လူးဝစ် ရွေးချယ်လိုက်သည့် တည်နေရာအရ သူသည် မြောက်ပိုင်းဒေသ၏ စတုရန်းကီလိုမီတာ ၃၀၀ ကျယ်ဝန်းသော မြေရိုင်းကို သူ၏ အခြေချနယ်မြေအဖြစ် အောင်မြင်စွာ လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။
ထိုမြေကို သူက "ဒီရေနီနယ်မြေ" ဟု အမည်ပေးလိုက်သည်။
တစ်ကြောင်းမှာ ကယ်လ်ဗင်မျိုးနွယ်စု၏ အထိမ်းအမှတ်တံဆိပ်မှာ ကြက်သွေးရောင်ဖြစ်သောကြောင့်ဖြစ်ပြီး၊ အခြားတစ်ကြောင်းမှာမူ သူဘယ်သောအခါမှ ပြန်မသွားနိုင်တော့သည့် မိခင်ကမ္ဘာကို လွမ်းဆွတ်တမ်းတမိသောကြောင့်ပင်။
နယ်စားကြီး အက်ဒမွန်၏ အမြင်တွင်မူ ဤမြေသည် မြောက်ပိုင်းရှိ အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် အခြေချနေထိုင်ရန် အနည်းငယ် ပိုကောင်းရုံသာ ရှိသော်လည်း၊ လူးဝစ်၏ 'နေ့စဉ်သတင်းအချက်အလက်စနစ်' အမြင်အရမူ ဤနေရာသည် မြောက်ပိုင်း၏ ရတနာသိုက်၊ တစ်နည်းအားဖြင့် ကံကောင်းခြင်းနတ်မင်းကြီး စံပယ်ရာ နယ်မြေတစ်ခုကဲ့သို့ပင်။
ပထမဦးစွာ နယ်မြေအတွင်းရှိ မြစ်များတွင် နွေဦးနှင့် ဆောင်းဦးတိုင်း ငါးများ အုပ်စုလိုက်ပြောင်းရွှေ့ ဥချလေ့ရှိသဖြင့် ရိက္ခာအတွက် ပူစရာမလိုဘဲ အမြဲမပြတ် ရရှိနိုင်မည်ဖြစ်သည်။ ကယ်လိုရီနှင့် ပရိုတင်းဓာတ် ကြွယ်ဝသော ငါးအသားသည် ဒေသခံများကို ဗိုက်ဝစေရုံသာမက စစ်သည်များ၏ ခွန်အားကိုပါ မြှင့်တင်ပေးနိုင်သည်။ 'မြောက်ပိုင်း ပုံဆောင်ခဲ ငါးသလောက်' ကဲ့သို့သော မှော်ငါးများ ရှိနေနိုင်သည်ကိုပင် သူ မျှော်လင့်ထားသေးသည်။
ထို့ပြင် နယ်မြေအတွင်း၌ မြေအောက်အပူစွမ်းအင် ထွက်ရှိသည့် နေရာရှိနေခြင်းမှာ မြောက်ပိုင်းဒေသအတွက်မူ မယုံနိုင်စရာကောင်းသော အံ့ဖွယ်တစ်ခုပင် ဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ မြေဆီလွှာအပူချိန်ကို မြှင့်တင်ပေးနိုင်သဖြင့် အအေးဒဏ်ခံသီးနှံများကို စိုက်ပျိုးနိုင်ရုံသာမက အလွန်ပြင်းထန်သော ဆောင်းရာသီကိုလည်း အသာလေး ကျော်ဖြတ်နိုင်ရန် အထောက်အကူပြုသည်။ ဤအစားအစာများနှင့် ငါးအသားတို့ ပေါင်းစပ်လိုက်ပါက ဒေသခံများကို ကျွေးမွေးရန် လုံလောက်ရုံသာမက ပိုလျှံသည်များကိုပင် ရောင်းချနိုင်သည်။ မြောက်ပိုင်းဒေသတွင် အဖိုးတန်ဆုံးအရာမှာ အစားအစာဖြစ်ကြောင်း လူတိုင်းသိကြသည်မဟုတ်ပါလား။
ထို့အပြင် မြေအောက်အပူရှိန်ကြောင့် ရေပူစမ်းငယ်လေးများလည်း ရှိနေသေးသည်။ မြောက်ပိုင်း၏ အေးစက်သော လေပြင်းများက အရိုးထဲထိ အေးစိမ့်နေပြီး အခြားသူများ ချမ်းတုန်နေချိန်တွင် သူက ရေပူစမ်းထဲ၌ ကိုယ်ကိုစိမ်ကာ ဟင်းချိုပူပူလေး သောက်နေရမည့် အဖြစ်ကို တွေးကြည့်ရုံနှင့်ပင် အလွန် စိတ်ကျေနပ်စရာ ကောင်းလှသည်။
သို့သော် သူ၏ နှလုံးခုန်နှုန်းကို အမှန်တကယ် မြန်ဆန်စေခဲ့သည်မှာ ဤနယ်မြေ၏ သတ္တုသယံဇာတများပင် ဖြစ်သည်။ သာမန် 'အအေးခံသံသတ္တု' များမှာ မြောက်ပိုင်းတွင် မရှားလှဘဲ လက်နက်နှင့် သံချပ်ကာများ ပြုလုပ်ရန် မရှိမဖြစ်လိုအပ်သော ပစ္စည်းများဖြစ်သည်။
သို့သော် နယ်မြေအစွန်အဖျားတွင် မည်သူမျှ ရှာမတွေ့သေးသည့် 'မှော်အနှစ်သာရ သတ္တုကြော' (Magic Marrow Vein) တစ်ခု ရှိနေသည်။ မှော်အနှစ်သာရ (Demon Marrow) ဆိုသည်မှာ သူ၏ ယခင်ဘဝက ကန့် (Sulfur) နှင့် ဆင်တူပြီး ယမ်းဘီလူးများ ပြုလုပ်ရာတွင် အဓိကကျသော ပစ္စည်းဖြစ်ကာ မှော်ဆေးပညာရှင်များ အလွန်အမင်း အလိုရှိကြသော အရာဖြစ်သည်။
မှန်ပါသည်၊ လောလောဆယ်တွင် သူ့၌ ၎င်းကို တူးဖော်ရန် အရင်းအနှီး မရှိသေးသလို သူကိုယ်တိုင်လည်း အားနည်းနေသေးသဖြင့် အခြားသူများ၏ လောဘတက်ခြင်းကို ခံရနိုင်သည်။ သို့သော် တစ်နေ့တွင်မူ သူသည် ဤအရာကို အသုံးပြု၍ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမည်ဖြစ်သည်။ မှော်ယမ်းမှုန့်များဖြင့် သူရဲကောင်းနိုက်များကို ဗုံးခွဲတိုက်ခိုက်ရသည်မှာ မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းမည်နည်း။
ပေါများသော အစားအစာ၊ နွေးထွေးသော မြေအောက်အပူစွမ်းအင်၊ သတ္တုကြောများနှင့် မှော်အနှစ်သာရများ... ဤနေရာသည် မြောက်ပိုင်းတွင် ရှိမနေသင့်သော နတ်ဘုရားတို့၏ လက်ဆောင်မွန်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် ဤ 'ဒီရေနီနယ်မြေ' ၏ အလားအလာမှာ ဤမျှတင်မကသေးကြောင်း သူ၏ အာရုံက ပြောနေသည်။
လူးဝစ်သည် သူ၏ နယ်မြေအခြေချခွင့် လက်မှတ်ကို ကိုင်ကာ ပြုံးစိစိဖြင့် ငေးငိုင်နေသည်ကို မြင်သောအခါ နယ်စားကြီး အက်ဒမွန်က မနေနိုင်ဘဲ စနောက်လိုက်သည်။
"ဘယ်လိုလဲ... မင်းကို ညစာပါ ကျွေးပြီးမှ ပြန်လွှတ်ရမလား"
ထိုအခါမှ လူးဝစ်သည် သူ၏ ပျော်ရွှင်မှုများထဲမှ သတိပြန်ဝင်လာပြီး ချောင်းတစ်ချက်ဟန့်ကာ ဟန်ကိုယ်ဖို့ ပြန်လုပ်လိုက်သည်။ သူမထွက်ခွာမီ လုပ်စရာ တစ်ခု ကျန်သေးသည်။ သူသည် လက်မြှောက်ကာ သူ၏ နိုက်များကို သေတ္တာနှစ်လုံး ယူလာရန် အချက်ပြလိုက်သည်။
ပထမသေတ္တာကို ဖွင့်လိုက်သောအခါ 'မြောက်ပိုင်း ပုံဆောင်ခဲ ငါသလောက်' သုံးကောင်သည် မီးရောင်အောက်တွင် ငွေရောင်အကြေးခွံများ တဖျတ်ဖျတ်တောက်လျက် ခုန်ပေါက်နေသည်ကို မြင်လိုက်ရသည်။
နယ်စားကြီး အက်ဒမွန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ 'မြောက်ပိုင်း ပုံဆောင်ခဲ ငါးသလောက်' ဆိုသည်မှာ မြောက်ပိုင်း အုပ်ချုပ်ရေးမှူး ဖြစ်သည့် သူကိုယ်တိုင်ပင် ရရှိရန် ခဲယဉ်းသော ရှားပါးပစ္စည်းမဟုတ်ပါလား။ ဤလူငယ်က တစ်ခါတည်း သုံးကောင်တောင် ယူလာသည်လား။ ၎င်း၏ အသားမှာ အရသာရှိရုံသာမက ပို၍ အရေးကြီးသည်မှာ ၎င်း၏ အရိုးအဆီအနှစ်သည် နိုက်များ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပြီး အဆင့်တက်ရန် ခက်ခဲနေသော နိုက်များအတွက် အထူးသင့်လျော်သည်။ သူ၏ သမီးဖြစ်သူမှာလည်း 'အဆင့်မြင့်နိုက်' အစောပိုင်းအဆင့်တွင် ပိတ်မိနေသည်ဖြစ်ရာ ဤငါး၏ အကူအညီဖြင့် အောင်မြင်နိုင်ခြေမှာ သိသိသာသာ မြင့်တက်လာမည်ဖြစ်သည်။
သို့သော် သူစကားမပြောမီ လူးဝစ်က ပြုံးလျက်—
"ဒီငါးသုံးကောင်ကို နယ်စားကြီးအတွက် ကျွန်တော့်ရဲ့ လက်ဆောင်အဖြစ် လက်ခံပေးပါ"
နယ်စားကြီး အက်ဒမွန် အနည်းငယ် မှင်တက်သွားပြီး ထိုလူငယ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤမျှ အဖိုးတန်သည့်အရာကို ဒီအတိုင်း ပေးလိုက်သည်လား။ ဒီလူငယ်က တကယ်ပဲ အဲ့ဒီလောက် ရက်ရောတာလား။ သူ့အတွက်တောင် ဤကဲ့သို့သော အရင်းအမြစ်မျိုးကို ရရှိရန် ခဲယဉ်းလှရာ ပေါ့ပေါ့တန်တန် ပေးကမ်းနိုင်ရန်မှာ မလွယ်ကူပေ။
သို့သော် နယ်စားကြီး ထပ်မံ မစဉ်းစားနိုင်မီမှာပင် လူးဝစ်က ဒုတိယသေတ္တာကို ထပ်မံ ဖွင့်ပြလိုက်သည်။ အတွင်း၌ နောက်ထပ် မြောက်ပိုင်း ပုံဆောင်ခဲငါး သုံးကောင် ရှိနေပြန်သည်။
ဤတစ်ကြိမ်တွင်မူ လူးဝစ်က ခပ်နောက်နောက် ပြုံးလိုက်ရင်း—
"ဒီသုံးကောင်ကတော့... အရောင်းအဝယ် လုပ်ဖို့ပါ"
"လည်လှချည်လား လူငယ်လေး" နယ်စားကြီး အက်ဒမွန်က နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ရယ်မောကာ သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ "ကဲ... ပြောပါဦး၊ မင်း ဘာလိုချင်လို့လဲ"
လူးဝစ်က မဆိုင်းမတွပင် တောင်းဆိုလိုက်သည်။
"ကျွန်တော့်မှာ လူအင်အား လိုအပ်နေပါတယ်... ကျွန်တွေ၊ စစ်သည်တွေ၊ လက်မှုပညာရှင်တွေနဲ့ နိုက်တွေပေါ့"
ဤစကားကို ကြားသောအခါ အက်ဒမွန်သည် အချက်တစ်ခုကို လုံးဝ ယုံကြည်သွားသည်။ ဤလူငယ်သည် မြောက်ပိုင်းသို့ အချိန်ဖြုန်းကာ သေအံ့ဆဲဆဲ နေထိုင်ရန် လာခြင်းမဟုတ်ပေ။ သူသည် ဤကြမ်းတမ်းသော မြေရိုင်းတွင် အမှန်တကယ် နယ်မြေချဲ့ထွင်ပြီး ကိုယ်ပိုင်အင်အားစုကို တည်ထောင်လိုနေခြင်း ဖြစ်သည်။
အက်ဒမွန်၏ မျက်လုံးထဲတွင် ရိပ်ခနဲ အပြုံးတစ်ခု ဖြတ်ပြေးသွားကာ—
"မင်း ဘယ်လောက်တောင် လိုချင်လို့လဲ"
"များလေ ကောင်းလေပါပဲ။ ဒါပေမဲ့ နယ်စားကြီးကို အရှုံးမခံစေရပါဘူး" လူးဝစ်က ခပ်အေးအေးပင် ပြုံးလိုက်သည်။
"ဟက်... မင်းက ဈေးဆစ်တာ တော်သားပဲ။ ကျွန်တွေကိုတော့ ကျွန်ဈေးကွက်မှာ ကိုယ့်ဘာသာ ဝယ်လို့ရတယ်၊ ငါ မင်းကို စစ်သည် ၅၀ ပေးမယ်"
"၁၅၀ ပေးပါ" လူးဝစ်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
"အတ္တကြီးလွန်းတယ်" အက်ဒမွန်က ခေါင်းခါလိုက်သည်။ "အများဆုံး ၁၂၀ ပဲ ပေးနိုင်မယ်၊ ငါ့မှာ သင်တန်းမပြီးသေးတဲ့ လူသစ်တွေ ရှိတယ်။ ဝါရင့်စစ်သည်တွေကိုတော့ မင်းကို ပေးဖို့ မဖြစ်နိုင်ဘူး။ လက်မှုပညာရှင် ၃၀ ပေးမယ်၊ အဲ့ဒီထက် ပိုမရဘူး... ငါက ပရဟိတလုပ်ငန်း ဖွင့်ထားတာ မဟုတ်ဘူး"
လူးဝစ်က သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ၊ နိုက်တွေကော။ အစိုးရခန့် နိုက်တွေဆိုရင် ပိုကောင်းမယ်"
အက်ဒမွန်က နှာခေါင်းရှုံ့လိုက်သည်။ "အစိုးရခန့် နိုက်လား။ အိပ်မက်မက်နေလိုက်ဦး"
လူးဝစ်က ထပ်မံ မေးမြန်းသည်။ "ဒါဆို အလုပ်သင်နိုက်တွေကော"
နယ်စားကြီး၏ လက်ချောင်းများ ခေတ္တရပ်တန့်သွားပြီး ခဏတာ စဉ်းစားကာ နောက်ဆုံးတွင် ပြောလိုက်သည်။
"အလုပ်သင်နိုက် ၁၀ ယောက်၊ အစိုးရခန့်နိုက် ၃ ယောက်။ မင်းရဲ့ ကွပ်ကဲမှုအောက်မှာ ထားပေးမယ်၊ ဒါပေမဲ့ သူတို့က မြောက်ပိုင်းဒေသအပေါ်မှာပဲ အမြဲတမ်း သစ္စာရှိရမယ်"
လူးဝစ်၏ နှုတ်ခမ်းများ ကွေးညွတ်သွားကာ လက်ကမ်းပေးလိုက်ရင်း—
"သဘောတူပြီ"
အက်ဒမွန်က သူ့ကို ကြည့်ကာ ပြုံးလျက် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"လည်လှချည်လား ကောင်လေး... စောစောစီးစီးတော့ မသေစေနဲ့ဦး"
ဈေးညှိနှိုင်းပြီးနောက် လူးဝစ်သည် မြောက်ပိုင်း ပိံဆောင်ခဲ ငါးခြောက်ကောင်ကို သူအလိုအပ်ဆုံးသော လူသားအရင်းအမြစ်များနှင့် အောင်မြင်စွာ လဲလှယ်နိုင်ခဲ့သည်။ ရှေ့ရှိ စာရင်းကို ကြည့်ကာ လူးဝစ် ပြုံးလိုက်မိသည်။ စစ်သည်များသည် အထူးလေ့ကျင့်ထားသူများ မဟုတ်သော်လည်း အနည်းဆုံးတော့ အသုံးဝင်သည်။ လေ့ကျင့်ပေးလိုက်လျှင် အရည်အချင်းရှိသော ကင်းတပ်ဖွဲ့တစ်ခု ဖြစ်လာနိုင်သည်။
လက်မှုပညာရှင်များမှာ အရေအတွက် မများသော်လည်း အိမ်များ၊ လမ်းများနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်၊ ဒီရေနီနယ်မြေ၏ အခြေခံအုတ်မြစ် ချနိုင်ရန်အတွက် လုံလောက်သည်။ အလုပ်သင်နိုက် ၁၀ ယောက်နှင့် အစိုးရခန့်နိုက် ၃ ယောက်တို့က သူ၏ နိုက်အဖွဲ့ကို များစွာ အင်အားတောင့်တင်းစေခဲ့သည်။ နယ်စားကြီး အက်ဒမွန်သည် သူထင်ထားသည်ထက် ပိုမိုရက်ရောသဖြင့် ဤသဘောတူညီချက်မှာ မျှော်လင့်ထားသည်ထက်ပင် ပိုအောင်မြင်သည်ဟု လူးဝစ် ယူဆသည်။
မည်သို့ပင်ဆိုစေကာမူ သူအလိုအပ်ဆုံးအရာများကို ရရှိခဲ့ပြီဖြစ်သည်။
နယ်မြေစာချုပ် လက်မှတ်ထိုးပြီးနောက် အက်ဒမွန်က ရပ်နေဆဲဖြစ်သော လူးဝစ်ကို ကြည့်ကာ နှုတ်ခမ်းလေး ကွေးလျက် ပြောလိုက်သည်။
"ကိစ္စတွေ ပြီးပြီပဲ၊ မင်း ဘာလို့ ရှိနေသေးတာလဲ။ ငါက နှုတ်ဆက်ပွဲ လုပ်ပေးမှာကို စောင့်နေတာလား"
လူးဝစ် ရယ်မောကာ လှည့်ထွက်သွားသည်။
"ဒါပေမဲ့..." အက်ဒမွန်က ရုတ်တရက် စကားရပ်ကာ အဓိပ္ပာယ်ပါပါ ထပ်ပြောလိုက်သည်။ "မင်း ကျွန်ဈေးကွက်ကို သွားပြီး ကျွန်တချို့ ဝယ်လိုက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းရဲ့ လက်ရှိနယ်မြေအခြေအနေအရ ဒုက္ခသည်တွေအပေါ်ပဲ အားကိုးနေလို့ မလုံလောက်ဘူး"
လူးဝစ် မျက်ခုံးပင့်လိုက်သည်။ ထိုသို့ သတိမပေးလျှင်ပင် သူသွားမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်၊ ကျွန်ဈေးကွက်တွင် သူ့ကို စောင့်ကြိုနေသော ပါရမီရှင်နှစ်ယောက် ရှိနေသည်မဟုတ်ပါလား။
အက်ဒမွန်က ဘေးတွင် ရပ်နေသော အရာရှိကို ညွှန်ကြားလိုက်သည်။
"သူ့ကို အဲ့ဒီကို ခေါ်သွားပေးလိုက်၊ ပြီးတော့ အဲ့ဒီ အမြတ်ကြီးစားတွေကို သူ့ကို သိုးလိုမျိုး အဆမတန် ဈေးမတင်ဖို့ ပြောလိုက်ဦး"
"ဟုတ်ကဲ့ပါ အရှင်" အရာရှိက အနည်းငယ် ဦးညွှတ်ကာ လူးဝစ်ကို လမ်းပြခေါ်ဆောင်သွားသည်။
လူးဝစ်ကလည်း "နယ်စားကြီးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။ နယ်စားကြီးက နှုတ်ဆက်သည့်အနေဖြင့် လက်ဝေ့ယမ်းပြလိုက်လေသည်။