အပိုင်း (၂) - သေခြင်းနှင့် ရှင်ခြင်း
ရှောက်ရှီနှင့် ထိုဦးလေးကြီးသည် နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင်သို အစောဆုံး ရောက်ရှိလာတတ်ကြသူများ ဖြစ်သည်။ ထိုလူကြီး၏ ဇနီးသည်မှာ ကိုယ်ဝန် ၆ လ ရှိနေပြီဖြစ်ရာ မကြာမီ လူ့လောကထဲသို ရောက်ရှိလာတော့မည့် သူ၏ရင်သွေးလေးနှင့် ဇနီးသည်အတွက် သူသည် အစွမ်းကုန် ကြိုးစားရုန်းကန်နေရရှာသည်။
အချိန်တိုသည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မွန်းတည့်ချိန်သို ရောက်ရှိလာခဲ့ပြီ။
နေရှိန်က ပြင်းပြလှသဖြင့် နာရီပေါင်းများစွာ အလုပ်လုပ်ပြီးနောက် ရှောက်ရှီ၏ ပိန်လှီလှသော ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ကာ မောဟိုက်နေချေပြီ။ သူသည် ပဉ္စမထပ်ရှိ အလုပ်များကို လက်စသတ်ပြီး ခေတ္တအနားယူရန် ပြင်ဆင်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုဦးလေးကြီးသည်လည်း အလုပ်ခေတ္တနားရန် ပြင်နေသည်။ ထိုကြောင့် သူတိုနှစ်ဦးသည် ပဉ္စမထပ်နှင့် စတုတ္ထထပ်ကို ဆက်သွယ်ထားသော တပိုင်းတစသာ ပြီးစီးသေးသည့် လှေကားထစ်များအတိုင်း အောက်သို ဆင်းလာခဲ့ကြ၏။ စတုတ္ထထပ်သို ရောက်ရန်အတွက်မူ သစ်သားပျဉ်ပြား တစ်ချပ်ပေါ်မှ ဖြတ်ကျော်၍ သွားကြရမည်ဖြစ်သည်။
ပျဉ်ပြားပေါ်တွင် လျှောက်လှမ်းနေစဉ်မှာပင် ရုတ်တရက်ဆိုသလို မြေဟည်းသံကြီးနှင့်အတူ ပြင်းထန်သော မြေငလျင်တစ်ခုက တစ်ိက်လုံးကို တုန်ခါသွားစေသည်။ အဆောက်အအုံ၏ အခြေအမြစ်များအထိ ပြင်းထန်စွာ လှုပ်ခါသွားမည့် ဤကဲ့သိုသော ငလျင်မျိုးကို မည်သူကမှ ကြိုတင်မမျှော်လင့်ထားခဲ့ကြပေ။
ရှောက်ရှီသည် ငလျင်ဒဏ်ကြောင့် ဟန်ချက်ပျက်ကာ စတုတ္ထထပ်မှ မြေပြင်သို တိုက်ရိုက်ပြုတ်ကျတော့မည့် ထိုဦးလေးကြီးကို မြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် ရှောက်ရှီသည် အနောက်မှ အတင်းပြေးဝင်ကာ သူ၏ အစွမ်းရှိသမျှအားဖြင့် ထိုလူကြီးကို တစ်ဖက်သို တွန်းပိုလိုက်သည်။ ထိုတွန်းအားကြောင့်ပင် ဦးလေးကြီးမှာ တစ်ဖက်ကမ်းသို လွင့်စင်သွားပြီး အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။
သိုသော် ထိုလူကြီး တစ်ဖက်သို ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရှောက်ရှီ၏ ခေါင်းပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲသံကြီး ထွက်ပေါ်လာသည်။ အဆောက်အအုံ၏ တစ်ဝက်ခန့်မှာ ပြိုကျပျက်စီးသွားပြီး ရှောက်ရှီမှာလည်း အဆောက်အအုံ အပျက်အစီးများအောက်တွင် နစ်မြုပ်သွားတော့သည်။ ထိုလူကြီးမှာ ရင်ကွဲမတတ် အော်ဟစ်ငိုကြွေးနေမိသည်။ ကံကောင်းထောက်မစွာဖြင့် သူရှိနေသော ဘက်အခြမ်းမှာ အံ့ဖွယ်နည်းဖြင့် ကျန်ရစ်ခဲ့သော်လည်း ကျန်တစ်ဖက်မှာမူ ပျက်စီးသွားချေပြီ။ သူသည် အောက်သို အမြန်ဆုံး ပြေးဆင်းသွားပြီး ရှောက်ရှီကို ဖုံးလွှမ်းနေသော ကျောက်ခဲများ၊ ဖန်ကွဲစများနှင့် ကွန်ကရစ်တုံးများကို လက်ဗလာဖြင့် အတင်းဖယ်ရှားတော့သည်။
သိုသော်လည်း အချည်းနှီးသာ။ အဆောက်အအုံတစ်ဝက် ပြိုကျထားသည်ဖြစ်ရာ ထိုအပျက်အစီးများမှာ တောင်တစ်လုံးကဲ့သို မြင့်မားနေချေပြီ။ ထိုလူကြီး၏ လက်များမှာလည်း ဖန်ကွဲစများကြောင့် သွေးချင်းချင်းနီနေသော်လည်း ရှောက်ရှီကို ကယ်တင်နိုင်နိုးဖြင့် ဆက်လက်ဖယ်ရှားနေခဲ့သည်။ သူ့အသက်ကို ကယ်တင်ရန်အတွက် ဤကလေးက သူ့အသက်ကို ရင်းသွားခဲ့သည်ဟူသော အသိက သူ့ကို အလွန်ပင် စိတ်မကောင်းဖြစ်စေသည်။ အခြားအလုပ်သမားများ ရောက်လာပြီး သူ့ကို အတင်းတားဆီးမှသာ သူရပ်တန့်လိုက်ရတော့သည်။
ရှောက်ရှီသည် အပျက်အစီးများ သူ၏ခေါင်းပေါ်သို ပြိုကျလာသည်ကို မြင်လိုက်ရကတည်းက သူ၏ဘဝ ဇာတ်သိမ်းတော့မည်ကို သိရှိလိုက်သည်။ သိုသော် ထိုလူကြီးကို ကယ်တင်ခဲ့ရသည့်အတွက် သူနောင်တမရပါ။ သူ့အပေါ် ဂရုစိုက်မှုပြခဲ့သည့် တစ်ဦးတည်းသောသူကို ကယ်တင်နိုင်ခဲ့ခြင်းကြောင့် သူ၏နောက်ဆုံးအတွေးမှာ "ဦးလေးကြီး အသက်ရှင်သွားတာ ကောင်းပါတယ်... ဒါပေမဲ့ ငါ့ဘဝက ဒီလိုနဲ့ပဲ ပြီးဆုံးသွားရတာ တကယ်ပဲ မတရားလိုက်တာ" ဟူ၍သာ။ ထိုနောက် သူ၏ မြင်ကွင်းများမှာ မှောင်အတိကျသွားကာ အသိစိတ်တို ပျောက်ကွယ်သွားခဲ့သည်။
ရှောက်ရှီသည် အသိစိတ်တို တရိပ်ရိပ် ပြန်လည်နိုးထလာသည်နှင့်အမျှ မျက်ခွံတိုကို အားယူ၍ ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ သိုသော် သူ ပထမဆုံး ခံစားလိုက်ရသည်မှာ ဦးခေါင်းတစ်ခုလုံး နှစ်ခြမ်းကွဲထွက်တော့မည့်အတိုင်း ပြင်းထန်လှသော ဝေဒနာပင်။ ထိုနာကျင်မှုက သူ၏ အသိဥာဏ်ကို ဆွဲဖြဲပစ်နေသကဲ့သို ခံစားရသဖြင့် သူသည် မြေပြင်ပေါ်၌ ဟိုဘက်ဒီဘက် လူးလှိမ့်ကာ နာကျင်စွာ အော်ဟစ်နေမိတော့သည်။ ထိုစဉ်က သူ၏ အာရုံထဲ၌ ခေါင်းကိုက်ဝေဒနာမှအပ အခြားမည်သည့်အရာကိုမျှ မခံစားနိုင်တော့ပေ။
ရှောက်ရှီ သတိမထားမိသည်မှာ သူ၏ ခန္ဓာကိုယ်သည် အပျက်အစီးများအောက်၌ ရောက်မနေတော့ခြင်းပင်။ သူသည် သွေးနီရောင် မြက်ခင်းပြင်တစ်ခုပေါ်၌ ပက်လက်လန်လျက် ရှိနေပြီး ပတ်ဝန်းကျင်၌မူ လျှပ်စီးတန်းများ တရစပ် ပစ်ဆင်းနေသည့် မိုးသက်မုန်တိုင်းကြီး ကျရောက်နေသည်။ သူ၏ လက်ခြေတိုမှာ အရိုးများ ကျိုးကြေနေပြီး ဦးခေါင်းနောက်ဘက်မှ သွေးများ စီးကျနေ၏။ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ သွေးအလိမ်းလိမ်းဖြင့် စုတ်ပြတ်သတ်နေကာ ရင်ဘတ်၏ ဘယ်ဘက်ခြမ်းတွင်မူ ဓား သိုမဟုတ် လှံဖြင့် အထိုးခံထားရသည့်အလား ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခု ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုဒဏ်ရာမှာ နှလုံးသားဆီသို ရောက်ရန် လက်မအနည်းငယ်သာ လိုတော့သည်။
သူ၏ ဦးနှောက်ထဲသို တစ်စုံတစ်ခုက အတင်းအဓမ္မ ထိုးသိပ်ထည့်ခံနေရသကဲ့သို ခံစားနေရပြီး ဦးခေါင်းတစ်ခုလုံး ဆံ့နိုင်စွမ်းမရှိတော့ဘဲ ပေါက်ကွဲထွက်တော့မည့်အတိုင်းပင်။
လျှပ်စီးတန်းတစ်ခုက ရှောက်ရှီ၏ ဦးခေါင်းတည့်တည့်သို ပစ်ဆင်းရန် ပြင်လိုက်စဉ်မှာပင် သူ၏အထက် ကောင်းကင်ယံ၌ ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး ထိုလျှပ်စီးတန်းကို ဝါးမြိုပစ်လိုက်သည်။
ထိုနောက် ထိုအက်ကွဲကြောင်းထဲမှ ကျောက်တုံးတစ်တုံးသည် လေထုထဲသို တရွေ့ရွေ့ ထွက်ပေါ်လာခဲ့၏။ ထိုကျောက်တုံး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်တစ်ခုလုံးနှင့် မြေကမ္ဘာသည် တိတ်ဆိတ်အေးခဲသွားတော့သည်။
မိုင်အနည်းငယ် အကွာအဝေးရှိ "အပြာရောင်သစ်တောမြိုတော်" အတွင်းရှိ လူအားလုံးမှာ ကျောက်ရုပ်များအလား ရပ်တန့်သွားကြသည်။ လမ်းလျှောက်နေသူများမှာ ခြေလှမ်းကျဲလက်စဖြင့် အေးခဲသွားသလို၊ စားသောက်ဆိုင်အတွင်း စကားပြောရယ်မောနေသူများ၊ စားသောက်နေသူများ၊ ဈေးသည်များမှာလည်း လှုပ်ရှားမှုမရှိဘဲ ရပ်တန့်သွားခဲ့သည်။ တည်းခိုခန်းနှင့် စားသောက်ဆိုင်များမှ မီးဖိုပေါ်ရှိ မီးတောက်များပင်လျှင် ပန်းချီကားတစ်ချပ်ကဲ့သို ငြိမ်သက်သွားလေပြီ။
ရှောက်ရှီ၏ ပတ်ဝန်းကျင်ရှိ လျှပ်စီးတန်းများမှာလည်း ကောင်းကင်ယံ၌ ရေးဆွဲထားသော ပန်းချီကားတစ်ချပ်နှယ် ငြိမ်သက်သွားသည်။ ဤကျောက်တုံး ပေါ်ထွက်လာသည်ကို ကောင်းကင်ဘုံကိုယ်တိုင်ပင် ထိတ်လန့်တုန်လှုပ်သွားသည့်အလား လှုပ်ရှားရန် ကြောက်ရွံနေခဲ့သည်။
တြိဂံပုံသဏ္ဌာန်ရှိသော ထိုကျောက်တုံးသည် စူးရှလွန်းလှသော အပြာနုရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ ရှောက်ရှီ၏ ပတ်ဝန်းကျင် တစ်မိုင်အတွင်းရှိ မည်းမှောင်နေသော မိုးတိမ်တောင်များနှင့် အေးခဲနေသော လျှပ်စီးတန်းအားလုံးကို မှုန့်မှုန့်ညက်ညက် ချေဖျက်ပစ်လိုက်တော့သည်။
ပတ်ဝန်းကျင်၏ ရုတ်တရက် ပြောင်းလဲသွားမှုကို ခံစားမိလိုက်သော ရှောက်ရှီသည် အားယူ၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဦးခေါင်းအတွင်းမှ နာကျင်မှုများမှာလည်း တဖြည်းဖြည်း လျော့ပါးသွားပြီဖြစ်သည်။ သူ၏ မျက်ခုံးနှစ်ခုကြား တည့်တည့်တွင် တြိဂံပုံသဏ္ဌာန် ကျောက်တုံးကလေးတစ်ခုက အပြာရောင်အလင်းတန်းများ ဖြာထွက်လျက် ဝဲပျံနေသည်ကို တွေ့လိုက်ရပြီးနောက်... ထိုကျောက်တုံးသည် သူ၏ ဦးခေါင်းအတွင်းသို အရှိန်အဟုန်ဖြင့် တိုးဝင် ပျောက်ကွယ်သွားတော့သည်။