အပိုင်း (၁၅) - လွင့်မျောတိမ်တိုက်ဂိုဏ်း၏ လျှို့ဝှက်ချက်များ
ရွှန်လုံ နိုးလာသောအခါ သူ့အခန်းထဲသို့ ရုတ်တရက် ဝင်လာသော မိဘနှစ်ပါးကို တွေ့လိုက်ရသည်။ ရွှန်ဖန်းက ပြုံးလျက်
"အဆင်သင့်ဖြစ်ပြီလား သား?" ဟု မေးလိုက်သည်။
ရွှန်လုံသည် သူတို့ အပြာရောင်သစ်တောမြို့မှ ထွက်ခွာတော့မည်ကို သိလိုက်သည်။ ဖခင်ဖြစ်သူသည် နန်းမြို့တော်သို့ သွားရန် အဘယ်ကြောင့် ဤမျှ အလောတကြီး ဖြစ်နေသည်ကို သူ မသိသော်လည်း လောလောဆယ် မမေးမြန်းတော့ဘဲ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"သား ဆေးဖော်တဲ့အိုး တစ်လုံးလောက် လိုချင်တယ်အဖေ။ သယ်ရလွယ်အောင် သိပ်မကြီးရင် ပိုကောင်းမယ်၊ အရည်အသွေး မြင့်လေ ပိုကောင်းလေပဲ။"
ရွှန်ဖန်းမှာ အံ့အားသင့်သွားသည်။ သူ့သားမှာ ကျင့်စဉ်စတင်သည်မှာ တစ်နှစ်ပင် မပြည့်သေးဘဲ ဆေးဖော်စပ်နည်းကို လေ့လာချင်နေပြီလား? ၎င်းမှာ လမ်းမလျှောက်တတ်သေးသော ကလေးတစ်ယောက်က အပြေးပြိုင်ချင်နေသကဲ့သို့ပင်။
ရွှန်အန်းက သူမ၏ ခင်ပွန်းကို ကြည့်ကာ ပြုံးလျက် -
"ဟိဟိ... ရှင် အဲဒီ 'ပစ္စည်းဟောင်းကြီး' ကို နောက်ဆုံးတော့ စွန့်လွှတ်ရတော့မှာပေါ့"
ထိုစကားကို ကြားသည်နှင့် ရွှန်ဖန်း၏ မျက်လုံးများ တွန့်သွားသည်။
"ပစ္စည်းဟောင်း? ငါ အဲဒီအိုးကို သန့်စင်ဖို့ တစ်လကျော် အချိန်ပေးခဲ့ရတာနော်... ထားပါတော့လေ" ဟု ဆိုကာ သူကိုယ်တိုင်ပင် ပန်းကန်လုံးအရွယ်အစားရှိသော ဆေးဖော်အိုးကလေးကို သွားရောက်ယူဆောင်လာခဲ့သည်။
ရွှန်ဖန်း ကိုင်ဆောင်လာသော ထိုအိုးကလေးကို မြင်သည်နှင့် ရွှန်လုံ ချက်ချင်း သိလိုက်သည်။ သူသည် ဆေးဆရာ သို့မဟုတ် အစီရင်ဆရာ တစ်ဦး မဟုတ်သေးသော်လည်း ဤအိုးကလေးမှာ ထူးခြားလှသည်ကို ခံစားမိသည်။
၎င်းမှာ စွမ်းအင်မသွင်းရသေးခင်မှာပင် ထူးခြားသော တုန်ခါမှုများကို ထုတ်လွှတ်နေရာ အတွင်း၌ ထွင်းထုထားသော အစီရင်များမှာ မည်မျှအထိ အစွမ်းထက်မည်ကို ခန့်မှန်းရခက်လှသည်။
ရွှန်ဖန်းမှာ သားဖြစ်သူ၏ အကြည့်ကို မြင်သောအခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ဘတ်ကို မတ်လိုက်ပြီး ဇနီးဖြစ်သူကို ကြည့်ကာ မျက်နှာပေးလိုက်သည်။
ရွှန်အန်းက ရယ်မောရင်း ရှင်းပြသည်။
"သားအဖေက ဒီအိုးလေးကို သန့်စင်ပြီး အစီရင်တွေ ထွင်းဖို့ ၂ လနီးပါး အချိန်ယူခဲ့ရတာ။ အိုးထဲက အစီရင်တွေအားလုံးက ကြေးညိုအဆင့် ၃ ရဲ့ အထွတ်အထိပ်မှာ ရှိတယ်၊ အဆင့် ၄ ငွေ အိုးတွေနဲ့တောင် ယှဉ်နိုင်တယ်။ ဒါပေမဲ့ သားအဖေက ငွေအဆင့် အစီရင်ဆရာ မဟုတ်သေးတော့ အစီရင်တွေရဲ့ စွမ်းအားကို အပြည့်အဝ မဖုံးကွယ်နိုင်ခဲ့ဘူး၊ ဒါကြောင့် သူ့ရဲ့ အရှိန်အဝါက အပြင်ကို ထွက်နေတာပေါ့။"
ရွှန်အန်းက ထိုသို့ပြောသော်လည်း ရွှန်လုံမှာ ဤအိုး၏ တန်ဖိုးကို နားလည်သည်။ ၎င်းမှာ ငွေအဆင့်အောက်ရှိသော ဆေးဆရာတိုင်းအတွက် အဖိုးမဖြတ်နိုင်သော ရတနာပင်။ ဖခင်ဖြစ်သူမှာ နှမြောသဖြင့် မရောင်းဘဲ သိမ်းထားခြင်း ဖြစ်ပေလိမ့်မည်။
ရွှန်ဖန်းသည် သားဖြစ်သူ ဆေးဖော်စပ်နည်းကို လေ့လာချင်သဖြင့် ဝမ်းသာနေသော်လည်း ကျင့်စဉ်ကို ထိခိုက်မည်ကိုမူ အနည်းငယ် စိုးရိမ်မိသည်။ သို့သော် သူ၏ အကောင်းဆုံးလက်ရာကို သားဖြစ်သူထံသို့ လက်လွှဲပေးလိုက်ပြီး -
"အဝတ်အစားတွေရယ်၊ ဒီအိုးရယ်ကလွဲရင် တခြားဘာမှ ယူသွားစရာ မလိုဘူး။ အဆင်သင့်ဖြစ်ရင် အပြင်က ရထားလုံးဆီ လာခဲ့တော့" ဟု ပြောကာ ပြုံးရွှင်စွာဖြင့် အခန်းထဲမှ ထွက်သွားသည်။
ရွှန်အန်းမှာမူ ခင်ပွန်းဖြစ်သူ စိတ်ပျော်နေသည်ကို ကြည့်ကာ ဝမ်းသာနေသော်လည်း၊ သူမ၏ တစ်ဦးတည်းသော သားလေးမှာ သူတို့နှင့် အကြာကြီး ခွဲခွာရတော့မည်ကို တွေးမိကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ရွှန်လုံသည် မိခင်၏ ခံစားချက်ကို နားလည်သည်။ သားသမီးကို ခွဲခွာရသည်မှာ ခက်ခဲလှသော်လည်း သူ၏ ရည်မှန်းချက်များ ပြည့်မြောက်ရန်အတွက် ဤနေရာမှ ထွက်ခွာရန် စိတ်ကို ပိုင်းဖြတ်ထားရမည်။ သူသည် မိခင်အနားသို့ တိုးသွားကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
"သားက တစ်သက်လုံး သွားမှာမဟုတ်ပါဘူး အမေရဲ့။ နောက်နောင် သား အင်အားကြီးလာတဲ့အခါ ပြန်လာခဲ့မှာပေါ့။"
ရွှန်အန်းက သားဖြစ်သူကို ဖက်ထားရင်း -
"နောက်တစ်ခါ ပြန်လာရင် သား အမေ့အတွက် ချွေးမတစ်ယောက် ခေါ်လာပေးရမယ်နော်"
ဆိုကာ မျက်ရည်များကြားမှ ပြုံးလိုက်သည်။
"အဲဒီ လင်းမိသားစုက ကောင်မလေးလို ရင်ဘတ်ပြားတဲ့သူမျိုးတော့ မဟုတ်စေနဲ့ဦး။ ကဲ... သွားတော့၊ သားအဖေ ရထားလုံးထဲမှာ စောင့်နေပြီ။"
ရွှန်လုံသည် အဝတ်အစားအချို့နှင့် ဆေးဖော်အိုးကို သေတ္တာထဲသို့ ထည့်ကာ ရထားလုံးဆီသို့ လျှောက်သွားလိုက်သည်။ အိမ်တော်တံခါးဝသို့ ရောက်သောအခါ သူ၏ ပထမဆုံးသော အိမ်ကို နောက်ဆုံးအကြိမ် ပြန်ကြည့်လိုက်သည်။
ထို့နောက် ရွှန်လုံ၏ ချောမောသော မျက်နှာမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်သွားပြီး ရထားလုံးဆရာကို အမိန့်ပေးလိုက်သည်။
"သွားကြစို့။"
၁၀ မိနစ်ခန့်အကြာတွင် သူတို့သည် အပြာရောင်သစ်တောမြို့မှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။ ရွှန်လုံက ဖခင်ဖြစ်သူကို မေးလိုက်သည်။
"အဖေ... အချိန်တွေ အများကြီး ရှိသေးတာကို ဘာလို့ နန်းမြို့တော်ကို အစောကြီး သွားချင်နေရတာလဲ?"
ရွှန်ဖန်းက သားဖြစ်သူကို ကြည့်ကာ - "မင်း 'လွင့်မျောတိမ်တိုက်ဂိုဏ်း' ရဲ့ စမ်းသပ်ပွဲအကြောင်း သိလား?" ဟု ပြန်မေးရာ ရွှန်လုံက ခေါင်းခါလိုက်သည်။
"တကယ်တော့ စမ်းသပ်ပွဲက အရမ်းရိုးရှင်းပါတယ်။ အသက် ၂၀ အောက်ဖြစ်ပြီး ချီစုစည်းမှု အဆင့် ၅ အထွတ်အထိပ် ရှိရင် ကျိန်းသေ အောင်ပါတယ်။ သားက အခု အဆင့် ၆ ရောက်နေပြီဆိုတော့ 'စမ်းသပ်ပွဲ' အတွက် စိုးရိမ်စရာမရှိဘူး။ သား တကယ် စိုးရိမ်ရမှာက စမ်းသပ်ပွဲအပြီးမှာ ဖြစ်လာမယ့်အရာတွေပဲ။"
"ဘာကို ဆိုလိုတာလဲ အဖေ?"
"အဖေကိုယ်တိုင်လည်း အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့ တစ်ခုကြားဖူးတာကတော့ ဂိုဏ်းထဲကို မရောက်ခင်မှာ မိတ်ဆွေဖွဲ့နိုင်လေ သားအတွက် ပိုကောင်းလေပဲတဲ့။ ငါတို့မြို့က ဆေးဆရာကြီး လုဝမ် လည်း ဒီတစ်ခါ စမ်းသပ်ပွဲကို ဝင်ဖြေလိမ့်မယ်။ ဒါပေမဲ့ သူဖြေရမှာက မြေကမ္ဘာအဆင့် အတွက် ဖြစ်လိမ့်မယ်။ ဘာကြောင့် ဂိုဏ်းထဲမရောက်ခင် လူမှုဆက်ဆံရေး တည်ဆောက်ထားရသလဲဆိုတာကိုတော့ ဂိုဏ်းထဲရောက်မှပဲ သား သိရလိမ့်မယ် ထင်တယ်။"
ခရီးစဉ်မှာ အဆင်ပြေချောမွေ့ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ရွှန်လုံတို့ သားအဖသည် အဝေးမှ လှမ်းမြင်နေရသော နန်းမြို့တော် ဆီသို့ ရောက်ရှိလာကြတော့သည်။