အပိုင်း (၂၅) - ရုတ်တရက် အပြောင်းအလဲများ
ရွှန်လုံသည် နံရံနှင့် ဆောင့်မိပြီးနောက် နံရံတစ်ခုလုံး ပြိုကျပျက်စီးကာ အင်္ဂတေအပိုင်းအစများ လွင့်စင်သွားစဉ် သူ၏ အတွင်းကလီစာများပါ တုန်ခါသွားသလို ခံစားလိုက်ရသည်။
သူ၏ ရင်ညွန့်ရိုးမှာ ထိုလက်သီးချက်ကြောင့် အတွင်းသို့ ချိုင့်ဝင်လုနီးပါး ဖြစ်သွားခဲ့ပြီး ပါးစပ်မှ သွေးတစ်လုပ် ထပ်မံအန်ချလိုက်ရသည်။ ထို့နောက် သူသည် အပျက်အစီးများကြားမှ ပြန်လည်ထရပ်နိုင်ရန် ခန္ဓာကိုယ်ထဲရှိ ကျန်ရှိသမျှ အင်အားအားလုံးကို စုစည်းလိုက်ရသည်။
ရွှန်လုံသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဒဏ်ရာများကို အလျင်အမြန် ကုသပေးနေသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ ချီစွမ်းအင်များမှာလည်း အံ့သြစရာကောင်းလောက်အောင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဆေးဆရာဘု (ဘုဒုယိ) သည် ထိတ်လန့်သွားပြီး -
"မင်း... ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ?" ဟု အံ့သြတုန်လှုပ်စွာဖြင့် မေးလိုက်သည်။
ဆေးဆရာဘု၏ အရှိန်အဝါအရ သူသည် မြေကမ္ဘာအဆင့် ၉ အစောပိုင်းသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။ ရွှန်လုံသည် သူ၏ လက်သီးချက်ကို ခံယူပြီးနောက် အသက်ရှင်ရုံတင်မကဘဲ ပြန်လည် မတ်တတ်ရပ်နိုင်ခြင်းမှာ အံ့ဖွယ်တစ်ပါးပင် ဖြစ်ပေသည်။
"သူ့ကို သတ်ပစ်လိုက်!"
ထိုစဉ် ဘုဒုယိ၏ နောက်ကွယ်မှ စူးရှသောအော်သံတစ်သံ ထွက်ပေါ်လာသည်။ ဂျင်းဖေးသည် သူ၏နောက်သို့ ရောက်ရှိလာခဲ့ပြီး သူမ၏ ညာဘက်ပါးပြင်တစ်ခုလုံးမှာ ရွှန်လုံ၏ ရိုက်ချက်ကြောင့် ဝက်မျက်နှာကဲ့သို့ နီရဲပြီး ဖူးယောင်နေခဲ့ပြီဖြစ်သည်။
"ငါ 'လွင့်မျောတိမ်တိုက်မြို့တော်' ထဲမှာ သူ့ကို သတ်လို့မရဘူး၊ မဟုတ်ရင် ငါ ခံရမယ့် ပြစ်ဒဏ်က ကြီးလွန်းတယ်" ဘုဒုယိက 'နောင်တရဟန်' ဖြင့် ပြောလိုက်သည်။
"ကျွန်မ... ကျွန်မ အစ်ကိုဖြစ်ချင်တာ အကုန်လုံးကို ပေးပါ့မယ်၊ ဒါကြောင့် သူ့ကို သတ်ရုံပဲ သတ်ပေးပါ!" ဂျင်းဖေးက သွားကြိတ်ရင်း မနာလိုအမုန်းပွားစွာဖြင့် ဆိုလိုက်သည်။
"အာ... မင်းက ဒီလောက်တောင် အတင်းအကျပ် တောင်းဆိုနေမှတော့ ငါ ဒီကလေးကို မင်းအတွက် ရှင်းလင်းပေးရတာပေါ့ ဖေးဖေးလေးရယ်..." ဘုဒုယိက ပြောရင်း ရွှန်လုံကို လှည့်ကြည့်ကာ -
"ကောင်လေး... ဒီနေ့ ငါနဲ့ လာတိုးပြီး ငါ့ရဲ့ ဖေးဖေးလေးကို လာစော်ကားမိတဲ့ မင်းရဲ့ ကံဆိုးမှုကိုသာ အပြစ်တင်လိုက်တော့"
ရွှန်လုံ၏ စိတ်ထဲတွင် အတိုင်းအဆမဲ့ ဒေါသများနှင့်အတူ အားကိုးရာမဲ့မှု ခံစားချက်တို့ ပြည့်နှက်သွားသည်။ သူသည် မိမိ၏ အသက်ကို မိမိကာကွယ်နိုင်ရန်နှင့် ပိုမိုသန်မာလာရန် 'ကောင်းကင်ကံကြမ္မာနိုင်ငံ' မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် 'လွင့်မျောတိမ်တိုက်ဂိုဏ်း' သို့ ရောက်ရှိပြီး တစ်ရက်တည်းဖြင့် သေခြင်းတရားနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိသွားခဲ့ရသည်။
ထိုစဉ် သူ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်ထဲရှိ တြိဂံပုံစံ ကျောက်တုံးနှင့် ရွှေရောင်စာအုပ်တို့မှာ တစ်ပြိုင်နက်တည်း တုန်ခါသွားပြီး သူ၏ စိတ်အာရုံတစ်ခုလုံး လှုပ်ခါသွားခဲ့သည်။ ထူးဆန်းစွာဖြင့် သူ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်ထဲတွင် ငွေဖြူရောင် စာမျက်နှာတစ်ခု ထွက်ပေါ်လာသည်။
ဤစာမျက်နှာ၏ ပုံစံမှာ သူ့ကို ရွှေရောင်စာအုပ်ထဲသို့ ဆွဲသွင်းခဲ့သည့် ပုံစံနှင့် တူညီသော်လည်း ၎င်းမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ဘုဒုယိထက် အဆပေါင်း သန်းချီ၍ ပိုမိုကြီးမားလှသည်။ အကယ်၍ ဘုဒုယိသည် မြေပြင်ပေါ်တွင် တွားသွားနေသည့် ပုရွက်ဆိတ်ငယ်တစ်ကောင်ဆိုလျှင် ဤငွေဖြူရောင် စာမျက်နှာမှာ ကောင်းကင်ယံတွင် ပျံသန်းနေသည့် နတ်နဂါးတစ်ကောင်နှင့် တူပေသည်။
ရွှန်လုံသည် သူ၏ စိတ်အာရုံက ထိုငွေဖြူရောင်စာမျက်နှာနှင့် ဆက်သွယ်သွားသည်ကို ချက်ချင်း ခံစားလိုက်ရပြီး အကယ်၍ သူသာ ၎င်းကို စိတ်ဝိညာဉ်ဟင်းလင်းပြင်ထဲမှ ထုတ်ယူလိုက်ပါက ဘုဒုယိကို တစ်ချက်တည်းဖြင့် အမှုန့်ခြေပစ်နိုင်မည်ဖြစ်ကြောင်း သေချာသွားခဲ့သည်။ သို့သော်လည်း တြိဂံပုံစံ ကျောက်တုံးမှာမူ သူ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်ထဲတွင် ဆက်လက်တုန်ခါနေဆဲ ဖြစ်ပြီး ၎င်းမှ ထွက်ပေါ်နေသော ဖိအားမှာ ရွှေရောင်စာအုပ်နှင့် ယခုမှ ပေါ်လာသော ငွေဖြူရောင် စာမျက်နှာတို့ကိုပင် လွှမ်းမိုးထားသည်။
ဘုဒုယိသည် ရွှန်လုံကို စိုးရိမ်စိတ်ဖြင့် နှိပ်စက်လိုသဖြင့် ရှေ့သို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူ အလိုချင်ဆုံးအရာမှာ ရွှန်လုံကို မသတ်မီ ရွှန်လုံ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့နေသည့် အမူအရာကို မြင်တွေ့လိုခြင်း ဖြစ်သည်။
ရွှန်လုံက ဘုဒုယိ ဘာလုပ်ချင်နေသည်ကို သဘောပေါက်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
'တကယ့်ကို အရှက်မရှိတဲ့ အဘိုးကြီးပဲ၊ ငါ့ကို မျှော်လင့်ချက်မဲ့အောင် အရင်လုပ်ပြီးမှ သတ်ချင်တာပေါ့လေ။ ကောင်းပြီ... မင်းက ဒီလောက်တောင် ယုတ်မာချင်မှတော့ ဒီနေ့ မင်းကို ငါ ဘယ်လို ကစားပြီး သတ်ပစ်မလဲဆိုတာ စောင့်ကြည့်လိုက်တော့။ 'လွင့်မျောတိမ်တိုက်ဂိုဏ်း' ကနေ ထွက်ပြေးရရင်တောင်မှ ငါကတော့ ဒီအတိုင်း ထိုင်ပြီး အသေခံမှာ မဟုတ်ဘူး'
ရွှန်လုံသည် ဘုဒုယိ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သူ၏ မျက်နှာပေါ်တွင် ကြောက်လန့်တုန်လှုပ်နေသည့် အမူအရာကို ဟန်ဆောင်လုပ်ဆောင်လိုက်သည်။ ဘုဒုယိသာ သူ့အနားသို့ လုံလောက်စွာ နီးကပ်လာပါက၊ ဘုဒုယိသည် မြေကမ္ဘာအဆင့် ၉ ရှိသည့် ကျင့်ကြံသူဖြစ်နေပါစေဦး၊ ထိုငွေဖြူရောင် စာမျက်နှာဖြင့် သူ့ကို ပိုင်းဖြတ်ပစ်နိုင်မည်ဟု ရွှန်လုံ သေချာနေသည်။
"ဒီမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ?"
ထိုစဉ် အဖြူရောင် မုတ်ဆိတ်ရှည်ကြီးနှင့် အဘိုးအိုတစ်ဦးသည် 'ဆေးဆရာများအသင်း' တံခါးဝသို့ ရောက်ရှိလာပြီး မကျေနပ်သော သြဇာအာဏာရှိသည့် အသံဖြင့် မေးမြန်းလိုက်သည်။ ဤအဘိုးအိုသည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ရင်ဘတ်တွင် ကြယ် ၁ ပွင့်ပါသော ဆေးဖိုအိုးပုံစံ ငွေရောင်တံဆိပ်တစ်ခုကို တပ်ဆင်ထားသည်။
ဘုဒုယိ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အဘိုးအို၏ အနားသို့ ဖားပြားယက်ခပ်လျက် သွားရောက်ကာ ရိုသေစွာဖြင့် -
"စီနီယာလီ... ဒါက တကယ့်ကို ဝမ်းသာစရာ..."
"ဖားနေတာတွေကို ရပ်စမ်း ဘုဒုယိ၊ ဒီမှာ ဘာဖြစ်တာလဲလို့ ငါမေးနေတာ"
ဘုဒုယိ၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး သူ၏ အမူအရာက မပြောင်းလဲသော်လည်း မျက်ဝန်းများကမူ အေးစက်သွားသည်။ သို့သော် ထိုခံစားချက်ကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး ပြန်လည်ဖြေကြားခဲ့သည်။
"စီနီယာလီ... ဒါတွေအားလုံးက ဒီကောင်လေးရဲ့ အပြစ်တွေပါ။ ဒီကောင်လေးက 'ဆေးဆရာများအသင်း' အတွင်းက ငြိမ်းချမ်းဆိတ်ငြိမ်မှုကို ဖျက်ဆီးနေလို့ ကျွန်တော် သူ့ကို ထွက်သွားဖို့ ပြောတာကို မသွားဘဲ ငြင်းဆန်နေတာပါ။ ဒါကြောင့် ကျွန်တော်လည်း သူ့ကို သင်ခန်းစာပေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
အဘိုးအိုသည် နှာခေါင်းရှုံ့လျက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရာ သူ၏ အကြည့်များက ဧည့်ကြိုကောင်တာမှ မိန်းကလေးထံသို့ ချက်ချင်း ကျရောက်သွားသည်။ သူသည် တည်ကြည်သော မျက်နှာအမူအရာဖြင့် သူမ၏ထံသို့ လျှောက်လှမ်းသွားကာ ဘာဖြစ်ခဲ့သည်ကို မေးမြန်းတော့သည်။
ဘုဒုယိက ထိုဧည့်ကြိုမိန်းကလေးကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်ရန် ကြိုးစားသော်လည်း 'စီနီယာလီ' က သူ့ကို လှည့်ကြည့်လိုက်သည်နှင့် သူ၏ နှလုံးသားတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
'Fuckkkk... ဒီ အပျက်မသာ ပါးစပ်ပိတ်မထားရင် ငါတော့ ဒုက္ခရောက်တော့မှာပဲ' ဟု ဘုဒုယိ စိတ်ထဲက ကျိန်ဆဲလိုက်သည်။
ဧည့်ကြိုမိန်းကလေးသည် စီနီယာလီ၏ ရှေ့မှောက်တွင် မုသားမဆိုရဲပေ။ ဘာပဲဖြစ်ဖြစ် စောစောက ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့ခဲ့ရသည့် အခြားလူများစွာ ဤနေရာတွင် ရှိနေသဖြင့် အကယ်၍ ထိုသူများအနက် တစ်ဦးဦးက ရှေ့ထွက်၍ အမှန်အတိုင်း ပြောလိုက်ပါက သူမ၏ အသက်ပင် အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ်သည်။
စီနီယာလီသည် ဧည့်ကြိုမိန်းကလေးထံမှ ဖြစ်ကြောင်းကုန်စင်ကို ကြားသိရသောအခါ ဘုဒုယိနှင့် ဂျင်းဖေးတို့ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
ဘုဒုယိသည် အခြေအနေ မဟန်တော့သည်ကို သိသဖြင့် အပြစ်အားလုံးကို ဧည့်ကြိုမိန်းကလေးအပေါ် ပုံချရန် ကြိုးစားရင်း -
"မင်းက စီနီယာလီရဲ့ ရှေ့မှောက်မှာတောင် လိမ်ညာရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာလား!" ဟု အော်ဟစ်ကာ သူမကို ရိုက်နှက်ရန် ပြေးဝင်သွားသည်။
သို့သော် သူ၏ လက်ဝါးက သူမထံသို့ မရောက်မီ ဘုဒုယိသည် သူ၏ ခါးဘေးတွင် လေးလံသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ စီနီယာလီ၏ ခြေထောက်က ဘေးဘက်မှနေ၍ သူ့ထံသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်ကာ ဘုဒုယိ၏ ဆီဦးထုပ်ကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ လွင့်ထွက်သွားပြီး အလွန်ထူထဲသော နံရံတစ်ခုကို ဖြတ်၍ ဆောင့်မိပျက်စီးသွားတော့သည်။
စီနီယာလီသည် ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်လျက် မျက်လုံးများ ပိတ်နေပြီး ဝတ်စုံဖြူကြီးမှာလည်း ဖုန်မှုန့်များကြောင့် မီးခိုးရောင် ပြောင်းနေသော ဘုဒုယိကို လှည့်ပင်မကြည့်တော့ပေ။ ထိုအစား သူသည် တုန်တုန်ရင်ရင် ဖြစ်နေသော ဂျင်းဖေးကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"မင်းကိုလည်း ငါ နောက်မှ အပြစ်ပေးမယ်"
ထို့နောက် သူက ရွှန်လုံကို လှည့်ကြည့်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။
"မင်းအတွက်ကတော့... မင်းက ဒီကိစ္စမှာ တစ်စိတ်တစ်ပိုင်း အနိုင်ကျင့်ခံရသူ ဖြစ်ပေမဲ့ မင်းက အရမ်းရက်စက်ပြီး ပါးစပ်ကလည်း အဆိပ်အတောက် ဖြစ်လွန်းတယ်။ ငါတို့ 'ဆေးဆရာများအသင်း' ရဲ့ ဝန်ထမ်းတစ်ယောက်ကို မင်းက ဆဲဆိုကြိမ်းမောင်းခဲ့တယ်။ ပျက်စီးသွားတဲ့ နံရံတွေနဲ့ မင်းဖြစ်စေခဲ့တဲ့ ပြဿနာတွေအတွက် ငါ မင်းကို လျော်ကြေးမတောင်းတော့ပေမဲ့... မင်းကို ယနေ့ကစပြီး 'လွင့်မျောတိမ်တိုက်မြို့တော်' ရဲ့ 'ဆေးဆရာများအသင်း' ထဲကို ဘယ်တော့မှ ဝင်ရောက်ခွင့် မပြုတော့ဘူး"
ရွှန်လုံ၏ မျက်ဝန်းများမှာ ယခုအချိန်အထိပင် မိမိ၏ လက်အောက်ငယ်သားများဘက်မှ ကာကွယ်ပေးနေသည့် ဤရွံရှာဖွယ် အဘိုးအိုကို ကြည့်ရင်း ချက်ချင်း အေးစက်ခဲပိတ်သွားတော့သည်။
"ဟားဟားဟားဟား..."
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုစဉ် အခန်း၏ ထောင့်တစ်နေရာမှ သာယာနာပျော်ဖွယ်ကောင်းသော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့သည်။