အခန်း (၃၃) - ခလုတ်
အဘိုးအို နီးလ် စကားပြောပြီးတာနဲ့ တစ်ပြိုင်နက်၊ သူ့အနောက်က အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ ပုံရိပ်ယောင် မျက်လုံးတစ်စုံဟာ ပျောက်ကွယ်သွားတယ်။ ဝိညာဉ်အမြင် အခြေအနေမှာတောင်မှ၊ ကလိုင်းက အဲ့ဒီအရာရဲ့ တည်ရှိမှုရဲ့ ခြေရာတွေကို ဆက်လက် ခွဲခြားမသိနိုင်တော့ပါဘူး။
"ဒါက ယတြာမှော်ပညာရဲ့ လက္ခဏာတစ်ခုပဲ" လို့ အဘိုးအို နီးလ် က ရယ်မောရင်း ရှင်းပြတယ်။
စိတ်ဝင်စားစရာပဲ... ဝိညာဉ်အမြင် ဆိုတာ ယင်-ယန် မျက်လုံး ရဲ့ အဆင့်မြင့် ပုံစံလား။
ကလိုင်းဟာ အရုပ်သစ် တစ်ခု ရထားတဲ့ ကလေးတစ်ယောက်လို ခံစားလိုက်ရတယ်။
စိတ်လှုပ်ရှားစွာနဲ့ သူက အကြည့်ကို လွှဲလိုက်ပြီး အခန်းရဲ့ ထောင့်တိုင်းကို စတင် လေ့လာကြည့်ရှုလိုက်တယ်။ ဝိညာဉ်အမြင် ပါတာနဲ့ မပါတာ အပေါ် အဂ္ဂိရတ်ခန်းရဲ့ ကွာခြားချက်တွေကို သူ မြင်ချင်ခဲ့တယ်။
အမှောင်ထဲမှာ ရှိနေတဲ့ စားပွဲတွေ၊ ဖန်ပြွန်တွေ၊ ချိန်ခွင်တွေ၊ ခွက်တွေနဲ့ ဘီရိုတွေရဲ့ ပုံသဏ္ဍာန်တွေက ဝိညာဉ်အမြင်မပါဘဲ ကြည့်ရတာနဲ့ ဘာမှကွာခြားမှု မရှိပါဘူး။ အဲဒါတွေက ဘယ်လို အလင်းရောင် ဒါမှမဟုတ် အရောင်တွေမှ မထုတ်လွှတ်ပါဘူး။
သက်ရှိမပါတဲ့ အရာဝတ္ထုတွေမှာ ဝိညာဉ်ရေးရာ မရှိဘူးလား။
ကလိုင်းက ငွေရောင် သေတ္တာဆီကို အကြည့်ရွှေ့ရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်တယ်။
ရုတ်တရက်၊ သူက တောက်ပတဲ့ အရောင်တွေကို မြင်လိုက်ရတယ်။ အရောင်တွေက ကောင်းကင်လို ပြာလဲ့နေပြီး၊ ကြယ်တွေလို တောက်ပနေတယ်၊ ဒါမှမဟုတ် လောင်ကျွမ်းနေတဲ့ မီးတောက်တွေလိုလဲ ကြက်သွေးရောင် နီရဲနေတယ်!
"သာမန်လွန် သတ္တဝါတွေဆီက ပါဝင်ပစ္စည်းတွေက အသက်ဝင်နေသေးတာလား၊ ပြီးတော့ အင်း... တောက်ပ နေတုန်းပဲလား။ မူလအရင်းအမြစ်က သေဆုံးသွားပြီ ဆိုရင်တောင်မှလေ။" ကလိုင်းက အဘိုးအို နီးလ် ရဲ့ အကူအညီကို တောင်းခံရင်း သူ့စကားလုံးတွေကို သေသေချာချာ စဉ်းစားပြီး ပြောလိုက်တယ်။
"တိတိကျကျ ဖော်ပြရရင် အဲဒါတွေမှာ ကျန်ရစ်နေတဲ့ ဝိညာဉ်ရေးရာတွေ ရှိနေတာပဲ။ အဲဒါက အောင်မြင်တဲ့ ဆေးရည် ဖော်စပ်မှုတစ်ခုရဲ့ အရေးကြီးတဲ့ အချက်တွေထဲက တစ်ခုပဲ။ အဲဒါက သာမန်လွန်သူ တစ်ယောက် ထိန်းချုပ်မှု ကင်းမဲ့သွားရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်တယ်။ ဒန်း က မင်းကို ပြောပြပြီးလောက်ပါပြီ" လို့ အဘိုးအို နီးလ် က ပွင့်ပွင့်လင်းလင်း ရှင်းပြတယ်။
တစ်ခုခုကို သတိရသွားပြီး သူ ရုတ်တရက် ရယ်မောလိုက်တယ်။ "အလောင်း ကောက်ခံသူ ရဲ့ ဖော်မြူလာမှာ ခြောက်သွေ့နေတဲ့ အမည်းစက်ပါတဲ့ ဖားပြုတ်ကြီး တစ်ကောင် လိုအပ်တယ်လို့ ငါ မှတ်မိတယ်။ အဲဒီ ဆေးရည်ကို သောက်ဖို့ဆိုတာ သတ္တိ တော်တော်လေး ကောင်းဖို့ လိုတယ်။"
ကလိုင်းက အနည်းငယ် စိတ်ကူးယဉ်ကြည့်လိုက်တော့ အဲဒါက ရွံစရာကောင်းတယ်လို့ သိလိုက်ရတယ်။
သူက အဘိုးအို နီးလ် ရဲ့ စကားကို ထောက်ခံမနေတော့ဘဲ မှောင်နေတဲ့ နေရာတစ်ခုကို အကြည့်ရွှေ့လိုက်တယ်။ ဒါပေမဲ့၊ သူ တွေ့ဖို့ မျှော်လင့်ထားတဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ ဒါမှမဟုတ် သရဲတွေ အဲဒီမှာ မရှိပါဘူး။
"ဝိညာဉ်တွေရဲ့ ကမ္ဘာက နေရာတိုင်းမှာ ရှိတယ်လို့ ပြောကြတယ် မဟုတ်ဘူးလား။" သူက သိချင်စိတ်နဲ့ မေးလိုက်တယ်။
အဘိုးအို နီးလ် က တိုတိုတုတ်တုတ် ရယ်မောလိုက်ပြီးနောက် ပြောလိုက်တယ်။ "ကောင်စုတ်လေး၊ ငါ့နောက်က လိုက်ပြောစမ်း။
"ဒါက ညဥ့်စောင့်ငှက် အဖွဲ့ရဲ့ ဌာနချုပ်ပဲ။ ဒါက ထာဝရည နတ်ဘုရားမ ဘုရားကျောင်း ရဲ့ အောက်က မြေပြင်ပဲ။ ဒီမှာ သာမန်လွန်သူတွေ အများကြီး ရှိတယ်!
"ဝိညာဉ်တွေနဲ့ နာမ်လိပ်ပြာတွေကို ဒီမှာ လှည့်လည်သွားလာခွင့် ပေးထားမယ်လို့ မင်း ထင်နေလား။ ဒါ့အပြင်၊ ဝိညာဉ်ကမ္ဘာ နဲ့ ဝိညာဉ် ဆိုတာ မတူညီတဲ့ သဘောတရား နှစ်ခုပဲ။"
ကလိုင်းက အနည်းငယ် အနေရခက်သွားပြီး အဝင်ပေါက်က ဓာတ်ငွေ့မီးအိမ်တွေဆီက မှေးမှိန်တဲ့ အလင်းရောင်ကို ကြည့်ဟန်ဆောင်ကာ ခေါင်းကို လှည့်လိုက်တယ်။
"ကျွန်တော် နားလည်ပါပြီ။"
စကားပြောနေစဉ်မှာပဲ၊ သူ့မျက်ခုံးနှစ်ခုကြားက နေရာက စတင် တဆတ်ဆတ် တုန်လာတယ်။
ဘာတွေဖြစ်နေတာလဲ။
ကလိုင်းက မေးဖို့ လှည့်ကြည့်လိုက်ချိန်မှာပဲ၊ အလင်းရောင်ရဲ့ အစွန်အဖျား တံခါးနားမှာ တိတ်တဆိတ် ရပ်နေတဲ့ လူရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရတယ်။ အဲဒါက လူနဲ့တူပေမဲ့၊ ၎င်းရဲ့ အရှိန်အဝါ အရောင်တွေနဲ့ အမှောင်ထုက ပြီးပြည့်စုံစွာ ရောယှက်နေတဲ့အတွက် ခွဲခြားသိမြင်ဖို့ မဖြစ်နိုင်ပါဘူး။
ရှီး!
ကလိုင်းက သူ့ရဲ့ မျက်ခုံးနှစ်ခုကြား 1 မှာ နာကျင်တဲ့ တဆတ်ဆတ် တုန်ခါမှုကို ခံစားလိုက်ရတယ်။
သူ့အာရုံကို ပြန်လည် စူးစိုက်လိုက်တဲ့အခါ သူ့အမြင်အာရုံက ရှုပ်ထွေးသွားပေမဲ့၊ "ပုံသဏ္ဍာန်မဲ့" လူရိပ် မရှိတော့ဘူး!
(* 1 မျက်ခုံးနှစ်ခုကြား - မျက်ခုံးနှစ်ခုကြားရှိ ပြန့်ပြူးသော နေရာ)
ထူးဆန်းတယ်... သူက လှည့်ပြီး မေးလိုက်တယ်။ "မစ္စတာ နီးလ်၊ ကျွန်တော့် မျက်ခုံးနှစ်ခုကြားက နေရာက တဆတ်ဆတ် တုန်ပြီး နည်းနည်း နာနေတယ်။"
"ဟားဟား၊ ဒါက အရမ်း အဖြစ်များပါတယ်။ မင်းက သာမန်လွန်သူ အသစ်လေးလေ။ ဝိညာဉ်အမြင် က မင်းရဲ့ ဝိညာဉ် ခန္ဓာကိုယ် အပေါ်မှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်စေတယ်။ ဒါ့အပြင်၊ အဲဒါက မင်းကို အဆက်မပြတ် အင်အားကုန်ခမ်းစေတယ်။
ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေက မျက်ခုံးနှစ်ခုကြား တဆတ်ဆတ် တုန်တာ၊ ခေါင်းကိုက်တာ၊ အာရုံခံစားလွယ်လွန်းတာနဲ့ ပုံရိပ်ယောင်မြင်တဲ့ လက္ခဏာ အသေးစားလေးတွေ ဖြစ်နိုင်တယ်။
ပြီးတော့ ဝိညာဉ်အမြင် နဲ့ အရာတွေကို ကြည့်နေစဉ်မှာ၊ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ပတ်ဝန်းကျင်ကြောင့် မသက်မသာ ဖြစ်ဖို့ အရမ်း လွယ်ကူတယ်။ တခြားသူတွေကြောင့် မင်းရဲ့ ခံစားချက်တွေ ထိခိုက်ဖို့လည်း အရမ်း လွယ်ကူတယ်။
ဒါတွေက မင်း ဂရုစိုက်ရမယ့် အရာတွေပဲ။ ထပ်ခါတလဲလဲ လေ့ကျင့်ခြင်းအားဖြင့် အဲဒါတွေကို အသားကျလာပြီး ဖယ်ရှားပစ်နိုင်ပါတယ်။
ထို့အပြင်၊ အဲဒါကို ချွေချွေတာတာ သုံးပြီး အချိန်မီ ရပ်တန့်ပါ" လို့ အဘိုးအို နီးလ် က ပြုံးလျက် ဖြေတယ်။
ဒီကိစ္စအတွက် ခင်ဗျား ဝမ်းသာနေသလို ဘာလို့ ခံစားရတာလဲ...
ကလိုင်းက အလျင်စလို အကြံဉာဏ် တောင်းလိုက်တယ်။
"ဒါဆိုရင်၊ ဝိညာဉ်အမြင် အခြေအနေကနေ ကျွန်တော် ဘယ်လို ထွက်ရမလဲ။"
သူပဲ မြင်လိုက်ရတဲ့ ပုံရိပ်ယောက် လူရိပ်အကြောင်း ပြောဖို့ သူ စီစဉ်ထားခဲ့ပေမဲ့၊ ရောဂါလက္ခဏာတွေထဲမှာ ပုံရိပ်ယောင်မြင်တဲ့ လက္ခဏာ အသေးစားလေးတွေ ပါဝင်တယ်လို့ ကြားလိုက်ရတဲ့အခါ အဲဒီအတွေးကို သူ ဖယ်ရှားလိုက်တယ်။
မျက်ခုံးနှစ်ခုကြား တဆတ်ဆတ် တုန်တာနဲ့ ခေါင်းကိုက်တာတွေကနေ၊ အဘိုးအို နီးလ် ရဲ့ အဖြေကို သူ လုံးဝ ခန့်မှန်းနိုင်ပါတယ်။
"အရင်ကလိုပဲ၊ မင်းရဲ့ အာရုံကို လွှဲဖို့ အရာဝတ္ထု တစ်ခုကို စဉ်းစားလိုက်။ အဲဒါက မင်းကို အာရုံခံစားမှု ထဲကနေ ထွက်သွားစေလိမ့်မယ်။ မျက်လုံးကို မှိတ်ပြီး မင်းရဲ့ ဝိညာဉ်ရေးရာကို ထိန်းချုပ်ကာ ရပ်တန့်ဖို့ ထပ်ခါတလဲလဲ ပြောပါ။ မင်း မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အခါ၊ မင်းရဲ့ ဝိညာဉ်အမြင် ရပ်တန့်သွားပြီဆိုတာကို မင်း တွေ့ရှိလိမ့်မယ်။"
အဘိုးအို နီးလ် က အေးအေးဆေးဆေး ရှင်းပြပြီး ပြီးသွားတဲ့အခါ ဆက်ပြောတယ်။
"သေချာတာပေါ့၊ ဒါက အသေးအဖွဲဆုံးနဲ့ အကြမ်းတမ်းဆုံး နည်းလမ်းပဲ။ ငါတို့ရဲ့ ဝိညာဉ်ရေးရာကို လွှမ်းမိုးဖို့ လေ့ကျင့်မှုကနေတစ်ဆင့် အာရုံခံစားမှု ထဲမှာ ငါတို့ကိုယ်ငါတို့ ထပ်ခါတလဲလဲ အရိပ်အမြွက် ပေးလို့ရတယ်။
အဲဒီနည်းနဲ့၊ မင်းမှာ ရိုးရှင်းတဲ့ ခလုတ် တစ်ခု ရှိလာလိမ့်မယ်။ ဥပမာ၊ မင်းရဲ့ မျက်ခုံးနှစ်ခုကြားကို ခပ်ဖွဖွ နှစ်ချက် ခေါက်လိုက်တာက မင်းကို ဝိညာဉ်အမြင် ကို အလွယ်တကူ ဖွင့်နိုင်စေလိမ့်မယ်။ နောက်ထပ် နှစ်ချက် ခေါက်လိုက်တာက အဲဒါကို ရိုးရိုးရှင်းရှင်း ရပ်တန့်သွားစေလိမ့်မယ်။ အဲဒါကို ဘယ်လို သတ်မှတ်မလဲဆိုတာကတော့ မင်းရဲ့ အကျင့်တွေနဲ့ နှစ်သက်မှုတွေ အပေါ်မှာ မူတည်တယ်။"
"နားလည်ပါပြီ။"
ကလိုင်းက ခဏလောက် စဉ်းစားပြီး ဝိညာဉ်အမြင် အတွက် ခလုတ်အဖြစ် မျက်ခုံးနှစ်ခုကြားကို နှစ်ချက် ခေါက်တာကို သုံးဖို့ အဘိုးအို နီးလ် ကို အတုခိုးဖို့ စီစဉ်လိုက်တယ်။
တစ်ချက် ခေါက်တာက သူ့ခေါင်းကို မသိစိတ်အရ ခေါက်မိတာနဲ့ အလွယ်တကူ မှားနိုင်ပြီး၊ သုံးချက် ခေါက်တာက အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးရာ ရောက်နိုင်တယ်။ လက်ဖြောက်တီးတာ လိုမျိုး လှုပ်ရှားမှုတွေကတော့ အာရုံစိုက်ခံရလွန်းတယ်။
သူက အာရုံစူးစိုက်မှုကို ဖြေလျှော့လိုက်ပြီး ထပ်နေတဲ့ အလင်းစက်လုံးတွေကို ပုံဖော်ကာ အာရုံခံစားမှု အခြေအနေထဲကို ပြန်ဝင်သွားတယ်။ အဘိုးအို နီးလ် ရဲ့ လမ်းညွှန်မှုအောက်မှာ၊ ထပ်ခါတလဲလဲ အရိပ်အမြွက် ပေးမှုတွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ပြီးနောက်၊ နောက်ဆုံးတော့ သူက သူ့ရဲ့ "ခလုတ်" ကို "သတ်မှတ်" နိုင်ခဲ့တယ်။
သူက လက်သီးကို အနည်းငယ် ဆုပ်လိုက်ပြီး သူ့လက်ညိုးဆစ်ကို သုံးကာ မျက်ခုံးနှစ်ခုကြားကို နှစ်ချက် ခေါက်လိုက်တယ်။
ချက်ချင်းပဲ၊ မတူညီတဲ့ အထူနဲ့ အရောင်တွေရှိတဲ့ တောက်ပတဲ့ အရှိန်အဝါတွေက သူ့မျက်လုံးရှေ့မှာ ပေါ်လာတယ်။
နောက်ထပ် နှစ်ချက် ခေါက်လိုက်ပြီးနောက်၊ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။
"နောက်ဆုံးတော့ ငါ ထိန်းချုပ်နိုင်သွားပြီ..." သူက ဝမ်းသာအားရ သက်ပြင်းချလိုက်တယ်။
အဲဒီတော့မှ သူ ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေပြီလဲဆိုတာကို သူ သဘောပေါက်သွားပြီး၊ အချိန်မရွေး အိပ်ပျော်သွားနိုင်တယ်လို့ ခံစားလိုက်ရတယ်။ သုံးညလောက် မအိပ်ဘဲ နေထားသလိုမျိုး သူ့ခေါင်းက နာကျင်နေတယ်။
အဘိုးအို နီးလ် က ရယ်မောရင်း ပြောလိုက်တယ်။
"ငါတို့က အိပ်မပျော်သူ မှ မဟုတ်တာ။ လေ့ကျင့်မှု တိုင်းနဲ့ ဝိညာဉ်အမြင် ကို အလွန်အကျွံ သုံးတဲ့ အချိန်တိုင်းမှာ၊ မင်း အိပ်စက်ဖို့ လိုအပ်လိမ့်မယ်။ မင်း အခု ပြန်ပြီး ကောင်းကောင်း အနားယူလို့ ရပြီ။ နေ့လယ်ကျရင်၊ ဝဲ့လ်ချ် ရဲ့ အိမ်ရှိတဲ့ အိုင်းရွန်းခရော့စ် လမ်း ကို သွားပြီး လမ်းလျှောက်ပါ။ အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်စုစာအုပ်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို အမြန်ဆုံး ရှာဖွေနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ မနက်ဖြန်၊ လျှို့ဝှက်ဆန်းကြယ်မှုတွေအကြောင်း မင်းကို ငါ ဆက်သင်ပေးမယ်။ သေချာတာပေါ့၊ သမိုင်းမှတ်တမ်းတွေကို ဖတ်ဖို့ မမေ့နဲ့နော်။"
"ကောင်းပါပြီ။" ကလိုင်းဟာ အဘိုးအို နီးလ် ရဲ့ အစီအစဉ်တွေကို အပြည့်အဝ သဘောတူပါတယ်။
သူက သူ့တုတ်ကောက်ကို ကောက်ကိုင်ပြီး အဂ္ဂိရတ်ခန်းထဲကနေ ထွက်လာခဲ့တယ်။ အဘိုးအို နီးလ် က လက်နက်တိုက်ဆီ ပြန်သွားချိန်မှာ တံခါးပိတ်သွားတာကို သူ ကြည့်နေလိုက်တယ်။
ကလိုင်းက မျက်ခုံးနှစ်ခုကြားနဲ့ နားထင်တွေကို နှိပ်နယ်ပြီး တုတ်ကောက်ရဲ့ အကူအညီနဲ့ လှေကားခွင်ပေါ်ကို ဖြည်းဖြည်းချင်း တက်လာခဲ့တယ်။
အဲဒီအချိန်မှာ၊ ဒန်း စမစ် က သူ့အနောက်ကနေ ထွက်လာပြီး သူ့နှုတ်ခမ်းထောင့်တွေ ကွေးနေတယ်။ နက်ရှိုင်းတဲ့ အကြည့်နဲ့ သူက ပြောလိုက်တယ်။
"မင်းက အရမ်း သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်ဆိုတာ အဘိုးအို နီးလ် ဆီကနေ ငါ ကြားလိုက်တယ်။ အာရုံခံစားမှု မပါဘဲနဲ့တောင်၊ မင်းက ဝိညာဉ်အမြင်ကို သုံးနိုင်ခဲ့တယ်။"
"ဖြစ်နိုင်တာကတော့၊ အဲဒါက ဗေဒင်ဆရာ တစ်ယောက်ဖြစ်ခြင်းရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခု ဖြစ်ပါလိမ့်မယ်" လို့ ကလိုင်းက နှိမ့်ချစွာ ပြန်ဖြေလိုက်တယ်။ ဒန်း က အဘိုးအို နီးလ် အတွက် လက်နက်တိုက်ကို စောင့်ကြည့်ပေးနေတာ ဖြစ်မယ်လို့ သူ ခန့်မှန်းလိုက်တယ်။
ဒန်း က ခြေလှမ်း နှေးသွားပြီး ကလိုင်းရဲ့ ရှေ့ကို နည်းနည်း ထွက်သွားတယ်။ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက်၊ သူ လှည့်လာပြီး ပြောလိုက်တယ်။
"သိချင်စိတ်က ကြောင်ကို သတ်တယ် ဆိုတာကို မင်း မှတ်ထားရမယ်။ အဲဒါက သာမန်လွန်သူတွေကိုလည်း သတ်နိုင်တယ်။ မင်း နားမထောင်သင့်တဲ့ ရေရွတ်သံတွေကို စူးစမ်းဖို့ ကြိုးစားတာ ဒါမှမဟုတ် မင်း မမြင်သင့်တဲ့ တည်ရှိမှုတွေကို ကြည့်ဖို့ မကြိုးစားနဲ့။"
"ကောင်းပါပြီ။" ဒါက သာမန်လွန်သူတွေ ထိန်းချုပ်မှု ကင်းမဲ့သွားပုံနဲ့ ပတ်သက်တဲ့ နောက်ထပ် သတိပေးချက် တစ်ခုမှန်း ကလိုင်း သိပါတယ်။
ဘလက်သွန်း လုံခြုံရေး ကုမ္ပဏီ ထဲကို ဝင်ပြီးနောက်၊ သူက သာမန်လွန်သူ တစ်ယောက် ဖြစ်လာမှန်း လုံးဝ မသိတဲ့ ရိုဆန်း ကို နှုတ်ဆက်လိုက်တယ်။
သူက တံခါးကနေ ဖြည်းဖြည်းချင်း ထွက်လာပြီး လမ်းမတွေဆီ ရောက်တဲ့အခါ ဒါဖိုဒေးလ် လမ်း ကို သွားဖို့ သံလမ်းမပါတဲ့ ရထားလုံး တစ်စီးကို စီးခဲ့တယ်။
အပြန်ခရီးမှာ သူ အိပ်ပျော်သွားလုနီးပါး ဖြစ်ခဲ့တယ်။
မနက်ခင်း အချိန်ပဲ ရှိသေးပြီး အပူချိန်က ၂၆ ဒီဂရီ စင်တီဂရိတ် ခန့် ရှိပါတယ်။
ကလိုင်းက သူ့ခါးပတ်ကနေ ကြေးနီသော့ တစ်ချောင်းကို ဆွဲထုတ်ပြီး သူ့အိမ်တံခါးကို ဖွင့်လိုက်တယ်။ သူ့အိမ်မှာ ပစ္စည်း အတော်များများ လိုအပ်နေတုန်းပါပဲ။ ဧည့်ခန်းနဲ့ ထမင်းစားခန်းက ဗလာကျင်းနေဆဲပါ။
ဘင်ဆင် နဲ့ မယ်လီဆာ တို့က အလုပ် ဒါမှမဟုတ် ကျောင်းရှိတဲ့အတွက်၊ သူတို့ နှစ်ယောက်စလုံးက မနက်အစောကြီးကတည်းက ထွက်သွားကြပြီ။
ကလိုင်းမှာ တခြား ဘာကိုမှ ဂရုစိုက်ဖို့ အင်အား မရှိတော့ပါဘူး။ သူက တံခါးကို ပိတ်ပြီး ဒုတိယထပ်ကို ခပ်သွက်သွက် တက်သွားကာ သူပိုင်တဲ့ စာအုပ်စင်တပ်ဆင်ထားတဲ့ အိပ်ခန်းထဲကို ဝင်သွားတယ်။ သူ့ရဲ့ ပွဲဝတ်စုံကို ချွတ်ပြီး အဝတ်ချိတ်စင်မှာ ချိတ်ဆွဲပြီးနောက်၊ သူက အိပ်ရာပေါ်ကို အလျင်စလို မှောက်ကျသွားတယ်။ သူ့ခေါင်းက ခေါင်းအုံးနဲ့ ထိလိုက်တာနဲ့ တစ်ပြိုင်နက် သူ အိပ်ပျော်သွားတော့တယ်။
တောက်ပတဲ့ နေရောင်ခြည်ကြောင့် ကလိုင်း လန့်နိုးလာတယ်။
သူ ခေါင်းလှည့်ပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ အပြင်ဘက်မှာ တောက်လောင်နေတဲ့ နေမင်းကြီးကို တွေ့လိုက်ရတယ်။
"ဘယ်အချိန်ရှိပြီလဲ။ မွန်းလွဲပိုင်း တားရော့ ကလပ် ကို ငါ လွတ်သွားပြီလား။"
သူက မနည်း ရုန်းကန်ထပြီး အဝတ်ချိတ်စင်ဆီ လျှောက်သွားကာ ညစာစားပွဲဝတ်စုံရဲ့ အတွင်းအိတ်ကပ်ထဲက အိတ်ဆောင်နာရီကို ထုတ်ယူလိုက်တယ်။
သူက အဲဒီကိစ္စကို မေ့သွားရုံသာမက၊ သူ့အိပ်ခန်း တံခါးကို ပိတ်ဖို့နဲ့ အလုံပိတ် ပြတင်းပေါက်ရဲ့ ကုလားကာတွေကို ဆွဲချဖို့ပါ မေ့သွားခဲ့တယ်။
ကလစ်!
ကလိုင်းက အိတ်ဆောင်နာရီကို ထုတ်ယူပြီး ဖွင့်လိုက်တဲ့အခါ ချက်ချင်း စိတ်သက်သာရာ ရသွားတယ်။ မွန်းလွဲပိုင်း အနည်းငယ်ပဲ ကျော်သေးတာပါ။ မွန်းလွဲ သုံးနာရီမှာ စီစဉ်ထားတဲ့ တွေ့ဆုံပွဲအတွက် အချိန် အများကြီး ကျန်ပါသေးတယ်။
ဒီနေ့က တနင်္လာနေ့၊ ဟန်းမန်း နဲ့ ဂျပ်စတစ် တို့နဲ့အတူ တွေ့ဆုံပွဲ ရှိမယ့်နေ့ပါ။
ကလိုင်းက တွေးတွေးဆဆနဲ့ သူ့မျက်ခုံးနှစ်ခုကြားကို နှစ်ချက် ခေါက်လိုက်တယ်။ သူ့ရှေ့က မြင်ကွင်းက နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး၊ သူ့ခန္ဓာကိုယ်က တောက်ပတဲ့ အလင်းရောင်ဆီ ပြန်လည် ရောက်ရှိသွားတာကို သူ မြင်လိုက်ရတယ်။ သူက နောက်ထပ် နှစ်ချက် ထပ်ခေါက်လိုက်ပြီး သူ့ရဲ့ ဝိညာဉ်အမြင် ကို ရပ်တန့်လိုက်တယ်။
စိတ်အေးလက်အေးနဲ့ သူက ပထမထပ်ကို ဆင်းသွားပြီး ရေတစ်အိုး တည်လိုက်တယ်။ သူက အရည်အသွေးညံ့တဲ့ လက်ဖက်ရွက် တချို့ကို ထည့်ပြီး ထောပတ် နည်းနည်း သုတ်ထားတဲ့ ရိုင်းပေါင်မုန့် တချို့ကို ဝါးစားလိုက်တယ်။
အဲဒီနောက်၊ ကလိုင်းက သမိုင်း မှတ်တမ်းတွေနဲ့ မူလ ကလိုင်း ရဲ့ ဒိုင်ယာရီကို လှန်လှောဖတ်ရှုလိုက်တယ်။ သူက 'စာပြန်နွှေး' ပြီး သူ့ရဲ့ အသိပညာတွေကို စုစည်းဖို့ စတင်လိုက်တယ်။
...
မွန်းလွဲ ၂:၅၇ နာရီမှာ၊ ကလိုင်းက သူ့စာအုပ်ကို ပိတ်ပြီး မှင်တံကို အဖုံးပိတ်လိုက်ကာ ကုလားကာတွေကို ဆွဲချလိုက်တယ်။
အဲဒီနောက် ချက်ချင်းပဲ၊ သူက အိပ်ခန်းတံခါးကို သော့ခတ်လိုက်တော့ အခန်းက ပုံမှန်မဟုတ်ဘဲ မှောင်မိုက်သွားတယ်။
သူက မျက်ခုံးနှစ်ခုကြားကို နှစ်ချက် ခေါက်ပြီး ဝိညာဉ်အမြင် (Spirit Vision) ကို ဖွင့်ကာ သူ့ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။
သူ့အခန်းထဲမှာ မမြင်ရတဲ့ ဝိညာဉ် ခန္ဓာကိုယ်တွေ မရှိဘူးဆိုတာကို အတည်ပြုပြီးနောက်၊ ကလိုင်းက ဝိညာဉ်အမြင် ကို ရပ်တန့်လိုက်ပြီး အချိန်စစ်ဆေးဖို့ သူ့အိတ်ဆောင်နာရီကို ထုတ်ယူလိုက်တယ်။
တောက်-တောက်။ တောက်-တောက်။
သုံးနာရီ မထိုးခင် တစ်မိနစ်အလိုမှာ၊ သူက ခြေလှမ်းတွေကို ဖွင့်လိုက်ပြီး အရင်ကလိုပဲ၊ နာရီလက်တံပြောင်းပြန် လမ်းကြောင်းအတိုင်း စတုရန်းပုံစံ ခြေလေးလှမ်း လျှောက်လိုက်တယ်။
သူက တရုတ်ဘာသာစကားနဲ့ တိုးတိုးလေး ရွတ်ဆိုလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့၊ ဘယ်အခြေခံ အစားအစာကိုမှ သူ မပြင်ဆင်ထားခဲ့ပါဘူး။
ကလိုင်းက သူ့လက်ခုံတွေ ယားယံလာတာကို ခံစားရရင်း မျက်လုံးတွေကို မှိတ်လိုက်တယ်။ စတုရန်းပုံစံ ဖွဲ့စည်းထားတဲ့ အမည်းစက် လေးခုက ဖောင်းကြွလာပြီး တစ်ခုခုကို ပုံရိပ်ထင်ဟပ်နေသလို ခံစားရတယ်။
ရူးသွပ်တဲ့ အော်ဟစ်သံတွေနဲ့ မြှူဆွယ်တဲ့ ရေရွတ်သံတွေက စတင် ပဲ့တင်ထပ်လာပေမဲ့၊ ခေါင်းကိုက်တာက ပထမအကြိမ်လောက် မဆိုးရွားဘူးဆိုတာကို ကလိုင်း သတိပြုမိလိုက်တယ်။ အဲဒါက သူ့ကို မသက်ရောက်တာ မဟုတ်ဘဲ၊ နားမထောင်မိအောင် သူ အတတ်နိုင်ဆုံး တားဆီးနေလို့ပါ။ သာမန်လွန်သူ တစ်ယောက်အနေနဲ့၊ ဒီလို ပတ်ဝန်းကျင်မျိုးမှာ သူ့မှာ ကိုယ်ပိုင် ထိန်းချုပ်မှု ပိုရှိရမယ်လေ။
သိပ်မကြာခင်မှာပဲ၊ သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး အပေါ်ကို လွင့်တက်သွားတယ်။ သူက မီးခိုးရောင်သန်းတဲ့ အဖြူရောင် မှုန်ဝါးဝါး မြူခိုးတွေ ထွက်ပေါ်လာတာကို မြင်လိုက်ရတယ်။ ထို့နောက်၊ အနီရင့်ရောင် 'ကြယ်' တွေကို သူ မြင်လိုက်ရတယ်။ အဲဒီအထဲက နှစ်ခုက သူ့နဲ့ သေးငယ်တဲ့ ချိတ်ဆက်မှု တစ်ခု ရှိနေပြီး ပုံမှန်မဟုတ်တဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသလို ခံစားချက်ကို ရရှိစေတယ်။
ကလိုင်းက မှုန်ဝါးနေတဲ့ သူ့ကိုယ်သူ ကြည့်ပြီး နားမလည်စွာနဲ့ တီးတိုးရေရွတ်လိုက်တယ်။ "အဘိုးအို နီးလ် ပြောခဲ့တဲ့ နက္ခတ် ခန္ဓာကိုယ် လား။"
သူက စက္ကန့်အနည်းငယ်လောက် တည်ငြိမ်စွာ နေလိုက်ပြီး၊ အမိုးခုံးပုံစံ မျက်နှာကြက်အောက်က မြင့်မားတဲ့ ကြေးဝါစားပွဲနဲ့ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရား စံအိမ်ကြီး၊ ပြီးတော့ မတူညီတဲ့ ကြယ်စုတန်းတွေနဲ့ ကိုက်ညီတဲ့ မြင့်မားတဲ့ ကျောမှီပါတဲ့ ကုလားထိုင် နှစ်ဆယ့်နှစ်လုံး ကို နောက်တစ်ကြိမ် ပြောင်းလဲ ဖန်တီးလိုက်တယ်။
ကလိုင်းက ဂုဏ်ထူးဆောင် နေရာ ဆီ တည်ငြိမ်စွာ လျှောက်သွားပြီး၊ သူ့ခန္ဓာကိုယ်နဲ့ မျက်နှာကို ပိုထူထပ်တဲ့ မီးခိုးရောင် မြူခိုးတွေထဲမှာ နစ်မြုပ်သွားစေလိုက်တယ်။
သူက သူ့ညာဘက်လက်ကို ဆန့်ထုတ်ပြီး ရင်းနှီးနေတဲ့ အနီရင့်ရောင် ကြယ်နှစ်လုံးကို ခေါက်လိုက်ကာ အံ့ဖွယ် ချိတ်ဆက်မှု တစ်ခုကို ဖန်တီးလိုက်တယ်။