အခန်း (၂၀၀) - ကောင်းကင်အမိုးခုံးမြို့တော်မှ အစည်းအဝေး
မိုးသီးမုန်တိုင်းထဲမှာ နစ်မြုပ်နေတဲ့ အလှပဂေးမလေးကို စိုက်ကြည့်ရင်း စုရှမ်းယွမ်ရဲ့ မျက်နှာတစ်ခုလုံး နာကျင်မှုနဲ့ ဒေါသတွေကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေပါတယ်။
သူ ဘယ်လောက်ပဲ မကျေမနပ်ဖြစ်ဖြစ်... အဆုံးသတ်မှာတော့ မိုးသီးမုန်တိုင်းကို ရပ်တန့်လိုက်ရတာပါပဲ။
ဘာလို့လဲဆိုတော့ ယီမင်ကျူးက အရှုံးပေးကြောင်း ပြောဆိုပြီးပြီဖြစ်လို့ ဆက်လက်တိုက်ခိုက်မယ်ဆိုရင် ၎င်းက စည်းမျဉ်းကို ချိုးဖောက်ရာရောက်ပြီး အဆင့်သတ်မှတ်ခြင်းဂေဟာရဲ့ ပြစ်ဒဏ်ပေးခြင်းကို ခံရမှာ ဖြစ်လို့ပါပဲ။
ယီမင်ကျူးရဲ့ ဘေးပတ်ဝန်းကျင်က နှင်းမုန်တိုင်းတွေ လွင့်ပြယ်သွားတဲ့အခါ... မှောင်မိုက်သော အယ်လ်ဖ်မျိုးနွယ်ရဲ့ ဆံပင်နီရင့်ရင့်နဲ့ အလှနတ်သမီးလေးဟာ တစ်ကိုယ်လုံး နှင်းခဲအလွှာတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။
ဒါပေမဲ့ သူမက လက်ကလေးတစ်ချက် ဝေ့ယမ်းလိုက်ရုံနဲ့တင် ခန္ဓာကိုယ်ပေါ်က နှင်းခဲတွေဟာ အလွယ်တကူပဲ ကွဲအက်ကြေမွ ပျောက်ကွယ်သွားခဲ့ပါတယ်။
သူမရဲ့ ခရမ်းရောင်မျက်ဝန်းတွေကတော့ တခြားဘယ်အရာကိုမှ ဂရုမစိုက်ဟန်နဲ့ ရှေ့ကလူငယ်ကိုသာ စိတ်ပျက်အားလျော့စွာ စိုက်ကြည့်နေခဲ့တာပါ။
ယီမင်ကျူးရဲ့ မျက်နှာပေါ်က စိတ်ပျက်နေတဲ့ အမူအရာကို မြင်လိုက်ရတဲ့အခါ စုရှမ်းယွမ်ဟာ အကြီးအကျယ် ဒေါသထွက်သွားပြီး ရင်ထဲကနေ အံကြိတ်ကာ အော်ဟစ်လိုက်မိပါတယ်။
(အမျိုးသမီးပျက်... နင် ငါ့ကို သတ်မပစ်နိုင်ခဲ့လို့ တကယ်ပဲ စိတ်ပျက်နေတာလား...)
ဒါပေမဲ့ ယီမင်ကျူးကတော့ သေချာနားလည်ထားပါတယ်။ သူမရဲ့ ဒုတိယမြောက် ဓားမြှောင်နဲ့ စုရှမ်းယွမ်ကို အပြတ်မသတ်နိုင်ခဲ့သလို အပြင်းအထန် ဒဏ်ရာမရစေခဲ့တဲ့အတွက်... ‘နတ်သားသန္ဓေနယ်ပယ် အဆင့် ၁ အစောပိုင်း’ ကျင့်ကြံခြင်းနဲ့တင် သူ့ကို ဆက်ပြိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတာကိုပေါ့။
ဘာပဲဖြစ်ဖြစ်... သူမက စုရှမ်းယွမ်ရဲ့ တိုက်ခိုက်ရေးစတိုင်၊ အားသာချက်၊ အားနည်းချက်တွေကို သူမကိုယ်သူမ သိသလိုမျိုး ကောင်းကောင်းကြီး သိထားတာကိုး။
အယ်လ်ဖ်မင်းသမီးလေးဟာ ဘာတစ်ခွန်းမှ မပြောတော့ဘဲ လှည့်ထွက်ကာ အဆင့်သတ်မှတ်ချက်တံခါးထဲကနေ ထွက်ခွာသွားခဲ့ပါတော့တယ်။
ခဏအကြာမှာတော့ သူမဟာ အဆင့်သတ်မှတ်ခြင်းဂေဟာရဲ့ ခန်းမဆောင်ထဲကို ပြန်လည်ပေါ်ထွက်လာပြီး လူအုပ်ကြီးရဲ့ ရိုသေလေးစားတဲ့ အကြည့်တွေအောက်မှာပဲ ဝင်ပေါက်ဆီကို ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့ပါတယ်။
စုရှမ်းယွမ်ကို အရှုံးပေးခဲ့တဲ့အတွက် သူမကို ဘယ်သူမှ လှောင်ပြောင် သရော်ခြင်း မပြုရဲကြပါဘူး။
ဘာလို့လဲဆိုတော့... သူမက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလျက်နဲ့ စိန်ခေါ်မှုကို စတင်ခဲ့တာဖြစ်ပြီး ဂေဟာရဲ့ ထိပ်သီးအဆင့် ၁၅၀ အတွင်းမှာရှိတဲ့ ပါရမီရှင်တစ်ယောက်ကို ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့လို့ပါပဲ။
စုရှမ်းယွမ် အဆင့်သတ်မှတ်ချက်တံခါးကနေ ထွက်လာတဲ့အခါမှာတော့ သူ့ကို ဒုတိယအကြိမ် ပြန်လှည့်မကြည့်တော့တဲ့ မိန်းမပျိုရဲ့ ကျောပြင်ကို ကြည့်ရင်း မျက်ဝန်းတွေက မှောင်မှိုင်းနေခဲ့ပါတယ်။
ယီမင်ကျူး ထွက်ခွာသွားတာကို မြင်တော့ စုရှမ်းယွမ်လည်း ဒီနေရာမှာ ဆက်မနေတော့ဘဲ ထွက်ခွာသွားခဲ့ရာ ဘေးပတ်ဝန်းကျင်က လူတွေလည်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ကြပါတော့တယ်။
လူတိုင်းက ခုနကတင် ပြီးဆုံးသွားတဲ့ အဆင့်သတ်မှတ်ချက်တံပွဲအကြောင်း တကြော်ကြော် ဆွေးနွေးနေကြစဉ်... ရွှန်လုံလည်း အဆင့်သတ်မှတ်ခြင်းဂေဟာကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့အနေနဲ့ လောလောဆယ် တိုက်ပွဲတွေမှာ ပါဝင်ခွင့်မရှိသေးတဲ့အတွက် ဒီနေရာမှာ အချိန်ကုန်ခံ နေစရာ အကြောင်းမရှိတော့ပါဘူး။
သူနဲ့ လျိုမေတို့ဟာ ကျားသစ်နက်ကြီးပေါ်ကို ပြန်လည်စီးနင်းလိုက်ကြပြီး အဆင့်သတ်မှတ်ခြင်းဂေဟာကနေ ထွက်ခွာခဲ့ကြပါတယ်။
မြို့တော်ရဲ့ အနောက်ဘက်အပိုင်းကို လှည့်ပတ်ကြည့်ရှုပြီးနောက်... ရွှန်လုံနဲ့ လျိုမေတို့ဟာ ‘ရွှေဝက်အင်း’ လို့ခေါ်တဲ့ အင်းဟိုတယ်ကြီးတစ်ခုရဲ့ အရှေ့ကို ရောက်ရှိလာခဲ့ကြပါတယ်။
ဒီအင်းဟိုတယ်ကလည်း ‘ရွှေရတနာလဲလှယ်ရေးကုန်သွယ်မှုအဖွဲ့’ ပိုင်ဆိုင်တဲ့နေရာ ဖြစ်ပုံရပါတယ်။
ဘာပဲဖြစ်ဖြစ် တည်းခိုဖို့နေရာ ရှာနေတာဖြစ်တဲ့အတွက်... ရွှန်လုံက ‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး’ (၉၀၀၀) ပေးချေပြီး (၃) လစာအတွက် အလယ်အလတ်စား ဝင်းခြံတစ်ခုကို ငှားရမ်းလိုက်ပါတော့တယ်။
ရွှန်လုံနဲ့ လျိုမေတို့ ဝင်းခြံထဲက သူတို့အခန်းထဲကို ဝင်ရောက်သွားတဲ့ အချိန်မှာပဲ... ကောင်းကင်အမိုးခုံးမြို့တော်ရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ နန်းတော်ကြီးတစ်ခုရဲ့ အထဲမှာတော့... ဘယ်သူမှ အနားမကပ်ရဲတဲ့ တိတ်ဆိတ်ငြိမ်သက်လှတဲ့ အခန်းတစ်ခန်းထဲတွင် ‘ညဘက်ကြယ်တာရာတိုက်ကြီး ’ တစ်ခုလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ အရေးကြီးလှတဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ပွားနေပါတယ်။
ဒီနန်းတော်ကတော့ ကောင်းကင်အမိုးခုံးမြို့တော်ရဲ့ ထိပ်သီးအင်အားစုကြီးတွေထဲက တစ်ခုဖြစ်တဲ့ ‘ရှုန့်ထျန်းအင်ပါယာ’ ရဲ့ တော်ဝင်မိသားစု နန်းတော်ပဲ ဖြစ်ပါတယ်။
သစ်သားနဲ့ ပြုလုပ်ထားတဲ့ ဝိုင်းဝန်းကြီးမားလှတဲ့ စားပွဲဝိုင်းကြီးတစ်ခုရဲ့ ဘေးမှာ လူပေါင်း (၁၀) ယောက် စုဝေးထိုင်နေကြပြီး တစ်ဦးကိုတစ်ဦး တည်ကြည်လေးနက်စွာ စိုက်ကြည့်နေကြပါတယ်။
စားပွဲရဲ့ အဓိက သဘာပတိနေရာမှာတော့... ခေါင်းမှာ ဆံပင် လုံးဝမရှိသလောက် ပြောင်သလင်းခါနေတဲ့ အဖိုးအိုတစ်ယောက်ဟာ မျက်လုံးတွေကို မှိတ်ထားရင်း ထိုင်နေပါတယ်။ ဒီအဖိုးအိုဟာ အသက်အရွယ်အရ ဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်နေသလို ထင်ရပေမဲ့... သူ့ရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ထိတ်လန့်ဖွယ် ကောင်းလှတဲ့ စွမ်းအင်ဖိအားကြီးဟာ သာမန် ‘ဒေါင်ဘုရင် (Dao King)’ ပညာရှင်တစ်ယောက်ကိုပင် အသိစိတ်လွတ်သွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှတာပါ။
ဒီလူကတော့ ရှုန့်ထျန်းအင်ပါယာရဲ့ ဘုရင်ဟောင်းဖြစ်သူ ‘ရှုန့်ကျွင်း’ ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ လက်ယာဘက်မှာတော့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် ထိုင်နေပြီး ဘေးပတ်ဝန်းကျင်က လူတွေကို လေးနက်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေပါတယ်။ ဒီအမျိုးသမီးကတော့ ရှုန့်ထျန်းအင်ပါယာရဲ့ မိဖုရားဟောင်းဖြစ်ပြီး ရှုန့်ကျွင်းရဲ့ ဇနီးဖြစ်သူ ‘ချောင်လီဖန် ’ ပါပဲ။
ရှုန့်ထျန်းအင်ပါယာရဲ့ အုပ်စိုးသူဟောင်း နှစ်ယောက်အပြင်... ကောင်းကင်အမိုးခုံးမြို့တော်ရဲ့ ကျန်ထိပ်သီးအင်အားစုကြီး (၄) ခုစီကနေ ရောက်လာကြတဲ့ အဆင့်မြင့်အဖွဲ့ဝင် နှစ်ယောက်စီလည်း ဒီစားပွဲဝိုင်းမှာ အသီးသီး ထိုင်နေကြပါတယ်။
တော်ဝင်ဘုရင်ဟောင်း ရှုန့်ကျွင်းရဲ့ ဘေးမှာတော့ ‘ဆေးဝါးပညာရှင်များအဖွဲ့ချုပ် ’ ရဲ့ ရွှေရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ အဖိုးအိုနှစ်ယောက် ထိုင်နေပါတယ်။ ရွှန်လုံအနေနဲ့ စောစောက ဆေးဝါးပညာရှင်များအဖွဲ့ချုပ်မှာ ဒီအဖိုးအိုနှစ်ယောက်နဲ့ မဆုံခဲ့ရပေမဲ့ ကျင်းဝင်လင်နဲ့ တခြားအကြီးအကဲတွေဆီကနေ သူတို့အကြောင်းကို ကြားဖူးထားပြီးသားပါ။ သူတို့နှစ်ယောက်ဟာ ဆေးဝါးပညာရှင်များအသင်းရဲ့ တစ်ဦးတည်းသော ‘အဆင့် ၃ ရွှေအဆင့် ဆေးဝါးပညာရှင်’ ကြီးတွေ ဖြစ်ကြပါတယ်။
ဒီအဖိုးအိုတွေရဲ့ ဘေးမှာတော့ အသက် ၄၀ ကျော်အရွယ် ရင်သပ်ရှုမောဖွယ် ကောင်းလှတဲ့ မိန်းမလှကြီး နှစ်ယောက် ရှိနေပါတယ်။
ထိုအမျိုးသမီးနှစ်ယောက်လုံးမှာ ညိုမှိုင်းတဲ့ အသားအရေ၊ စွင့်ကားတဲ့ နားရွက်ချွန်လေးတွေနဲ့ ဆံပင်နက်နီရင့်ရင့်တွေ ရှိကြပါတယ်။ သူတို့ရဲ့ ပြစ်မျိုးမှဲ့မထင်လှတဲ့ ရုပ်ရည်အလှအပဟာ ဘယ်နေရာကိုပဲသွားသွား လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်သလို... ပြီးပြည့်စုံတဲ့ ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အချိုးအစားဟာလည်း အမျိုးသားထုရဲ့ ရင်ထဲက အမှောင်မိုက်ဆုံး ရမ္မက်ဆန္ဒတွေကို နှိုးဆွပေးနိုင်စွမ်း ရှိပါတယ်။
ဒါ့အပြင် ‘ကြေးစားစစ်သည်များအဖွဲ့ချုပ် ’ ကနေ ရောက်လာတဲ့ အလယ်အလတ်အရွယ် လူကြီးတစ်ယောက်နဲ့ အဘွားအိုတစ်ယောက် ရှိနေသလို၊ ‘ရွှေရတနာလဲလှယ်ရေးကုန်သွယ်မှုအဖွဲ့ ’ ကနေ ရောက်လာတဲ့ လူကြီးနှစ်ယောက်လည်း ရှိနေကြပါတယ်။
လူတိုင်းရဲ့ မျက်ဝန်းတွေထဲမှာ လေးနက်တည်ကြည်တဲ့ အရိပ်အယောင်တွေ ရှိနေကြပြီး ရှုန့်ထျန်းအင်ပါယာရဲ့ ဘုရင်ဟောင်း ရှုန့်ကျွင်းကိုသာ စိုက်ကြည့်နေကြပါတယ်။
ထိုစဉ် ရှုန့်ကျွင်းက မျက်လုံးတွေကို ဖွင့်လိုက်ရာ... ကမ္ဘာသစ်တစ်ခုလုံး ပွင့်လန်းသွားသလိုမျိုး ထင်မှတ်ရပါတယ်။
သူ့ဘေးပတ်ဝန်းကျင်က လူတွေကို ကြည့်ရင်း... အဖိုးအိုဟာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လေးနက်တည်ကြည်တဲ့ လေသံနဲ့ ပြောလိုက်ပါတော့တယ်။
"ငါတို့မှာ အချိန် (၃) နှစ်တောင် မပြည့်တော့ဘူး...။ ငါ ညဘက်ကြယ်တာရာတိုက်ကြီးရဲ့ တခြား ထိပ်သီးပညာရှင်ကြီးတွေနဲ့ စကားပြောခဲ့ပြီးပြီ၊ ငါ မင်းတို့ကို အမှန်အတိုင်း ပြောရရင်... သူတို့ထဲက ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိကြဘူး။"
"အခုအချိန်ကစပြီး အရာအားလုံးဟာ ငါတို့ ညဘက်ကြယ်တာရာတိုက်ကြီးရဲ့ မျိုးဆက်သစ် လူငယ်တွေအပေါ်မှာပဲ မူတည်တော့မယ်။"
"‘အရှင်ဖြူ ’ က လာမယ့် ၃ လအတွင်းမှာ သူ့ရဲ့ သားဖြစ်သူကို ကောင်းကင်အမိုးခုံးမြို့တော်ဆီ စေလွှတ်လိမ့်မယ်။ တခြားထိပ်သီး ပညာရှင်ကြီးတွေလည်း သူတို့ရဲ့ မျိုးဆက်တွေကို ဒီနေရာဆီ လွှတ်ဖို့ ဆုံးဖြတ်ထားကြပြီးပြီ။"
"ငါ ကြားသိရသလောက်တော့... ‘စစ်သိုင်းကြယ်တာရာတိုက်ကြီး ’ ကလည်း အလားတူပဲ ပြင်ဆင်နေကြတယ်တဲ့။"
"ဒါဟာ... ငါတို့ ညကြယ်တာရာတိုက်ကြီးအနေနဲ့ ‘မိစ္ဆာဧကရာဇ်နန်းတော်’ ရဲ့ ဘေးရန်ကနေ ရှင်သန်လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ..."