အခန်း (၆) - သာမန်လွန်သူ (Beyonder)
သူတို့နှစ်ဦးသည် လိုအန်ဘာသာစကားကို ပြောဆိုနေကြရုံသာမက၊ သူတို့၏စိတ်အာရုံများတွင်လည်း တူညီသော ထိတ်လန့်ခြောက်ခြားမှုနှင့် တင်းမာမှုတို့ ရောယှက်နေကြသည်။
"ငါ ဘယ်ရောက်နေတာလဲ။ ဒီမှာ ငါ ဘာလုပ်ဖို့ စီစဉ်နေတာလဲ။"
အမှန်စင်စစ် ထိုမေးခွန်းကို ကျိုးမင်ရွီကိုယ်တိုင်လည်း သိလိုနေပါသည်။ သူသည် မိမိကိုယ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ထိုသူနှစ်ဦး မေးမြန်းထားသော မေးခွန်းများကို စိတ်ထဲမှ တိတ်တဆိတ် ပြန်လည်ရေရွတ်နေမိသည်။ ကျိုးမင်ရွီအတွက် အနက်ရှိုင်းဆုံး အမှတ်ရစရာမှာ စကားလုံးများဖြင့် ဖွဲ့စည်းထားသော စာကြောင်းများ မဟုတ်ဘဲ၊ ထိုစုံတွဲ၏ မျက်နှာထက်မှ ဝေခွဲမရဖြစ်မှု၊ သတိကြီးစွာ ထားရှိမှု၊ ထိတ်လန့်တုန်လှုပ်မှုနှင့် ရိုသေမှုတို့ ဖြစ်သည်။
မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိဘဲ၊ လူသားနှစ်ဦးသည် မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေသော ဤကမ္ဘာထဲသို့ လျှို့ဝှက်ဆန်းကြယ်စွာ ဆွဲခေါ်ခံလိုက်ရသည်။ ဤအဖြစ်အပျက်ကို ဖန်တီးမိသူ ကျိုးမင်ရွီကိုယ်တိုင်ပင် ပုံမှန်ထက်ပို၍ အံ့အားသင့် ထိတ်လန့်နေရသည်ဆိုလျှင်၊ မည်သည့်အရာကိုမျှ ကြိုတင်မသိရှိဘဲ အတင်းအဓမ္မ ဆွဲခေါ်ခံလိုက်ရသော ထိုစုံတွဲအတွက်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။ သူတို့အတွက် ဤတွေ့ဆုံမှုမှာ သူတို့၏စိတ်ကူးစိတ်သန်းများထက်ပင် ကျော်လွန်နေပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကျိုးမင်ရွီ၏စိတ်ထဲ၌ ရွေးချယ်စရာ နည်းလမ်းနှစ်ခု ပေါ်လာသည်။ ပထမနည်းလမ်းမှာ သူကိုယ်တိုင်လည်း ဘာမှမသိသော ဘေးဒုက္ခသည်တစ်ဦးကဲ့သို့ ဟန်ဆောင်ကာ သူ၏တကယ့်အထောက်အထားကို ဖုံးကွယ်ထားရန် ဖြစ်သည်။ ထိုမှတစ်ဆင့် သူတို့၏ယုံကြည်မှုကို ရယူကာ အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်လျှင် အခွင့်ကောင်းယူရန် ဖြစ်သည်။ ဒုတိယနည်းလမ်းမှာမူ ထိုသူနှစ်ဦး၏အမြင်တွင် သူ၏လျှို့ဝှက်ဆန်းကြယ်သော အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားရန် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခြေအနေများကို ကိုယ့်ဘက်ကထိန်းချုပ်ထားနိုင်ပြီး သူတို့ထံမှ တန်ဖိုးရှိသော သတင်း အချက် အလက်များကို နှိုက်ယူနိုင်မည် ဖြစ်သည်။
အခြေအနေကို အချိန်ယူ စဉ်းစားရန် အခွင့်အရေး မရှိသဖြင့်၊ သူသည် စိတ်ထဲ၌ လက်ခနဲ ပေါ်လာသော ဒုတိယအတွေးကိုသာ လက်ကိုင်ထားလိုက်သည်။ သူက ဒုတိယနည်းလမ်းကို စမ်းသပ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ အခြားသူများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အသုံးချ၍ မိမိအတွက် အကြီးမားဆုံး အားသာချက်ကို ရယူမည်!
မြူခိုးများကြားတွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ကျိုးမင်ရွီသည် ခပ်တိုးတိုး လေး ရယ်လိုက်သည်။ သူသည် ရောက်လာသူ နှစ်ဦးရဲ့ ယဉ်ကျေးသော နှုတ်ဆက်မှုကို ပြန်လည် တုံ့ပြန် လိုက် သကဲ့သို့ တည်ငြိမ်လှသော အသံဖြင့် ပြောလိုက်သည်မှာ-
"စမ်းသပ်မှုတစ်ခုပါ။"
"စမ်းသပ်မှုတစ်ခု... စမ်းသပ်မှုတစ်ခုတဲ့လား?"
အော်ဒရီ ဟောလ် သည် မီးခိုးဖြူရောင် မြူခိုးများဖြင့် ဖုံးကွယ်နေသော ဤလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသားကို ကြည့်ရင်း၊ ဖြစ်ပျက်နေသမျှ အရာအားလုံးမှာ ယုတ္တိမတန်ခြင်း၊ ရယ်စရာကောင်း နေခြင်း၊ ထိတ်လန့်စရာကောင်းခြင်းနှင့် ထူးဆန်းခြင်းတို့ ရောယှက်နေသည်ဟုသာ တွေးနေမိသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ သူမသည် မိမိအိပ်ခန်းအတွင်းရှိ မှန်တင်ခုံရှေ့တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် လှည့်ကြည့်လိုက်ရုံမျှဖြင့် မီးခိုးရောင် မြူခိုးများဖြင့် ပြည့်နှက်နေသော ဤနေရာသို့ သူမ "ရောက်ရှိ" လာခဲ့သည်။ မည်မျှပင် မယုံကြည်နိုင်စရာ ကောင်းလိုက်ပါသနည်း!
အော်ဒရီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ယဉ်ကျေးသိမ်မွေ့သည့် အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ သူမသည် အနည်းနှော တုန်လှုပ်ချောက်ချားစွာဖြင့် မေးမြန်းလိုက်သည်မှာ-
"လူကြီးမင်း၊ စမ်းသပ်မှု ပြီးသွားပြီလားရှင့်။ ကျွန်မတို့ကို ပြန်ခွင့်ပေးလို့ ရမလား။"
အယ်လ်ဂျာ ဝီလ်ဆင် တွင်လည်း ကျိုးမင်ရွီကို အလားတူ နည်းလမ်းမျိုးဖြင့် စမ်းသပ်လိုသော ရည်ရွယ်ချက်များ ရှိခဲ့သော်လည်း၊ သူ၏ကြွယ်ဝသော အတွေ့အကြုံများက သူ့ကို ပို၍ တည်ငြိမ်စေခဲ့သည်။ သူသည် သူ၏စိတ်ဆန္ဒကို ထိန်းချုပ်ထားပြီး တိတ်တိတ်ဆိတ်ဆိတ်သာ အခြေအနေကို အကဲခတ်နေခဲ့သည်။
ကျိုးမင်ရွီသည် မေးခွန်းမေးသူကို ကြည့်လိုက်သည်။ ဝေဝါးနေသော မြူခိုးများကို ဖြတ်၍ ကြည့်လိုက်ရာ ထိုသူ၏ပုံရိပ်ကို အကြမ်းဖျင်း မြင်တွေ့ရသည်။ သူမသည် နူးညံပျော့ပျောင်းသော ရွှေရောင်ဆံပင်များရှိသည့် အရပ်ရှည်ရှည် မိန်းကလေးတစ်ဦး ဖြစ်သော်လည်း၊ သူမ၏မျက်နှာအသွင်အပြင်ကိုမူ ရှင်းလင်းစွာ မမြင်ရပေ။ သူသည် မိန်းကလေး၏မေးခွန်းကို ပြန်လည်ဖြေကြားရန် မပြင်သေးပဲ အမျိုးသားဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်သည်။ သူက ဖရိုဖရဲ ဖြစ်နေသော အပြာရင့်ရောင် ဆံပင်များ ရှိပြီး၊ အရပ်အမောင်းမှာ သိပ်မပုသလို သိပ်လည်း မထွားလှပေ။
ကျိုးမင်ရွီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။ အကယ်၍ သူသာ ပို၍ အားကောင်းလာပါက သို့မဟုတ် ဤမြူခိုးကမ္ဘာအကြောင်း ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်လာပါက၊ ဤမြူခိုးများကို ဖောက်ထွင်း၍ ထိုမိန်းကလေးနှင့် အမျိုးသားကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည်မှာ သေချာပါသည်။
"ဒီအခြေအနေမှာ သူတို့က ဧည့်သည်တွေပဲ၊ ငါကတော့ ဒီနေရာရဲ့ အရှင်သခင်ပဲ!"
သူ၏စိတ်နေစိတ်ထားကို ပြောင်းလဲလိုက်သည်နှင့် ကျိုးမင်ရွီသည် အစောပိုင်းက သူ သတိမထားမိခဲ့သော အသေးစိတ် အချက်အလက်များကို ချက်ချင်း သတိပြုမိသွားသည်။ သာယာသော အသံပိုင်ရှင် မိန်းကလေးနှင့် တည်ငြိမ်ပြီး ကျန်တဲ့သူတွေထံမှ ခပ်ခွာခွာ နေတတ်သော ထိုအမျိုးသား နှစ်ဦးစလုံးမှာ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် မရှိသကဲ့သို့ ဖြစ်နေသည်။ ဖျော့တော့သော ကြက်သွေးရောင်များ စွန်းထင်နေပြီး၊ သူတို့မှာ မီးခိုးရောင် မြူခိုးများ၏ အလွန်ရှိ ကြက်သွေးရောင် "ကြယ်" နှစ်ပွင့်မှ ထုတ်လွှင့်လိုက်သော ပုံရိပ်ယောင်များနှင့် တူနေသည်။ ဤပုံရိပ်ယောင်မှာ ကြက်သွေးရောင်ကြယ်နှင့် သူ့အကြားရှိ အဆက်အသွယ်အပေါ်မှာဖြစ်တည်နေတာ ဖြစ်ပြီး၊ ၎င်းမှာ သူကိုယ်တိုင်သာ လက်တွေ့ကျကျ ထိန်းချုပ်ထားနိုင်သော မမြင်နိုင်သည့် ဆက်နွှယ်မှုတစ်ခု ဖြစ်သည်။ ထိုဆက်နွှယ်မှုကို ဖြတ်တောက်လိုက်သည်နှင့် ပုံရိပ်ယောင်များ ပျောက်ကွယ်သွားမည်ဖြစ်ပြီး၊ ထိုစုံတွဲသည်လည်း မူလနေရာသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။
ကျိုးမင်ရွီသည် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ရွှေရောင်ဆံပင်နှင့် မိန်းကလေးကို ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။
"သေချာတာပေါ့၊ အကယ်၍ မင်းတို့ဘက်က တရားဝင် တောင်းဆိုမယ်ဆိုရင် အခုချက်ချင်းပဲ ပြန်သွားလို့ ရပါတယ်။"
သူ၏အသံထဲတွင် မကောင်းသော အကြံဉာဏ် ရည်ရွယ်ချက် တစ်ခုမျှ မပါဝင်ကြောင်း သတိပြုမိလိုက်သောအခါ အော်ဒရီသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ ဤမျှ အံ့အားသင့်ဖွယ် ကောင်းသော အရာများကို ပြုလုပ်နိုင်သော လူကြီးမင်းတစ်ဦးသည် သူ၏ကတိစကားကို တိကျစွာ လိုက်နာမည်ဟု သူမ ယုံကြည်လိုက်သည်။ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားသဖြင့်၊ သူမသည် ထွက်ခွာခွင့် တောင်းရန် အလျင်မလိုတော့ဘဲ ထူးဆန်းစွာ တုံ့ဆိုင်းနေမိသည်။ သူမသည် သူမ၏စိမ်းရောင်စိုနေသော မျက်လုံးများကို ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်ရာ၊ သူမ၏မျက်လုံး တို့မှာ ပုံမှန်မဟုတ်သော တောက်ပမှုများဖြင့် လက်ခနဲ ဖြစ်သွားသည်။ သူမက စိုးရိမ်တကြီးနှင့် မျှော်လင့်တောင့်တနေဟန် အသံဖြင့် ပြောလိုက်သည်မှာ-
"ဒါက တကယ့်ကို အံ့သြစရာကောင်းတဲ့ အတွေ့အကြုံပဲ... ဟုတ်တယ်၊ ကျွန်မက ဒီလိုမျိုး အဖြစ်အပျက်တွေ ဖြစ်လာဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တာ။ ကျွန်မ ဆိုလိုတာက—ကျွန်မက လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ သဘာဝလွန် အံ့ဖွယ်တွေကို သဘောကျတာပါ။ မဟုတ်ဘူး၊ ကျွန်မ ပြောချင်တာက—ကျွန်မ ဆိုလိုတာက လူကြီးမင်းရှင့်၊ ကျွန်မ 'သာမန်လွန်သူ' (Beyonder) တစ်ယောက် ဖြစ်လာဖို့ ဘာလုပ်ရမလဲဟင်။"
စကားပြောနေစဉ် သူမသည် ပို၍ စိတ်လှုပ်ရှားလာသဖြင့် စကားလုံးများပင် ထစ်ငေါ့နေခဲ့သည်။ သူမ၏လူကြီးများ ပြောပြသော စိတ်လှုပ်ရှားဖွယ် ပုံပြင်များကို နားထောင်ရင်း စတင်ပေါက်ဖွားလာခဲ့သော အိပ်မက်တစ်ခုမှာ နောက်ဆုံးတွင် လက်တွေ့ဖြစ်လာရန် အခွင့်အရေးကို အခု ကိုယ့်ရဲ့အရှေ့တွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ သို့ဖြစ်ရာ စကားလုံး အနည်းငယ်မျှဖြင့်ပင် သူမ၏အစောပိုင်းက ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများကို သူမ လုံးဝ မေ့လျော့သွားခဲ့သည်။
"မေးခွန်းကောင်းပဲ! အဲဒီအဖြေကို ငါလည်း သိချင်နေတာ..."
ကျိုးမင်ရွီ စိတ်ထဲမှ ညည်းညူလိုက်သည်။ သူသည် သူ၏ခန့်မှန်းရခက်ဟန်ဖမ်းထားသော ပုံစံကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် ထိုမေးခွန်းအတွက် အဖြေတစ်ခုကို စဉ်းစားလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ မတ်တပ်ရပ်လျက် စကားပြောနေရခြင်းမှာ သူ၏အဆင့်အတန်းနှင့် မကိုက်ညီဟု သူ ခံစားလိုက်ရသည်။ သူသည် နန်းတော်တစ်ခုအတွင်း၌ ရှိနေသင့်ပြီး၊ ရှေးဟောင်း ပုံစံများ ရေးထွင်းထားသော လျှို့ဝှက်ဆန်းကြယ်သည့် ထိုင်ခုံမြင့်ကြီးပေါ်တွင် ထိုင်ကာ၊ စားပွဲရှည်ကြီး၏ ထိပ်ဆုံးမှနေ၍ သူ၏ဧည့်သည်များကို တိတ်တဆိတ် စောင့်ကြည့်နေသင့်သည် မဟုတ်ပါလား။
ထိုအတွေး ပေါ်လာသည်နှင့် တပြိုင်နက် မီးခိုးရောင် မြူခိုးများမှာ လှိုင်းထလာသဖြင့် အော်ဒရီနှင့် အယ်လ်ဂျာတို့မှာ လန့်သွားခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် သူတို့၏ပတ်ဝန်းကျင်၌ မြင့်မားလှသော ကျောက်တိုင်ကြီးများစွာကို မြင်တွေ့လိုက်ရသည်။ သူတို့၏အပေါ်ဘက်တွင်မူ သူတို့ကို လွှမ်းခြုံထားသော ဧရာမ အမိုးခုံးကြီး တစ်ခု ရှိနေသည်။ ဤအဆောက်အအုံ တစ်ခုလုံးမှာ ခမ်းနားထည်ဝါပြီး မြင့်မြတ်လှကာ၊ ဒဏ္ဍာရီလာ ဘီလူးကြီးများ၏ နန်းတော်တစ်ခုကဲ့သို့ပင် ဖြစ်သည်။
မီးခိုးရောင် မြူခိုးများ စုစည်းနေသော အမိုးခုံး၏ အောက်တည့်တည့်တွင် ကြေးဝါရောင် စားပွဲရှည်ကြီး တစ်လုံး ပေါ်လာပြီး၊ တစ်ဖက်တစ်ချက်စီတွင် ထိုင်ခုံမြင့်ကြီး ဆယ်လုံးစီကို အချိုးကျစွာ စီစဉ် ထားသည်။ ထိုင်ခုံတစ်ခုချင်းစီ၏ နောက်ကျောဘက်တွင် ကြက်သွေးရောင် အလင်းတန်းများ မှိန်ပျပျ တောက်ပနေပြီး၊ လက်တွေ့ဘဝနှင့် မတူညီသော ထူးဆန်းသည့် ကြယ်တာရာ ပုံစံများကိုဖြင့် ရေးဆွဲ ထားသည်။
အော်ဒရီ နှင့် အယ်လ်ဂျာတို့မှာ ထိပ်ဆုံးခုံ၏ ဘေးတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ မိန်းကလေးက ဘေးဘက်များကို ဝေ့ကြည့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်မှာ-
"ဘယ်လောက်တောင် အံ့သြ သင့်ဖွယ် ကောင်းလိုက်သလဲ..."
"သေချာတာပေါ့၊ တကယ်ကို အံ့သြ စရာကောင်းနေရမယ်လေ..."
ကျိုးမင်ရွီသည် သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းထားရင်း ကြေးဝါစားပွဲ၏ အနားသတ်ကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။
အယ်လ်ဂျာသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး၊ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ရုတ်တရက် နှုတ်ဖွင့်ကာ ကျိုးမင်ရွီ၏ ကိုယ်စား အော်ဒရီ၏ မေးခွန်းကို အဖြေပေးလိုက်သည်။
"မင်းက လိုအန် နိုင်ငံသားလား။"
"မင်းက 'သာမန်လွန်သူ' တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်၊ ထာဝရည နတ်ဘုရားမ၊ မုန်တိုင်းသခင် ဒါမှမဟုတ် ရေနွေးငွေ့နှင့် စက်ပစ္စည်း ဘုရားသခင် ဘုရားကျောင်းတွေထဲက တစ်ခုခုကို ဝင်လိုက်ပါ။"
"ကျွန်တော်တို့ထဲက အများစုဟာ တစ်သက်လုံးမှာ 'သာမန်လွန်သူ' တစ်ယောက်နဲ့တောင် တွေ့ဆုံရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဘုရားကျောင်းတွေ၊ အဲဒီ ဘုရားကျောင်းကြီးတွေထဲက ဘုန်းတော်ကြီးတချို့တောင်မှ ဒီလိုတွေ့ဆုံနိုင်တယ်ဆိုတဲ့ အချက်ကို သံသယဝင်နေကြတာပါ။ ဒါပေမယ့် ကျွန်တော် သေချာပြောနိုင်တာကတော့ 'သာမန်လွန်သူ' တွေဟာ တရားရုံးတွေ၊ ခုံရုံးတွေနဲ့ ပြစ်ဒဏ်စီရင်ရေး အေဂျင်စီတွေထဲမှာ ရှိနေဆဲပါပဲ။ သူတို့ဟာ အမှောင်ထုထဲမှာ ကြီးထွားလာတဲ့ အန္တရာယ်တွေကို တိုက်ထုတ်နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့၏ အရေအတွက်ကတော့ သံခေတ် အစောပိုင်း ကာလတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းသွားပါပြီ။"
ကျိုးမင်ရွီသည် ဂရုတစိုက် နားထောင်နေသော်လည်း၊ ကလေးငယ်များ ပုံပြင်နားထောင်နေသကဲ့သို့ အယ်လ်ဂျာ၏ စကားများကို သိပ်ပြီး စိတ်ဝင်စားမှု မရှိသယောင် အတတ်နိုင်ဆုံး ဟန်ဆောင် ထားလိုက်သည်။ ကလိုင်း၏ တစစီ ဖြစ်နေသော သမိုင်းဗဟုသုတများအရ "သံခေတ်" ဆိုသည်မှာ လွန်ခဲ့သော ၁၃၄၉ နှစ်က စတင်ခဲ့သည့် ပဉ္စမခေတ် ဟုခေါ်သော လက်ရှိခေတ်ကာလကို ရည်ညွှန်းကြောင်း ကျိုးမင်ရွီ ရှင်းလင်းစွာ နားလည်သိရှိလိုက်သည်။
အော်ဒရီသည် အယ်လ်ဂျာ၏ စကားဆုံးသည်အထိ တိတ်ဆိတ်စွာ နားထောင်ပြီးမှ သက်ပြင်းချလိုက်သည်။
"လူကြီးမင်းရှင့်၊ ရှင်အခု ပြောလိုက်တဲ့ အရာအားလုံးကို ကျွန်မ သိပြီးသားပါ။ ကျွန်မ အဲဒီထက်တောင် ပိုသိပါသေးတယ်။ နိုက်ဟော့ခ် (ညဥ့်စောင့်ငှက်များ) တွေ၊ မန်ဒေးတက်ဒ် ပန်နစ်ရှာ (အမိန့်ရ ပြစ်ဒဏ်ခတ်သူများ) တွေနဲ့ မက်ရှင်နရီ ဟိုင်းဗ်မိန်းဒ် (စက်မှုဘုံစိတ်အဖွဲ့) တွေအကြောင်းကိုလည်း ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မက ကျွန်မရဲ့ လွတ်လပ်ခွင့်ကို မဆုံးရှုံးချင်ဘူး။"
အယ်လ်ဂျာက ခပ်တိုးတိုး ရယ်လိုက်ပြီး ဝေဝါးစွာ ပြောလိုက်သည်မှာ-
"စတေးမှုမရှိဘဲ 'သာမန်လွန်သူ' တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ မင်းက ဘုရားကျောင်းတွေကို ဝင်ရောက်ဖို့နဲ့ သူတို့ဘက်က ပေးအပ်တဲ့ စိန်ခေါ်မှုတွေကို လက်ခံဖို့ မစဉ်းစားဘူးဆိုရင်၊ မင်းဟာ တော်ဝင်မိသားစုတွေနဲ့ နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိတဲ့ မျိုးရိုးကြီး မင်းမျိုးမင်းနွယ် အနည်းငယ်ကိုပဲ ရှာဖွေရပါလိမ့်မယ်။ အဲဒါမှ မဟုတ်ရင်တော့၊ မင်းရဲ့ ကံတရားအပေါ်ပဲ မူတည်ပြီး လျှို့ဝှက် မကောင်းဆိုးဝါး အဖွဲ့အစည်းတွေကို ရှာဖွေနိုင်ပါတယ်။"
အော်ဒရီသည် မသိစိတ်နဲ့လှုံဆော်ချက် အရ ပါးဖောင်းလိုက်ပြီး ထိတ်လန့်တကြား ဘေးဘက်များကို ဝေ့ကြည့်လိုက်သည်။ "လျှို့ဝှက်ဆန်းကြယ် အမျိုးသား" နှင့် အယ်လ်ဂျာတို့က သူမ၏အမူအရာကို သတိမပြုမိကြောင်း သေချာသွားတော့မှ သူမက ဆက်မေးလိုက်သည်။
"တခြား နည်းလမ်းတွေရော မရှိတော့ဘူးလား။"
အယ်လ်ဂျာသည် တိတ်ဆိတ်သွားသည်။ မိနစ်ဝက်ခန့် ကြာပြီးနောက်၊ သူသည် သူတို့နှစ်ဦးကို တိတ်တဆိတ် စောင့်ကြည့်နေသော "လျှို့ဝှက်ဆန်းကြယ် အမျိုးသား" ထံသို့ လှည့်ကြည့်လိုက်သည်။ ကျိုးမင်ရွီတွင် မည်သည့် မှတ်ချက်မျှ ပေးရန် အစီအစဉ်မရှိကြောင်း သိလိုက်ရသောအခါ၊ သူသည် အော်ဒရီဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သေသေချာချာ စဉ်းစားကာ ပြောလိုက်သည်မှာ-
"ကျွန်တော့်မှာ စီကွန့် ၉ (Sequence 9) ဆေးရည် ဖော်မြူလာ နှစ်မျိုး ရှိတယ်။"
"စီကွန့် ၉ ဟုတ်လား?"
"တကယ်လား။ ဘယ်နှစ်မျိုးလဲ။"
အော်ဒရီသည် စီကွန့် ၉ ဆေးရည် ဖော်မြူလာ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သိနေပါတယ်။
အယ်လ်ဂျာသည် နောက်သို့ အနည်းငယ် မှီလိုက်ပြီး စိတ်မပါတပါဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"မင်းသိတဲ့အတိုင်းပဲ၊ လူသားတွေဟာ စစ်မှန်တဲ့ 'သာမန်လွန်သူ' တွေ ဖြစ်လာဖို့ ဆေးရည်တွေ အပေါ်မှာပဲ မူတည်ရတာပဲလေ။ ယင်းအမည်နာမများမှာ 'Blasphemy Slate' (ဒေဝဒဏ်သင့် ကျောက်စာချပ်) မှ ဆင်းသက်လာခြင်း ဖြစ်ချေသည်။ ဂျိုတွန်ခေါ် ဘီလူးဘာသာစကား၊ အဲလ်ဗ်ခေါ် နတ်သူငယ်ဘာသာစကား၊... ရှေးဟောင်းနဲ့ ခေတ်သစ် ဟာမီးစ် ဘာသာစကား၊ အဲ့တာတွေအပြင်ကိုမှ ရှေးဟောင်း ဖေးဆက် ဘာသာစကားတွေဆီက အဆက်မပြတ် ဘာသာပြန်ဆိုတာတွေ ပြုလုပ်ပြီးမှ၊ သူတို့ဟာ အဲ့ဒီခေတ်ကာလတွေနဲ့ ကိုက်ညီအောင် ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရတယ်။ အဓိက အနှစ်သာရ က သူတို့ရဲ့ နာမည်တွေမှာ ရှိတာ မဟုတ်ဘဲ၊ ဆေးရည်တွေရဲ့ 'အဓိက လက္ခဏာရပ်' တွေကို ဖော်ပြနိုင်ခြင်း ရှိမရှိ ဆိုတာမှာပဲ ရှိတယ်။"
"ကျွန်တော့်မှာ ရွက်လွှင့်သူ လို့ အမည်ရတဲ့ စီကွန့် ၉ ဆေးရည် တစ်မျိုး ရှိတယ်။ အဲဒါက မင်းကို ထူးကဲသာလွန်တဲ့ ဟန်ချက်ထိန်းနိုင်စွမ်းတွေ ပေးစွမ်းနိုင်လိမ့်မယ်။ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်က သင်္ဘောပေါ်မှာတောင်မှ၊ မင်းဟာ ကုန်းပေါ်မှာ လမ်းလျှောက်နေသလိုမျိုး လွတ်လပ်စွာ သွားလာနိုင်လိမ့်မယ်။ မင်းဟာ ကြီးမားတဲ့ ခွန်အားတွေကို ရရှိမှာဖြစ်ပြီး မင်းရဲ့ အရေပြားအောက်မှာလည်း ပုံရိပ်ယောင် အကြေးခွံတွေ ရှိလာလိမ့်မယ်။ အဲဒါတွေက မင်းကို ငါးတစ်ကောင်လို ကူးခတ်နိုင်စေမှာဖြစ်ပြီး ဖမ်းရခက်စေလိမ့်မယ်။ မင်းဟာ ရေအောက်မှာ ရေနေသတ္တဝါတွေလိုပဲ သွက်လက်စွာ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဘာပစ္စည်းမှ မပါဘဲနဲ့တောင်၊ မင်းဟာ ရေအောက်မှာ အနည်းဆုံး ဆယ်မိနစ်လောက် အေးအေးဆေးဆေး ငုပ်လျှိုးနေနိုင်မှာပါ။"
"အရမ်းကောင်းတာပဲ... မုန်တိုင်းသခင် ဘုရားကျောင်းက 'ပင်လယ်စောင့်ရှောက်သူ' (Keepers of the Seas) တွေလား။"
"အရင်တုန်းကတော့ အဲဒီနာမည်နဲ့ ခေါ်ခဲ့ကြတာပေါ့။"
အယ်လ်ဂျာသည် မရပ်ဘဲ ဆက်ပြောလိုက်သည်။
"ဒုတိယ စီကွန့် ၉ ဆေးရည် တစ်မျိုးကတော့ ကြည့်ရှုသူ လို့ ခေါ်တယ်။ အရင်တုန်းက ဘယ်လိုခေါ်လဲဆိုတာတော့ ကျွန်တော် သေချာမသိဘူး။ ဒီဆေးရည်ဟာ မင်းကို ထူးကဲစွာ ထက်မြက်တဲ့ စိတ်နဲ့ စူးရှတဲ့ အကဲခတ်နိုင်စွမ်းတွေကို ပေးစွမ်းနိုင်လိမ့်မယ်။ အော်ပရာတွေနဲ့ ပြဇာတ်တွေကို ကြည့်တဲ့အခါ 'ကြည့်ရှုသူ' ဆိုတဲ့ အဓိပ္ပာယ်ကို မင်း နားလည်မယ်လို့ ကျွန်တော် ထင်တယ်။ ပရိသတ်တွေလိုပဲ၊ 'ကြည့်ရှုသူ' တွေဟာ ဒီလောကကြီးထဲက 'သရုပ်ဆောင်' တွေကို အကဲဖြတ်ကြပြီး၊ သူတို့ရဲ့ စိတ်ခံစားမှုတွေ၊ အမူအကျင့်တွေနဲ့ စကားလုံးတွေကတစ်ဆင့် သူတို့ရဲ့ တကယ့် စိတ်ရင်းမှန် အတွေးတွေကို ရိပ်မိနိုင်ကြတယ်မလား။"
ဤနေရာတွင် အယ်လ်ဂျာက လေးလေးနက်နက် ပြောလိုက်သည်မှာ-
"မင်း မှတ်ထားရမှာက၊ မင်းဟာ ခမ်းနားတဲ့ ပွဲလမ်းသဘင်မှာပဲ ဖြစ်ဖြစ်၊ လူစည်ကားတဲ့ လမ်းမပေါ်မှာပဲ ဖြစ်ဖြစ်၊ ကြည့်ရှုသူတွေဟာ ထာဝရ 'ကြည့်ရှုသူ' တွေသာ ဖြစ်ရပါလိမ့်မယ်။"
အော်ဒရီ၏ မျက်လုံးများသည် နားထောင်နေရင်း တောက်ပလာခဲ့ပြီး၊ အတော်ကြာမှ စကားစလိုက်သည်။
"ဘာလို့လဲဟင်။ ထားပါတော့၊ အဲဒါက နောက်မှမေးမယ့် မေးခွန်းပါ။ ကျွန်မ... ကျွန်မ ဒီ 'ကြည့်ရှုသူ' တစ်ယောက် ဖြစ်ရမယ့် ခံစားချက်ကို သဘောကျသွားပြီလို့ ထင်တယ်။ ကျွန်မ ဒီဆေးရည် ဖော်မြူလာကို ဘယ်လို ရနိုင်မလဲ။ အဲဒါအတွက် ရှင့်ကို ဘာနဲ့ လဲလှယ်ပေးရမလဲ။"
အယ်လ်ဂျာသည် ကြိုတင်ပြင်ဆင်ထားပြီးသားပုံစံဖြင့် အသံဩဩဖြင့် ပြောလိုက်သည်။
"တစ္ဆေငါးမန်း ရဲ့ သွေး၊ အနည်းဆုံး မီလီလီတာ ၁၀၀ ပေါ့။"
အော်ဒရီသည် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သော်လည်း နောက်ပိုင်းတွင် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"အကယ်၍ ကျွန်မ အဲဒါကို ရခဲ့မယ်ဆိုရင်—ကျွန်မ ဆိုလိုတာက 'အကယ်၍' ပေါ့နော်—အဲဒါကို ရှင့်ဆီ ဘယ်လို ပေးရမလဲ။ ပြီးတော့ ကျွန်မက တစ္ဆေငါးမန်းသွေး ပေးလိုက်ရင် ရှင်က ဆေးရည်ဖော်မြူလာ ပြန်ပေးမယ်ဆိုတာရယ်၊ အဲဒီဖော်မြူလာက တကယ့်အစစ်အမှန် ဖြစ်တယ်ဆိုတာရယ်ကို ကျွန်မကို ဘယ်လို ကတိပေးနိုင်မလဲ။"
အယ်လ်ဂျာက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော် မင်းကို လိပ်စာတစ်ခု ပေးမယ်။ ကျွန်တော် တစ္ဆေငါးမန်းသွေး ရပြီဆိုတာနဲ့၊ ဖော်မြူလာကို မင်းဆီ စာနဲ့ ပို့ပေးမယ်၊ ဒါမှမဟုတ် ဒီနေရာမှာပဲ တိုက်ရိုက် ပြောပြပေးမယ်။"
"ကတိကဝတ်တွေနဲ့ ပတ်သက်လို့တော့၊ ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူကြီးမင်းရဲ့ ရှေ့မှောက်မှာဆိုရင် ကျွန်တော်တို့နှစ်ယောက်လုံး စိတ်ချနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။"
ဤသို့ ပြောလိုက်စဉ် သူသည် ထိပ်ဆုံးခုံတွင် မတ်မတ်ထိုင်နေသော ကျိုးမင်ရွီထံသို့ အကြည့်ကို ပို့လိုက်သည်။
"လူကြီးမင်း၊ လူကြီးမင်း ကျွန်တော်တို့ကို ဒီကို ခေါ်ဆောင်လာနိုင်တာကပဲ ကျွန်တော်တို့ စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့ ကြီးမားတဲ့ စွမ်းအားတွေ ရှိတယ်ဆိုတာကို ပြသနေတာပါ။ ကျွန်တော်တို့ထဲက ဘယ်သူမှ လူကြီးမင်းကို သက်သေအဖြစ် ထားပြီး ကတိဖောက်ဖျက်ဖို့ ဝံ့ရဲမှာ မဟုတ်ပါဘူး။"
"မှန်ပါတယ်!"
အော်ဒရီ၏ မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ထောက်ခံလိုက်သည်။ သူမ၏အမြင်တွင်၊ စိတ်ကူးမရနိုင်သော စွမ်းရည်များရှိသည့် ဤလျှို့ဝှက်ဆန်းကြယ်သော လူကြီးမင်းမှာ အမှန်တကယ်ပင် "ဩဇာရှိသော" သက်သေတစ်ဦး ဖြစ်ပေသည်။ ကျွန်မ သို့မဟုတ် ကျွန်မရဲ့ မျက်နှာချင်းဆိုင်က လူက သူ့ကို ဘယ်လိုလုပ် လိမ်ဝံ့မှာလဲ!
အော်ဒရီသည် ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး ကျိုးမင်ရွီကို အလေးအနက် ကြည့်လိုက်သည်။
"လူကြီးမင်းရှင့်၊ ကျွန်မတို့ရဲ့ အရောင်းအဝယ်အတွက် သက်သေအဖြစ် ဆောင်ရွက်ပေးပါဦး။"
ထိုအခိုက်အတန့်တွင် သူမသည် ယခုအချိန်အထိ မေးမြန်းရန် မေ့လျော့နေခဲ့သော မေးခွန်းတစ်ခုကို သတိရသွားပြီး အလွန်ပင် ယဉ်ကျေးမှု မရှိရာ ရောက်နေခဲ့ကြောင်း သတိပြုမိလိုက်သည်။ သူမက အလျင်အမြန် မေးမြန်းလိုက်သည်မှာ-
"လူကြီးမင်းရှင့်၊ ကျွန်မတို့ လူကြီးမင်းကို ဘယ်လို ခေါ်ရမလဲဟင်။"
အယ်လ်ဂျာသည်လည်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး၊ လေးနက်သော အမူအရာဖြင့် အလားတူ မေးခွန်းကိုပင် မေးမြန်းလိုက်သည်။
"လူကြီးမင်း၊ ကျွန်တော်တို့ လူကြီးမင်းကို ဘယ်လို ခေါ်ရမလဲ။"
ကျိုးမင်ရွီသည် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ကြေးဝါစားပွဲပေါ်သို့ သူ၏လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်လိုက်သည်။ အစောပိုင်းက သူ ပြုလုပ်ခဲ့သော ဗေဒင်ဟောကိန်း အကြောင်းအရာများမှာ သူ၏စိတ်ထဲတွင် ရုတ်တရက် လက်ခနဲ ပေါ်လာခဲ့သည်။
သူသည် နောက်သို့ မှီလိုက်ပြီး၊ သူ၏ညာဘက်လက်ကို ရုပ်သိမ်းကာ၊ လက်ချောင်းဆယ်ချောင်းကို ယှက်လျက် မေးစေ့အောက်တွင် ထားလိုက်သည်။ သူသည် ထိုသူနှစ်ဦးအား ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"မင်းတို့ ငါ့ကို ခေါ်လို့ ရတာကတော့..."
ဤသို့ ပြောလိုက်စဉ် သူသည် ခဏမျှ ရပ်တန့်သွားသည်။ ထို့နောက် သူက ဖော်ရွေတည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်မှာ-
"The Fool (အရူး) ပါပဲ။"