အပိုင်း (၁၂) - အသိပညာဗဟုသုတများကို စုပ်ယူခြင်း
ရွှန်လုံသည် သူ၏ ကုတင်ပေါ်တွင် တည်ငြိမ်စွာ တင်ပျဉ်ခွေထိုင်နေသော်လည်း၊ သူ၏ ဝိညာဉ်အာကာသ အတွင်း၌မူ ကမ္ဘာပျက်မတတ် ပြင်းထန်သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားနေသည်။ ရွှေရောင်စာအုပ်ကြီးသည် ဝိညာဉ်အာကာသအတွင်း၌ တုန်ခါနေပြီး စက္ကန့်တိုင်းတွင် ထိုတုန်ခါမှုမှာ ပိုမိုပြင်းထန်လာသည်။
စာအုပ်ကြီး တုန်ခါလိုက်တိုင်း ထူးဆန်းသော နတ်ဘုရားအရှိန်အဝါ အချို့ ထွက်ပေါ်လာပြီး ထိုအရှိန်အဝါနှင့် ထိတွေ့မိသော ရွှန်လုံ၏ ဝိညာဉ်စွမ်းအားများမှာ ပိုမိုအားကောင်းလာသည်။
ထိုစဉ် သော့ခလောက်တစ်ခုနှင့်တူသော ရှေးဟောင်းအက္ခရာ တစ်ခုသည် စာအုပ်၏ မျက်နှာဖုံးပေါ်မှ ပေါ်ထွက်လာပြီး စာအုပ်ကြီးကို ပြန်လည်ချုပ်နှောင်ရန် ကြိုးစားလာသည်။ စာအုပ်ကြီးသည် ထိုအက္ခရာ၏ ချုပ်နှောင်မှုမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားသော်လည်း အက္ခရာမှာ ပိုမိုတင်းကျပ်စွာ ပတ်နွယ်လာသည်။
စာအုပ်ကြီး ရှုံးနိမ့်တော့မည့်ဆဲဆဲမှာပင်၊ အမြဲတမ်း ငြိမ်သက်နေသည့် တြိဂံပုံစံကျောက်တုံး ကလေးဆီမှ သေးငယ်သော လှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာသည်။ ထိုလှုပ်ခတ်မှုသည် အချိန်ကာလ၏ အစဦးပိုင်းမှ လာသကဲ့သို့ ပြင်းထန်သော ဖိအားကို ဆောင်ကြဉ်းလာပြီး၊ ကျောက်တုံးကလေးသည် အပြာရောင်အလင်းတန်းတစ်ခုကို ထိုချုပ်နှောင်ထားသော အက္ခရာဆီသို့ ပစ်လွှတ်လိုက်သည်။
စာအုပ်ကြီးကို ချုပ်နှောင်ထားသော အက္ခရာသော့မှာ ချက်ချင်းပင် လွတ်ထွက်သွားပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း၊ ကျောက်တုံးကလေး၏ စွမ်းအားက ဝိညာဉ်အာကာသအတွင်းရှိ အချိန်နှင့် ဟာလာဟင်းလင်းပြင် ကို ရပ်တန့်ပစ်လိုက်ပြီ ဖြစ်သည်။ ထိုအက္ခရာမှာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် ကျောက်တုံးကလေးသည် ထိုအက္ခရာကို သူ့အတွင်းသို့ စုပ်ယူလိုက်ပြီး အရာအားလုံးမှာ မူလအတိုင်း ပြန်လည်တည်ငြိမ်သွားသည်။
ချုပ်နှောင်မှုမှ လွတ်မြောက်သွားသော ရွှေရောင်စာအုပ်ကြီးမှာ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး၊ ပထမဆုံးအကြိမ်အဖြစ် မျက်နှာဖုံးပွင့်သွားကာ အလွန်တောက်ပသော အဖြူရောင်စာမျက်နှာတစ်ခု ပေါ်လာသည်။ ၎င်းနှင့်အတူ ရွှန်လုံ၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူရန် ကြိုးစားတော့သည်။
လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားဆိုသည်မှာ သူ၏ အသိစိတ် ပင် ဖြစ်သည်။ အကယ်၍ အသိစိတ် ပျက်စီးသွားပါက ထိုသူမှာ အသိဉာဏ်မရှိသော အပင်တစ်ပင်ကဲ့သို့ လူသေကောင်ဖြစ်သွားမည်ဖြစ်သည်။
"တောက်... ဒါ ဘာကြီးလဲ? ငါ အခုမှ လူပြန်ဖြစ်တာကို အသိဉာဏ်မရှိတဲ့ အပင်တစ်ပင် ပြန်ဖြစ်တော့မှာလား?"
ရွှန်လုံသည် ခုခံရန် ကြိုးစားသော်လည်း သူ၏ အသိစိတ်မှာ အဖြူရောင်စာမျက်နှာရှေ့သို့ ရောက်သွားပြီး စာအုပ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။ သူ၏ ရုပ်ခန္ဓာမှာ ယခုအခါ ဘာမျှမရှိသော အခွံသက်သက်သာ ကျန်ရစ်တော့သည်။
ရွှန်လုံသည် သူ သေမသွားကြောင်း သိလိုက်ရသော်လည်း သူ၏ ရုပ်ခန္ဓာမရှိတော့သည်ကို တွေ့ကာ အံ့သြသွားသည်။ ဝိညာဉ်စွမ်းအား၊ အသိစိတ်နှင့် အတွေးများမှလွဲ၍ သူ့မှာ ဘာမျှမရှိတော့ပေ။ သူ၏ ရှေ့မှောက်တွင် အဆုံးမရှိသော အဖြူရောင် လွင်ပြင်ကြီးကိုသာ မြင်နေရသည်။
ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားသည်။
သူ တစ်ခါမျှ မမြင်ဖူးသော အပင်တစ်ပင်သည် လေဟာပြင်ထဲတွင် ပေါ်လာသည်။ ထူးဆန်းသည်မှာ ထိုအပင်ကို ကြည့်လိုက်ရုံနှင့် အပင်နှင့်ပတ်သက်သော အချက်အလက်များစွာ သူ၏ ဦးနှောက်ထဲသို့ စီးဝင်လာခြင်းပင်။
ထိုအပင်တွင် ဆဲလ် မည်မျှပါဝင်သည်၊ အပူချိန်အမျိုးမျိုးတွင် မည်သို့တုံ့ပြန်သည်၊ အရွက်များတွင် ဘာတွေပါဝင်သည်၊ ရင့်ကျက်ရန် နှစ်မည်မျှကြာသည်၊ ပိုမိုမြန်ဆန်စွာ ကြီးထွားရန် ဘာတွေလိုအပ်သည်၊ မည်သို့သော အခြေအနေတွင် စိုက်ပျိုးသင့်သည်၊ ၎င်း၏ ဂုဏ်သတ္တိနှင့် အသုံးဝင်ပုံများအထိ အသေးစိတ် အချက်အလက်အားလုံး သူ၏ ဦးနှောက်ထဲသို့ ရောက်ရှိလာသည်။
"ငါ့ဦးနှောက် ပေါက်ကွဲတော့မယ် ထင်တယ်" ဟု ရွှန်လုံ တွေးလိုက်မိသည်။ သူ၏ အသိစိတ်ထဲသို့ အပ်များစွာနှင့် ထိုးနှက်နေသကဲ့သို့ ခံစားရသည်။ သို့သော် ၎င်းမှာ သူ ခံစားရမည့် ဝေဒနာ၏ အစပျိုးရုံသာ ရှိပါသေးသည်။
"အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"
ရွှန်လုံသည် အော်ဟစ်လိုက်မိသည်။ သန်းပေါင်းများစွာသော မြင်ကွင်းများ သူ၏ မျက်စိရှေ့တွင် လျှပ်တစ်ပြက် ဖြတ်ပြေးနေသည်။ မြင်ကွင်းတိုင်းတွင် အပင်တစ်ပင်၏ မျိုးစေ့ဘဝမှ ရင့်ကျက်သည့်ဘဝအထိ အဆင့်ဆင့် ပြောင်းလဲပုံများ ပါဝင်နေသည်။
ထိုအချက်အလက်များကို သူ၏ ဝိညာဉ်ထဲသို့ အတင်းအကြပ် သွတ်သွင်းနေခြင်းဖြစ်ရာ ရွှန်လုံသည် နာကျင်လွန်းသဖြင့် သေလုမတတ် ခံစားနေရသည်။ သူသည် ဆက်လက်မခံစားချင်တော့ဘဲ လက်လျှော့လိုက်ချင်သည့် စိတ်များပင် ပေါ်လာသည်။
သူသည် ယခင်ဘဝက ငတ်မွတ်မှု၊ ရိုက်နှက်ခံရမှုနှင့် ဒဏ်ရာများစွာ ရခဲ့ဖူးသော်လည်း၊ ယခု ခံစားနေရသည့် နာကျင်မှုမှာမူ လုံးဝ ခြားနားသည်။ သူ၏ ဘဝသက်တမ်း နှစ် ၂၀ အတွင်း ခံစားခဲ့ရသမျှ နာကျင်မှုများကို ရေပုံးတစ်ပုံးထဲမှ ရေစက်ကလေးတစ်စက်ဟု သတ်မှတ်လျှင်၊ ယခု ခံစားနေရသည့် နာကျင်မှုမှာ သမုဒ္ဒရာကြီးထက်ပင် ကြီးမားလှသည်။
အဆိုးဆုံးမှာ ဤနာကျင်မှုသည် သူ၏ ဝိညာဉ် ဆီမှ တိုက်ရိုက် လာခြင်းပင်ဖြစ်သည်။ ဝိညာဉ်ကို အပ်နှင့် ထိုးခြင်းသည် နှလုံးကို ဓားနှင့် ထိုးခြင်းထက် အဆပေါင်း ထောင်သောင်းမက ပိုမိုနာကျင်လှသည်။
ရွှန်လုံ လက်လျှော့တော့မည့် ဆဲဆဲတွင်၊ တြိဂံပုံစံ ကျောက်တုံးကလေးက မြည်ဟည်းလာပြီး သူ၏ ဦးနှောက်ထဲတွင် မြင်ကွင်းတစ်ခု ပြန်လည်ပြသလာသည်။ ၎င်းမှာ သူ အပြာရောင်သစ်တော ပြင်ပတွင် သစ္စာဆိုခဲ့သည့် မြင်ကွင်းပင် ဖြစ်သည်။
"ဟုတ်တယ်... အခု နာကျင်တာကို ခံနိုင်ရည်ရှိမှ နောက်ပိုင်းမှာ အင်အားကြီးသူ ဖြစ်လာမှာ။ အခု လက်လျှော့လိုက်ရင် နောက်ဘဝတွေမှာလည်း တပါးသူရဲ့ နှိမ်ချမှုကို ခံနေရဦးမှာပဲ..."
"ဘယ်တော့မှ လက်မလျှော့ဘူး! ကျိုးရင်ကျိုးပါစေ၊ ငုံ့မခံဘူး... ကြည့်ကြသေးတာပေါ့၊ ဒီနာကျင်မှုကပဲ အားကြီးမလား၊ ငါကပဲ အားကြီးမလားဆိုတာ... ဟားဟားဟား လာစမ်း!"
ရွှန်လုံသည် ရူးသွပ်စွာ ရယ်မောရင်း ဟိန်းဟောက်လိုက်သည်။ သူ၏ စိတ်ဓာတ်မှာ ပြန်လည် နိုးကြားလာသည်။ ၎င်းမှာ ကျောက်တုံးကလေး၏ အကူအညီနှင့် သူ၏ ပြင်းထန်သော စိတ်ဆန္ဒတို့ကြောင့် ဖြစ်သည်။
နာရီအနည်းငယ်ကြာပြီးနောက် နာကျင်မှုမှာ အထွတ်အထိပ်သို့ ရောက်လာပြီး ရွှန်လုံ စကားပင် မပြောနိုင်တော့ပေ။ သူ၏ ဦးနှောက်သည် အသိပညာများကို ထပ်မံစုပ်ယူရန် နေရာလွတ် မရှိတော့လောက်အောင် ပြည့်နှက်သွားသည်။ ၎င်းမှာ စိတ်ဓာတ်ကြံ့ခိုင်မှုထက် ဦးနှောက်၏ သိုလှောင်နိုင်စွမ်း အပေါ်တွင် မူတည်နေပြီဖြစ်သည်။
ရုတ်တရက်၊ ရွှန်လုံသည် သူ၏ စိတ်အာရုံထဲသို့ ထူးဆန်းသော စွမ်းအင်တစ်မျိုး စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုစွမ်းအင်က သူ၏ ဝိညာဉ်ကို ပိုမိုကြီးမား အားကောင်းစေပြီး သူ၏ ဝိညာဉ်စွမ်းအား မှာလည်း မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်စွာ တိုးတက်လာတော့သည်။