အေးစက်လှသော လေကြမ်းများ တဝုန်းဝုန်း တိုက်ခတ်နေသည့် ‘နှင်းလှံသွားမြို့တော်’ (Frost Halberd City) ၏ အရှေ့ဘက် ဈေးကွက်အတွင်းဝယ်...
လေထုထဲတွင် ညှော်နံ့နံသော သားရေစိမ်းနံ့များ၊ အသားကင်နံ့များနှင့်အတူ လက်နက်ကိရိယာများ အချင်းချင်း ထိခိုက်မိရာမှ ထွက်ပေါ်လာသော သတ္တုသံများက ဆူညံလျက် ရှိသည်။ လမ်းဘေးတစ်လျှောက်ရှိ ဆိုင်ခန်းများမှာ သစ်သားတိုင် အနည်းငယ်ပေါ်တွင် အမိုးဖြစ်သလို မိုးထားသည့် တဲစုတ်များသာ ဖြစ်ပြီး ကုန်ပစ္စည်းများကိုလည်း မြေပြင်ပေါ်တွင်သာ ခင်းကျင်းပြသထားကြသည်။
မူလက ဤနေရာသည် လယ်သမားများနှင့် မုဆိုးများ စားနပ်ရိက္ခာ လဲလှယ်ရာ ဈေးငယ်လေးတစ်ခုမျှသာ။ သို့သော်လည်း ‘မြောက်ပိုင်းနယ်မြေ ရှေ့ဆောင်အခြေချမိန့်’ ထွက်ပေါ်လာပြီးနောက်တွင်မူ ရွှေဒင်္ဂါးနံ့ရသော ကုန်သည်များသည် ဗိုက်ဆာနေသော ဝံပုလွေများကဲ့သို့ စုပြုံရောက်ရှိလာကြကာ ဤဈေးငယ်လေးကို စည်ကားလှသော ကုန်သွယ်ရေးဗဟိုချက်အဖြစ် အတင်းအဓမ္မ ပြောင်းလဲပစ်လိုက်ကြသည်။
ဈေးကွက်၏ အရှေ့ဘက်အစွန်ဆုံးတွင်မူ သစ်သားခြံစည်းရိုးအကြမ်းစားဖြင့် ဝိုင်းထားသော ကွင်းပြင်တစ်ခု ရှိသည်။ ထိုအတွင်း၌ နွမ်းပါးစုတ်ပြတ်နေသော ကျွန်တစ်စုမှာ အအေးဒဏ်ကြောင့် ကိုယ်ကို ကျုံ့ထားကြရရှာသည်။ အများစုမှာ သူတစ်ပါး၏ ကုန်ပစ္စည်းတစ်ခု ဖြစ်နေရသည့် ဘဝကို ကျင့်သားရနေသည့်အလား ခေါင်းငုံ့ကာ ငြိမ်သက်နေကြသော်လည်း ရံဖန်ရံခါတွင်မူ မကျေနပ်သည့် ဒေါသအကြည့်များကို မြင်တွေ့ရတတ်သည်။ သို့သော် ကျွန်ကုန်သည်၏ ကြိမ်လုံးက ဝုန်းခနဲ ကျရောက်လာသည့်အခါတိုင်း ထိုပုန်ကန်လိုစိတ်များမှာ ချက်ချင်းပင် ငြိမ်သက်သွားရလေသည်။
အင်ပါယာအတွင်း၌ ကျွန်ဈေးကွက်မှာ တရားမဝင်သလိုလိုနှင့် လျစ်လျူရှုခံထားရသော နယ်မြေတစ်ခု ဖြစ်သော်လည်း၊ ဖရိုဖရဲဖြစ်နေသော ဤမြောက်ပိုင်းတွင်မူ ၎င်းမှာ လူတိုင်းသိထားသည့် ဗြောင်ကျသော လျှို့ဝှက်ချက်တစ်ခုသာ။ ရှေ့ဆောင်နယ်စားများဖြစ်စေ၊ မှောင်ခိုသမားများဖြစ်စေ ဤမြောက်ပိုင်းတွင် အလိုအပ်ဆုံးမှာ ‘လူအင်အား’ ဖြစ်ကြောင်း ကောင်းကောင်းကြီး သိထားကြသည်။
“ကဲ... လာကြည့်ကြပါဦးဗျို့! သန်မာထွားကြိုင်းတဲ့ အလုပ်သမားတွေ! သတ္တုတွင်းတူးမလား၊ သစ်ခုတ်မလား၊ အုတ်သယ်မလား... ဘာပဲခိုင်းခိုင်း ခိုင်းနွားတွေထက်တောင် အသုံးဝင်သေးတယ်!”
“ဒါတွေက နှင်းနိုင်ငံက ဖမ်းလာတဲ့ သုံ့ပန်းတွေဗျ၊ နည်းနည်းတော့ ရိုင်းသေးတယ်၊ ဒါပေမဲ့ ဈေးပေါပေါနဲ့ ရမယ်! ဝယ်သွားပြီး လအနည်းငယ်လောက် လေ့ကျင့်ပေးလိုက်ရင် ခင်ဗျားတို့ စကားကို မြေဝယ်မကျ နားထောင်မှာ!”
“ပိုပြီး ဉာဏ်ကောင်းတဲ့သူတွေကို ရှာနေတာလား? ဒီမှာ စာတတ်ပေတတ်တွေလည်း ရှိတယ်၊ စာရင်းအင်းပိုင်းတောင် ကူညီပေးနိုင်သေးတယ်ဗျ!”
ကျွန်ကုန်သည်များ၏ ဟစ်အော်ကြော်ငြာသံများမှာ ဈေးတစ်ခုလုံး ဆူညံနေတော့သည်။ သူတို့အဖို့ ထိုကျွန်များသည် မြင်းများ၊ နွားများကဲ့သို့သော ကုန်ပစ္စည်းတစ်ခုမျှသာ။
ကျွန်ကုန်သည်တစ်ဦးသည် လူဝီနှင့် သူ၏ နောက်လိုက်အဖွဲ့ကို မြင်သည်နှင့် ချက်ချင်းပင် ဖော်လွေသော အပြုံးဖြင့် အပြေးအလွှား ခရီးဦးကြိုပြုလေသည်။
“သခင်တို့... လာကြည့်ပါဦး! ဒါတွေက မြောက်ပိုင်းမှာ အကောင်းဆုံး အလုပ်သမားတွေပဲဗျ၊ အလုပ်လည်း ကြိုးစားတယ်၊ အအေးဒဏ်နဲ့ ငတ်မွတ်မှုကိုလည်း ခံနိုင်ရည်ရှိတယ်၊ ဈေးနှုန်းကလည်း အင်မတန် သင့်တင့်ပါတယ်!”
လူဝစ်နှင့်အတူ ပါလာသော အရာရှိက မျက်မှောင်ကြုတ်ကာ ခပ်ပြတ်ပြတ် သတိပေးလိုက်သည်။
“ဒါက ဘာရွန်ကယ်လ်ဗင်ပဲ၊ မင်း စကားပြောတာ သတိထား၊ မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့။”
(ဘာရွန်ဆိုတာ မြိုစားလို့ အဓိပ္ပာယ်ရပါတယ်။ နာမည်မဟုတ်ပါ။)
“မလုပ်ရပါဘူးခင်ဗျာ!” ကျွန်ကုန်သည်က လက်ကို အကြိမ်ကြိမ် ခါယမ်းကာ ပို၍ပင် ပြူးပြူးပြာပြာ ပြုံးပြလိုက်သည်။ “ကျွန်တော့်လုပ်ငန်းက လူကြီးလူငယ်မရွေး အားလုံးအပေါ် တရားမျှတပါတယ်၊ ဈေးနှုန်းကလည်း အင်မတန် သင့်တင့်ပါတယ်။ ဒီကျွန်တွေက တစ်ယောက်ချင်းစီတိုင်း အလုပ်ကြိုးစားသူတွေပါ၊ လယ်ထွန်တာ၊ သစ်ခုတ်တာ၊ အိမ်ဆောက်တာ... သူတို့ မလုပ်နိုင်တာ ဘာမှမရှိဘူး!”
သူက လက်ဝေ့ယမ်းကာ နောက်ကွယ်ရှိ ကျွန်များကို မတ်မတ်ရပ်ရန် အချက်ပြလိုက်သည်။ ကျွန်အချို့မှာ အလိုအလျောက် ကျောကို ဆန့်လိုက်ကြသော်လည်း အများစုမှာမူ အသက်မဲ့စွာဖြင့် ထုံထိုင်းနေကြဆဲဖြစ်သည်။
“ကြည့်ပါဦး၊ သန်မာထွားကြိုင်းတဲ့ လူငယ်တွေ၊ ခိုင်းနွားနှစ်ကောင်စာ အားရှိတယ်ဗျ!”
ကျွန်ကုန်သည်သည် အသားညိုသော ကျွန်အချို့ထံ လျှောက်သွားကာ သူတို့၏ ပုခုံးကို ပုတ်ပြရင်း ဆက်ပြောသည်။
“သူတို့က ပိန်တယ်လို့ ထင်ရပေမယ့် နည်းနည်းပဲစားပြီး အလုပ်အများကြီး လုပ်နိုင်တယ်! အစားတစ်လုပ်လောက်ပဲ ကျွေးထား၊ နေဝင်တဲ့အထိ စကားတစ်ခွန်းမှ မညည်းဘဲ ခိုင်းသမျှ လုပ်ပေးလိမ့်မယ်!”
ထို့နောက် သူက အသံကို နှိမ့်ကာ မျက်နှာပေးဖြင့်...
“ဒါမှမဟုတ် သခင်တို့က တခြား စိတ်ဝင်စားမှုမျိုး ရှိတယ်ဆိုရင်လည်း... ကျွန်တော်တို့ဆီမှာ ပိုပြီး ‘အဆင့်မြင့်တဲ့’ ပစ္စည်းတွေ ရှိပါသေးတယ်။ တောင်ပိုင်းက လာတာ၊ အသားဖြူဖြူဥဥနဲ့ သေချာ လေ့ကျင့်ပေးထားတာမို့ သခင်တို့ စိတ်တိုင်းကျစေရမယ်။”
လူဝစ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ အေးစက်စက်ဖြင့် တုံ့ပြန်လိုက်သည်။
“မလိုဘူး။”
ကျွန်ကုန်သည်သည် လူဝစ်၏ အမူအရာကို မြင်သည်နှင့် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်ကာ အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။
“သခင်က တကယ်ကို အမြင်ရှိတဲ့သူပဲ။ အခုလို မြောက်ပိုင်းနယ်မြေကို တိုးချဲ့နေတဲ့အချိန်မှာ ဒီလို ကြမ်းတမ်းတဲ့ ကျွန်တွေက အသုံးအဝင်ဆုံးပဲ။ စိတ်ချပါ၊ ကျွန်တော့်ရဲ့ ကျွန်တွေက အလုပ်ကြိုးစားရုံတင်မကဘူး၊ စကားလည်း နားထောင်တယ်၊ သခင့်ကို ဘယ်တော့မှ ဒုက္ခမပေးစေရဘူး!”
လူဝီသည် ရှေ့မှကျွန်များကို တစ်ချက်ကြည့်လိုက်သည်။ စုတ်ပြတ်နေသော အဝတ်အစားများ၊ ဖြူဖျော့သော အသားအရည်များနှင့် ထုံထိုင်းနေသော မျက်နှာများ...။ ကျွန်ကုန်သည်က သန်မာပါသည်ဟု ကြွားဝါနေသော်လည်း အမှန်တကယ်တွင်မူ အများစုမှာ အာဟာရချို့တဲ့နေကြပြီး အချို့မှာ အားမရှိသဖြင့် မတ်တပ်ပင် မရပ်နိုင်ချင်တော့ပေ။ သို့သော်လည်း ကျွန်များထဲတွင်မူ ဤမျှ အခြေအနေမှာ တော်တော်လေး ကောင်းမွန်သည်ဟု ဆိုရပေမည်။
သူ၏ အကြည့်သည် ကျွန်တစ်စုအပေါ် ဖြည်းညင်းစွာ ကျရောက်သွားပြီးနောက် ပိန်လှီသော ကောင်လေးတစ်ဦးထံတွင် ရပ်တန့်သွားသည်။ ထိုကောင်လေးသည် အမျိုးသမီးတစ်ဦး၏ ရင်ခွင်ထဲတွင် ထိတ်လန့်နေသော တိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ တုန်တုန်ရီရီဖြင့် ခွေနေရှာသည်။
သို့သော် လူဝစ်၏ မျက်လုံးထဲတွင်မူ ထိုသူသည် သာမန်ကျွန်တစ်ယောက် မဟုတ်။ ၎င်းမှာ စနစ် (System) က ညွှန်ပြနေသည့် ‘ဝီယာ’ (Weir) ဖြစ်ပြီး ‘ထိပ်တန်း သူရဲကောင်း’ (Peak Knight) တစ်ဦး ဖြစ်လာနိုင်သည့် အလားအလာ ရှိသူဖြစ်သည်။ ထိုသို့ ကြောက်ရွံ့တတ်သော အမူအရာကို ကြည့်ရုံဖြင့် ဤကောင်လေးမှာ နောင်တစ်ချိန် စစ်ပွဲတစ်ခုတွင် အရေးပါသော သူရဲကောင်း ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ပါမည်နည်း။
ကျွန်အုပ်စု၏ အခြားတစ်နေရာတွင်မူ ကျန်သူများထက် ပိုမိုပိန်ပါးသော အမျိုးသားတစ်ဦးသည် လူအုပ်ထဲတွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားရန် ကြိုးစားနေသည့်အလား ကိုယ်ကို အနည်းငယ် ကိုင်းထားသည်။ သူ၏ မျက်နှာကို ဖရိုဖရဲဖြစ်နေသော မီးခိုးရောင် ဆံပင်များအောက်တွင် ဖုံးကွယ်ထားပြီး ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်ကို တမင်တကာ ရှောင်လွှဲနေသည်။ သူသည် အလွန်ပင် သာမန်ဆန်ပြီး အခြားကျွန်များထက်ပင် ပိုမိုနွမ်းပါးပုံရသည်။ သာမန်လူတစ်ယောက်အဖို့မူ သူသည် လဲပြိုလုနီးပါး သနားစရာ သတ္တဝါတစ်ဦးဟု ထင်ရပေလိမ့်မည်။ သို့သော် လူဝစ် သိထားသည်မှာ ထိုသူသည် ခိုးမှုဖြင့် လိုက်လံဖမ်းဆီးခံရပြီးနောက် မြောက်ဘက်သို့ ထွက်ပြေးလာသည့် အဂ္ဂိရတ်ပညာသင် ‘ဟေးလ်ကို’ (Hillco) ပင် ဖြစ်သည်။
ကျွန်ကုန်သည်က လူဝစ် စိတ်ဝင်တစား ရှိလာသည်ကို သတိပြုမိသွားကာ...
“သခင်... သူတို့ကို ဝယ်လိုက်ရင် စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်!”
လူဝစ်သည် မလောဘဲ တည်ငြိမ်စွာဖြင့်...
“ကျွန်တစ်ယောက်ကို ဘယ်လောက်လဲ။”
“အမျိုးသားက ငွေဒင်္ဂါး ၈ ပြား၊ အမျိုးသမီးနဲ့ ကလေးက ငွေဒင်္ဂါး ၄ ပြားပါခင်ဗျာ” ဟု ကျွန်ကုန်သည်က ဖော်ဖော်ရွေရွေ ဖြေသည်။
လူဝီ ခေါင်းညိတ်လိုက်သည်။ ဤဈေးနှုန်းများမှာ မနည်းလှသော်လည်း အလွန်အမင်းလည်း မကြီးလှပေ။ ကျွန်ကုန်သည်သည် အနားရှိ အရာရှိကို ကြောက်ရွံ့သဖြင့် ဈေးကို သိပ်မတင်ရဲပုံရသည်။
“မင်းဆီမှာ လူဘယ်နှစ်ယောက်ရှိလဲ။”
“ဒီမှာ ၃၈၀ ကျော်ရှိပါတယ်၊ လိုအပ်ရင် အပြင်ကနေ ထပ်ခေါ်ပေးလို့ ရပါတယ်ခင်ဗျာ။”
“ဒါတွေ အကုန်ယူမယ်” လူဝီက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
ထို့နောက် သူသည် အခြားကျွန်ကုန်သည်များထံ သွားရောက်ကာ လူ ၁၂၀ ကို ထပ်မံ ဝယ်ယူခဲ့သည်။ စုစုပေါင်း ကျွန် ၅၀၀ ရရှိရန်အတွက် ရွှေဒင်္ဂါး ၃၈၀ အသုံးပြုခဲ့ရသည်။ ဤအရောင်းအဝယ် တစ်ခုတည်းဖြင့်ပင် သူ၏ ပိုင်ဆိုင်မှု ထက်ဝက်နီးပါး ကုန်ဆုံးသွားလေသည်။
(မှတ်ချက် - ငွေကြေးစနစ် - သံဒင်္ဂါး ၁၀ ပြား = ကြေးဒင်္ဂါး ၁ ပြား၊ ကြေးဒင်္ဂါး ၁၀ ပြား = ငွေဒင်္ဂါး ၁ ပြား၊ ငွေဒင်္ဂါး ၁၀ ပြား = ရွှေဒင်္ဂါး ၁ ပြား)
ဆက်လက်၍ လူဝစ်သည် သူ၏ နယ်မြေသစ် တည်ထောင်ရန်အတွက် လိုအပ်သော စားနပ်ရိက္ခာ၊ မျိုးစေ့များ၊ လယ်ယာသုံး ကိရိယာများနှင့် လက်နက်များကို အများအပြား ဝယ်ယူခဲ့သည်။ မြောက်ပိုင်းနယ်မြေ၏ ကုန်ဈေးနှုန်းမှာ တောင်ပိုင်းထက် အနည်းဆုံး နှစ်ဆခန့် ပိုမို မြင့်မားနေသဖြင့် သူ၏ ဘဏ္ဍာရေး အခြေအနေမှာ ပိုမို ကျပ်တည်းလာသည်။ ဝယ်ယူမှုအားလုံး ပြီးဆုံးသွားသောအခါ လက်ကျန်ငွေကို စစ်ဆေးကြည့်ရာ ရွှေဒင်္ဂါး ၆၈ ပြားသာ ကျန်တော့သည်။ ‘ပြုတ်’ သွားပြီ ဖြစ်သည်။
နှင်းလှံသွားမြို့တော်တွင် ရှိနေသည့် နှစ်ရက်အတွင်း လူဝစ်သည် ပစ္စည်းများ ဝယ်ယူရုံတင်မကဘဲ သူကဲ့သို့ပင် နယ်မြေချဲ့ထွင်ရန် စေလွှတ်ခြင်းခံရသည့် အခြား နယ်စားအချို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ခေတ္တမျှ စကားပြောဆိုပြီးနောက်တွင်မူ ထို ‘မျိုးရိုးမြင့်’ ဆိုသူများကို သူ စိတ်ကုန်သွားမိသည်။ အချို့မှာ အရက်ဆိုင်များတွင် အချိန်ကုန်ဆုံးရင်း လက်ရှိအခြေအနေမှ ထွက်ပြေးနေကြသည်။ အချို့မှာမူ အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် စိတ်ပျက်အားလျော့နေသော မျက်နှာများ ရှိကြသည်။ လူဝစ်၏ ရှေ့မှောက်တွင်လည်း အင်ပါယာဧကရာဇ်၏ အရည်အချင်းမရှိမှုကို ဆဲရေးတိုင်းထွာကြကာ မိဘများ၏ ရက်စက်မှုကို အပြစ်တင်ရင်း တောင်ပိုင်းသို့ ချက်ချင်း ပြန်ပြေးချင်နေကြသည်။
လူဝီသည် ထိုသူများကို ခပ်ပြုံးပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး ဆက်လက် ပတ်သက်ခြင်း မပြုတော့ပေ။
နှစ်ရက်အကြာတွင် နှင်းလှံသွားမြို့တော်၏ တံခါးဝပြင်ပ၌ လူတစ်ထောင်နီးပါးရှိသော အဖွဲ့အစည်းကြီးမှာ အသင့်ဖြစ်နေပြီ ဖြစ်သည်။ လူဝစ်သည် မြင်းပေါ်သို့ တက်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ‘ဒီရေနီနယ်မြေ’ (Red Tide Territory) ရှိနေသည်။ သူ၏ နယ်မြေ ဖြစ်သည်။
“ကဲ... ထွက်ခွာမယ်!”
အမိန့်ပေးသံနှင့်အတူ လူအုပ်ကြီးသည် မြောက်ပိုင်းနယ်မြေ၏ အရှေ့မြောက်ဘက်ရှိ ‘ဒီရေနီနယ်မြေ’ ဆီသို့ ခမ်းနားစွာ ခရီးစတင်လိုက်လေတော့သည်။