အခန်း ၂ - ဟယ်လို၊ ငါ့နာမည် လိုဂန်
တိုက်စစ်ဆင်ဖို့ မှုတ်လိုက်တဲ့ တရွှီရွှီ အချက်ပေးသံက လီဗိုင်း ရဲ့ နားစည်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပါသည်။
ဝုဗာရင်းရဲ့ စွမ်းရည်ကို သူ ကူးယူထားမိတယ်ဆိုတဲ့ အံ့ဩစရာအချက်ကိုတောင် သူကောင်းကောင်း မစဉ်းစားရသေးခင်မှာပဲ တစ်စုံတစ်ယောက်က သူ့ကျောကို သေနတ်ဒင်နဲ့ ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။ ကြီးမားတဲ့ တွန်းအားတစ်ခုကြောင့် သူ ဗုံးတွင်းထဲကနေ အပြင်ကို လွင့်ထွက်သွားသည်။
"ရွေ့စမ်း၊ လူသစ်! ဒီမှာပဲ နေပြီး ပစ်မှတ်ဖြစ်ခံချင်လို့လား!" သူ့နားနားမှာ အသံပြဲကြီးနဲ့ ဟစ်အော်လိုက်ပါသည်။
လီဗိုင်း ရဲ့ စိတ်တွေ လုံးဝ ဗလာဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ကလည်း အလိုအလျောက်ပဲ ရှေ့က ယိမ်းထိုးနေတဲ့ လူတွေနောက်ကို လိုက်ပြေးမိပြီး နောက်ဆုံးမှာတော့ ရွှံ့တွေဗွက်ထနေတဲ့ မြေပြင်ပေါ်ကို ရောက်သွားပါသည်။
သူက အေးစက်ပြီး လေးလံတဲ့ သေနတ်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားသည်။ သူ့လက်ထဲမှာတော့ အဲဒီသေနတ်က သံတုတ်တစ်ချောင်းလိုပါပဲ—သူ ဘယ်လို ပစ်ရမှန်းတောင် မသိပါဘူး။ အခုချိန်မှာတော့ အဲဒီသေနတ်က သူ့စိတ်ပိုင်းဆိုင်ရာအတွက် နောက်ဆုံးအားကိုးရာလေးပါပဲ။
သူ ဗုံးတွင်းရဲ့ အကာအကွယ်ကနေ ထွက်လာတဲ့အခိုက်မှာပဲ ကမ္ဘာကြီးတစ်ခုလုံးဟာ ငရဲခန်းအဖြစ် ပြောင်းလဲသွားပါတယ်။
ကျည်ဆန်တွေက သူ့ခေါင်းနား၊ နားနားနဲ့ ခြေထောက်နားတွေကနေ တရွှီရွှီနဲ့ ဖြတ်သန်းသွားပြီး အဲဒီအသံတွေက သူ့ခေါင်းကိုတောင် ထူပူလာစေသည်
အဝေးမှာ ပေါက်ကွဲသံတွေက မပြတ်မလပ် ထွက်ပေါ်နေပါသည် ပေါက်ကွဲမှုတိုင်းမှာ မီးလုံးကြီးတွေနဲ့ မီးခိုးမည်းတွေ ထွက်ပေါ်လာပြီး ပူပြင်းတဲ့ လေလှိုင်းတွေက မြေကြီးတွေကို သူ့မျက်နှာဆီ တိုက်ရိုက် ရိုက်ခတ်လာသည်
လေထုထဲမှာ ယမ်းနံ့နဲ့ သွေးနံ့တွေက ပျံ့နှံ့နေပြီး သူ့မျက်ရည်တွေကို ကျလာစေကာ လည်ချောင်းတွေကို ပူစပ်လာစေသည်။ သူရှူရှိုက်နေတာ လေမဟုတ်ဘဲ ဖန်ကွဲစတွေ ရှူနေရသလိုပါပဲ။
သူ့ဘေးနားမှာ အတူတူ ပြေးလာတဲ့ စစ်သားလေးတစ်ယောက်ဟာ ဘယ်ကမှန်းမသိတဲ့ လက်နက်ကြီးကျည်တစ်လုံး ထိမှန်သွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး သွေးမြူမှုန်တွေအဖြစ် ပျောက်ကွယ်သွားတာကို သူ မြင်လိုက်ရသည်
နွေးထွေးတဲ့ အရည်တွေက လီဗိုင်းရဲ့ မျက်နှာပေါ်ကို ပန်းထွက်လာပြီး စေးကပ်ကပ် အနံ့ဆိုးတွေကြောင့် သူ့ဗိုက်ထဲက အော့အန်ချင်စရာ ဖြစ်လာသည်
ဘက်ပေါင်းစုံကနေ ရောက်လာတဲ့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေက သူ့လည်ချောင်းကို ဖျစ်ညှစ်ထားသလိုပဲ။
ငြိမ်းချမ်းရေးခေတ်မှာ ကြီးပြင်းလာတဲ့သူတစ်ယောက်အနေနဲ့ ဒီလိုမျိုးကို ဘယ်လိုများ မြင်ဖူးပါ့မလဲ? တကယ့် စစ်မြေပြင်နဲ့ ယှဉ်ရင် ရုပ်ရှင်ထဲက စစ်ပွဲတွေဆိုတာ ကလေးကစားစရာလောက်တောင် မရှိပါဘူး။
သူ အော်ဟစ်ချင်လိုက်သည်။နောက်လှည့်ပြေးချင်လိုက်သည်။ မြေကြီးထဲမှာ တွင်းတူးပြီး အရှင်လတ်လတ် မြှုပ်ထားလိုက်ချင်လိုက်သည်
ဒါပေမဲ့ ဒီလို ရှုပ်ထွေးတဲ့ လူသတ်စက်ကွင်းထဲမှာ သူ ဘာမှ လုပ်လို့မရပါဘူး။
သူ လုပ်နိုင်တာကတော့ တခြားလူတွေလိုပဲ ခေါင်းကိုငုံ့ပြီး ရှေ့ကို အားကုန်ပြေးဖို့ပါပဲ။
သူ့အကြည့်က စစ်မြေပြင်မှာ အထင်ရှားဆုံး လူတစ်ယောက်ဆီကို ရောက်သွားပါတယ်။ သူက ပါးစပ်မှာ ဆေးပြင်းလိပ်ကို ကိုက်ထားပြီး လက်သီးကြားကနေ အရိုးလက်သည်းတွေ ထွက်နေတဲ့ ခပ်တောင့်တောင့် လူကြီးပါပဲ။
လိုဂန်။
ဒီလူက ဂျာမန်တပ်တွေရဲ့ ပစ်ခတ်မှုကို လုံးဝ ဂရုမစိုက်ဘဲ ရှေ့ကို တန်းတန်းမတ်မတ် ပြေးသွားသည်။
ကျည်ဆန်တွေက သူ့ရင်ဘတ်ထူထူကြီးကို ထိမှန်ပြီး သွေးတွေ ထွက်လာပေမဲ့ သူက အနည်းငယ်ယိမ်းသွားရုံကလွဲရင် တိရစ္ဆာန်တစ်ကောင်လို ဟိန်းဟောက်ပြီး ဆက်ပြေးပါသည်
သူ့နောက်ကပဲ လိုက်မယ်! ငါ သူ့အနားမှာပဲ နေရမယ်!
ဒါကပဲ လီဗိုင်း ရဲ့ စိတ်ထဲမှာ ကျန်ရှိတဲ့ တစ်ခုတည်းသော အတွေးပါ။ ဒီလို သေချာပေါက် သေမယ့် စစ်မြေပြင်မှာ ဒီသေနိုင်စွမ်းမရှိတဲ့ လူကပဲ သူ့ရဲ့ နောက်ဆုံး အသက်ရှူပေါက် ဖြစ်နေတာပါ။
သူ့ခြေထောက်ထဲမှာ ရှိသမျှ အားအင်တွေကို စုစည်းပြီး လိုဂန်နောက်ကနေ ကပ်လိုက်သွားသည်။
လိုဂန်က ရန်သူရဲ့ ပစ်ခတ်မှု အများစုကို ခံယူထားပေးတဲ့အတွက် သူ့နောက်မှာ ကပ်နေတဲ့ လီဗိုင်းအတွက် ဖိအားတွေ အများကြီး သက်သာသွားပါသည်။
ဒါပေမဲ့လည်း အန္တရာယ်ကတော့ နေရာတိုင်းမှာ ရှိနေသည်
ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တစ်ခုက လီဗိုင်းရဲ့ ဘယ်ဘက်ပခုံးကို ထိမှန်သွားသည်။
"အား!" လီဗိုင်း အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ နာကျင်မှုတွေ ပေါက်ကွဲသွားသည်
ပူနေတဲ့ သံချောင်းနဲ့ ထိုးထားသလိုပဲ။ သူ့ပခုံးတစ်ခုလုံး ထုံကျဉ်သွားပြီး သူ လဲကျသွားကာ ရွှံ့ဗွက်ထဲကို စိုက်ဝင်သွားသည်။
နာကျင်မှုကြောင့် တုန်ရီနေရင်း ငုံ့ကြည့်လိုက်တဲ့အခါ သူ့ဝတ်စုံမှာ အပေါက်ကြီး ဖြစ်နေပြီး သွေးတွေ အမြောက်အမြား ထွက်ကျနေတာကို တွေ့လိုက်ရသည်။သူ့အောက်က ရွှံ့တွေတောင် နီရဲသွားပါပြီ။
"ပြီးသွားပြီ…" မူးဝေလာပြီး ကိုယ်အလေးချိန် မရှိသလို ဖြစ်လာတဲ့အခါ သူ့စိတ်တွေ ဗလာဖြစ်သွားသည်။ သွေးအလွန်အကျွံ ထွက်တာကြောင့်ဆိုတာ သူ သိလိုက်သည်
အနာကျက်မြန်ခြင်း က ဘယ်ရောက်သွားတာလဲ? ဘာလို့ အလုပ်မလုပ်တာလဲ?
သူ့သတိတွေ ဝါးတားတား ဖြစ်လာတဲ့အချိန်မှာပဲ ဒဏ်ရာနေရာကနေ အသားထဲထိ စူးဝင်နေတဲ့ ယားယံမှုတစ်ခုကို ခံစားလိုက်ရသည်ဒါက ကျည်ဆန်ထိတုန်းက နာကျင်မှုထက်တောင် ပိုဆိုးပါသည် ။ပုရွက်ဆိတ်တွေက သူ့အသားနဲ့ အရိုးတွေကို ကိုက်စားနေသလိုပါပဲ။
သူ ညည်းတွားသံ ထွက်လာပေမဲ့ သူ့စိတ်ထဲမှာတော့ ဝမ်းသာမှုတွေ ဖြစ်ပေါ်လာသည်။
ခံစားလို့ရတယ်! အနာကျက်မြန်ခြင်း အလုပ်လုပ်နေပြီ!
အလွန်အမင်း နာကျင်မှုနဲ့ ယားယံမှုကို သည်းခံပြီး ဒဏ်ရာကို စိုက်ကြည့်နေမိသည်။ ကြွက်သားတွေနဲ့ သွေးကြောတွေက အရှိန်အဟုန်နဲ့ ပြန်ပူးကပ်လာတာကို သူ ခံစားရသည်။
အရိုးအနီးမှာ ရှိနေတဲ့ ကျည်ဆန်ကို အသစ်ပြန်ဖြစ်လာတဲ့ ကြွက်သားတွေက တွန်းထုတ်လိုက်တဲ့အတွက် ရွှံ့ရေထဲကို "ဒေါင်" ဆိုတဲ့ အသံနဲ့ ကျသွားသည်။
သူ သူ့ဘယ်ဘက်လက်ကို လှုပ်ကြည့်လိုက်ပါသည်။ ကျန်ရှိနေတဲ့ ထုံကျဉ်မှုအနည်းငယ်လွဲရင် ဘာနာကျင်မှုမှ မရှိတော့ပါဘူး။
အဲဒီကျမှပဲ သူ နားလည်သွားပါတယ်—ဒီစွမ်းရည်က နာကျင်မှုကို မပျောက်စေဘူး၊ ပြီးတော့ သူ့ကို လုံးဝ မထိခိုက်နိုင်အောင် လုပ်ပေးတာလည်း မဟုတ်ဘူး။
"သေစမ်း... ဒီစွမ်းရည်က နာကျင်မှုကိုတောင် မကာကွယ်နိုင်ဘူး။ အသုံးမကျလိုက်တာ" လီဗိုင်း သွားတွေကိုကြိတ်ပြီး ရွှံ့တွေထဲကနေ ထလိုက်သည်။
ဒီအဖြစ်အပျက်ကို ကျော်ဖြတ်ပြီးနောက်မှာတော့ သူ့ရဲ့ ကြောက်ရွံ့မှုတွေက ထူးဆန်းစွာပဲ လျော့နည်းသွားပါတယ်။
သူ မသေနိုင်ဘူးဆိုရင် ကြောက်စရာ ဘာရှိမှာလဲ?
သူ ခေါင်းမော့လိုက်ပြီး လိုဂန်ကို ရှာလိုက်သည်။ ခဏအကြာမှာတော့ သူ့ရှေ့က မြေကုန်းတစ်ခုနောက်မှာ ပုန်းခိုနေတဲ့ လိုဂန်ကို တွေ့လိုက်ရသည်။
ဂျာမန်တို့ရဲ့ အမ်ဂျီ42 စက်သေနတ်ကြီးက သဲအိတ်တွေနောက်မှာ ရှိနေပြီး မီးတွေ ထွက်နေသည်။
ကြောက်စရာကောင်းတဲ့ ပစ်ခတ်မှုနှုန်းကြောင့် လိုဂန် တစ်ယောက် အကာအကွယ်နောက်မှာ ပိတ်မိနေပြီး သူ့ပတ်လည်မှာ မြေကြီးတွေ၊ ကျောက်ခဲတွေ ပေါက်ကွဲနေသည်။
လိုဂန်က ထွက်ဖို့ ကြိုးစားပေမဲ့ ကျည်ဆန်တွေ ထူထပ်လွန်းတာကြောင့် ဒဏ်ရာတွေပဲ ရနေသည်။
သူ့ရဲ့ ကြံ့ခိုင်တဲ့ အနာကျက်မြန်ခြင်း တောင် ဒီလောက်ပြင်းထန်တဲ့ ပစ်ခတ်မှုအောက်မှာတော့ ခံနိုင်ရည် ရှိပါ့မလားလို့ စိတ်ပူမိပါသည်။
လီဗိုင်းရဲ့ ရင်ထဲမှာ တုန်လှုပ်သွားသည်။လိုဂန်ကပဲ သူ့ရဲ့ အကာအကွယ်ဆိုတာ သူ သိပါသည်။လိုဂန်သာ ပိတ်မိနေရင် သူလည်း သေဖို့ပဲ ရှိပါတော့သည်။
သူ့ကို ကူညီမလား? ဘယ်လိုလုပ်မလဲ?
သေနတ်တောင် ဘယ်လို ပစ်ရမှန်း မသိတဲ့သူက။ တန်းပြေးရင်တော့ ကျည်ဆန်တွေပဲ ဖောက်ထွက်သွားမှာပေါ့။
သူ့မျက်လုံးတွေ စစ်မြေပြင်ကို ဝေ့ကြည့်လိုက်တဲ့အခါ သူ့ခြေရင်းမှာ ရှိတဲ့ အလောင်းတစ်ခုနားက ဂေါ်ပြားတစ်လက်ကို တွေ့လိုက်ရပါသည်။
ရူးသွပ်တဲ့ အကြံတစ်ခု သူ့ခေါင်းထဲ ပေါ်လာပါသည်။
သူ့ရဲ့ အကြီးမားဆုံး အားသာချက်က ရိုးရှင်းပါတယ်—သူ မသေနိုင်ဘူး။
ဒီလိုဆိုရင် ဘာလို့ မသုံးရမှာလဲ?
သူ မတွေဝေတော့ပါဘူး။ သွားတွေကိုကြိတ်ပြီး ဂေါ်ပြားကို ကောက်ကိုင်လိုက်ပါသည်။နိမ့်နိမ့်လေးနဲ့ မြေပြင်အနေအထားကို အသုံးပြုပြီး စက်သေနတ်ရှိတဲ့ နေရာကို တိတ်တိတ်လေး ကပ်သွားပါတယ်။
သူ့နှလုံးသားက ရင်ဘတ်ထဲကနေ ထွက်လာမတတ် ခုန်နေပါတယ်။ ခြေလှမ်းတိုင်းက ဓားသွားပေါ်မှာ လျှောက်နေရသလိုပါပဲ။
အကြိမ်အတော်များများ ကျည်ဆန်တွေက သူ့ခေါင်းနားကနေ ဖြတ်သွားသည်။
ဂျာမန် စက်သေနတ်သမားက လိုဂန်ကိုပဲ အာရုံစိုက်နေသည်။ ဘေးကနေ လူတစ်ယောက် ကပ်လာမယ်လို့ သူ လုံးဝ မထင်ထားပါဘူး။
ပိုနီးလာပြီ။ ပိုနီးလာပြီ။ လီဗိုင်း စက်သေနတ်သမားရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
အခုပဲ!
အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လီဗိုင်း သူ့ဘဝမှာ အကြီးမားဆုံး သတ္တိကို မွေးလိုက်သည်။မြင်းအလောင်းတစ်ခုနောက်ကနေ ခုန်ထွက်လိုက်ပြီး ဂေါ်ပြားကို နှစ်လက်နဲ့ တင်းတင်းကိုင်ကာ အားကုန်သုံးပြီး စက်သေနတ်သမားရဲ့ ဦးခေါင်းကို ရိုက်ချလိုက်ပါသည်။
ဒိုင်း!
အသံကျယ်ကြီး ထွက်ပေါ်လာပါသည်။ဂျာမန်စစ်သားရဲ့ ဦးခေါင်းက ဖရဲသီးကို ရိုက်ခွဲလိုက်သလိုမျိုး ဖြစ်သွားပြီး ဦးထုပ်ကလည်း ပိန်ဝင်သွားသည်။ သူ အသံတောင် မထွက်လိုက်ရဘဲ စက်သေနတ်ပေါ်ကို လဲကျသွားပါသည်။
လက်ထောက် စက်သေနတ်သမားက အံ့ဩပြီး ထိတ်လန့်သွားပါသည်။ လီဗိုင်းကို ငရဲကလာတဲ့ နတ်ဆိုးတစ်ကောင်လို ကြည့်ပြီး သူ့ခါးက ပစ္စတိုသေနတ်ကို ဆွဲထုတ်ဖို့ ကြိုးစားပါသည်။
အခုဆိုရင် လီဗိုင်းရဲ့ မျက်လုံးတွေက နီရဲနေပါပြီ။ သူ ဂေါ်ပြားကို ဆွဲထုတ်လိုက်ပြီး မကြည့်ဘဲနဲ့ ဘေးကို ရမ်းလိုက်ပါသည်။ ဂေါ်ပြားရဲ့ အစွန်းက အဲဒီလူရဲ့ လည်ပင်းကို အမှန်တကယ် ထိမှန်သွားသည်။
အက်!
လက်ထောက် စက်သေနတ်သမားရဲ့ ခေါင်းက အနေအထား မကျတော့ဘဲ လဲကျသွားသည်။
လူနှစ်ယောက်လုံး လဲကျသွားတဲ့အချိန်မှာ လီဗိုင်းရဲ့ ခန္ဓာကိုယ်ထဲက အားအင်တွေ ကုန်စင်သွားသည်။ သူ့ခြေထောက်တွေ အားမရှိတော့ဘဲ သွေးတွေပေကျံနေတဲ့ ရွှံ့မြေပေါ်ကို လဲကျသွားပြီး ဂေါ်ပြားလည်း လက်ထဲကနေ လွတ်ကျသွားသည်။
သူ့ခြေရင်းက အလောင်းနှစ်လောင်းကို ကြည့်ရင်း သူ့ဗိုက်ထဲက မအီမသာ ဖြစ်လာပါသည်။ သူ အော့အန်လိုက်ပြီး မနက်က စားထားတဲ့ အစားအစာတွေ အကုန် ထွက်ကျသွားပါသည်။ သူ ဘာကြောင့်မှန်းမသိဘဲ တုန်ရီနေပါသည်။ ကြောက်လို့လား၊ လူသတ်လိုက်ရလို့လား သူ မသိတော့ပါဘူး။
စက်သေနတ်သံ ငြိမ်သွားသည်။ ခဏတာ စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသလိုပါပဲ။
လိုဂန်ကတော့ အပြောင်းအလဲကို ချက်ချင်း သတိထားမိပါသည်။ သူ မြေကုန်းနောက်ကနေ ခုန်ထွက်လာပြီး ခြေလှမ်းအနည်းငယ်နဲ့ သူတို့ဆီကို ရောက်လာပါသည်။ လဲကျနေတဲ့ ဂျာမန်နှစ်ယောက်နဲ့ ရွှံ့တွေပေါ်မှာ ထိုင်ပြီး တုန်ရီနေတဲ့ လီဗိုင်းကို သူ မြင်လိုက်ရပါသည်။
လိုဂန်ရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာပါတယ်။ သူ ဘာမှမပြောဘဲ သူ့လက်ကြီးကြီးနဲ့ လီဗိုင်းကို ဆွဲထူလိုက်ပါသည်။
"မဆိုးဘူးကောင်လေး" လိုဂန်က အသံဩဩနဲ့ ပြောပြီး လီဗိုင်းရဲ့ ပခုံးကို နှစ်ချက်ပုတ်ပေးပါသည်။ "မင်းမှာ သတ္တိရှိသားပဲ။"
ထိုရိုက်ချက်ကြောင့် လီဗိုင်း လဲကျလုနီးပါး ဖြစ်သွားပါသည်။ သူ ခြောက်သွေ့တဲ့ ရယ်မောသံနဲ့ပဲ တုံ့ပြန်လိုက်နိုင်ပြီး ဘာစကားမှ မပြောနိုင်ပါဘူး။
နာရီဝက်လောက်ကြာတဲ့အခါ တိုက်ပွဲ ပြီးဆုံးသွားသည်။ သူတို့ စခန်းကို သိမ်းပိုက်လိုက်နိုင်ပါသည်။ ကျန်ရှိတဲ့ စစ်သားတွေလည်း မောပန်းနွမ်းနယ်စွာနဲ့ လဲလျောင်းနေကြသည်။ လေထဲမှာတော့ ဒဏ်ရာရသူတွေရဲ့ ညည်းတွားသံတွေပဲ ရှိနေပါသည်။
လိုဂန်က ဝီစကီပုလင်းတစ်လုံး ထုတ်လာပြီး အဖုံးကိုလိမ်ဖွင့်ကာ သောက်လိုက်ပြီးမှ လီဗိုင်းကို ပေးပါသည်။
လီဗိုင်း ခဏတွေဝေပြီးနောက်မှာတော့ သူ့လိုပဲ သောက်လိုက်ပါသည်။ ပူနွေးတဲ့ အရည်က သူ့လည်ချောင်းကနေ ဗိုက်ထဲအထိ ရောက်သွားတဲ့အတွက် သူ ချောင်းဆိုးသွားပေမဲ့ သူ့နှလုံးသားထဲက အေးစက်မှုတွေတော့ လျော့နည်းသွားပါသည်။
လိုဂန်က သူ့ဘေးမှာ ထိုင်ပြီး ဆေးပြင်းလိပ်ကို ကိုက်ကာ လီဗိုင်းကို စူးစိုက်ကြည့်နေပါတယ်။ အချိန်အတော်ကြာပြီးမှ သူ စကားပြောပါသည်။
"မင်း အပစ်ခံရတာ ငါ မြင်လိုက်လိုက်သည်။ပခုံးမလား?" သူ့မျက်လုံးတွေက ထက်မြက်နေပါသည်။ "ဒဏ်ရာက ဘယ်မှာလဲ?"
လီဗိုင်းရဲ့ နှလုံးသားက ခုန်သွားပါသည်။ ဒါကို သူ ကြိုသိနေတာပါ။ သူ အကြောင်းပြချက်တစ်ခု ကြိုပြင်ထားပြီး တည်ငြိမ်စွာ ဖြေလိုက်ပါသည်။ "ကျွန်တော်လည်း မသိဘူးဗျ။ ငယ်ငယ်ကတည်းက ဒီလိုပဲ။ ဒဏ်ရာ ဘယ်လောက်ပြင်းပြင်း အိပ်လိုက်ရင် ပျောက်သွားတာပဲ။ သာမန်လူတွေထက် မြန်တာပေါ့။"
လိုဂန်က သူ့ကို စူးစိုက်ကြည့်နေပါသည်။ သူ ထပ်မမေးတော့ပါဘူး—ဒီလိုနေရာမှာ လူတိုင်းမှာ လျှို့ဝှက်ချက် ရှိကြတာပဲ။ အသက်ရှင်ဖို့ပဲ အရေးကြီးပါသည်။ လီဗိုင်းဆီကနေ သူ သူ့ကိုယ်သူလိုမျိုးပဲ အနံ့ခံမိပါသည်။
လိုဂန်က မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး သူ့လက်ကြီးကြီးကို ကမ်းပေးပါသည်။
"မင်း ငါ့အသက်ကို ကယ်ခဲ့တာ။ ငါ့နာမည် လိုဂန်။"
လီဗိုင်းက သူ့ကို ကြည့်ပြီး လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ပါသည်။
"လီဗိုင်း။"
အဲဒီအချိန်ကစပြီး လီဗိုင်းနဲ့ လိုဂန်ဟာ မခွဲမခွာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပါသည်။
တစ်ယောက်ကတော့ တင့်ကားတစ်စီးလို ရှေ့ကနေ တိုးဝင်ပြီး ရန်သူတွေကို ဖျက်ဆီးသည်။ တစ်ယောက်ကတော့ ဘေးကနေ တစ္ဆေလို လှုပ်ရှားပြီး မသေနိုင်တဲ့ အားသာချက်ကို အသုံးပြုကာ ရန်သူတွေကို အနိုင်ယူပါသည်။
နောက်နှစ်ရက်အတွင်းမှာပဲ သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန် အစွမ်းထက်တယ်ဆိုတာ ပြသနိုင်ခဲ့ပါသည်။
တတိယမြောက် ညနေခင်းမှာ ဂျာမန်တို့ရဲ့ ပြန်လည်တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ခုခံပြီးနောက်မှာ သူတို့နှစ်ယောက်ဟာ ကတုတ်ကျင်းနံရံကိုမှီပြီး အမဲသားဗူးကို ဝေစားနေကြသည်။
ဦးထုပ်ဆောင်းထားပြီး ထူးခြားတဲ့ မုတ်ဆိတ်ပုံစံရှိတဲ့ အရာရှိတစ်ယောက်က စစ်သားအချို့နဲ့အတူ သူတို့ဆီကို လျှောက်လာပါသည်။
သူ့ဝတ်စုံက သပ်ရပ်လွန်းပြီး ဖိနပ်တွေကလည်း အရောင်တောက်ေနသည်။ ရွှံ့တွေ၊ သွေးတွေကြားထဲမှာ သူက လုံးဝ မလိုက်ဖက်ပါဘူး။ သူက အစားအစာကို စားနေတဲ့ လီဗိုင်းနဲ့ လိုဂန်ကို ငုံ့ကြည့်ပြီး အနည်းငယ် ပြုံးပြပါသာ်။
"လူကြီးမင်းတို့" သူက ရှင်းလင်းပြီး တည်ကြည်တဲ့ အသံနဲ့ ပြောပါသည်။ "နေရာပြောင်းပြီး ပိုစိတ်ဝင်စားဖို့ကောင်းတာလေး တစ်ခုလောက် လုပ်ကြည့်မလား?”