အပိုင်း (၁၉) - အဆက်အသွယ်ကောင်းများ
'စီနီယာလု' ၏ အမည်ရင်းမှာ လုချန် ဖြစ်ပြီး အခြေအနေအရ သူသည် လုဝမ်နှင့် အလွန်နီးစပ်သော ဆက်ဆံရေး ရှိပုံရသည်။ ထို့ကြောင့်လည်း လုဝမ်က သူ့ကို ဦးလေးဟု ခေါ်ဆိုခြင်း ဖြစ်သည်။
လုချန်သည် ခန်းမအတွင်းသို့ လျှောက်လှမ်းလာပြီး လုဝမ်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"လိမ္မာတယ် ငါ့တူ... မင်း အိမ်ပြန်ရမယ့် အချိန်ရောက်ပြီ"
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ဆွံ့အသွားကြသည်။ သို့သော် အံ့သြဆုံးသူများမှာ လုချန်၏ နောက်တွင် ပါလာသော တပည့် ၃ ဦးပင် ဖြစ်သည်။ လုချန်သည် ကောင်းကင်ကံကြမ္မာနိုင်ငံကဲ့သို့ ခေတ်နောက်ကျသော နေရာမျိုးတွင် မည်သို့ကြောင့် ရင်းနှီးသူ ရှိနေသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ကြချေ။
သူတို့ ၃ ဦးစလုံးမှာ 'လွင့်မျောတိမ်တိုက်ဂိုဏ်း' ၏ အပြင်စည်းတပည့်များ ဖြစ်ကြပြီး အချင်းချင်း တိတ်တဆိတ် မျက်ရိပ်ပြလိုက်ကြသည်။ ထို့နောက် အမျိုးသမီးငယ်က ရိုသေသေဖြင့် ရှေ့သို့တိုးကာ သတိကြီးစွာဖြင့် မေးလိုက်သည်။
"အကြီးအကဲလု... အကြီးအကဲက ကောင်းကင်ကံကြမ္မာနိုင်ငံက ဒီလူငယ်ကို သိနေတာလားရှင်?"
ထိုအခါမှသာ ခန်းမအတွင်းရှိ လူများမှာ ဤ 'စီနီယာလု' သည် တကယ်တော့ 'လွင့်မျောတိမ်တိုက်ဂိုဏ်း' ၏ အကြီးအကဲတစ်ဦး ဖြစ်ကြောင်း နားလည်သွားကြသည်။ ပုံမှန်အားဖြင့် အပြင်စည်းတပည့်များမှာ ဂိုဏ်း၏ အကြီးအကဲများကို လွတ်လပ်စွာ စကားပြောဆိုခွင့် မရှိကြချေ။ အထူးသဖြင့် ဤအမျိုးသမီးကဲ့သို့ အကြီးအကဲလုနှင့် ထိုလူငယ်၏ ပတ်သက်မှုကို တိုက်ရိုက်မေးမြန်းရန် ပို၍ပင် မဖြစ်နိုင်ပေ။ သို့သော် အကြီးအကဲလုသည် လုဝမ်နှင့် တွေ့ရသဖြင့် အလွန်ဝမ်းသာနေသည်ကို မြင်ရသောကြောင့် ထိုတပည့် ၃ ဦးမှာလည်း မနေနိုင်ဘဲ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
အကြီးအကဲလုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ဘတ်ကို မတ်လိုက်ပြီး သူတို့ကို ပြောလိုက်သည်။
"ဟားဟား... ဒါက ငါ လုချန်ရဲ့ တူအရင်း၊ လုဝမ် ပဲ။"
အကြီးအကဲလု၏ စကားကြောင့် နောက်မှ ပါလာသော တပည့် ၃ ဦးမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။ ဤလူငယ်မှာ အကြီးအကဲလုနှင့် တိုက်ရိုက်သွေးသားတော်စပ်သူ ဖြစ်နေသည် မဟုတ်ပါလား။
သူတို့သည် အမြန်ပင် ရှေ့သို့တိုးကာ လက်အုပ်ချီ ဦးညွှတ်လိုက်ကြပြီး -
"နှုတ်ဆက်ပါတယ်... စီနီယာအစ်ကိုလု" ဟု ဆိုကြသည်။
လုဝမ်က သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အကြီးအကဲလုဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဦးလေး... ဒါက ကျွန်တော် အရမ်းသဘောကျတဲ့ ပါရမီရှင် ညီအစ်ကိုတစ်ယောက်ပါ၊ သူ့နာမည်က ရွှန်လုံ တဲ့။"
လုဝမ်က ရွှန်လုံကို အကြီးအကဲလုနှင့် မိတ်ဆက်ပေးလိုက်သောအခါ လုချန်သည် သူ၏ တူဖြစ်သူ ဘေးမှ လူငယ်ကို မနေနိုင်ဘဲ အကဲခတ်ကြည့်လိုက်မိသည်။
သူသည် စောစောပိုင်းက ခန်းမအနီးတွင် မရှိခဲ့သဖြင့် ရွှန်လုံနှင့် ရှောင်ရှီထုတို့၏ တိုက်ပွဲကို မမြင်ခဲ့ရပေ။ မဟုတ်လျှင်မူ လုဝမ်က မိတ်မဆက်ပေးခင်ကတည်းက ရွှန်လုံကို သူ သတိထားမိနေမည် ဖြစ်သည်။
ရွှန်လုံက လက်သီးဆုပ် ဂါရဝပြုကာ -
"ဂါရဝပြုပါတယ်... အကြီးအကဲလု" ဟု နှုတ်ဆက်လိုက်သည်။
လုချန်က ရယ်မောရင်း ရွှန်လုံ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"လိမ္မာတဲ့ ကောင်လေး။ မင်း ဂိုဏ်းထဲရောက်လို့ ဘာပဲလိုလို ငါ့ဆီ တိုက်ရိုက်လာခဲ့လို့ ရတယ်။ ဝမ်အာနဲ့ မင်းက ရင်းနှီးတဲ့သူငယ်ချင်းတွေဆိုတော့ ငါ့ကို အားနာနေစရာ မလိုဘူး။"
အကြီးအကဲလု စကားအဆုံးတွင် လူ ၃ ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ပုံစံအမျိုးမျိုး ပြောင်းလဲသွားသည်။ ရှောင်ရှီထုနှင့် လင်းဝူတို့၏ မျက်နှာများမှာ ချက်ချင်း ဖြူဖျော့သွားပြီး အိမ်ရှေ့မင်းသား၏ မျက်နှာမှာမူ တဖြည်းဖြည်း ပြာနှမ်းလာတော့သည်။
အပြာရောင်သစ်တောမြို့တွင် လုဝမ်အမည်ရှိ ပါရမီရှင် ဆေးဆရာတစ်ဦး ရှိကြောင်း အိမ်ရှေ့မင်းသား သိထားသော်လည်း သူ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ အကယ်၍ ဤဆေးဆရာသည် 'လွင့်မျောတိမ်တိုက်ဂိုဏ်း' ၏ အကြီးအကဲတစ်ဦးနှင့် ပတ်သက်နေမှန်း သာ သိခဲ့ပါက သူနှင့် ဆက်ဆံရေးကောင်းမွန်အောင် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့မည် ဖြစ်သည်။ သို့သော် ယခုအခါ လုဝမ်မှာ ကောင်းကင်ကံကြမ္မာနိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်ရာ အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဂိုဏ်းထဲရောက်လျှင် ဘာမဆို လာရောက်အကူအညီတောင်းနိုင်ကြောင်း အကြီးအကဲလုက ပြောခဲ့သော်လည်း ရွှန်လုံက ထိုစကားကို စိတ်ထဲ သိပ်မထားခဲ့ပေ။
လုချန်သည် လုဝမ်ကြောင့်သာ သူ့အပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေခြင်း ဖြစ်ကြောင်း သူ သိသည်။ မဟုတ်လျှင်မူ တစ်ခါမျှ မဆုံဖူးသော ရွှန်လုံကို လုချန်က ဤမျှ လှိုက်လှိုက်လှဲလှဲ ဆက်ဆံစရာ အကြောင်းမရှိချေ။ ရွှန်လုံကိုယ်တိုင်ကလည်း 'လွင့်မျောတိမ်တိုက်ဂိုဏ်း' တွင် သက်တောင့်သက်သာ နေထိုင်နိုင်ရန် အခြားသူ၏ အကူအညီကို အားကိုးရန် စိတ်ကူးမရှိပေ။
သို့သော်လည်း သူက အကြီးအကဲလုကို လက်အုပ်ချီကာ -
"အကြီးအကဲလုကို အထူးပဲ ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
အကြီးအကဲလုက ခေါင်းညိတ်လိုက်ပြီး ခန်းမအတွင်းရှိ ကျန်ရှိနေသော လူများကို စစ်ဆေးသည့်အလား ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။
"မင်းတို့ကို အမှန်အတိုင်း ပြောရရင်... မင်းတို့အဖွဲ့ရဲ့ အရည်အသွေးက ဒီနှစ် ဂိုဏ်းထဲဝင်မယ့် တခြားအဖွဲ့တွေနဲ့ ယှဉ်ရင် ပျမ်းမျှအဆင့်ပဲ ရှိတယ်။ မင်းတို့ထဲမှာ ငါ့မျက်စိကျလောက်တဲ့ ပါရမီရှင်တစ်ယောက်မှ မပါဘူး၊ ဒါကြောင့် ဂိုဏ်းထဲရောက်ရင် မင်းတို့အားလုံး အောက်ခြေအဆင့်မှာပဲ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ဂိုဏ်းထဲမဝင်ခင် မင်းတို့ ကျိန်းသေသိထားရမယ့် အရေးကြီးတဲ့ အချက်တစ်ချက် ရှိတယ်။"
အကြီးအကဲလု၏ လေသံမှာ စောစောပိုင်းက အေးစက်နေသော်လည်း ယခုမူ ရုတ်တရက် တည်ကြည်လေးနက်သွားသည်။
"ဂိုဏ်းထဲကို ဝင်ဖို့ ဆုံးဖြတ်ထားတဲ့သူတွေ သတိထားပါ။ မင်းတို့ မြေကမ္ဘာအဆင့်ရဲ့ အဆင့်မြင့်ပိုင်းကို မရောက်မချင်း ဘယ်သူမှ ဂိုဏ်းအပြင်ကို သဘောအလျောက် ထွက်ခွင့်မရှိဘူး။ တစ်ခုတည်းသော ခြွင်းချက်ကတော့ ဂိုဏ်းရဲ့ တာဝန်တစ်ခုခုကို တရားဝင် လက်ခံဆောင်ရွက်တာမျိုးပဲ ဖြစ်ရမယ်။ ဒါက ဂိုဏ်းရဲ့ သံမဏိစည်းကမ်းပဲ။ တာဝန်ထမ်းဆောင်တာကလွဲရင် တပည့်တွေ ဂိုဏ်းအပြင်ထွက်ခွင့် လုံးဝမရှိဘူး။"
"ကဲ... ဂိုဏ်းထဲဝင်ဖို့ ဆန္ဒရှိသေးတဲ့သူတွေ ရှေ့ကို တစ်လှမ်းတိုးလိုက်ကြ။"
"မှတ်ထားပါ၊ 'လွင့်မျောတိမ်တိုက်ဂိုဏ်း' က မင်းတို့ကို အတင်းအကြပ် ဝင်ခိုင်းတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဝင်ပြီးရင်တော့ ဂိုဏ်းရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။"
ပထမဆုံး ရှေ့သို့ တစ်လှမ်းတိုးလိုက်သူမှာ စည်းကမ်းချက်များကို ကြိုတင်သိရှိထားသည့် လုဝမ် ဖြစ်သည်။ မမျှော်လင့်ဘဲ လုဝမ်နှင့်အတူ တစ်ချိန်တည်းမှာပင် ရွှန်လုံနှင့် ရှောင်ရှီထုတို့လည်း ရှေ့သို့ တစ်လှမ်းတိုးလိုက်ကြသည်။ နောက်ဆုံးတွင် ခန်းမအတွင်းရှိ လူငယ်အားလုံး 'လွင့်မျောတိမ်တိုက်ဂိုဏ်း' သို့ ဝင်ရန် ဆုံးဖြတ်ကာ ရှေ့သို့ တက်လာခဲ့ကြသည်။
အကြီးအကဲလုက သာယာစွာ ပြုံးရင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆို အားလုံး နန်းတော်အပြင်ဘက်ကို ထွက်ခဲ့ကြ၊ ထွက်ခွာရမယ့် အချိန်ရောက်ပြီ။"
"အကြီးအကဲ... ကျွန်တော်တို့ 'လွင့်မျောတိမ်တိုက်ဂိုဏ်း' ကို ဘယ်လိုသွားကြမှာလဲခင်ဗျာ?"
ဆံပင်တိုတို ထောင်ထောင်နှင့် ခါးတွင် ဓားတစ်လက် ချိတ်ထားသော လူငယ်တစ်ဦးက လူတိုင်း သိချင်နေသော မေးခွန်းကို မနေနိုင်ဘဲ မေးမြန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သူတို့လူငယ် ၂၄ ဦး ရှိပြီး အားလုံးတွင် ကိုယ်စီအထုပ်အပိုးများ ပါရှိကြသည်။ အကြီးအကဲလုနှင့် တပည့် ၃ ဦးအပါအဝင် ဆိုပါက စုစုပေါင်း ၂၈ ဦး ရှိသည်။ သူတို့အားလုံး 'လွင့်မျောတိမ်တိုက်ဂိုဏ်း' သို့ မည်သို့ ခရီးနှင်ကြမည်နည်း။
အကြီးအကဲလုက ပြန်မဖြေဘဲ သူနှင့်အတူ ပါလာသော အဝါရောင်ဝတ်စုံဝတ် တပည့် ၃ ဦးကမူ ရယ်မောရင်း ပြောလိုက်သည်။
"တောသားတွေကျနေတာပဲ။"
ထိုလူငယ်၏ မျက်နှာမှာ ရှက်စိတ်ကြောင့် နီမြန်းသွားသည်။ သို့သော် သူတို့အားလုံး နန်းတော်၏ ပန်းခြံအတွင်းသို့ ရောက်ရှိသွားသောအခါ ထိုလူငယ်အပါအဝင် ခန်းမထဲမှ ပါလာသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
ပေ ၆၀ ကျော် (မီတာ ၂၀ ကျော်) ရှည်လျားသော အနီရောင် ငှက်မင်းကြီးတစ်ကောင်သည် ပန်းခြံအတွင်းရှိ မြေပြင်ပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
အကြီးအကဲလုသည် လူတိုင်း၏ မှင်တက်နေသော အကြည့်များကို ဂရုမစိုက်ဘဲ ငှက်မင်းကြီးအနားသို့ လျှောက်သွားကာ ၎င်း၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"ဒါကတော့ ငါတို့ 'လွင့်မျောတိမ်တိုက်ဂိုဏ်း' ကို သွားမယ့် ယာဉ်ပဲ။ အားလုံး... ပေါ်ကို တက်ကြ။"