အခန်း (၈) - သေနတ်ငယ်လေးများမှ အပြင်းစားလက်နက်ကြီးများဆီသို့
“ေသစမ်းတကယ့်ငရဲလိုပ ၊ ဒါ ဘာတွေဖြစ်ကုန်တာလဲ။”
လီဗိုင်းသည် ဆီးနှင်းများကြားတွင် ရပ်နေရင်း သူ၏ခြေရင်း၌ လဲကျနေသော ဟိုက်ဒရာစစ်သားများ၏ ရုပ်အလောင်းများကို ကြည့်နေသည်။ သူ၏ ခံစားချက်တို့မှာ ရင်ဘတ်ထဲတွင် ဟင်းခတ်အမွှေးအကြိုင်ဗူး မှောက်ကျသွားသကဲ့သို့ ရှုပ်ထွေးနေသည်။
ကြောက်စိတ်—ဟုတ်ပါသည်၊ သူကြောက်နေမိသည်။ သူသည် တစ်ယောက်တည်းဖြစ်ပြီး ဟိုက်ဒရာစစ်သား နောက်ထပ် ဘယ်နှစ်ယောက် အနီးအနားတွင် ပုန်းအောင်းနေမည်ကို သူ မသိပေ။ ခုနက ပစ်ခတ်သံများသည် အခြားသူများကို အသိပေးလိုက်သလို ဖြစ်သွားခဲ့ပြီ။
သို့သော် ထိုကြောက်စိတ်၏ နောက်ကွယ်တွင်…
အခြားခံစားချက်တစ်ခုမှာ သူ၏အတွင်းစိတ်ထဲမှ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။
စိတ်လှုပ်ရှားမှု။
တင်းမာပြီး ရူးသွပ်လုနီးပါး ဖြစ်သော စိတ်လှုပ်ရှားမှုဖြစ်သည်။
သူ အခု ဘယ်နေရာမှာ ရောက်နေတာလဲ။
ဒါသည် ဟိုက်ဒရာ၏ ဌာနချုပ် ဖြစ်သည်။
ပြီးတော့ ဟိုက်ဒရာမှာ ဘာတွေရှိသလဲ။
ဒီခေတ်ကာလထက် အဆပေါင်းများစွာ ကျော်လွန်သော နည်းပညာများ။
ရုပ်ရှင်တွေထဲမှာဆိုရင် ခေါင်းခွံနီ၏ တပ်ဖွဲ့တွေက ဘယ်လိုလက်နက်တွေ သုံးသလဲ။ အပြာရောင် စွမ်းအင်သေနတ်တွေလေ—တစ်ချက်ပစ်လိုက်တာနဲ့ လူတစ်ယောက်ဟာ ပြာပုံဖြစ်သွားရော။ အဲဒါနဲ့ ယှဉ်ရင် သူကိုင်ထားတဲ့ စက်သေနတ်က ကစားစရာအရုပ်နဲ့ မခြားနားပေ။
မှန်ပါတယ်၊ ဒီလူတွေက ရိုးရိုးဂျာမန်စစ်သားတွေလိုပဲ သာမန်လက်နက်တွေ သုံးနေကြတာ။ ဒါပေမဲ့ ဒါက ဟိုက်ဒရာပဲလေ။ သူတို့ရဲ့ ပစ္စည်းကိရိယာတွေက ပုံမှန်ဂျာမန်စစ်သားတွေထက် ပိုကောင်းရမှာပေါ့။
စကားပုံအတိုင်းပဲ၊ ရဲရင့်တဲ့သူက ချမ်းသာပြီး၊ ကြောက်ေနတဲ့သူက ငတ်ေသလိမ့်မယ်။
သူ ဒီလောက်အထိ နက်နက်နဲနဲ ရောက်နေပြီပဲ။ အခုမှ စဉ်းစားနေလို့ ဘာမှမထူးတော့ဘူး။ သေရမယ်ဆိုရင်တောင် အရင်းအနှီးလေးတော့ အရင်ရှာသွားတာ ပိုကောင်းတာပေါ့။
ထိုအတွေး ပေါ်လာသည်နှင့် သူ၏စိတ်ထဲတွင် ခိုင်မာသွားတော့သည်။
လီဗိုင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။
မဆိုင်းမတွပင် သူသည် ငုတ်တုတ်ထိုင်လိုက်ပြီး သူ၏ ခရီးသည်ဘဝအတွက် ပထမဆုံးအလုပ်ကို စတင်လိုက်သည်—
အလောင်းထံမှပစ္စည်းရှာခြင်း။
သူသည် တံတောင်ဆစ်ဖြင့် ရိုက်ချခဲ့သော အဖွဲ့ခေါင်းဆောင်ဆီသို့ အရင်သွားသည်။ ရာထူးကြီးလေ ပစ္စည်းကောင်းလေဆိုတာ ကမ္ဘာ့အမှန်တရားပဲ။
သူ အမြန်ရှာဖွေလိုက်သည်။
ပထမဆုံး၊ လက်နက်များ။
ကောင်းမွန်စွာ ထိန်းသိမ်းထားသော အမ်ပီ-၄၀ စက်သေနတ်တစ်လက်နှင့် ကျည်အပြည့်ပါသော ကျည်ကပ် သုံးခု။ လီဗိုင်းသည် ကျည်ကပ်အားလုံးကို သူ၏အင်္ကျီအတွင်းသို့ ထည့်လိုက်သည်။ ထိုသူ၏ ခါးပတ်မှ ဂျာမန်လက်ပစ်ဗုံး နှစ်လုံးကို ဖြုတ်ယူလိုက်သည်။ ၎င်းတို့သည် အားကောင်းပြီး အဝေးကို ပစ်နိုင်သဖြင့် တိုက်ခိုက်မှုအတွက် အလွန်ကောင်းသည်။
နောက်တစ်ခု—အစားအစာ။
အတွင်းအိတ်ကပ်ထဲမှ အမည်းရောင် ဆီစက္ကူနှင့် ထုပ်ထားသော အတုံးတစ်ခုကို ထုတ်လိုက်သည်။ ဖွင့်ကြည့်လိုက်ရာ အသားနှင့် အခွံမာသီးများပါဝင်သည့် စွမ်းအင်မြင့် အစားအစာတစ်ခုဖြစ်သည်။ သူ၏အိတ်ထဲရှိ ခြောက်သွေ့နေသော မုန့်များထက် အများကြီး ပိုကောင်းသည်။ ချောကလက်အနည်းငယ်ပါသည့် သံဘူးငယ်တစ်ခုလည်း တွေ့သည်။
“အကုန်လုံး ကောင်းတဲ့ပစ္စည်းတွေပဲ။” လီဗိုင်းသည် ချောကလက်တစ်စကို ပါးစပ်ထဲထည့်လိုက်ရင်း တိုးတိုးလေးပြောလိုက်သည်။ အချိုဓာတ်သည် လျှာပေါ်တွင် ပျော်ဝင်သွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ ပြန်ရောက်လာသည်။ သကြားဓာတ်သည် အသက်ဆက်စေပြီး စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေသည်။
အလောင်းကို လှန်လိုက်စဉ် သူ၏လက်သည် အတွင်းအိတ်ကပ်ထဲရှိ မာကျောပြီး လေးထောင့်ပုံစံ ပစ္စည်းတစ်ခုကို ထိမိသွားသည်။
သူ ခဏရပ်လိုက်ပြီး ထုတ်ယူလိုက်သည်။
သားရေဖြင့် ချုပ်ထားသော မှတ်စုစာအုပ်ငယ်။
သူသည် ဆီးနှင်း၏ ရောင်ပြန်ဟပ်မှုကို အသုံးပြု၍ စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။
လက်ဖြင့် ဆွဲထားသော မြေပုံတစ်ခု။
ကြမ်းတမ်းသော်လည်း အရေးကြီးသော နေရာများကို ရှင်းရှင်းလင်းလင်း မှတ်သားထားသည်။ သူ၏မျက်လုံးများသည် “ဖက်ဘရစ်ခ်” (စက်ရုံ) ဟု ရေးသားထားသော အနီရောင် အမှတ်အသားကြီးကို ချက်ချင်းတွေ့လိုက်သည်။ ထိုစကားလုံးကို သူ နားလည်သည်။
၎င်း၏ ပတ်ပတ်လည်တွင် အချိန်များနှင့် အရေအတွက်များကို ရေးသားထားသော အစက်ချမျဉ်းများ ရှိနေသည်။
ကင်းလှည့်လမ်းကြောင်းများ။ အချိန်ဇယားများ။
ထီပေါက်ပြီ။
လီဗိုင်း၏ နှလုံးခုန်သံမှာပြင်းလာပီး ရင်ဘတ်ထဲမှ ပေါက်ထွက်လာတော့မလိုပင်။
ဒီပစ္စည်းတစ်ခုက စက်သေနတ်အလက်တစ်ရာထက် ပိုတန်ဖိုးရှိသည်။ ဒီမြေပုံကြောင့် သူသည် ဒီသေတွင်းတောအုပ်ထဲတွင် မျက်စိစုံမှိတ် လျှောက်နေစရာ မလိုတော့ပြီ။ ကင်းလှည့်သမားများကို ရှောင်နိုင်မည်၊ ပိုလုံခြုံသော လမ်းကြောင်းများကို ရွေးချယ်နိုင်မည်။ အရေးကြီးဆုံးမှာ ဟိုက်ဒရာစက်ရုံ ဘယ်နေရာမှာရှိသည်ကို သူ အတိအကျ သိသွားပြီဖြစ်သည်။
သူသည် မြေပုံကို ဂရုတစိုက်ခေါက်၍ သူ၏အဝတ်အစားအတွင်း ရင်ဘတ်နှင့်ကပ်လျက် ထည့်ထားလိုက်သည်။
အဆောင်လက်ဖွဲ့တစ်ခုလိုပင်။
စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး အဖွဲ့ခေါင်းဆောင်၏ အလောင်းကို ဆက်လက်ရှာဖွေသည်။
မကြာမီ နောက်ထပ်တစ်ခုကို တွေ့ပြန်သည်။
လက်ဝါးအရွယ်အစားရှိ အမည်းရောင် သတ္တုသေတ္တာလေးတစ်ခု၊ အနီရောင် ခလုတ်တစ်ခုနှင့် အင်တင်နာတိုလေးများ ပါဝင်သည်။ ရေဒီယိုတစ်ခုနှင့် ဆင်တူသော်လည်း ဒုတိယကမ္ဘာစစ်ခေတ်က ပစ္စည်းများထက် ပိုမိုခေတ်မီသည်။
“ဟိုက်ဒရာရဲ့ အတွင်းပိုင်း ဆက်သွယ်ရေးစက်ပဲ။” လီဗိုင်း ရေရွတ်လိုက်သည်။
သူသည် လှိုင်းနှုန်းကို မသိသလို ဂျာမန်စကားလည်း မတတ်ပေ။ သို့သော် ထိုစက်သည် အဆင့်မြင့်နည်းပညာ ဖြစ်နေမှန်း သိသာသည်။ ခဏလောက် စဉ်းစားပြီးနောက် သူသည် ၎င်းကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ နောက်ပိုင်းတွင် အသုံးဝင်လာနိုင်သည်။
သူသည် ကျန်သည့် စစ်သားသုံးယောက်ဆီသို့ ဆက်သွားသည်။
သာမန်စစ်သားများဖြစ်သောကြောင့် ပစ္စည်းသိပ်မကောင်းလှပေ။ ကျည်ဆန်များနှင့် ရိက္ခာအနည်းငယ်သာ ပါသည်။ သို့သော် လီဗိုင်းသည် ပစ္စည်းတစ်ခုမှ မကျန်ရစ်စေရဟူသောမူကို ကိုင်စွဲထားသဖြင့် ကျည်ကပ်များနှင့် လက်ပစ်ဗုံးများကို သိမ်းယူလိုက်သည်။
သူ ပြန်မတ်တပ်ရပ်လိုက်သည့်အချိန်တွင် လူတစ်ယောက်လုံး ပြောင်းလဲသွားသလို ခံစားရသည်။
သူသည် ကျည်ကုန်နေသော အမ်-၁-အေ-၁ သေနတ်ကို ပစ်ချလိုက်ပြီး အမ်ပီ-၄၀ သေနတ်ကို ပခုံးတွင်လွယ်လိုက်သည်။ သူ၏ အင်္ကျီအိတ်ကပ်များထဲတွင် ကျည်ကပ်များပြည့်နေသည်။ လက်ပစ်ဗုံး ခြောက်လုံးကို ခါးပတ်တွင် ချိတ်ထားသည်။ အိတ်ထဲတွင် ချောကလက်နှင့် စွမ်းအင်မြင့် ရိက္ခာများ ပြည့်နှက်နေသည်။ ရင်ဘတ်အနီးတွင် လမ်းပြမြေပုံနှင့် အနာဂတ်နည်းပညာပစ္စည်းတစ်ခုကို ဝှက်ထားသည်။
ဒါဟာ အဆင့်မြှင့်တင်မှု အပြည့်အဝပဲ။
သေနတ်ငယ်လေးမှသည် အပြင်းစားလက်နက်များဆီသို့။
သူ၏ လုံခြုံမှုအာမခံချက်မှာ အဆမတန် တိုးတက်သွားသည်။ အမြဲတမ်းဆိုသလိုပင် လူတစ်ယောက်၏ အကြီးမားဆုံး ယုံကြည်မှုသည် လုံလောက်သော လက်နက်နှင့် ရိက္ခာများပေါ်တွင် တည်မှီနေသည်။
သူ ထွက်ခွာခါနီးတွင် သူ၏အကြည့်သည် သူ ပထမဆုံးသတ်ခဲ့သော စစ်သားဆီသို့ ရောက်သွားသည်။ လည်ပင်းကို လှီးဖြတ်ခံလိုက်ရသူဖြစ်သည်။
သူ လဲကျသွားချိန်တွင် သူ၏ကျောပိုးအိတ်မှာ ပေါက်ပြဲသွားပြီး ပစ္စည်းများ ဆီးနှင်းများပေါ်သို့ ပြန့်ကျဲသွားသည်။
လီဗိုင်းသည် ခုနက သတိမထားမိခဲ့ပေ။
သို့သော် ယခုမူ တစ်စုံတစ်ခုက သူ၏မျက်စိကို ဆွဲဆောင်သွားသည်။
မှိန်ဖျော့ဖျော့ တောက်ပနေသော အပြာရောင်အလင်းတန်းတစ်ခု။
“ဒါ… ဘာလဲ။”
သိလိုစိတ်ဖြင့် သူသည် ခြေေထာက်ဖြင့် ဆီးနှင်းများကို ဖယ်ရှားလိုက်သည်။
အဲဒီမှာ ရှိနေသည်။
လက်သီးဆုပ်လောက်သာရှိသော အပြာရောင် ကြည်လင်နေသည့် အတုံးလေးတစ်ခု။ ပုံဆောင်ခဲနှင့် တူသော်လည်း အတွင်းထဲတွင် အလင်းတန်းများ ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး သန့်ရှင်းပြီး တည်ငြိမ်သော စွမ်းအင်ရောင်ခြည်ကို ထုတ်လွှတ်နေသည်။
၎င်းသည် ဆီးနှင်းများကြားတွင် ငြိမ်သက်စွာ ရှိနေသည်။ ထိုအပြာရောင် တောက်ပမှုသည် အမှောင်ထုထဲတွင် ထူးခြားစွာ လှပနေသည်။
လီဗိုင်းသည် ငုတ်တုတ်ထိုင်လိုက်ပြီး ခဏတာ တွန့်ဆုတ်နေမိသည်။
ထို့နောက် ၎င်းကို ကောက်ယူလိုက်သည်။
ထိုအတုံးလေးမှာ အေးစက်မနေပေ။ ချောမွေ့ပြီး နွေးထွေးနေသယောင်ပင်။
သူသည် အတွင်းထဲတွင် အားကောင်းပြီး အလွန်သန့်စင်သော စွမ်းအင်တစ်ခု စီးဆင်းနေသည်ကို ထင်ရှားစွာ ခံစားနိုင်သည်။
“ဒါ… စွမ်းအင်ဗဟိုချက်တစ်ခုလား။”
သူ၏စိတ်ထဲတွင် ရုပ်ရှင်ထဲမှ ဟိုက်ဒရာ၏ လက်နက်များ ပေါ်လာသည်။
ထိုအပြာရောင် စွမ်းအင်သေနတ်များ၏ စွမ်းအင်အရင်းအမြစ်သည် တက်ဆာရက် ဖြစ်သည်။ ဤအတုံးလေးမှာလည်း အရောင်နှင့် စွမ်းအင်အရ အလွန်ဆင်တူနေသည်။
လျှပ်စီးလက်သွားသကဲ့သို့ သူ နားလည်သွားသည်။
ဒါသည် တက်ဆာရက်မှ သန့်စင်ထားသော စွမ်းအင်အရင်းအမြစ်တုံး ဖြစ်ဖို့ များသည်။ ဟိုက်ဒရာ၏ စွမ်းအင်သေနတ်များအတွက် ဘက်ထရီပင်ဖြစ်သည်။
လီဗိုင်း၏ အသက်ရှူနှုန်း မြန်ဆန်လာသည်။
သူသည် ထိုစွမ်းအင်တုံးကို ဂရုတစိုက်ဖြင့် သူ၏အဝတ်အစားအတွင်း ထည့်လိုက်သည်။ သူ၏နှလုံးမှာ ရင်ဘတ်ထဲမှ ထွက်ကျလုနီးပါးပင်။
အရင်ဆုံး မြေပုံ။
ပြီးတော့ ဒါ။
ဘာလဲ၊ စကြဝဠာကြီးက ငါ မြန်မြန်သေမှာ စိုးရိမ်နေတာလား—ဒါကြောင့် ငါနဲ့အတူ ဟိုက်ဒရာ ကို ဆွဲခေါ်သွားဖို့ ဒီရတနာတွေကို ပေးလိုက်တာလား။
သူ စိတ်လှုပ်ရှားနေဆဲအချိန်တွင် လေထဲမှတဆင့် ဝေးလံသောနေရာမှပဲ့တင်လာသော အသံတစ်ခု ကြားလိုက်ရသည်။
“ဝုတ်! ဝုတ် ဝုတ်!”
ခွေးများ။
တစ်ကောင်တည်း မဟုတ်ပေ။
လီဗိုင်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
ပစ်ခတ်သံများသည် ပိုမိုကြီးမားသော ရှာဖွေရေးအဖွဲ့ကို ဆွဲဆောင်လိုက်သလို ခွေးများပါ ခေါ်လာကြသည်။
ဆီးနှင်းများကြားတွင် လူ၏နှာခေါင်းသည် အလုပ်မလုပ်နိုင်ပေ။
ခွေး၏ နှာခေါင်းမူကား လုပ်နိုင်ပေသည်။
မြေပြင်ပေါ်မှ သွေးစက်များသည် သူ့ဆီကို တည့်တည့်ညွှန်ပြနေသော တောက်ပသည့် မြှားတစ်ခုပင်။
ပြေးတော့။ အခုချက်ချင်း။
သူ အချိန်မဖြုန်းတော့ပေ။ အလောင်းများကို နောက်ဆုံးတစ်ချက် ငဲ့ကြည့်လိုက်ပြီး “ပစ္စည်းတွေအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့” ဟု တိုးတိုးလေး ပြောလိုက်ကာ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
သူသည် စက်ရုံဆီသို့ အနီးဆုံးလမ်းကြောင်းဖြင့် မသွားပေ။
ဒါဟာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။
သူသည် မြေပုံပေါ်ရှိ ကင်းလှည့်လမ်းကြောင်းများကို အသုံးပြု၍ လူမသွားသော၊ အဝေးဆုံးလမ်းကြောင်းကို ရွေးချယ်လိုက်သည်။ ဆန့်ကျင်ဘက် ဦးတည်ချက်သို့ သွားနေခြင်းဖြစ်သည်။
စက်ရုံဆီသို့ အခုချက်ချင်းသွားခြင်းသည် ထောင်ချောက်ထဲ တည့်တည့်ဝင်သွားခြင်းသာ ဖြစ်လိမ့်မည်။
သူသည် ပုန်းအောင်းနေပြီး အခြေအနေကို စောင့်ကြည့်ရမည်။ မနက်လင်းသည်အထိ စောင့်ရမည်။
ပြီးမှ နောက်တစ်ဆင့်ကို စဉ်းစားရမည်။
လေနှင့် ဆီးနှင်းများ ပြင်းထန်လာပြီး သူ၏ခြေရာများကို အမြန်ပင် ဖုံးလွှမ်းသွားသည်။ အလောင်းများကို မြှုပ်နှံလိုက်ပြီး အကြမ်းဖက်မှု အငွေ့အသက်များကို ဖျောက်ဖျက်လိုက်သည်။
ဘာမှမဖြစ်ခဲ့သည့်အတိုင်း တောအုပ်သည် တိတ်ဆိတ်သွားပြန်သည်။
လက်နက်သစ်များ၊ စိတ်အားထက်သန်သော နှလုံးသားတို့နှင့်အတူ အမည်းရောင် အရိပ်တစ်ခုသည်သာ အေးခဲနေသော တောအုပ်ကြီးထဲတွင် မြန်ဆန်ပြီး ပြတ်သားစွာ ရွေ့လျားနေလေတော့သည်။