စာစဥ်အမည် - မှော်ဆရာလေးရဲ့ အချစ်ခရီးကြမ်း
ဘာသာပြန် - အို့မာလေး
ဒီဇာတ်လမ်းသည် သူချစ်မြတ်နိုးရသော မိန်းကလေးအတွက် လက်စားချေခဲ့သည့်အတွက် အသတ်ခံခဲ့ရသော လုံယိ၏ ဇာတ်လမ်းဖြစ်သည်။
သေဆုံးခါနီးအချိန်တွင် ထူးဆန်းသော မိုးကြိုးတစ်စင်းက သူ၏ဝိညာဉ်ကို အခြားကမ္ဘာတစ်ခုသို့ သယ်ဆောင်သွားခဲ့ပေသည်။
ထိုကမ္ဘာသို့ ရောက်ရှိပြီးနောက် ပထမဆုံး သူသတိပြုမိလိုက်ရသည့်အရာမှာ မိမိဝင်ရောက်ပူးကပ်ထားသော ခန္ဓာကိုယ်၏ မူလပိုင်ရှင်က နိုင်ငံတော်၏ မင်းသမီးကို အဓမ္မပြုကျင့်နေခြင်းပင် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးနှင့် စတင်ရင်ဆိုင်ရသော လုံယိသည် ရှေ့ဆက်၍ မည်သို့ အသက်ရှင်ရပ်တည်သွားမည်နည်း....
စာစဥ်အညွှန်း
ကြမ်းကြမ်းတမ်းတမ်း အချစ်ခရီးလမ်းကို အတူတူ လျှောက်ကြမလား
အို့မာလေး
အခန်း (၁) - အခြားကမ္ဘာသို့ ကူးပြောင်းခြင်း၏ အစပျိုးခြင်း
ညမှောင်ကျလာခဲ့၏။ မှိုင်မှိုင်းအုံအုံဖြစ်နေသော ကောင်းကင်ယံတွင် ကြယ်တစ်ပွင့်မျှ မရှိပေ။ မုန်တိုင်းသည်လည်း ဟိန်းဟောက်ရပ်တန့်ခြင်းမရှိဘဲ သဲမှုန်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။ မည်းမှောင်နေသော တိမ်တိုက်ကြီးများသည် တစ်ကမ္ဘာလုံးကို ဝါးမြိုထားသည့်အလား ရှိနေ၏။
ယိုင်တိုင်တိုင် လျှောက်လာသော လူရိပ်တစ်ခုသည် ယူနန်ရှိ ရှေးဟောင်းတောအုပ်၏ အစပ်သို့ ရောက်ရှိလာခဲ့သည်။ ထိုသူသည် တစ်စုံတစ်ခု၏ တားဆီးမှုကို ခံလိုက်ရသည့်အလား တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သနားစဖွယ် ပုံစံဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
မိုးကုပ်စက်ဝိုင်းတစ်လျှောက် ငွေရောင်လျှပ်စီးတစ်ခု ဖြတ်သန်းသွားရာ ထိုသူ၏ ဖြူဖျော့နေသော မျက်နှာသည် အလင်းရောင်အောက်တွင် ပေါ်လွင်လာခဲ့၏။ ထိုသူသည် အသက် ၃၀ ကျော်ခန့်ရှိပြီး စစ်သားပုံစံ ညှပ်ထားသော ဆံပင်များတွင် မြေကြီးနှင့် မြက်ပင်များ ပေကျံနေသည်။
ထူထဲပြီး ရှည်လျားသော မျက်ခုံးများရှိကာ မျက်လုံးအပြင်ဘက်ထောင့်မှ မေးစေ့အထိ စောင်းစောင်းစောင်းနှင့် ရှည်လျားသော အမာရွတ်တစ်ခု ရှိနေသည်။ ထိုအသွင်အပြင်များက သူ့မျက်နှာကို ကြမ်းတမ်းရက်စက်သော ပုံစံ ဖြစ်စေပေသည်။
သူ့ရင်ဘတ်ရှိ ဒဏ်ရာမှ သွေးများ တစ်စက်ပြီးတစ်စက် စီးကျနေပြီး ပြန်ထရန် အသည်းအသန် ကြိုးစားနေရ၏။ ထိုသွေးများကြောင့် သူ၏အဝတ်အစားများသည် အနီရင့်ရောင်များ စွန်းထင်နေလေသည်။
"ထွက်လာကြစမ်းပါ... နဂါးအဖွဲ့အစည်းက လူတွေက ဘာလို့ ခေါင်းဖျောက်ပြီး အမြီးပြနေကြတာလဲ…"
ထိုသူသည် သံခေါင်းကြီးတစ်ခုကဲ့သို့ ပဲ့တင်ထပ်ပြီး အားကောင်းသော အသံဖြင့် လှောင်ပြောင်ရင်း သစ်ပင်ကြီးတစ်ပင်၏ အနားတွင် အားအင်ကုန်ခမ်းစွာ မှီထားလိုက်လေသည်။
သူ့စကားပင် မဆုံးသေးမီတွင်ပင် အရိပ်ခုနစ်ခုသည် တစ်စုံတစ်ရာသော အချက်ပြမှုမရှိဘဲ ရုတ်တရက် ပေါ်လာပြီး သူ့ကို ဝိုင်းရံထားလိုက်ကြသည်။ ထွက်ပြေးရန် လမ်းကြောင်းအားလုံးကိုလည်း အထိရောက်ဆုံး ပိတ်ဆို့ထားလေသည်။
"လုံယိ... နောက်ပြန်လှည့်ပြီး ပြန်လာခဲ့ပါ။ အမှားတွေကို ထပ်ပြီး မလုပ်ပါနဲ့တော့…" ကျား၊ မ ခွဲခြားမရသော အသံတစ်ခုသည် လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး ကြားရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။
"ပြန်လာရမယ် ဟုတ်လား... ငါက ပြန်လာနိုင်ဦးမလား... ဘယ်လိုပြန်လာရမလဲ... လုံဝူ... အထက်လူကြီးတွေဆီက ဘယ်လိုအမိန့်တွေ ကျလာတယ်ဆိုတာ မင်း ငါ့ထက်တောင် ပိုသိမှာပါ…" လုံယိသည် အသံကျယ်ကျယ်ဖြင့် အထီးကျန်စွာ ရယ်မောလိုက်လေသည်။
"လုံယိ... မင်း လုပ်နိုင်ပါတယ်... အထက်လူကြီးတွေရှေ့မှာ မင်းအတွက် သက်ညှာမှုရအောင် ငါ အစွမ်းကုန် ကြိုးစားတောင်းပန်ပေးပါ့မယ်…" လုံဝူက မတတ်သာသော လေသံဖြင့် ဆိုလိုက်လေသည်။
"သက်ညှာမှုတောင်းခံရမယ် ဟုတ်လား... ဟားဟားဟား... ငါ လုံယိက အဲဒီလိုအရာမျိုး မလိုအပ်ဘူး... ငါ့ခြေလက်တွေကို တုပ်နှောင်ပြီး အဖမ်းခံနေမယ်လို့ မင်းထင်နေတာ တကယ့်ကို စိတ်ကူးယဉ်နေတာပဲ…" လုံယိသည် သစ်ပင်ကို မှီထားသော်လည်း သူ၏ လုံချီ အရှိန်အဝါများမှာမူ တဖြည်းဖြည်းနှင့် အထွတ်အထိပ်သို့ မြင့်တက်လာသည်။
"လုံယိ... မင်း တကယ်ပဲ နိုင်ငံတော်ကို ဆန့်ကျင်ချင်နေတာလား…" လုံဝူက တင်းမာသော လေသံဖြင့် မေးလိုက်လေသည်။
"လုံချီအတွက် ငါက ကဲ့စားချေတာ ဘာမှားလို့လဲ... ပြီးတော့ ဝန်ကြီးချုပ်ကို ငါသတ်ခဲ့တာကကော ဘာများ မှားလို့လဲ... လုံချီဟာ နိုင်ငံတော်အတွက် အမှုထမ်းပြီး မရေမတွက်နိုင်တဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တယ်... ဒါပေမဲ့ နိုင်ငံတော်က သူမကို ဘာပြန်ပေးခဲ့လဲ... သူမကို ဒီလိုမျိုး အလဟဿ အနစ်နာခံခိုင်းလို့ မရဘူး... မင်းတို့ ဒါကို နားလည်ကြရဲ့လား…"
လုံယိသည် လုံချီအကြောင်း ပြောလိုက်ချိန်တွင် ဝမ်းနည်းကြေကွဲမှုနှင့် နာကျင်မှုတို့သည် သူ၏ မျက်ဝန်းအစုံတွင် ဖြတ်ပြေးသွားလေသည်။
လုံဝူသည် လုံယိကို ကြည့်နေပုံမှာ ဒဏ်ရာရနေသော သားရဲတစ်ကောင် ဟိန်းဟောက်နေသည်ကို ကြည့်နေရသကဲ့သို့ပင် ဖြစ်နေ၏။ သူ၏ လက်များမှာ မသိစိတ်ဖြင့် တုန်ရီနေပြီး နှုတ်ခမ်းများမှာလည်း တစ်ချက်မျှ တွန့်ကွေးသွားပြီးမှ ပြန်ငြိမ်သွားလေသည်။ ထို့နောက်တွင်မူ သူသည် ရက်ရက်စက်စက်ပင် တိုက်ခိုက်ရန် အချက်ပြလိုက်တော့သည်။
အဝေးမှ မိုးကြိုးသံများ တဒုန်းဒုန်း မြည်ဟည်းလာပြီး စုပြုံနေသော မိုးရေများသည်လည်း မြေပြင်ပေါ်သို့ သည်းသည်းထန်ထန် ရွာချလာလေသည်။ နဂါးအဖွဲ့အစည်းသည် တရုတ်နိုင်ငံ၏ အလျှို့ဝှက်ဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်အားလုံးသည် မိမိတို့၏ ပညာရပ်နှင့် တိုက်ခိုက်ရေးအတတ်ပညာတွင် ကျွမ်းကျင်သော ပညာနင်များဖြစ်ကြသည့်အပြင် ထူးခြားသော စွမ်းအားနှင့် ပါရမီရှိသူများလည်း ပါဝင်ကြသည်။
လုံယိသည် တရုတ်နိုင်ငံ၏ ရှေးဟောင်းစာပေများကို အခြေခံ၍ ဝိညာဉ်စွမ်းအားများကို အသုံးပြုနိုင်သည့် တစ်ဦးတည်းသောသူဖြစ်ပြီး ထိုစွမ်းအား၏ အတော်ဆုံး ပညာနင်ဖြစ်သည်နှင့်အညီ အဖွဲ့အစည်းအတွင်း အင်အားအကောင်းဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ သာမန်နည်းလမ်းများဖြင့်ဆိုလျှင် လုံဝူနှင့်အတူ နဂါးအဖွဲ့အစည်းမှ အခြားအဖွဲ့ဝင် ခြောက်ဦးပေါင်း၍ လုံယိကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။
သို့သော်လည်း လုံယိကို သတ်ဖြတ်ရန်အတွက် နဂါးအဖွဲ့အစည်းနှင့် လူသတ်သမား ရာနှင့်ချီ၍ လွန်ခဲ့သော သုံးလခန့်မှစ၍ စေလွှတ်ခဲ့ကြသည်။ အကြိမ်ပေါင်း ရာနှင့်ချီသော တိုက်ပွဲအကြီးအငယ်များကို ဖြတ်သန်းခဲ့ရပြီး ကြောင်နှင့်ကြွက်သဖွယ် အကြာတကြာ လိုက်လံတိုက်ခိုက်ခြင်း ခံခဲ့ရသဖြင့် လုံယိ၏ ပင်ပန်းနွမ်းနယ်နေသော စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်တွင်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီးဖြစ်ရာ ယခုအချိန်တွင် လုံဝူ ဦးဆောင်သော နဂါးအဖွဲ့အစည်းမှ ပါရမီရှင်များကို မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါတော့မည်နည်း...
လုံယိသည် မိမိထံသို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာကြသော လူခုနစ်ယောက်၏ ပုံရိပ်များကို ကြည့်နေမိ၏။ သူတို့အားလုံးသည် ချီစွမ်းအားများကို အမြင့်ဆုံးအထိ မြှင့်တင်ထားကြလေသည်။ သို့သော် လုံယိ၏ စိတ်အာရုံထဲတွင်မူ သူတို့ခုနစ်ယောက် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ကြသည့် အမှတ်တရ အသေးစိတ်တိုင်းက ပြန်လည်ပေါ်လာတော့သည်။
သူတို့ငယ်စဉ်က ထိုခုနစ်ယောက်စလုံးကို နိုင်ငံတော်မှ မွေးစားခဲ့ပြီး ပါရမီများကို ဖော်ထုတ်နိုင်ရန်အတွက် လူမဆန်သော လေ့ကျင့်မှုမျိုးစုံကို ခံယူခဲ့ကြရပြီးနောက် နဂါးအဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
လုံချီ (နံပါတ် ၇) သည် သူတို့အဖွဲ့ထဲတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခြင်းနှင့် တွက်ချက်မှုပိုင်းတွင် ကျွမ်းကျင်သူ ဖြစ်၏။ သူမသည် ဖြူစင်နုနယ်ကာ နူးညံ့သိမ်မွေ့ပြီး လှပလွန်းလှသဖြင့် သူတို့ ခြောက်ယောက်၏ စိတ်ထဲတွင်တော့ နတ်သမီးလေးတစ်ပါးကဲ့သို့ပင် ဖြစ်လေသည်။
ထိုအကြောင်းကို ပေါ်တင်မပြောကြသော်လည်း လုံချီသည် အထက်လူကြီးများနှင့် ပြဿနာအချို့ ရှိနေသည်ကို လူတိုင်းသိကြသည်။ သို့သော် လွန်ခဲ့သော တစ်နှစ်ခန့်က လုံချီသည် တာဝန်တစ်ခု ထမ်းဆောင်ရန် သွားရောက်ခဲ့စဉ် သတင်းများ ပေါက်ကြားခဲ့သဖြင့် ဝိုင်းရံခံရပြီး နောက်ဆုံးတွင် သူမကိုယ်သူမ အနစ်နာခံသွားခဲ့ရလေသည်။
လုံယိသည် ထိုသတင်းကြောင့် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး တစ်ကိုယ်တည်း သွားရောက်ကာ ဝန်ကြီးချုပ်နှင့် အဆင့်မြင့်အရာရှိ ရာနှင့်ချီ၊ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံနှစ်ခု၏ ဆက်ဆံရေးသည် အလွန်တင်းမာသွားခဲ့ပြီး အချိန်မရွေး စစ်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပေသည်။
"နိုင်ငံတော်က မင်းကို ဂရုမစိုက်ဘူး၊ မင်းရဲ့ ညီအစ်ကိုတွေကလည်း မင်းကို ဂရုမစိုက်ကြဘူး... ဒါပေမဲ့ ငါကတော့ သူတို့ကို ထိုက်တန်သလို ပြန်ပေးဆပ်ခဲ့ပြီးပြီ... ရှောင်ချီ... ငါ့ကို စောင့်နေပါ၊ မကြာခင် ငါ မင်းဆီကို လာခဲ့မယ်…"
လုံယိက တိုးတိုးလေး ရေရွတ်လိုက်လေသည်။ ထိုအရိပ်ခုနစ်ခုက သူတို့၏ ပညာရပ်အားလုံးကို အစွမ်းကုန် အသုံးပြု၍ တိုက်ခိုက်လိုက်ချိန်တွင် လုံယိသည် ရုတ်တရက် သူ၏ ခုခံမှုအားလုံးကို ရုပ်သိမ်းလိုက်ပြီး အားနည်းချက်အားလုံးကို ဖွင့်ချလိုက်သည်။
ဘုန်း... ဘုန်း... လုံယိ၏ ခန္ဓာကိုယ်သည် ပျက်စီးသွားသော စွန်တစ်စင်းကဲ့သို့ ကောင်းကင်ယံသို့ လွင့်စင်သွားတော့သည်။ သွေးများ ပေကျံနေသော ခန္ဓာကိုယ်သည် ပြင်းထန်စွာ လွင့်ပါးနေသော်လည်း သူ၏ မျက်နှာပေါ်တွင်မူ လောကီရေးရာများကို စွန့်ခွာသွားသူတစ်ဦးကဲ့သို့ အေးချမ်းသော အပြုံးတစ်ခု ရှိနေပေသည်။
ဂျိမ်း......... ရုတ်တရက် ပုံးတစ်လုံးမျှ အတုတ်အနက်ရှိသော လျှပ်စီးတန်းကြီးတစ်ခုသည် အထက်ရှိ ထူထပ်သော တိမ်တိုက်မည်းများကြားမှ ပစ်ချလိုက်လေသည်။ ပြင်းထန်သော လျှပ်စီးကြောင်းများ၏ အလယ်တွင် လွင့်ပျံနေသော လုံယိ၏ ခန္ဓာကိုယ်သည် လျှပ်စီးကြောင့် အမှုန်အမွှာများအဖြစ်သို့ ပျက်စီးသွားပြီး သူဝတ်ထားသော အဝတ်စုတ်များပင် ကျန်ရစ်ခြင်း မရှိတော့ပေ။
လုံဝူသည် ဖြည်းညင်းစွာ ကျဆင်းလာသော စုတ်ပြတ်နေသည့် အဝတ်စတစ်စကို ငေးကြောင်ကြည့်လျက် ဖမ်းယူလိုက်၏။ သူ၏ ပါးပြင်ပေါ်တွင် ကျဆင်းနေသည်မှာ မျက်ရည်လား၊ မိုးရေစက်များလား ဆိုသည်ကိုတော့ မခွဲခြားနိုင်တော့ပေ။