အခန်း ၃၅၉ - ဆောင်းရာသီ၏ နှလုံးသားထဲတွင်(၂)
(T/N : အခန်း(၃၅၆)နဲ့(၃၅၉)နှစ်ခန်းကတူနေပါတယ်ခင်ဗျာ။မူရင်းအတိုင်းဘာသာပြန်ပေးလိုက်ပါတယ်)
အပြင်ဘက်တွင်မူ ဆီးနှင်းပွင့်များ လေထဲတွင် ဝဲပျံနေပြီး အေးစက်လှသော လေပြင်းများက တဝူးဝူး မှုတ်ခတ်နေသည်။
မြောက်ပိုင်းနယ်မြေသည် တစ်နှစ်တာ၏ အအေးဆုံးအချိန်ကာလသို့ အပြည့်အဝ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ လေပြင်းနှင့် နှင်းမုန်တိုင်းတို့သည် သွေးနီလှိုင်း မြေစင်မြင့်မျှော်စင်၏ ပြတင်းပေါက်မြင့်ကြီးများတဝိုက်တွင် ဝေ့ဝဲတိုက်ခတ်နေပြီး အဖြူရောင်နှင်းခဲလွှာများကို ဖြစ်တည်စေသည်။ လမ်းမများပေါ်တွင် လူသူကင်းမဲ့နေပြီး ကြက်သွေးရောင်ဝတ်ရုံကို ခြုံလွှမ်းထားသော မြင်းစီးသူရဲတစ်ဦးသာ လေပြင်းနှင့် နှင်းမုန်တိုင်းကို အန်တုကာ ကင်းလှည့်နေသည်။ သူ၏ ခန္ဓာကိုယ်ထက်တွင် တိုက်ပွဲဝင်အရှိန်အဝါများ လွှမ်းခြုံနေပြီး အအေးဒဏ်ကို ဖယ်ရှားပေးသည့် ကြက်သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲနေသည်။
အဝေးတစ်နေရာတွင်တော့ မီးလျှံကျောကုန်းလိပ်တစ်ကောင်သည် အေးချမ်းစွာ အိပ်မောကျနေသည်။ ၎င်း၏ ကျောကွံပေါ်ရှိ မီးဖိုမှ ရေနွေးငွေ့များ အလိပ်လိုက် ထွက်ပေါ်နေပြီး နှင်းမုန်တိုင်းကြားတွင် နွေးထွေးသော နေရာလေးတစ်ခုကို ခဲယဉ်းစွာ ဖန်တီးပေးထားသည်။
ဤသည်ကား ရန်သူများထက် ပို၍အေးစက်ပြီး စစ်မြေပြင်ထက် ပို၍ရက်စက်ကြမ်းကြုတ်သော မြောက်ပိုင်းနယ်မြေ၏ ဆောင်းရာသီပင်ဖြစ်သည်။
သို့သော် သွေးနီလှိုင်း ရဲတိုက်၏ ပင်မခန်းမဆောင်ကြီးထဲတွင်တော့ အပူချိန်က နွေဦးရာသီပမာ နွေးထွေးနေသည်။ ထူထဲသော ကျောက်တံတိုင်းကြီးများအတွင်း နှစ်ကာလများစွာ တပ်ဆင်ထားခဲ့သော မြေအောက်အပူငွေ့ပိုက်လိုင်းများမှာ ယခုတိုင် အလုပ်လုပ်နေဆဲဖြစ်သည်။ ရဲတိုက်၏ ကြမ်းပြင်များထက်တွင် နွေးထွေးမှုများ စီးဆင်းနေပြီး နံရံများပေါ်တွင်လည်း အပူထိန်းအထည်လွှာများကို ချိတ်ဆွဲထားသည်။ ထို့ပြင် မီးခိုးရောင်သန်းနေသော အနီရောင် မီးဖိုကြေးနီပြားများဆီမှလည်း မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်နေသည်။
အစည်းအဝေးစားပွဲပေါ်ရှိ ရေနွေးကရားမှာ ပူနွေးသော ရေခိုးရေငွေ့များဖြင့် ဖုံးလွှမ်းနေပြီး ရေနွေးကြမ်း၏ ရနံ့တွင် နှင်းရွက်နွယ်ပင်များ၏ အနည်းငယ် ခါးသက်သက် အရသာလေး ရောယှက်နေသည်။
အခန်း၏ အလယ်ဗဟို ပင်မခုံနေရာတွင် လူးဝစ်သည် စစ်တပ်ပုံစံ အနက်ရောင်ဝတ်ရုံကို လွှမ်းခြုံကာ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ တံတောင်ဆစ်များကို စားပွဲပေါ်တွင် တင်ထားပြီး မျက်မှောင်ကို တင်းကျပ်စွာ ကုတ်ကာ သူ၏ရှေ့ရှိ စာသားများ ပြည့်နှက်နေသော အစီရင်ခံစာ အထပ်လိုက်ကို စူးစိုက်ကြည့်နေသည်။ ဆေးဘက်ဆိုင်ရာ သေဆုံးဒဏ်ရာရမှု စာရင်းများ၊ ဒုက္ခသည်များကြားရှိ အအေးမိနှင်းခဲကိုက်ခံရသူ စာရင်းများ၊ ဟင်းချိုနွေးနွေးစခန်း လည်ပတ်မှု မှတ်တမ်းများ၊ နှင်းရွက်နွယ်ပင် လက်ကျန်စာရင်းများ... သူ၏ မျက်နှာအမူအရာက လေးနက်တည်ကြည်နေပြီး တိတ်ဆိတ်စွာ တွေးတောနေသည်။
ဆေးဘက်ဆိုင်ရာ အစီရင်ခံစာအပေါ် သူ စဉ်းစားတွေးတောနေစဉ် တံခါးအပြင်ဘက်မှ ပေါ့ပါးသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။
အမ်မလီသည် အထူစား ဝတ်ရုံကို ခြုံလွှမ်းထားလျက် သွက်လက်စွာ ဝင်ရောက်လာသည်။ သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ဖုံးကွယ်၍မရသော အပြုံးတစ်ခု ပေါ်လွင်နေပြီး သူမ၏ မျက်ဝန်းများသည် ဆောင်းရာသီ၏ ရှားပါးလှသော အလင်းရောင်တစ်ခုအလား လင်းလက်နေသည်။
"လူးဝစ်!" လက်အိတ်များကို ချွတ်ရင်း သူမက အော်ပြောလိုက်သည်။ "သတင်းကောင်းပဲ။ အခုလေးတင် သတင်းရောက်လာတာ၊ လေဒီအိုင်ရီနာ ဘေးကင်းကင်းနဲ့ မွေးဖွားလိုက်ပြီတဲ့။ ကျွန်မမှာ မောင်လေးတစ်ယောက် ထပ်ရပြီ!"
(အခန်း (356) မှာထိုစာပိုဒ်ပါသေးတယ်။ မူရင်းမှာပါတဲ့အတိုင်း ဘာသာပြန်ပေးထားတာပါ။)
စားပွဲရှေ့တွင် ရပ်ကာ အဖြူရောင် အငွေ့များကို မှုတ်ထုတ်လိုက်သော သူမ၏ မျက်ဝန်းများထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
လူးဝစ်သည် ခေါင်းမော့လာပြီး သူ၏အကြည့်များ ခေတ္တရပ်တန့်သွားသော်လည်း သူ သိပ်ပြီးတော့ မအံ့သြမိပေ။ အလီနာ၏ ကိုယ်ခံစွမ်းအားနှင့် နှင်းဟဲလ်ဘတ်မြို့၏ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကြောင့် အောင်မြင်စွာ မွေးဖွားနိုင်ရေးမှာ အချိန်ကိစ္စသာ ဖြစ်သည်။ သို့သော် အမ်မလီ၏ စိတ်အားထက်သန်မှုကို သူ မဖျက်ဆီးရက်ခဲ့ပေ။
"တကယ်လား" သူက ခပ်ဖွဖွ ရယ်မောရင်း ခေါင်းညိတ်လိုက်သည်။ "ဒါဆို မင်းအဖေကို ဂုဏ်ပြုစကား ပြောရမှာပေါ့။"
ထိုသို့ပြောရင်း သူ၏လက်ထဲမှ အစီရင်ခံစာကို ချထားလိုက်ကာ သူ၏ လေသံက နူးညံ့သွားသည်။ "ဆောင်းရာသီ ကုန်သွားတာနဲ့ ငါတို့ သူတို့ကို သွားကြည့်ကြတာပေါ့။"
အမ်မလီ၏ မျက်ဝန်းများက နှင်းကျနေသော ညတစ်ညတွင် လင်းလက်လာသည့် နွေးထွေးသော မီးအိမ်တစ်ခုအလား ပို၍ပင် တောက်ပသွားသည်။
"မင်း အဲဒီလို ပြောမယ်ဆိုတာ ငါ သိပြီးသားပါ" သူမက သူ၏ဘေးတွင် ဖွဖွလေး ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိ စာသားများ ပြည့်နှက်နေသော မှတ်တမ်းဖိုင်များကို သူမ၏ အကြည့်များ ရောက်ရှိသွားချိန်တွင် အပြုံးက အနည်းငယ် လျော့ကျသွားခဲ့သည်။ "ဒါပေမဲ့ မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ... ငါ့ကို မပြောဘဲ ဝန်ပိနေတဲ့ ကိစ္စတစ်ခုခု ရှိနေတာလား။"
လူးဝစ်က ချက်ချင်း မဖြေဘဲ ရေနွေးပန်းကန်ကို ကောက်ကိုင်လိုက်ကာ အမြှုပ်များကို မှုတ်ထုတ်ပြီး ခါးသက်သက် ပူနွေးသော ရေနွေးကြမ်းကို တစ်ငုံ သောက်လိုက်သည်။
"ဆောင်းတွင်း ပြဿနာလေး နည်းနည်းပါပဲ" ဟု တည်ငြိမ်သော လေသံဖြင့် သူက ညင်သာစွာ ပြန်ဖြေသည်။
အမ်မလီက စားပွဲထောင့်မှ စာရွက်တစ်ရွက်ကို ကောက်ယူလိုက်ပြီး အမြန်ဖတ်ရှုလိုက်ရာ သူမ၏ လက်ချောင်းများက စာပိုဒ်များကြားတွင် ရွေ့လျားသွားသည်။ မကြာမီမှာပင် သူမ၏ မျက်နှာပေါ်ရှိ နွေးထွေးမှုများ မှေးမှိန်သွားခဲ့သည်။
"...အအေးမိနှင်းခဲကိုက်ခံရတဲ့ လူနာ ၃၀၀၀ ကျော်သွားပြီ။ ပြင်းထန်မှု အဆင့်အမျိုးမျိုးရှိတယ်။ ကူးစက်မှုတွေ၊ သံသယလူနာ ၄၃၂ ယောက်၊ အတည်ပြုလူနာ ၆၂ ယောက်။ သေဆုံးသူဦးရေက... မနေ့က စာရင်းအရဆိုရင် ၁၀၇ ယောက်..."
သူမက စာရွက်စာတမ်းကို တိတ်ဆိတ်စွာ ပိတ်လိုက်သည်။ အပြင်ဘက်မှ လေပြင်းများ တိုက်ခတ်သွားပြီး ပြတင်းပေါက်ကို ညင်သာစွာ တုန်ခါသွားစေသည်။
အမ်မလီသည် "ဒီလောက်ဆို အရမ်းကောင်းနေပါပြီ" ဟူသော နှစ်သိမ့်စကားမျိုးကို မပြောခဲ့ပေ။ မြောက်ပိုင်းနယ်မြေ၏ ဆောင်းရာသီအတွက် ဤကိန်းဂဏန်းများက အံ့မခန်းနီးပါး ဖြစ်နေကြောင်းကို သူမ ကောင်းကောင်းသိသည်။ ရိက္ခာများ ရှားပါးပြီး နယ်စားများ ထွက်ပြေးကာ ပြည်သူများကို ကိုယ့်ကြမ္မာကိုယ် ဖန်တီးရန် စွန့်ပစ်ထားခဲ့သော အခြားနယ်မြေများတွင်မူ သေဆုံးသူ သောင်းနှင့်ချီ ရှိနေသော်လည်း မှတ်တမ်းတင်ခံရမည်ပင် မဟုတ်ပေ။ အခြားနေရာများတွင် လမ်းဘေး၌ အေးခဲသေဆုံးနေသော ဒုက္ခသည်များ၊ မြေမြှုပ်မခံရဘဲ နှင်းတောထဲတွင် ပုံနေကာ လေပြင်းနှင့် မိုးဒဏ်ကို ခံနေရသော အလောင်းများကို သူမ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့သည်။
သို့သော် လူးဝစ်က သူ့ကိုယ်သူ အခြားသူများနှင့် နှိုင်းယှဉ်နေမည် မဟုတ်ကြောင်းကို သူမ ပို၍နားလည်ထားသည်။ သူ ဂရုစိုက်သည့်အရာက "အခြားသူများထက် ပိုကောင်းအောင် လုပ်နိုင်ခြင်း" မဟုတ်ဘဲ "ငါ ဘာလို့ လူတွေကို ပိုပြီး မကယ်တင်နိုင်ရတာလဲ" ဟူသည့်အချက်ပင်ဖြစ်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အမ်မလီက သူ၏ဘေးသို့ လျှောက်သွားကာ အစီရင်ခံစာကို ညင်သာစွာ ပိတ်လိုက်ပြီး နွေးထွေးခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။
"ပြဿနာသေးသေးလေးပဲဆိုတော့ ငါတို့ အတူတူ ဖြေရှင်းကြတာပေါ့။"
လူးဝစ်က သူမကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲမှ လေးလံမှုများ အနည်းငယ် လျော့ကျသွားပုံရသည်။ သူက ကျေးဇူးတင်စကား မဆိုသလို မလိုအပ်သော ယဉ်ကျေးမှုများကိုလည်း မပြခဲ့ဘဲ ခေါင်းညိတ်လိုက်ရုံသာ။ သူ၏ နှုတ်ခမ်းထက်တွင် မှိန်ဖျော့သော်လည်း စစ်မှန်သော အပြုံးတစ်ခု ပေါ်လွင်သွားသည်။
"အင်း" ဟု သူက ပြန်ဖြေသည်။
အမ်မလီ၏ ဤအချက်ကို သူ သဘောကျသည်။ မလိုအပ်သော စကားများ မရှိ၊ ဟန်ဆောင်မှုများ မရှိ၊ ချိုသွေးခြင်းများ မရှိဘဲ ရက်စက်လှသော အမှန်တရားကို ရင်ဆိုင်ရန် မကြောက်ရွံ့ခြင်းပင်ဖြစ်သည်။
သူတို့နှစ်ဦးသည် အစည်းအဝေးစားပွဲရှေ့တွင် ပခုံးချင်းယှဉ်လျက် ရပ်နေကြပြီး မြေပုံများနှင့် စာရင်းများကို မျက်နှာမူကာ ဆောင်းရာသီ အကျပ်အတည်း တုံ့ပြန်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ထပ်မံရေးဆွဲနေကြလေသည်။
---
...
ယခုနှစ် ဆောင်းရာသီသည် ယခင်နှစ်များထက် စောစီးစွာ ရောက်ရှိလာခဲ့ပြီး ပိုမိုကြမ်းတမ်းကာ ပို၍ပင် အကြောင်းပြချက်မဲ့ဆန်လှသည်။
သွေးနီလှိုင်းနယ်မြေ၏ အပြင်ဘက်တွင်မူ နှင်းများနှင့် လေပြင်းများသည် ဒေါသထွက်နေသော ဒီရေလှိုင်းများအလား ကောင်းကင်ယံမှ ကျဆင်းလာကာ နေ့ရောညပါ သောင်းကျန်းနေသည်။ လူနေထိုင်ရာနယ်မြေအပြင်ဘက်ရှိ ဒုက္ခသည်စခန်းတွင် အပူချိန်သည် အနှုတ်နှစ်ဆယ်ဒီဂရီအောက်သို့ ရုတ်တရက် ထိုးဆင်းသွားခဲ့ပြီး အမြဲတမ်းအေးခဲနေသော မြေလွှာများမှာ ရေခဲအက်ကြောင်းများအဖြစ် ကွဲအက်သွားကာ မြင်းခွာများဖြင့် နင်းမိလျှင်ပင် ကျိုးပဲ့သံကို ကြားနိုင်လောက်သည်။
ယာယီတဲများကို ဖယ်ရှားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မြေအောက်တစ်ပိုင်း စုပေါင်းအိမ်များမှာမူ ဖိနှိပ်ခံထားရပြီး လေးလံနေပုံရဆဲဖြစ်သည်။ ဤသည်တို့မှာ ပထမဆုံးနှင်းမကျမီ သွေးနီလှိုင်းနယ်မြေမှ လက်မှုပညာရှင်များက အလျင်စလို တည်ဆောက်ပေးခဲ့သော ဆောင်းရာသီ ခိုလှုံရေးစခန်းများဖြစ်သည်။ ကျစ်လစ်သော အေးခဲမြေများနှင့် ကျောက်တုံးများကို အသုံးပြုကာ တည်ဆောက်ထားပြီး နိမ့်ဆင်းနေသော နံရံများအပြင် အမိုးများကိုလည်း ပြာများနှင့် ကောက်ရိုးဖျာများဖြင့် ဖုံးအုပ်ထားသဖြင့် အတိုင်းအတာတစ်ခုအထိ နွေးထွေးမှုကို သေချာစေသည်။
၎င်းတို့သည် သက်တောင့်သက်သာရှိသော အိမ်များတော့ မဟုတ်ကြပေ။ သို့သော် လေပြင်းနှင့် နှင်းမုန်တိုင်းတို့၏ ဖျက်ဆီးခြင်းကို ခံနေရသော ဤမြောက်ပိုင်းနယ်မြေတွင်တော့ ထိုအရာများက အံ့ဖွယ်တစ်ပါးပင်ဖြစ်သည်။ လူများသည် မြေအောက်အပူငွေ့များကို အားထားကာ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ အိပ်စက်ကြသည်။ စောင်များကို မျှဝေခြုံကြပြီး ခန္ဓာကိုယ်အပူရှိန်များနှင့် အသက်ရှင်သန်ရန် မျှော်လင့်ချက်များကို ဖလှယ်ကြသည်။ ကျပ်ညပ်နေပြီး ချွေးနံ့များ မကြာခဏ ရောနှောနေသော်လည်း လေပြင်းထဲတွင် အေးခဲသေဆုံးသွားခြင်းထက်တော့ ပိုကောင်းလှသည်။
သို့တိုင်အောင် ဆောင်းရာသီ၏ စစ်မှန်သော အအေးဒဏ်ကြီး ကျရောက်လာသောအခါ ပြင်ဆင်မှုအားလုံးမှာ အရေးမပါတော့သလို ခံစားလိုက်ရသည်။ အအေးဆုံး ညများတွင် အပူချိန်မှာ အနှုတ်နှစ်ဆယ်အထိ ထိုးဆင်းသွားပြီး လေနှင့် နှင်းများသည် လေဝင်လေထွက်ပေါက်များမှတစ်ဆင့် စိမ့်ဝင်လာကာ နှင်းခဲများအဖြစ် အေးခဲသွားပြီး အရိုးထဲအထိ စိမ့်ဝင်သွားလောက်အောင် အေးစက်လှပေသည်။