အပိုင်း (၂၆) - လျိုမေ
ထိုစဉ် အခန်း၏ ထောင့်တစ်နေရာမှ သာယာနာပျော်ဖွယ်ကောင်းသော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ညှို့ငင်ဖမ်းစားနိုင်လောက်အောင် လှပလွန်းသည့် အမျိုးသမီးတစ်ဦးသည် ထိုနေရာတွင် ရပ်နေပြီး ကြည့်ရသည်မှာ ပန်းချီကားတစ်ချပ်အလား သပ္ပာယ်လွန်းလှသည်။ သူမ၏ အပြစ်ဆိုဖွယ်ရာမရှိသော မျက်နှာအလှက အခန်းထဲရှိ ယောကျာ်း၊ မိန်းမအားလုံးကို ငေးမောသွားစေခဲ့သည်။ သူမ၏ စွဲမက်ဖွယ်ကောင်းသော နက်မှောင်သည့် မျက်ဝန်းအစုံမှာ ကြယ်တာရာစုံလင်သည့် ညကောင်းကင်ယံနှင့် တူလှပြီး ပြီးပြည့်စုံသော နှုတ်ခမ်းနီနီလေးမှာလည်း ရင်သပ်ရှုမောဖွယ် ဖြစ်ပေသည်။ သူမသည် ဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်ကြောင်း ပြသနေသည့် အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။
ရွှန်လုံသည် သူ၏ တစ်သက်တာတွင် ဤမျှလောက် လှပသော အမျိုးသမီးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
'ငါ့ရဲ့ အရင်ဘဝက နာမည်ကြီး မင်းသမီးတွေတောင်မှ ငါ့ရှေ့က ဒီအမျိုးသမီးရဲ့ အလှကို ယှဉ်နိုင်မှာ မဟုတ်ဘူး' ဟု သူမ၏ တုနှိုင်းမဲ့ အလှကို ငေးမောကြည့်ရှုရင်း တွေးလိုက်မိစဉ် -
"ဟေး... မင်းတို့အားလုံး ဘာကို ဝိုင်းကြည့်နေကြတာလဲ?"
ထိုတုနှိုင်းမဲ့ အလှပဂေးမလေး၏ နောက်ကွယ်မှ မကျေမနပ် ဖြစ်နေသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ရွှန်လုံ သတိပြန်ဝင်လာခဲ့သည်။
ထိုအခါမှ ရွှန်လုံသည် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အခြားသော လှပသည့် အမျိုးသမီးတစ်ဦး ထောင့်စွန်းတွင် ရပ်နေသည်ကို သတိပြုမိလိုက်သည်။ စောစောက စကားပြောလိုက်သူမှာ ဤအမျိုးသမီး ဖြစ်သည်။
'ဒီအမျိုးသမီးက ဘေးက တုနှိုင်းမဲ့ အလှပဂေးနဲ့ ယှဉ်ရင် အနည်းငယ် လိုအပ်ချက် ရှိနိုင်ပေမဲ့ အမှန်အတိုင်း ပြောရရင် သူမကလည်း တကယ့် အလှပြင်နတ်သမီးလေးတစ်ပါးပဲ' ဟု ရွှန်လုံက တွေးတောရင်း ထိုမိန်းကလေးကိုပါ အကဲခတ်ကြည့်လိုက်သည်။
"စီနီယာအမ... ကြည့်ပါဦး၊ အခုတော့ လူတိုင်းက ကျွန်မတို့ကို ဝိုင်းကြည့်နေကြပြီ"
ကြည့်ရသည်မှာ ဤတုနှိုင်းမဲ့ အလှပဂေးလေးမှာ 'စီနီယာအမ' ဖြစ်ပြီး ထောင့်တွင် ရပ်နေသော အခြားအလှလေးမှာ 'ဂျူနီယာညီမလေး' ဖြစ်ပုံရသည်။ ဤမိန်းကလေးနှစ်ဦးသည် ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို မည်သူမျှ မသိကြချေ။ မဟုတ်လျှင်မူ ထူးခြားလှပလွန်းသည့် သူတို့၏ အသွင်သဏ္ဍာန်ကြောင့် လူအများ သတိမထားမိဘဲ နေမည်မဟုတ်ပေ။
"ဟွန့်... ကြည့်တော့ ဘာဖြစ်လဲ၊ ငါတို့ 'လွင့်မျောတိမ်တိုက်မြို့တော်' က 'ဆေးဆရာများအသင်း' ရဲ့ အရည်အသွေးက ဒီလောက်ပဲ ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"မင်းက ဘယ်လောက်တောင် သတ္တိရှိလို့..."
စီနီယာလီဝေ၏ ကန်ချက်ကြောင့် ဒဏ်ရာရနေရာမှ 'ယခုမှ ပြန်လည်သက်သာလာသော' ဘုဒုယိသည် ထိုမိန်းကလေး၏ စကားကို ကြားသောအခါ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူမက ဆေးဆရာများအသင်း၏ ဂုဏ်သိက္ခာကို တိုက်ရိုက် ထိပါးစော်ကားလိုက်ခြင်း ဖြစ်သဖြင့် စီနီယာလီဝေကပင် သူ့ဘက်မှ ကာကွယ်ပေးထားသည့် ယနေ့ကဲ့သို့ အခြေအနေမျိုးတွင် သူ နှုတ်ဆိတ်မနေနိုင်ခဲ့ပေ။
သို့သော် လူတိုင်း မျှော်လင့်မထားသည့်အရာမှာ စီနီယာလီဝေကိုယ်တိုင်က ဘုဒုယိ၏ ပါးကို ဖြတ်ရိုက်ကာ စကားဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ဘုဒုယိတစ်ယောက် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် လီဝေက ခြိမ်းခြောက်သည့် လေသံဖြင့် သတိပေးလိုက်သည်။
"မင်း နောက်ထပ် တစ်ခွန်း ထပ်ပြောရင်... မင်းရဲ့ ခေါင်းပြတ်ကြီး မြေပြင်ပေါ် လိမ့်မသွားစေရဘူးလို့ ငါ မအာမခံဘူးနော်"
ထို့နောက် လီဝေသည် သူတတ်နိုင်သမျှ အကောင်းဆုံး အပြုံးကြီးကို ဖန်တီးလိုက်သော်လည်း ကြည့်ရသည်မှာ ရယ်ရခက်၊ ငိုရခက် ပုံစံမျိုး ဖြစ်နေသည်။ သူက အစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးနှစ်ဦး၏ အနားသို့ ချဉ်းကပ်သွားရင်း -
"မစ္စ လျိုမေ နဲ့ မစ္စ လန်ကျင်းကျင်း... ကျွန်တော့်ရဲ့ 'ဆေးဆရာများအသင်း' ကို လာရောက်လည်ပတ်ပေးတာ တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ။ လူရာမဝင်တဲ့ အဲဒီလူမိုက်က မင်းတို့ ဘယ်သူဘယ်ဝါဆိုတာ မသိလို့ စော်ကားမိတာကို ခွင့်လွှတ်ပေးကြပါခင်ဗျာ။ အကယ်၍ မင်းတို့ သူ့ကို အပြစ်ပေးချင်တယ်ဆိုရင်လည်း စိတ်ကြိုက် အပြစ်ပေးနိုင်ပါတယ်၊ ကျွန်တော် လုံးဝ ကန့်ကွက်မှာ မဟုတ်ပါဘူး"
စိတ်ထဲတွင် ဒေါသတကြီး တောက်လောင်နေသော ဘုဒုယိသည် ယခုအချိန်တွင် ရေခဲရေတစ်ပုံးဖြင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ ရွှန်လုံသည်လည်း လီဝေ၏ အရှက်မရှိ အောက်ကျို့တတ်ပုံကို ကြည့်ပြီး စကားမဲ့သွားခဲ့သည်။
'ဒီမိန်းကလေးနှစ်ယောက်က တကယ့်ကို ထူးခြားတဲ့ နောက်ခံအသိုင်းအဝိုင်းက ဖြစ်ရမယ်၊ မဟုတ်ရင် ဒီအဘိုးကြီးက ဒီလောက်အထိ ယဉ်ကျေးပျူငှာနေမှာ မဟုတ်ဘူး' ဟု သူ တွေးလိုက်မိသည်။
သူမတို့နှစ်ဦးထဲမှ ဂျူနီယာညီမလေးဖြစ်သူ လန်ကျင်းကျင်းက ဘုဒုယိကို အေးစက်စွာ ကြည့်ကာ -
"ကျွန်မရဲ့ စီနီယာအမကို ဒီလို စကားမျိုး ပြောရဲတဲ့အတွက်... မင်း သေသင့်တယ်!" ဟု ဆိုလိုက်သည်။ လန်ကျင်းကျင်း၏ မျက်ဝန်းများတွင် ဒေါသများ ပေါက်ကွဲနေပြီး ဘုဒုယိ၏ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်ရန် လက်တစ်ကမ်းအလိုသို့ ရောက်နေစဉ် လျိုမေက သူမကို တားဆီးလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ မြို့ထဲမှာ လူမသတ်သင့်ဘူး ညီမလေး၊ ဒါမျိုး ဆန်ကုန်မြေလေး လူစား တွေကြောင့် ငါတို့ပါ သူတို့လို အောက်တန်းကျတဲ့သူတွေ မဖြစ်ချင်ဘူး" လျိုမေက ဘုဒုယိအပေါ် သူမ၏ မကျေနပ်မှုကို မဖုံးကွယ်ဘဲ အေးစက်သော အသံဖြင့် ပြောကြားလိုက်ပြီးနောက် စီနီယာလီဝေဘက်သို့ လှည့်ကာ -
"မစ္စတာလီ... ရှင် ဒီဂျူနီယာညီလေးကို စာမေးပွဲဖြေဆိုခွင့် ပြုသင့်ပါတယ်။ အခန်းထဲက လူတိုင်းက ဒီကိစ္စရဲ့ အမှန်တရားကို သိကြတယ်၊ ဒါက ရှင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်။ ဒီဂျူနီယာညီလေးက စာမေးပွဲဖြေဖို့ပဲ ရည်ရွယ်ချက်ရှိခဲ့တာကို ဒီမိန်းကလေးက အရင် စတင်စော်ကားခဲ့တာ" ဟု ဂျင်းဖေးကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
ဂျင်းဖေး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ ထိုရင်သပ်ရှုမောဖွယ် အလှပဂေးနှစ်ဦးမှာ အတွင်းစည်းတပည့်များ ဖြစ်ကြောင်း သေချာသဖြင့် ယခုတစ်ကြိမ်တွင် သူမတော့ အမှန်အကန် ဒုက္ခရောက်ရတော့မည်ကို သိလိုက်ပြီ ဖြစ်သည်။
ရွှန်လုံသည်လည်း အံ့သြသွားခဲ့သည်။ လျိုမေ၏ ပွင့်လင်းပြတ်သားမှုက သူ့ကို အံ့အားသင့်စေခဲ့သည်။ သို့သော်လည်း သူသည် သူမကို ယဉ်ကျေးစွာဖြင့် လက်သီးဆုပ် ဂါရဝပြုလိုက်ပြီးနောက် 'ဆေးဆရာများအသင်း' မှ လှည့်ထွက်သွားခဲ့တော့သည်။ သူ၏ သဘောထားက ရှင်းလင်းလှပေသည်။
ရွှန်လုံသည် လျိုမေ၏ စေတနာကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းက သူ၏ သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ 'ဆေးဆရာများအသင်း' က သူ့ကို ပထမအကြိမ်တွင် မောင်းထုတ်ခဲ့ပြီးပြီ ဖြစ်ရာ လီဝေက ဒူးထောက်တောင်းပန်လျှင်ပင် သူ ပြန်လာမည်မဟုတ်ချေ။ ထို့အပြင် သူ ယခုတစ်ကြိမ် စာမေးပွဲဖြေဆိုလိုခြင်းမှာ အဆင့် ၁ ဆေးဆရာအဆင့်ကို ရယူရန်အပြင် ဆေးဖက်ဝင်အမယ်များနှင့် ပတ်သက်၍ သူ၏ ထင်မြင်ချက်အချို့ အမှန်၊ အမှားကို စစ်ဆေးလိုရုံမျှသာ ဖြစ်သည်။ 'ဆေးဆရာများအသင်း' မရှိလျှင်ပင် သူ ထိုအရာကို လုပ်ဆောင်နိုင်ဆဲဖြစ်ပြီး အချိန်အနည်းငယ် ပိုပေးရရုံမျှသာ ရှိပေသည်။
လန်ကျင်းကျင်းမှာ ဆွံ့အသွားခဲ့ရသည်။ သူမ၏ စီနီယာအမ၏ စေတနာကို တစ်စုံတစ်ဦးက လက်မခံဘဲ ငြင်းပယ်လိုက်သည်ကို မြင်ဖူးခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ပုံမှန်အားဖြင့် လူအများမှာ သူမ၏ အနားသို့ ကပ်ဖားရန် ကြိုးစားကြသော်လည်း ဤလူငယ်ကမူ လုံးဝ ဆန့်ကျင်ဘက်ကို လုပ်ဆောင်သွားခဲ့သည်။
လျိုမေကမူ ရွှန်လုံ၏ ငြင်းပယ်မှုအပေါ် စိတ်ဆိုးခြင်းမရှိခဲ့ပေ။ အမှန်တိုင်းပြောရလျှင် အပြင်စည်းတပည့် လူငယ်လေးတစ်ဦးက သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူမ၏ တောက်ပသော မျက်ဝန်းအစုံက အသင်းပြင်ပသို့ လျှောက်လှမ်းသွားသော ရွှန်လုံ၏ ကျောပြင်အထီးကျန်ကို ကြည့်ရှုနေခဲ့သည်။
ရွှန်လုံ 'ဆေးဆရာများအသင်း' မှ ထွက်လာခဲ့သည်နှင့် အသားတုံးကြီး တစ်တုံးကဲ့သို့ ဝတုတ်နေသော လူတစ်ဦး သူ့ထံသို့ အပြေးအလွှား လာနေသည်ကို မြင်လိုက်ရသည်။ ရွှန်လုံသည် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ဘုဒုယိဟု ထင်မှတ်ကာ ဆဲဆိုကြိမ်းမောင်းပြီး ထွက်ပြေးရန် ပြင်လိုက်စဉ် (အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ ဘုဒုယိကို မယှဉ်နိုင်သေးသောကြောင့် ဖြစ်သည်)၊ ထိုသူ၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်မှာ ဘုဒုယိနှင့် မတူညီကြောင်း သတိပြုမိသွားသည်။
ဘုဒုယိက ရာဂ်ဘီဘောလုံး နှင့် တူလျှင် ဤသူကမူ ဗိုက်က လုံးဝန်းနေသဖြင့် ဘောလုံး နှင့် ပို၍ တူလှသည်။ ထိုသူသည် ဝတုတ်နေသော်လည်း မျက်တောင်တစ်ခတ်အတွင်း ရွှန်လုံ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး အနည်းငယ် အမောဖြေရင်း ပြောလိုက်သည်။
"အစ်ကို... စောစောက အထဲမှာ အစ်ကို့ရဲ့ ပုံစံက တကယ့်ကို အထင်ကြီးစရာပဲဗျာ" ဟု ဆေးဆရာများအသင်းဘက်သို့ လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
ရွှန်လုံသည် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ထိုသူကို ကြည့်ကာ တွေးလိုက်မိသည်။
'အတွင်းစည်းတပည့်တွေက အတွင်းမြို့မှာပဲ နေရမှာ မဟုတ်ဘူးလား၊ အပြင်မြို့ကို လာခဲတယ်ဆို။ အခုတော့ ငါ ဒီနေ့တင် သုံးယောက်တောင် တွေ့နေရပြီပဲ'
ထိုဝတုတ်တုတ် တပည့်က လက်သီးဆုပ် နှုတ်ဆက်ရင်း -
"ကျွန်တော့်နာမည်က ဖူလီ ပါ၊ အတွင်းစည်းကပါ။ ဂျူနီယာညီလေးရဲ့ နာမည်ကို ဘယ်လို ခေါ်ရမလဲဗျာ?"
ရွှန်လုံသည် ဤဖူလီအပေါ် ဆက်လက် သတိထားနေဆဲ ဖြစ်သော်လည်း ထိုသူ့ထံမှ မကောင်းသော ရည်ရွယ်ချက် မခံစားရသဖြင့် သူကလည်း လက်သီးဆုပ် ဂါရဝပြုကာ -
"ငါ့နာမည်က ရွှန်လုံ ပါ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
ဖူလီက စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အကျွမ်းတဝင်ရှိသော ဝတ်စုံဖြူဝတ် အမျိုးသားတစ်ဦး သူတို့အနားသို့ ချဉ်းကပ်လာပြီး အော်ဟစ်နှုတ်ဆက်လိုက်သည်။
"ညီလေးရွှန်... ဟားဟား... တကယ့်ကို တိုက်ဆိုင်တာပဲဗျာ။ ဒီအစ်ကိုကြီးနဲ့အတူ 'မွှေးရနံ့ဆန်းဆောင်' မှာ သွားပြီး အရက်တစ်ခွက်လောက် သောက်ဖို့ လိုက်ခဲ့ပါဦးမလားဗျာ?"