အခန်း (၉) - ပထမဦးစွာ၊ ပုန်းအောင်းစရာနေရာ ရှာဖွေခြင်း
လေတိုက်နှုန်းမှာ ရက်စက်လွန်းလှသည်။ လေတိုးသံကပင် သူ့ကို မုန်းတီးနေသယောင်၊ ပါးပြင်ကို အပ်နှင့် ထိုးသကဲ့သို့ စူးခနဲ နာကျင်သွားစေသည်။
လီဗိုင်းသည် ထိုနာကျင်မှုကို ဂရုမစိုက်နိုင်တော့ပေ။ သို့မဟုတ် ပို၍မှန်သည်မှာ ဂရုစိုက်ရန်အတွက် သူ့တွင် အာရုံစိုက်အား မကျန်တော့ခြင်းဖြစ်သည်။ သူ၏ အာရုံတစ်ခုလုံးမှာ အချက်နှစ်ချက်ပေါ်တွင်သာ တည်ရှိနေသည်။
ပထမ—ဆက်လက်ေပြးနေရန်။
ဒုတိယ—မလဲကျစေရန်။
သူ၏ အဆုတ်တို့မှာ စုတ်ပြဲနေသော လေမှုတ်တံကဲ့သို့ ဖြစ်နေသည်။ အသက်ရှူတိုင်း အသံထွက်နေပြီး၊ ရှူသွင်းလိုက်သည့် လေမှာ အေးခဲနေသည့် အပ်ချောင်းပေါင်းများစွာက လည်ချောင်းနှင့် အဆုတ်ထဲသို့ ထိုးစိုက်ဝင်ရောက်လာသကဲ့သို့ ပူလောင်နာကျင်နေသည်။
သူ၏ ကိုယ်ခန္ဓာ အနာကျက်မြန်ခြင်း က သာမန်လူထက် ပိုမိုခံနိုင်ရည်ရှိစေသော်လည်း၊ ထိုနာကျင်မှုကိုတော့ မဖျောက်ဖျက်ပေးနိုင်ပေ။
သာမန်ရုံးဝန်ထမ်းဘဝဟောင်းသာဆိုလျှင် သူသည် ပါးစပ်မှ အမြုပ်များထွက်ကာ ဆီးနှင်းများပေါ်တွင် လဲကျနေပြီး နောက်မှလိုက်လာသည့် ခွေးများ၏ အစာဖြစ်နေလောက်ပြီ။
သို့သော် ယခုမူ သူ မရပ်နိုင်သလို၊ ရပ်ရန်လည်း မဝံ့ရဲပေ။
နောက်မှ ကြားနေရသော ခွေးဟောင်သံတို့မှာ သေမင်း၏ စစ်ရေးဗုံသံကဲ့သို့ပင်။ တစ်ခါဟောင်တိုင်း ပိုကျယ်လာပြီး ပိုနီးကပ်လာသည်။
“ဝုတ်! ဝုတ် ဝုတ်!”
ထိုအသံများထဲတွင် သားကောင်ကို ဖမ်းမိတော့မည့် သားရဲတို့၏ စိတ်လှုပ်ရှားမှုတို့ ပါဝင်နေသည်။ တိတ်ဆိတ်နေသော ဆီးနှင်းတောအုပ်ထဲတွင် ထိုအသံတို့မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဝေးလံသည့်နေရာအထိ ပျံ့နှံ့နေသည်။
“ငရဲလိုပဲကွာ သေစမ်း၊ေစာက်ေခွးကောင်တွေ…” လီဗိုင်း ရေရွတ်လိုက်သည်။ ခွေးတွေကို ကျိန်ဆဲနေတာလား၊ ခွေးတွေေနာက်ကလိုက်လာတဲ့ ဟိုက်ဒရာစစ်သားတွေကို ကျိန်ဆဲနေတာလားဆိုတာ သူကိုယ်တိုင်ပင် မသိတော့။ ဆီးနှင်းထဲမှာ ခွေးတွေသုံးပြီး လိုက်ဖမ်းတယ်ဆိုတာ မတရားဘူး။ လုံးဝ ဂုဏ်သိက္ခာမရှိတဲ့ လုပ်ရပ်။
သူသည် တည့်တည့်မပြေးရဲပေ။ ထိုသို့ဆိုလျှင် သူသည် ပစ်မှတ်ဖြစ်သွားလိမ့်မည်။ မြေပုံကို မှတ်မိသလောက် အသုံးပြု၍ သူသည် အဆိုးရွားဆုံး မြေပြင်အနေအထားကို ရွေးချယ်လိုက်သည်။
ဆီးနှင်းများ ဖုံးလွှမ်းနေသော ချုံပုတ်တစ်ခု ရှေ့တွင် ပေါ်လာသည်။ သူ မဆိုင်းမတွပင် ထိုထဲသို့ တိုးဝင်လိုက်သည်။
ခြောက်သွေ့ပြီး ချွန်ထက်သော အကိုင်းအခက်တို့က သူ၏ ကုတ်အင်္ကျီကို ဆွဲဖြဲပြီး ဘောင်းဘီကို စုတ်ပြဲသွားစေသည်။ ခြေထောက်များကိုလည်း သွေးစိမ်းရှင်ရှင် စီးကျသွားစေသည်။
သူ၏ အနာကျက်မြန်ခြင်း က ချက်ချင်း အလုပ်လုပ်သည်။ ဒဏ်ရာများမှာ ပေါ်လာသည်နှင့် တပြိုင်နက် ပြန်ပိတ်သွားပြီး ယားယံသည့် ခံစားမှု ဖြစ်ပေါ်လာသည်။
ချုံပုတ်အခြားတစ်ဖက်သို့ ထွက်လာချိန်တွင် သူသည် ဆီးနှင်းများ ဖုံးလွှမ်းနေသော ကျင်းတစ်ခုထဲသို့ ပြုတ်ကျသွားသည်။ ခြေထောက်မြုပ်သွားပြီး ဟန်ချက်ပျက်ကာ မျက်နှာဖြင့် ဆီးနှင်းများကို ထိုးမိသွားသည်။
“ဖူး! ဖူး!” သူသည် ပါးစပ်ထဲမှ ဆီးနှင်းများကို ထွေးထုတ်လိုက်ပြီး ဒဏ်ရာကိုပင် မကြည့်ဘဲ ချက်ချင်းထကာ ပြေးပြန်သည်။
သူ၏ ခွန်အားများ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို သူ ခံစားရသည်။ သူ၏ ခြေလက်တို့မှာ ခဲများ ဆွဲထားသကဲ့သို့ လေးလံနေသည်။
ဒီအတိုင်းဆို မဖြစ်တော့။
ခွေးတွေကို အပြေးပြိုင်ပြီး မနိုင်နိုင်၊ အထူးသဖြင့် ဒီလို ဆီးနှင်းတွေနဲ့ ရှုပ်ထွေးတဲ့ မြေအနေအထားမျိုးမှာ။
သူသည် လမ်းကြောင်းကို ဖြတ်တောက်ရန် လိုအပ်သည်။
သူ၏ ဦးနှောက်မှာ လျင်မြန်စွာ စဉ်းစားသည်။
သစ်ပင်ပေါ် တက်မလား။ သိပ်သိသာလွန်းတယ်။ ခွေးတွေက အောက်မှာ ဝိုင်းဟောင်နေပြီး သူ သေနတ်နဲ့ဝိုင်းအပစ်ခံရမာ။
နောက်ဆုံး ရွေးချယ်စရာ တစ်ခုပဲ ကျန်တော့သည်။
အနံ့နှင့် ခြေရာကို လုံးဝ ပျောက်ကွယ်သွားစေမည့် နေရာ။
ရေ… သို့မဟုတ် လိုဏ်ဂူ။
ရေ!
သူ့မျက်လုံးများ အရောင်တောက်သွားသည်။ ရှေ့တွင် ရေခဲပြင်ပါးပါးလေး ဖုံးလွှမ်းနေသော စမ်းချောင်းငယ်တစ်ခု ရှိနေသည်။ သူသည် မဆိုင်းမတွပင် ချောင်းထဲသို့ ဆင်းလိုက်သည်။
“ခရက်။”
ရေခဲပြင် ကွဲထွက်သွားပြီး အေးစက်စက်ရေတို့က သူ၏ ခြေသလုံးအထိ ရောက်လာသည်။ အအေးဓာတ်မှာ ရက်စက်လွန်းလှပြီး အရိုးထဲအထိ ထိုးဖောက်ဝင်ရောက်လာသလိုပင်။
သွားများကို တင်းတင်းစေ့ထားရင်း လီဗိုင်းသည် ရေစီးအတိုင်း ပေရာဂဏန်းခန့်အထိ လျှောက်သွားလိုက်သည်။
ဒီလောက်ဆို ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းကို ခဏလောက်တော့ ဝေဝါးသွားစေနိုင်မည်။
သူသည် ကုန်းပေါ်သို့ ပြန်တက်လိုက်သည်။ အဝတ်အစားများမှ ရေစက်များ တောက်နေသည်။ ဘောင်းဘီမှာ ရေခဲသွားပြီး လှုပ်ရှားတိုင်း အသံထွက်နေသည်။
သူ အမိုးအကာတစ်ခု မတွေ့လျှင် အအေးမိပြီး သေဆုံးသွားလိမ့်မည်။
သူ ပြေးနေရင်း ပတ်ဝန်းကျင်ကို အသည်းအသန် ကြည့်လိုက်သည်။
ဆီးနှင်းများပေါ်သို့ ကျရောက်နေသော လရောင်ကြောင့် ပတ်ဝန်းကျင် အနေအထားကို မရေမရာ မြင်နေရသည်။
ထို့နောက် သူ တွေ့လိုက်ရသည်။
သူ၏ ဘယ်ဘက် မီတာနှစ်ရာခန့်အကွာတွင် ကျောက်ဆောင်မတ်စောက်ကြီးတစ်ခု။
အများစုမှာ ဗလာဖြစ်နေသော်လည်း မြေပြင်အနီးတွင် တစ်စုံတစ်ခု လွဲနေသည်။
ကျောက်ဆောင်နံရံအနီးတွင် ချုံပုတ်များ ထူထပ်စွာရှိပြီး ဆီးနှင်းများပုံနေသည်မှာ တောင်ကြီး ဗိုက်ဖောင်းနေသကဲ့သို့ ထူးခြားနေသည်။
ဒါ သဘာဝအတိုင်း မဟုတ်ဘူး။
အထဲမှာ တစ်ခုခု ရှိနေတယ်။
သူ၏ ရင်ထဲတွင် မျှော်လင့်ချက်များ တောက်လောင်လာသည်။ ကျန်ရှိနေသော ခွန်အားအနည်းငယ်ကို သုံး၍ ထိုနေရာသို့ အပြေးသွားလိုက်သည်။
နီးကပ်လာလေလေ သူ ပိုသေချာလာလေလေဖြစ်သည်။
သူသည် ဆီးနှင်းများဖုံးလွှမ်းနေသော အကိုင်းအခက်များကို ဖယ်ရှားလိုက်ရာ လူတစ်ကိုယ်စာလောက်သာ ဝင်နိုင်သည့် အက်ကြောင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။
ဝင်ပေါက်မှာ အလွန်ကောင်းမွန်စွာ ပုန်းအောင်းနေသည်။ လူတစ်ရာလောက် ဖြတ်သွားသည့်တိုင် သိနိုင်မည်မဟုတ်ပေ။
သူ အလောတကြီး ဝင်မသွားသေးပေ။
ဝက်ဝံ၊ ဝံပုလွေများ ရှိနေနိုင်သည် မဟုတ်လား။
လီဗိုင်းသည် ကျောက်ဆောင်နံရံကို နားကပ်၍ အသက်ကို အောင့်ထားပီးနားေထာင်လိုက်သည်။
ဘာအသံမှ မကြားရ။
အထဲမှ ရေစက်ကျသံ အနည်းငယ်သာ ကြားနေရသည်။
သူ အနံ့ခံကြည့်သည်။ စိုစွတ်သော မြေနှင့် ကျောက်သားအနံ့သာ ရှိသည်။ တိရစ္ဆာန်အနံ့ မရှိပေ။
လုံခြုံမည်ဟု ယူဆသည်။
နောက်မှ ခွေးဟောင်သံတို့မှာ ပိုနီးလာပြီဖြစ်သည်။
သူသည် အမ်ပီ-၄၀ သေနတ်ကို တင်းတင်းဖက်ကာ အက်ကြောင်းထဲသို့ ဝင်လိုက်သည်။
သူ၏ ကိုယ်ခန္ဓာ အထဲရောက်သည်နှင့် လေထုမှာ ပြောင်းလဲသွားသည်။
အပြင်ထက် ပို၍ နွေးထွေးသည်။ အလွန်အမင်း မနွေးသော်လည်း အပြင်လောက်တော့ အအေးမပြင်းထန်ေပ။
သူ သက်ပြင်းမချရသေးခင်မှာပင် သူ၏ ခြေထောက်မှာ ချော်သွားသည်။
“ဘုန်း!”
သူသည် ပြင်းထန်စွာ လဲကျသွားသည်။
ဝင်ပေါက်မှာ အောက်သို့ စောင်းနေပြီး ရေစိမ့်မှုကြောင့် ရေခဲပြင်နှင့် ဖြစ်နေသည်။ သဘာဝထောင်ချောက်ပင်။
နာကျင်မှုကို ဂရုမစိုက်ဘဲ သူထကာ ကျောက်နံရံကို ကိုင်၍ အထဲသို့ တဖြည်းဖြည်း တိုးဝင်သွားသည်။
ကွေ့တစ်ခုကျော်ပြီးနောက် နေရာမှာ ကျယ်သွားသည်။
ကျယ်ဝန်းသော လိုဏ်ဂူကြီးတစ်ခုဖြစ်သည်။ မျက်နှာကြပ်တွင် ရှေးဟောင်းသတ္တဝါတို့၏ အရိုးများကဲ့သို့ ကျောက်စက်ပန်းဆွဲများ ဆွဲလောင်းနေသည်။
သူ ရပ်နားနိုင်သည်။
လီဗိုင်းသည် ကျောက်တုံးကြီးတစ်ခုအနားတွင် ပစ်လဲလိုက်သည်။ အသက်ကို ပြင်းပြင်းရှူသည်။ သက်သာရာရသွားသကဲ့သို့ ခံစားရသည်။
သူသည် ဟိုက်ဒရာစစ်သားဆီမှ ရထားသော စွမ်းအင်မြင့် အစားအစာကို ထုတ်၍ ကိုက်စားလိုက်သည်။
ခြောက်သွေ့သည်။ မာသည်။ သွားဖုံးများ နာကျင်သည်။
သို့သော် သူစားဖူးသမျှထဲတွင် အကောင်းဆုံး အရသာပင်။
သူ အကုန်နီးပါး စားလိုက်ပြီးနောက် ရေဘူးမှ ရေအေးကို သောက်လိုက်သည်။ ရင်ဘတ်ထဲက ပူလောင်မှုများ ပျောက်ကွယ်သွားပြီး ခွန်အားများ ပြန်ဝင်လာသည်။
ဒဏ်ရာများမှာ ပိတ်စပြုနေပြီး ယားယံနေသည်။
သူသည် မီးခြစ်ကို ခြစ်လိုက်သည်။
“ကလစ်။”
လိမ္မော်ရောင် မီးတောက်ငယ်တစ်ခု ပေါ်လာပြီး အမှောင်ထုကို တွန်းထုတ်လိုက်သည်။
မီးရောင်ဖြင့် သူသည် မြေပုံကို ဖြန့်ကြည့်သည်။
ကြမ်းတမ်းသော်လည်း အတိအကျပင်။
အလယ်တွင် စက်ရုံ ကို အနီရောင်ဖြင့် မှတ်သားထားသည်။ ကင်းလှည့်လမ်းကြောင်းများမှာ ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့နေသည်။
လီဗိုင်းသည် သူ လွတ်မြောက်လာသည့် လမ်းကြောင်းကို လက်ဖြင့် လိုက်ကြည့်ရင်း ချွေးစေးများ ပြန်လာသည်။
သူသည် ကင်းလှည့်လမ်းကြောင်းနှစ်ခုကြားမှ အကျဉ်းဆုံးနေရာကို ဖြတ်ပြေးလာခြင်းဖြစ်သည်။
လမ်းမှားတစ်ခုသာ တိုးမိလျှင် ဟိုက်ဒရာ တပ်စုတစ်ခုနှင့် တည့်တည့်တိုးလိမ့်မည်။
“ငရဲလိုပဲ သေစမ်း၊… ဒါ တကယ့် ကံမကောင်းတာပဲ။” သူ ရေရွတ်သည်။
ထို့နောက် သူသည် အပြာရောင် စွမ်းအင်တုံးကို ထုတ်ကြည့်သည်။
မီးရောင်အောက်တွင် ၎င်းမှာ ပို၍ ထူးခြားနေသည်။ အတွင်းထဲတွင် အလင်းတန်းများ လှုပ်ရှားနေသည်။
စွမ်းအင်—ရှေးဟောင်း၊ သန့်စင်သော စွမ်းအင်။
သူသည် ၎င်းကို လှည့်ကြည့်သည်။ ပွတ်သပ်ကြည့်သည်။ ဝတ္ထုတွေထဲကလို စွမ်းအားထုတ်ဖို့ ကြိုးစားကြည့်သည်။
ဘာမှ မထူး။
ခေါင်းမူးလာသည်ကလွဲ၍။
“ဟူး လက်စွဲစာအုပ်လည်း မပါဘူး၊ အဆင့်မြင့်နည်းပညာကို ဘယ်လိုသုံးရမှန်းလည်း မသိဘူး။” သူ စိတ်ပျက်စွာဖြင့် ထိုပစ္စည်းကို ပြန်သိမ်းလိုက်သည်။
ထိုစွမ်းအင်တုံးနှင့် မြေပုံကို ဂရုတစိုက် ထုပ်ပိုး၍ အဝတ်အစားထဲတွင် ဝှက်ထားလိုက်သည်။ ဒါက သူ၏ အသက်ကယ် အရင်းအနှီးပင်။
ရုတ်တရက်—အပြင်ဘက်တွင် လူသံများနှင့် ခွေးဟောင်သံတို့ ကြားလိုက်ရသည်။
သူသည် ဝင်ပေါက်နားသို့ တိုးသွားပြီး ချောင်းကြည့်သည်။
မီးအိမ်ရောင်ခြည်များက ဝေးလံသော သစ်ပင်များကြားတွင် လှုပ်ရှားနေသည်။ သို့သော် သူတို့မှာ ဝေးရာသို့ သွားနေကြသည်။
ရေလမ်းကြောင်းကို အသုံးပြုခဲ့သည့် လှည့်ကွက် အလုပ်ဖြစ်သွားသည်။
သူတို့ သူ့ကို ပျောက်သွားပြီ။
လီဗိုင်း သက်ပြင်းချလိုက်သည်။
လောလောဆယ်တော့ လုံခြုံသည်။
ပင်ပန်းနွမ်းနယ်မှုများက လှိုင်းလုံးကြီးကဲ့သို့ ဝင်ရောက်လာသည်။
မျက်ခွံများမှာ သံချောင်းကဲ့သို့ လေးလံနေသည်။
မရဘူး။ အိပ်လို့အရဘူး။
သူသည် သူ၏ ပေါင်ကို ပြင်းပြင်းဆိတ်လိုက်သည်။ နာကျင်မှုကြောင့် သူ သတိပြန်ဝင်လာသည်။
ဒီနေရာမှာ အိပ်ခြင်းသည် အသတ်ခံဖို့ ခေါင်းကို ပေးလိုက်ခြင်းနှင့် တူသည်။
သူသည် မီးအိမ်ကို ကိုင်၍ လိုဏ်ဂူ၏ အတွင်းပိုင်းကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
အမ်ပီ-၄၀ သေနတ်ကို ကိုင်၍ အတွင်းပိုင်းသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားသည်။
လိုဏ်ဂူမှာ အတန်ငယ် ရှည်လျားသည်။ လေထုမှာ ပိုအေးစက်လာပြီး စိုစွတ်လာသည်။ ရေစက်ကျသံတို့က သူ၏ အာရုံများကို ရိုက်ခတ်နေသည်။
မီတာ ၅၀ သို့မဟုတ် ၆၀ အကွာတွင် လမ်းမှာ ကွေ့သွားသည်။
သူသည် ကျောက်နံရံတွင် ကပ်၍ အသာချောင်းကြည့်လိုက်သည်။
အရှေ့တွင် ပို၍ ကျယ်ဝန်းသော အခန်းတစ်ခု ရှိနေသည်။ အဆုံးကို အမှောင်ထုက ဝါးမြိုထားသည်။
သူ ရှေ့သို့ လှမ်းပြင်စဉ်—
သူ ကြားလိုက်ရသည်။
ရေစက်ကျသံအောက်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အသံတစ်ခု။
သို့သော် လီဗိုင်းသည် ချက်ချင်း ရပ်တန့်သွားသည်။
ဒါ လေတိုးသံ မဟုတ်ဘူး။
ဒါ ရေစက်ကျသံ မဟုတ်ဘူး။
ဒါသည် လေးလံသော အရာတစ်ခု—သတ္တု—ကို ကျောက်ပေါ်တွင် ဆွဲငင်နေသော အသံဖြစ်သည်။
“ခြစ်… ဒိုင်း…”
နှေးကွေးသည်။ ရည်ရွယ်ချက်ရှိရှိပင်။ အမှောင်ထုထဲတွင် သံကြိုးဟောင်းကြီးကို ဆွဲငင်နေသကဲ့သို့။
လီဗိုင်း တောင့်တင်းသွားသည်။
သူ၏ လက်ထဲမှ မီးခြစ်သည် လွတ်ကျသွားသည်။
“ကလင်။”
ရေစက်တစ်စက် ကျလိုက်သဖြင့် မီးတောက်မှာ ချက်ချင်း ငြိမ်းသွားသည်။
အမှောင်ထုသည် သူ့ကို တစ်ကိုယ်လုံး ဝါးမြိုသွားသည်။
သူ၏ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ ရင်ခုန်လာသည်။
ဒီလိုဏ်ဂူထဲမှာ သူတစ်ယောက်တည်း မဟုတ်ဘူး။