အပိုင်း (၁) - ရှင်လျှက်နဲ့ သေနေ သော ဘဝ
တရုတ်ပြည်၊ ကွမ်တုံးပြည်နယ်၏ ကောင်းကင်ယံထက်တွင် နေမင်းသည် ပျင်းရိစွာ စတင်ထွက်ပြူးလာသည်။
ဖျက်သိမ်းရန် သတ်မှတ်ထားသော ဟောင်းနွမ်းစုတ်ပြတ်သည့် တိုက်ခန်းတွဲတစ်ခုအတွင်း၌ နံနက် ၆ နာရီ တိတိတွင် နှိးစက်သံတစ်ခု မြည်ဟည်းလာခဲ့သည်။ ထိုအသံသည် မည်သိုပင် တွန်းပိတ်စေကာမူ သေချာပိတ်မရသည့် တံခါးတစ်ချပ်ရှိရာ တိုက်ခန်းပျက်လေးတစ်ခုအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ တံခါး၏နောက်ကွယ်တွင်မူ ထိုင်ခုံတစ်လုံးကို ၄၅ ဒီဂရီစောင်း၍ တံခါးမပွင့်အောင် ကန့်လန့်ဖြတ်ထောက်ထားရသည်။ ၎င်းမှာ ဤတိုက်ခန်း၏ တစ်ခုတည်းသော လုံခြုံရေး "သော့" ပင် ဖြစ်၏။
တိုက်ခန်းမှာ အသင့်အတင့် ကျယ်ဝန်းသော်လည်း အတွင်း၌မူ ဘာတစ်ခုမျှမရှိဘဲ ဟင်းလင်း ပြင် ဖြစ်နေသည်။ ဧည့်ခန်းအလယ်တွင် အိပ်ရာမွေ့ရာတစ်ခု ရှိနေပြီး ဘေးရှိ စားပွဲအသေးလေးပေါ်တွင်မူ နှိးစက်နာရီတစ်လုံး ရှိသည်။ အခန်းထောင့်တွင်မူ ရေသန့်ဗူးကြီး ၁၀ ဗူးခန့်နှင့် အသင့်စားခေါက်ဆွဲထုပ်အချိုကို စုပုံထားသည်။
မွေ့ရာပေါ်ရှိ စောင်အောက်မှ ခန္ဓာကိုယ်တစ်ခု လှုပ်ရှားလာပြီး စားပွဲပေါ်ရှိ နှိးစက်နာရီကို လှမ်း၍ ပိတ်လိုက်သည်။
"အင်း..."
ညည်းတွားသံနှင့်အတူ စောင်အောက်မှ ထွက်ပေါ်လာသူမှာ အာဟာရချိုတဲ့နေသည့် လူငယ်တစ်ဦးဖြစ်သည်။ အသက် ၁၆-၁၇ နှစ်ခန့်သာရှိဦးမည့် ထိုလူငယ်သည် မွေ့ရာပေါ်မှထ၍ ရေချိုးခန်းဆီသို လျှောက်လှမ်းသွားသည်။ လူသူမရှိတော့သည့် တိုက်ခန်းဖြစ်၍ ရေဖြတ်ထားသဖြင့် နံနက်ခင်းတွင် ရေချိုးရန်မှာ သူ၏အိပ်မက်မျှသာ။ သူသည် စားပွဲပေါ်မှ ရေသန့်ဗူးတစ်ဝက်ကို ယူကာ သွားတိုက်ဆေးနှင့်အတူ ပလုတ်ကျင်းလိုက်ပြီး ကျန်ရှိသည့်ရေကို အကုန်မော့သောက်လိုက်သည်။ ထိုနောက် စားပွဲပေါ်မှ အလုပ်သမားဝတ်စုံကို ဝတ်ဆင်ကာ တိုက်ခန်းလေးအတွင်းမှ ထွက်ခွာခဲ့တော့သည်။
မိနစ် ၂၀ ခန့် လမ်းလျှောက်ပြီးနောက် "အန္တရာယ်ရှိသည်" နှင့် "လုပ်ငန်းခွင် " ဟူသော သတိပေးဆိုင်းဘုတ်များစွာ ချိတ်ဆွဲထားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးသို သူ ရောက်ရှိလာသည်။
တစ်ပိုင်းတစသာ ပြီးစီးသေးသည့် ၈ ထပ်တိုက်ဆီသို သူ လျှောက်လှမ်းသွားစဉ် အနောက်မှ အော်ဟစ်လိုက်သော အသံတစ်ခုကို ကြားလိုက်ရသည်။
"ဟေ့... ရှောက်ရှီ (ကျောက်တုံးလေး)!"
အသံရှင်မှာ အသက် ၄၅ နှစ်ခန့်ရှိသည့် လူကြီးတစ်ဦးပင် ဖြစ်သည်။
"နေကောင်းလား ဦးလေးကြီး" ဟု ရှောက်ရှီက ပြန်လည်နှုတ်ဆက်လိုက်သည်။
အမှန်စင်စစ် "ရှောက်ရှီ" ဆိုသည်မှာ သူ၏ တကယ့်အမည်မဟုတ်။ စကားနည်းလွန်းလှသဖြင့် လုပ်ငန်းခွင်ရှိ လူများက သူ့ကို ချစ်စနိုးဖြင့် ပေးထားသည့် အမည်ပြောင်သာ ဖြစ်သည်။ ရှောက်ရှီတွင် မိဘများပေးထားသည့် အမည်ရင်းဟူ၍ မရှိပေ။ သူသည် မိဘမဲ့တစ်ဦးဖြစ်ပြီး အစိုးရက မိဘမဲ့ကလေးများအတွက် ထောက်ပံ့ထားသော အိမ်ရာများတွင် ကြီးပြင်းခဲ့ရသည်။ အစိုးရက တစ်ပတ်လျှင် တစ်ကြိမ် စားစရာများ ပိုပေးသော်လည်း ထိုကလေးများအတွက် မည်သိုမျှ မလုံလောက်ခဲ့ပေ။ မိဘမဲ့ဂေဟာများမှာလည်း ပြည့်လျှံနေသဖြင့် ယခုကဲ့သို အိမ်ရာများတွင် ထားခြင်းဖြစ်သော်လည်း ဂရုစိုက်မည့်သူမရှိသဖြင့် ကလေးအများစုမှာ ငတ်မွတ်ဘေးနှင့် ရောဂါဝေဒနာများကြောင့် သေဆုံးခဲ့ကြရသည်။ ရှောက်ရှီသည် ထိုနေရာတွင် အသက် ၁၂ နှစ်အထိ နေထိုင်ခဲ့သည်။ စားစရာအတွက် အခြားကလေးများနှင့် လုယက်တိုက်ခိုက်နိုင်သော်လည်း ဗိုက်ဝရန် မည်သိုမျှ မဖြစ်နိုင်သဖြင့် ထိုနေရာမှ ထွက်ခွာလာရန် သူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူသည် လက်ရှိနေထိုင်ရာနှင့် မလှမ်းမကမ်းရှိ အစိုးရကျောင်းတွင် အထက်တန်းပညာ သင်ကြားခဲ့သည်။ မနက်ခင်းတွင် ကျောင်းတက်ပြီး မွန်းလွဲပိုင်းတွင်မူ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်ဆင်းရသည်။
ပုံမှန်အားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကလေးသူငယ်များကို အလုပ်ခိုင်းစေခြင်းမှာ တရားမဝင်သဖြင့် ခွင့်မပြုကြပေ။ သိုသော် လုပ်ခလစာ နည်းပါးလွန်းလှသဖြင့် ထိုဆိုဒ်ထဲတွင် အလုပ်လုပ်မည့်သူ ရှားပါးနေသည်။ လုပ်သားအင်အား နည်းပါးခြင်းက အလုပ်ကြန့်ကြာမှုကို ဖြစ်စေသဖြင့် ဆိုဒ်မန်နေဂျာသည် ပိန်လှီလှသော လက်ခြေများရှိသည့် ရှောက်ရှီကိုပင် တစ်နေ့စာ ဝမ်းရေးဖြေရှင်းနိုင်ရုံမျှသော လုပ်ခဖြင့် အလုပ်ခန့်ထားခဲ့ခြင်း ဖြစ်သည်။ ရှောက်ရှီကတော့ မကျေမနပ် မဖြစ်ခဲ့ပါ။ အနည်းဆုံးတော့ လကုန်လျှင် သူ့ဝမ်းဗိုက်ကို သူ ပြန်လည်ဖြည့်တင်းနိုင်မည့် ငွေစအနည်းငယ် ရမည်မဟုတ်ပါလား။
ဤသိုသော ဒုက္ခသံသရာသည် သူ အထက်တန်းကျောင်းပြီးသည်အထိ တရွေ့ရွေ့ လည်ပတ်နေခဲ့သည်။ ဘွဲလက်မှတ် မရှိ၊ အားကိုးရာမဲ့သည့် သူ့အဖို ဤဆောက်လုပ်ရေးလုပ်ငန်းခွင်သည်သာ သူ၏ တစ်ခုတည်းသော ဝင်ငွေရလမ်း ဖြစ်နေခဲ့သည်။
စိတ်ထဲတွင် နာကျည်းဝမ်းနည်းမှု မရှိဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။ ဘေးကင်းလုံခြုံမှု ကင်းမဲ့လှသော ဤလုပ်ငန်းခွင်ထဲ၌ ဝမ်းစာအတွက် အသက်နှင့်ရင်း၍ ရုန်းကန်နေရသည်မှာ ယခုအခါ သူ့အတွက် "နေ့စဉ်ဘဝ" လို ဖြစ်နေခဲ့ပြီ။ သိုသော်လည်း တစ်နေ့နေ့တွင် ကံတရားက မျက်နှာသာပေးပြီး သူ၏ဘဝ အလှည့်အပြောင်းတစ်ခုဆီသို ရောက်ရှိသွားလိမ့်မည်ဟု ရင်ထဲ၌ အမြဲ မျှော်လင့်နေမိသည်။
လွန်ခဲ့သော ခြောက်လခန့်ကတည်းက ဤလုပ်ငန်းခွင်သို ရောက်ရှိလာသော ရှောက်ရှီကို ထို "ဦးလေးကြီး" က အစစအရာရာ ကူညီဖေးမပေးခဲ့သည်။ စားစရာ၊ သောက်စရာများကို မျှဝေပေးသလို အလုပ်ထဲတွင်လည်း လိုအပ်သလို အမြဲ ကူညီပေးတတ်သူဖြစ်သည်။
ထိုသူအပေါ် ရှောက်ရှီ တစ်ယောက် အလွန်ပင် ကျေးဇူးတင်မိသလို အလုပ်ထဲ၌လည်း သူ တတ်နိုင်သမျှ ပြန်လည် ကူညီပေးလေ့ရှိသည်။
"ဟဲ့... ကောင်လေး။ မင်း ဒီနေ့လည်း မနက်စာ ပါလာမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ။ ဒီနေ့လည်း ငါ့မိန်းမက အပိုတွေ ထည့်ပေးလိုက်ပြန်ပြီကွာ၊ လာ... အတူတူစားရအောင်။"
ပြောပြောဆိုဆိုဖြင့် ထိုဦးလေးကြီးသည် ပလတ်စတစ်အိတ်ထဲမှ ရေသန့်ဘူးကြီး နှစ်ဘူး၊ ပေါက်ဆီ နှစ်လုံးနှင့် ထမင်းလုံး လေးလုံးကို ထုတ်လိုက်သည်။ ထိုနောက် အညီအမျှ ခွဲဝေကာ ရှောက်ရှီကို တစ်ဝက် ပေးလိုက်လေသည်။
ရှောက်ရှီသည် သူတစ်ပါး၏ ပေးတာ ကို အလွယ်တကူ လက်ခံတတ်သူ မဟုတ်ကြောင်း ထိုလူကြီးက သိနှင့်ပြီးသားဖြစ်သဖြင့် -
"ဟေ့ကောင်... အလုပ်စဖို အားရှိအောင် စားထားမှဖြစ်မယ်။ အလုပ်က တကယ် အန္တရာယ်များတာကွ၊ ငါ့ကို မင်းက ကူညီပေးရဦးမှာဆိုတော့ အဝစားထားစမ်းပါ။" ဟု ထပ်လောင်းပြောဆိုလိုက်သည်။
ရှောက်ရှီ ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် ထိုလူကြီးက -
"မင်း လစာရတဲ့နေ့ကျရင်တော့ ငါ့ကို အရက်ပြန်တိုက်ရမှာပေါ့... ဟုတ်ပြီလား။ ကဲ... စားကြစို!"
ထိုနောက် ရှောက်ရှီ၏ မျက်နှာကို ငဲ့မကြည့်တော့ဘဲ သူ့ရှေ့က အစာကိုသာ အရသာခံ၍ စားနေတော့သည်။
ရှောက်ရှီသည် စကားတစ်လုံးမှ မဆိုမိသော်လည်း စားစရာများကို စားရင်း ထိုဦးလေးကြီး၏ စေတနာကို ရင်ထဲတွင် အသည်းစွဲ မှတ်သားထားလိုက်မိသည်။ သူ့ဘဝ အနှစ် ၂၀ အတွင်းမှာ ဤလူကြီးတစ်ယောက်သာလျှင် သူ့အပေါ် စစ်မှန်သော ဂရုစိုက်မှုကို ပြသခဲ့သူ မဟုတ်ပါလား။ ဤကျေးဇူးကို သူ ဘယ်သောအခါမှ မေ့လိမ့်မည်မဟုတ်။
အစားအသောက်များ စားသောက်ပြီးနောက် သူတိုနှစ်ဦး ပုံမှန်အလုပ်များကို စတင်လုပ်ကိုင်ခဲ့ကြသည်။ သိုသော် ထိုနေ့သည် ရှောက်ရှီ၏ ဘဝအတွက် နောက်ဆုံးနေ့ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင် မသိခဲ့ကြချေ။