ့ရဲ့ ချုပ်ကိုင်မှုအောက်မှာမှ မနေဘဲ လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ အစွမ်းထက်သူတစ်ယောက် ဖြစ်အောင် ရှင်သန်မယ်။ ပိတ်ဆိုနေတဲ့ သွေးကြောတွေကြောင့် ကျင့်စဉ်လေ့ကျင့်လို မရဘူးဆိုရင်လည်း ဘာဖြစ်လဲ... ငါ့ကိုယ်ငါ နောက်တစ်ကြိမ် အသတ်ခံရဖို ခွင့်မပြုနိုင်ဘူး။ ဒီနေ့ကစပြီး ငါ့ဘဝမှာ ဘယ်တော့မှ ဒူးထောက်အရှုးမပေးဘူးလို ငါ ကျိန်ဆိုတယ်။ ဒီနေ့ကစပြီး ငါဟာ 'ရွှန်လုံ' ပဲ။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးကို သက်သေထားပြီး ငါပြုတဲ့ သစ္စာပဲ!"
ရွှန်လုံ၏ စကားအဆုံး၌ သူ၏ ခန္ဓာကိုယ်အတွင်းရှိ တြိဂံပုံစံ ကျောက်တုံးကလေးသည် သူ၏ စကားလုံးများကြောင့် တုန်ခါသွားသကဲ့သို ပြင်းထန်စွာ တုန်လှုပ်လာပြီး သူ၏ အသိဥာဏ်ထဲသို ထိတ်လန့်ဖွယ်ကောင်းသော ပုံရိပ်များစွာ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။